မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

လူမှုရေးခေါင်းပါးတဲ့ ပန့်ခ်ရော့ခ်ဂီတသမားတစ်ဦး လူတွေကိုချစ်ပြီး ကူညီပေးတတ်လာအောင် ဘာက လှုံဆော်ပေးလိုက်တာလဲ။ မက္ကဆီကိုနိုင်ငံက အမျိုးသားတစ်ဦး သူ့ရဲ့အကျင့်ပျက်ဘဝပုံစံ စွန့်လွှတ်လိုက်ဖို့ ဘာက လှုံ့ဆော်ပေးလိုက်တာလဲ။ ဂျပန်နိုင်ငံက နာမည်ကြီး စက်ဘီးစီးအားကစားသမားတစ်ဦး ဘုရားသခင်ကိုဝတ်ပြုဖို့ သူ့ရဲ့သက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ စက်ဘီးစီးခြင်းကို ဘာကြောင့်စွန့်လွှတ်လိုက်တာလဲ။ သူတို့ပြောပြကြတဲ့စကားတွေကို လေ့လာကြည့်ရအောင်။

“ကျွန်တော်ဟာ ရိုင်းလည်းရိုင်း၊ မောက်လည်းမောက်မာ၊ ရန်လည်းဖြစ်ခဲ့တယ်။”—ဒဲနစ် အိုဘရိုင်း

မွေးဖွားတဲ့ခုနှစ်– ၁၉၅၈

နေရင်းနိုင်ငံ– အင်္ဂလန်

နောက်ခံ– လူမှုရေးခေါင်းပါးတဲ့ ပန့်ခ်ရော့ခ်ဂီတသမား

အတိတ်- ကျွန်တော့်အဖေဘက်က ဆွေမျိုးတွေဟာ အိုင်းရစ်ခ်ျလူမျိုးတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ဟာ အိုင်းရစ်ခ်ျကက်သလစ်အသင်းသားအဖြစ် ကြီးပြင်းလာတယ်။ အများအားဖြင့် ကိုယ့်ဘာသာကိုယ် ချာ့ခ်ျသွားတက်ပေမဲ့ တကယ်တမ်းကျတော့ မတက်ချင်ဘူး။ ကျမ်းစာအမှန်တရားကိုတော့ ကျွန်တော် အရမ်းသိချင်ခဲ့ပါတယ်။ သခင့်ဆုတောင်းချက်ကို ကျွန်တော် မှန်မှန် ရွတ်ဆိုတယ်။ ညအိပ်ရာဝင်ရင် ဆုတောင်းချက်ရဲ့ အဓိပ္ပာယ်ကို အမြဲစဉ်းစားမိတာကို ကျွန်တော် သတိရသေးတယ်။ ဆုတောင်းချက်ကို အပိုင်းလိုက် ခွဲပြီး အဓိပ္ပာယ်ကိုနားလည်အောင် ကြိုးစားခဲ့တယ်။

ကျွန်တော် ဆယ်ကျော်သက်အရွယ်မှာ ရက်စတာဖေရီယန် (ဘာသာရေးဂိုဏ်းတစ်ဂိုဏ်း) လှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တယ်။ နာဇီဆန့်ကျင်ရေးအဖွဲ့လိုမျိုး နိုင်ငံရေးလှုပ်ရှားမှုကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။ ဒါပေမဲ့ ပုန်ကန်ချင်တဲ့ ပန့်ခ်ရော့ခ်ဂီတသမားတွေရဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဖြစ်တယ်။ ကျွန်တော် မူးယစ်ဆေးဝါး သုံးစွဲတယ်။ အထူးသဖြင့် ဆေးခြောက်ကို နေ့တိုင်းလိုလို ရှူတယ်။ “ဘာကိုမှ ဂရုမစိုက်တဲ့ စိတ်ဓာတ်” ရှိတဲ့အတွက် အရက်ကို အလွန်အကျွံသောက်တယ်၊ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ အရာတွေကိုလုပ်တယ်၊ လူတွေကိုလည်း ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။ ကျွန်တော်ဟာ တကယ့်ကို လူမှုရေး ခေါင်းပါးတဲ့သူပါ။ လူတွေနဲ့ စကားပြောရတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်မြင်ယူဆတဲ့အတွက် ဘယ်သူနဲ့မှ စကားမပြောဘူး။ အဲဒီအပြင် ဓာတ်ပုံလည်း အရိုက်မခံဘူး။ အတိတ်ကို ပြန်စဉ်းစားလိုက်ရင် ကျွန်တော်ဟာ ရိုင်းလည်းရိုင်း၊ မောက်လည်းမောက်မာ၊ ရန်လည်းဖြစ်ခဲ့တယ်။ ရင်းနှီးတဲ့သူကိုပဲ ကြင်နာတယ်၊ ရက်ရောတယ်။

ကျွန်တော်အသက် ၂၀ လောက်မှာ ကျမ်းစာကို စိတ်ဝင်စားလာတယ်။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူငယ်ချင်းတစ်ယောက် သူထောင်ကျနေတုန်း ကျမ်းစာစလေ့လာခဲ့တယ်။ အဲဒီနောက် ဘာသာရေး၊ ခရစ်ယာန်အသင်း၊ စာတန်ရဲ့ အခန်းကဏ္ဍအကြောင်းတွေကို ကျွန်တော်တို့ အကြာကြီး ဆွေးနွေးဖြစ်တယ်။ ကျွန်တော်လည်း ကျမ်းစာအုပ်ဝယ်ပြီး ကိုယ်တိုင် လေ့လာခဲ့တယ်။ သူငယ်ချင်းနဲ့အတူ ကျမ်းစာကို အပိုင်းလိုက် ဖတ်ဖြစ်ကြတယ်။ ပြီးတော့ လေ့လာသိရှိခဲ့တဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြီး ကောက်ချက်ချတယ်။ လအတော်ကြာတဲ့အထိ အဲဒီလိုလုပ်ကြတယ်။

ကျွန်တော်တို့ ဖတ်ရှုရာတွေနဲ့ပတ်သက်ပြီး ကောက်ချက်ချခဲ့တဲ့ အချက်တချို့ကတော့၊ ကျွန်တော်တို့ဟာ ဒီလောကရဲ့ နောက်ဆုံးနေ့ရက်တွေမှာ အသက်ရှင်နေတယ်။ ခရစ်ယာန်တွေဟာ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောသင့်တယ်။ နိုင်ငံရေးအပါအဝင် ဒီလောကနဲ့ သီးခြားနေသင့်တယ်၊ ကျမ်းစာမှာ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေလည်း ပါတယ်ဆိုတဲ့ အချက်တွေဖြစ်တယ်။ ကျမ်းစာပြောတာ မှန်တယ်ဆိုတာရယ်၊ စစ်မှန်တဲ့ဘာသာတရား ရှိကိုရှိရမယ်ဆိုတာရယ် ကောင်းကောင်း သိမြင်ခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်ဘာသာက စစ်မှန်သလဲ။ လက်ရှိခရစ်ယာန်အသင်းတွေကို ကျွန်တော်တို့ စဉ်းစားကြည့်လိုက်တော့ သူတို့ဟာ ခမ်းနားထည်ဝါပြီး နိုင်ငံရေးတွေမှာ ပါဝင်ရောယှက်နေတာကို သတိပြုမိတယ်။ ယေရှုနဲ့ တခြားစီပါပဲ။ သူတို့ကို ဘုရားသခင် အသုံးမပြုဘူးဆိုတာ သိလိုက်ရတဲ့အတွက် မထင်မရှား ဘာသာရေးအဖွဲ့တွေကို လေ့လာကြည့်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီဘာသာရေးအသင်းသားတွေနဲ့ ကျွန်တော်တို့ တွေ့ဆုံပြီး မေးခွန်းတွေ တစ်သီတစ်တန်းကြီး မေးခဲ့ကြတယ်။ အဲဒီမေးခွန်းတွေနဲ့ပတ်သက်တဲ့ ကျမ်းစာအဖြေတွေကို ကျွန်တော်တို့ သိထားလို့ သူတို့ရဲ့အဖြေက ကျမ်းစာနဲ့ကိုက်မကိုက်ဆိုတာ အလွယ်တကူ သိနိုင်တယ်။ အဲလိုတွေ့ဆုံပြီးတဲ့နောက်မှာ ‘ဒီလူတွေဟာ စစ်မှန်တဲ့ဘာသာကို ကိုယ်စားပြုရင် သူတို့နဲ့ ထပ်တွေ့ချင်တဲ့ဆန္ဒ ပေါ်လာအောင် ကျေးဇူးပြု၍ လှုံ့ဆော်ပေးပါ’ လို့ ဘုရားသခင်ဆီ အမြဲဆုတောင်းခဲ့တယ်။ ဒါပေမဲ့ သူတို့နဲ့ လအတော်ကြာ တွေ့ဆုံပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ မေးခွန်းတွေကို ကျမ်းစာနဲ့ဖြေဆိုပေးတဲ့အုပ်စု မတွေ့သေးဘူး။ သူတို့နဲ့ ထပ်တွေ့ချင်တဲ့စိတ်လည်း မရှိတော့ဘူး။

နောက်ဆုံး ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ယေဟောဝါသက်သေတွေနဲ့ တွေ့ဆုံခဲ့တယ်။ ခါတိုင်းလိုပဲ မေးခွန်းတွေ မေးတဲ့အခါ ကျမ်းစာကနေ အဖြေပေးကြတယ်။ သူတို့ပြောတာတွေက ကျွန်တော်တို့ သိထားတာတွေနဲ့ တစ်ထပ်တည်းဖြစ်နေတယ်။ ဒါကြောင့် ကျမ်းစာကနေ အဖြေမရသေးတဲ့ မေးခွန်းတွေကို ဆက်မေးဖြစ်တယ်။ ဥပမာ၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာကို ဘုရားသခင် ဘယ်လိုမြင်သလဲဆိုပြီး မေးတဲ့အခါ ကျမ်းစာနဲ့ပဲ သူတို့ အဖြေပေးခဲ့ကြတယ်။ ဒါနဲ့ ဝတ်ပြုရာခန်းမမှာ အစည်းအဝေးတက်ဖို့ ကျွန်တော်တို့ သဘောတူလိုက်ကြတယ်။

အစည်းအဝေးတက်ရတာကို ကျွန်တော်စိတ်ကျဉ်းကျပ်တယ်။ ကျွန်တော်က လူမှုရေးခေါင်းပါးတဲ့သူဆိုတော့ ဖော်ရွေပြီး သေသေသပ်သပ် ဝတ်စားဆင်ယင်ထားတဲ့သူတွေ လာနှုတ်ဆက်တာကို မကြိုက်ဘူး။ ကျွန်တော့်ကို လာနှုတ်ဆက်တဲ့သူတချို့ဟာ စိတ်ရင်းမမှန်ဘူးလို့ ယူဆမိတယ်။ ဒါကြောင့် ကျွန်တော် အစည်းအဝေးတွေကို နောက်ထပ် မတက်ချင်တော့ဘူး။ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘာသာတရားကို ကိုယ်စားပြုတဲ့သူတွေ ဖြစ်တယ်ဆိုရင် သူတို့နဲ့ ပြန်တွေ့ချင်တဲ့စိတ်ပေါ်လာအောင် လုပ်ပေးပါလို့ အရင်လိုပဲ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ အဲဒီနောက် ကျွန်တော် သက်သေခံတွေနဲ့ ကျမ်းစာလေ့လာချင်တဲ့စိတ် ပြင်းပြလာတယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပုံ- ကျွန်တော် မူးယစ်ဆေးဝါး ဖြတ်ရမယ်ဆိုတာ သိတယ်။ အလွယ်တကူလည်း ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးကရက်ကိုကျတော့ မဖြတ်နိုင်ခဲ့ဘူး။ ဆေးလိပ်ဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘူး။ ဆေးလိပ်တွေကို လွှင့်ပစ်ပြီး ဘယ်တော့မှ ပြန်မသောက်တော့တဲ့ သူတွေရဲ့အကြောင်း ကြားသိလိုက်ရတဲ့အခါ ယေဟောဝါဘုရားသခင်ဆီ ဆုတောင်းပြီး အကူအညီတောင်းခံလိုက်တယ်။ နောက်ဆုံး ဘုရားသခင်ရဲ့အကူအညီနဲ့ ဆေးလိပ်ဖြတ်နိုင်ခဲ့ပါတယ်။ ဘုရားသခင်ဆီ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ဆုတောင်းခြင်းရဲ့ တန်ဖိုးကို ကျွန်တော် သိလိုက်ရပါပြီ။

ကျွန်တော့်အတွက် ကြီးမားတဲ့ နောက်ပြောင်းလဲမှုတစ်ခုကတော့ ဝတ်စားဖြီးလိမ်းပုံပါ။ ဝတ်ပြုရာခန်းမမှာ ဦးဆုံးအကြိမ် အစည်းအဝေးသွားတက်တုန်းက ကျွန်တော့်ရဲ့ ဆံပင်ကို စိမ်းပြာရောင် ကွက်ကျားဆိုးပြီး ထောင်ထားတယ်။ နောက်ပိုင်းမှာ ဆံပင်ကို လိမ္မော်ရောင်တောက်တောက် ပြောင်းဆိုးလိုက်တယ်။ ဂျင်းဘောင်းဘီနဲ့ စာတမ်းတွေပါတဲ့ သားရေဂျာကင်တွေ ကျွန်တော်ဝတ်တယ်။ သက်သေခံတွေက အကျိုးနဲ့အကြောင်းနဲ့ ရှင်းပြပေမဲ့လည်း ကျွန်တော့်ရဲ့ဝတ်စားဖြီးလိမ်းပုံကိုတော့ ပြောင်းစရာမလိုဘူးလို့ ယူဆတယ်။ နောက်ဆုံးတော့ “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာများကိုလည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူသည် ခမည်းတော်ကို ချစ်ခြင်းမရှိ” ဆိုတဲ့ ၁ ယောဟန် ၂:၁၅-၁၇ ကို ကျွန်တော် စဉ်းစားမိတယ်။ ကျွန်တော့်ရဲ့ပုံစံက လောကကိုချစ်ကြောင်း ပြနေတယ်။ ဘုရားသခင်ကို ချစ်ကြောင်းပြဖို့ဆိုရင် ကျွန်တော့်ရဲ့ပုံစံကို ပြောင်းမှဖြစ်မယ်ဆိုတာ သုံးသပ်မိတယ်။ ဒါနဲ့ ကျွန်တော့်ဝတ်စားဖြီးလိမ်းပုံကို ပြောင်းလဲလိုက်ပါတယ်။

အချိန်ကြာလာတဲ့အခါ သက်သေခံတွေကပဲ ခရစ်ယာန်အစည်းအဝေးတွေကို တက်ခိုင်းတာမဟုတ်ဘူးဆိုတာ သိလာရတယ်။ ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုဖတ်လိုက်တဲ့အခါ ကျွန်တော့်ကို ဘုရားသခင်က တက်စေချင်တာပါ။ အစည်းအဝေးအားလုံးကို တက်ရောက်ပြီး ညီအစ်ကိုညီအစ်မတွေနဲ့ သိကျွမ်းလာတဲ့နောက် ယေဟောဝါဘုရားသခင်ဆီ အပ်နှံ နှစ်ခြင်းခံလိုက်တယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ- ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရရှိခွင့်ပြုတဲ့အတွက် ကျွန်တော့်နှလုံးကို အရမ်းထိသွားတယ်။ ဘုရားသခင်ကိုတုပဖို့၊ ကျွန်တော့်ဘဝရဲ့ စံနမူနာရှင်ဖြစ်တဲ့ ယေရှုခရစ်နောက်ကိုလိုက်ဖို့ ဘုရားသခင်ရဲ့ ထောက်ထားစာနာမှုနဲ့ ဂရုစိုက်မှုက ကျွန်တော့်ကို လှုံ့ဆော်ပေးခဲ့တယ်။ (၁ ပေတရု ၂:၂၁) ခရစ်ယာန်အရည်အသွေးတွေ မွေးမြူဖို့ ကြိုးစားနေတုန်းမှာ ကျွန်တော့်မှာ သူများနဲ့မတူတဲ့ ကိုယ်ပိုင်ဟန်ရှိလို့ရတယ်ဆိုတာ သိလာရတယ်။ မေတ္တာစိတ်ရှိဖို့နဲ့ သူတစ်ပါးကိုဂရုစိုက်တတ်ဖို့ ကြိုးစားခဲ့တယ်။ လူတွေကို ခရစ်တော်ဆက်ဆံခဲ့သလိုမျိုး ကျွန်တော့်ဇနီးနဲ့သားကို ဆက်ဆံဖို့လည်း ကြိုးစားတယ်။ အဲဒီအပြင် ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေကို စိတ်ရောကိုယ်ပါ ဂရုစိုက်တတ်လာတယ်။ ခရစ်တော်နောက်ကို လိုက်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လေးစားမှု ရှိလာတဲ့အပြင် တခြားသူတွေကို မေတ္တာပြတတ်လာတယ်။

“ကျွန်တော့်ကို သူတို့ တလေးတစား ဆက်ဆံကြတယ်။”—ဂွာတာလူဖေ ဘီလျာရေရယ်လ်

မွေးဖွားတဲ့ခုနှစ်– ၁၉၆၄

နေရင်းနိုင်ငံ– မက္ကဆီကို

နောက်ခံ– အကျင့်ပျက်ဘဝပုံစံ

အတိတ်- ကျွန်တော်တို့မှာ မောင်နှမခုနစ်ယောက်ရှိပြီး မက္ကဆီကိုနိုင်ငံ၊ စီနိုရာပြည်နယ်၊ ဟာမိုစီလိုမြို့က ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ကြီးပြင်းလာကြတာပါ။ အဖေဆုံးတုန်းက ကျွန်တော် ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဒါကြောင့် အမေက ကျွန်တော်တို့ကို ကျွေးမွေးစောင့်ရှောက်ဖို့ အလုပ်လုပ်ခဲ့ရတယ်။ ပိုက်ဆံမရှိလို့ ဖိနပ်တောင် ဝယ်မစီးနိုင်ဘူး။ မိသားစုစားဝတ်နေရေးအတွက် ကျွန်တော် ငယ်ငယ်လေးကတည်းက အလုပ်လုပ်ခဲ့ရတယ်။ တခြားမိသားစုတွေလိုပဲ ကျွန်တော်တို့မိသားစုလည်း ပြွတ်သိပ်ပြီး နေခဲ့ရတယ်။

အမေက တစ်နေကုန် အလုပ်လုပ်နေရလို့ ကျွန်တော်တို့ကလေးတစ်သိုက်ကို ကိုယ်ဖိရင်ဖိ မကြည့်ရှုနိုင်ဘူး။ ကျွန်တော်အသက် ၆ နှစ်အရွယ်မှာ ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ လိင်မတော်မတရားပြုကျင့်မှုကို ခံခဲ့ရတယ်။ အချိန်အတော်ကြာတဲ့အထိ အဲဒီလိုပြုကျင့်ခံရတယ်။ အဲဒါကြောင့် လိင်နဲ့ပတ်သက်ပြီး ကျွန်တော် စိတ်ရှုပ်ထွေးနေရတယ်။ ယောက်ျားတွေကို စိတ်ဝင်စားတာက မထူးဆန်းပါဘူးဆိုပြီး ထင်မြင်လာတယ်။ ဆရာဝန်တွေ၊ ခရစ်ယာန်ဓမ္မဆရာတွေနဲ့ သွားတိုင်ပင်ကြည့်တဲ့အခါ ကျွန်တော့်မှာ ဘာပြဿနာမှမရှိဘူး၊ ကျွန်တော့်ခံစားချက်က သာမန်ပါပဲလို့ သူတို့ပြောကြတယ်။

ကျွန်တော့်အသက် ၁၄ နှစ်ရောက်တော့ လိင်တူမေထုန်သမားတွေလို ပြုမူ၊ ဝတ်စားဆင်ယင်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက် ၁၁ နှစ်အထိ အဲဒီလိုမျိုး နေထိုင်ပြုမူခဲ့တယ်။ အဲဒီအချိန်အတောအတွင်း ယောက်ျားတွေ တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲခဲ့တယ်။ ဆံပင်အလှဖန်တီးရှင်ဖြစ်ချင်တာနဲ့ သင်တန်းတက်ပြီး အလှပြင်ဆိုင် ဖွင့်လိုက်တယ်။ ဒါပေမဲ့ မပျော်ပါဘူး။ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရပြီး သစ္စာဖောက်ခံရတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော် လုပ်နေတာတွေက မှားနေတယ်ဆိုတာ သိလာတယ်။ ‘လူကောင်းတွေ၊ တန်ဖိုးရှိတဲ့သူတွေ ရှိသေးရဲ့လား’ ဆိုပြီး တစ်ကိုယ်တည်း မေးမိတယ်။

ကျွန်တော့်အစ်မကို သွားသတိရမိတယ်။ သူက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပြီး နှစ်ခြင်းခံလိုက်တယ်လေ။ သူသိရှိလာတဲ့အကြောင်းတွေ လာပြောပြပေမဲ့ စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ သူ့ရဲ့ဘဝနဲ့ အိမ်ထောင်ကိုတော့ အားကျမိတယ်။ သူတို့လင်မယားက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ပြီး လေးစားတဲ့အပြင် ကြင်ကြင်နာနာနဲ့ ဆက်ဆံကြတယ်။ မကြာခင်မှာ သက်သေခံညီအစ်မတစ်ယောက်က ကျွန်တော့်ကို ကျမ်းစာ လာသင်ပေးတယ်။ အစပိုင်းမှာ ကျမ်းစာ ဖတ်သာဖတ်နေရပေမဲ့ စိတ်မပါဘူး။ နောက်ပိုင်းကျမှ အခြေအနေတွေ ပြောင်းလဲသွားတယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပုံ- အစည်းအဝေးတက်ဖို့ သက်သေခံတွေ ဖိတ်ခေါ်လို့ ကျွန်တော် သွားတက်ခဲ့တယ်။ အဲဒါက ကျွန်တော့်အတွက် အတွေ့အကြုံသစ်တစ်ခုပါပဲ။ သက်သေခံမဟုတ်တဲ့သူတွေက ကျွန်တော့်ကို ပြောင်လှောင်ကြပေမဲ့ သက်သေခံတွေကျတော့ အဲဒီလိုမလုပ်ဘူး။ ကျွန်တော့်ကို ကြင်ကြင်နာနာနဲ့ တလေးတစား ပြောဆိုဆက်ဆံကြတဲ့အတွက် အရမ်းသဘောကျသွားတယ်။

စည်းဝေးပွဲတစ်ခုကို တက်ရောက်ပြီးတဲ့နောက်မှာ သက်သေခံတွေကို ပိုပြီးအထင်ကြီး လေးစားသွားတယ်။ ဒီလောက်များတဲ့ အုပ်စုကြီးမှာတောင် လူတွေဟာ ကျွန်တော့်အစ်မလိုပဲ ရိုးသားဖြောင့်မတ်ကြတယ်။ ဒီလူတွေဟာ ငါရှာနေတဲ့ လူကောင်းတွေ၊ တန်ဖိုးရှိတဲ့သူတွေ ဖြစ်နေမလားပဲ။ သူတို့ရဲ့ မေတ္တာ၊ စည်းလုံးမှုအပြင် မေးခွန်းတိုင်းကို ကျမ်းစာနဲ့ပဲ ဖြေဆိုကြတာကိုလည်း အရမ်းအံ့သြမိတယ်။ သမ္မာကျမ်းစာကြောင့် သူတို့ရဲ့ဘဝ တိုးတက်ကောင်းမွန်လာတယ်ဆိုတာကို သိလိုက်ရတယ်။ ကျွန်တော်လည်း သူတို့လိုဖြစ်ချင်တယ်ဆိုရင် အများကြီး ပြောင်းလဲရမယ်ဆိုတာ သဘောပေါက်လိုက်တယ်။

ကျွန်တော့်ရဲ့ မိန်းမလျှာဘဝကို လုံးလုံးပြောင်းလဲပစ်ရမယ်။ ကျွန်တော့်ရဲ့ ပြောဆိုပြုမူပုံ၊ ဝတ်စားဖြီးလိမ်းပုံ၊ အပေါင်းအသင်းပါမကျန် အကုန်လုံး ပြောင်းလဲပစ်ရတော့မယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းတွေက “မင်း ဘာကြောင့် ဒါတွေလုပ်နေတာလဲ။ ဒီအတိုင်းနေလည်း ရတာပဲ။ ကျမ်းစာကို လေ့လာမနေနဲ့၊ အလကားပဲ။ မင်းမှာ အကုန်ပြည့်စုံနေတာပဲ” လို့ပြောကြတယ်။ ကျွန်တော့်အတွက် ပြောင်းလဲဖို့ အခက်ဆုံးကတော့ ကျွန်တော့်ရဲ့ အကျင့်ဆိုးတွေပါ။

ပြောင်းလဲမှုကြီးတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁ ကောရိန္သု ၆:၉-၁၁ မှာပါတဲ့ ဒီစကားတွေက ကျွန်တော့်နှလုံးကို အရမ်းထိသွားတယ်– ‘အဘယ်သို့နည်း။ မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည်မဟုတ်ကြောင်း သင်တို့ မသိကြသလော။ လှည့်ဖြားခြင်းကို မခံကြနှင့်။ မတရားမေထုန်ပြုသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ မိန်းမလျှာဖြစ်သူ၊ ယောက်ျားချင်းမေထုန်ပြုသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည်မဟုတ်။ သင်တို့ထဲမှ အချို့သည် ယခင်က ထိုသို့သောသူများဖြစ်ကြ၏။ သို့သော် သင်တို့သည် ဆေးကြောသန့်စင်ခြင်းကို ခံရပြီ။’ အရင်တုန်းကလူတွေကို ပြောင်းလဲလာအောင် ယေဟောဝါဘုရားသခင် ကူညီပေးခဲ့သလို ကျွန်တော့်ကိုလည်း ကူညီပေးတယ်။ ကျွန်တော် ပြောင်းလဲဖို့ နှစ်အတော်ကြာ ကြိုးစားရုန်းကန်ခဲ့ရတယ်။ သက်သေခံတွေရဲ့ လမ်းညွှန်မှုနဲ့ မေတ္တာက ကျွန်တော့်အတွက် အများကြီးအထောက်အကူရတယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ- ဒီနေ့ သာမန်ဘဝပုံစံနဲ့ နေထိုင်နေပါပြီ။ ကျွန်တော် အိမ်ထောင်ပြုလိုက်ပြီး ကျွန်တော့်ဇနီးနဲ့အတူ သားကို ကျမ်းစာမူတွေနဲ့အညီ နေထိုင်ဖို့ သွန်သင်ပေးနေပါတယ်။ ကျွန်တော့်ရဲ့ ဘဝဟောင်းက အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ အခုဆိုရင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လို့ ရရှိတဲ့အကျိုးကျေးဇူးတွေနဲ့ အခွင့်ထူးတွေကို ခံစားနေရပါပြီ။ အသင်းတော်မှာလည်း အကြီးအကဲအဖြစ် အမှုဆောင်နေပါပြီ။ အဲဒီအပြင် တခြားသူတွေကိုလည်း ကျမ်းစာအမှန်တရားသိလာအောင် ကူညီပေးနေပါပြီ။ ကျွန်တော့်ရဲ့ပြောင်းလဲမှုတွေကြောင့် အမေလည်း အရမ်းဝမ်းသာကြည်နူးခဲ့တယ်။ ဒါနဲ့ ကျမ်းစာသင်ဖို့ အမေ လက်ခံလိုက်တယ်။ အခုဆိုရင် နှစ်ခြင်းခံပြီးတဲ့ ခရစ်ယာန်တစ်ဦးဖြစ်နေပါပြီ။ အရင်တုန်းက အကျင့်ပျက်ဘဝပုံစံနဲ့ နေထိုင်ခဲ့တဲ့ ကျွန်တော့်ညီမလေးလည်း ယေဟောဝါသက်သေဖြစ်နေပါပြီ။

ကျွန်တော့်ရဲ့ ဘဝဟောင်းကို သိတဲ့သူတွေတောင် ကျွန်တော်ဟာ အရင်ကနဲ့မတူတော့ဘူးဆိုတာကို အသိအမှတ်ပြုလာကြတယ်။ ဒီလိုပြောင်းလဲလာအောင် ဘယ်သူတွေက ကူညီပေးခဲ့သလဲဆိုတာ ကျွန်တော်သိတယ်။ အရင်တုန်းက ပညာရှင်တွေဆီသွားပြီး အကူအညီတောင်းခဲ့ပေမဲ့လည်း အကြံကောင်းဉာဏ်ကောင်း မရခဲ့ဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်က ကျွန်တော့်ကို အမှန်ပဲ ကူညီပေးခဲ့ပါတယ်။ ကျွန်တော်ဟာ မထိုက်တန်ဘူးဆိုတာ ခံစားရပေမဲ့လည်း ဘုရားသခင်က ကျွန်တော့်ကို သတိပြုမိပြီး မေတ္တာနဲ့ စိတ်ရှည်စွာ ဆက်ဆံခဲ့တယ်။ မြင့်မြတ်ရှင်၊ ဉာဏ်ကြီးရှင်နဲ့ မေတ္တာရှင်ဖြစ်တဲ့ ဘုရားသခင်ဟာ ကျွန်တော့်ကို ဂရုပြုမိပြီး ကျွန်တော့်ဘဝကို ကောင်းစားစေချင်တယ်ဆိုတဲ့အချက်က အရာရာကို ပြောင်းလဲသွားစေတယ်။

“ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရနဲ့ အထီးကျန်ပြီး ဟာတာတာဖြစ်နေတယ်။”—ကာဇူဟီရို ခူနီမိုချီ

မွေးဖွားတဲ့ခုနှစ်– ၁၉၅၁

နေရင်းနိုင်ငံ– ဂျပန်

နောက်ခံ– အနိုင်မခံအရှုံးမပေးတဲ့ စက်ဘီးစီးအားကစားသမား

အတိတ်- ဂျပန်နိုင်ငံ၊ ရှီဆူဝါကာ စီရင်စုနယ်က ဆိတ်ငြိမ်တဲ့ ဆိပ်ကမ်းမြို့လေးမှာ ကျွန်တော် ကြီးပြင်းလာတာပါ။ အဲဒီမြို့လေးရဲ့ အိမ်ငယ်လေးမှာ ကျွန်တော်တို့မိသားစု ရှစ်ယောက် နေထိုင်ခဲ့ကြတယ်။ အဖေက စက်ဘီးဆိုင် ဖွင့်ထားတယ်။ ကျွန်တော် ငယ်ငယ်လေးကတည်းက စက်ဘီးစီးပြိုင်ပွဲတွေကို အဖေ ခေါ်သွားတတ်တာကြောင့် အားကစားကို ကျွန်တော် စိတ်ဝင်စားလာတာ။ အဲဒီကတည်းက ကျွန်တော့်ကို ကြေးစားအားကစားသမားဖြစ်အောင် အဖေ အကွက်ချပေးခဲ့တယ်။ ကျွန်တော် အလယ်တန်းကျောင်း တက်နေချိန်မှာပဲ ကျွန်တော့်ကို အပြင်းအထန် လေ့ကျင့်ခိုင်းတယ်။ အထက်တန်းကျောင်းသားဘဝမှာ နှစ်စဉ်ကျင်းပတဲ့ အမျိုးသားပြေးခုန်ပစ် အားကစားပြိုင်ပွဲမှာ တံခွန်စိုက်ဆု သုံးဆုရရှိခဲ့တယ်။ တက္ကသိုလ်ကျောင်းတက်ခွင့်လည်း ရရှိခဲ့တယ်။ ဒါပေမဲ့ အားကစားသင်တန်းကျောင်းတက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အသက် ၁၉ နှစ်အရွယ်မှာ ကြေးစားအားကစားသမားတစ်ဦး ဖြစ်လာတယ်။

အဲဒီအချိန်ကစပြီး ကျွန်တော့်ဘဝပန်းတိုင်က စက်ဘီးစီးပြိုင်ပွဲမှာ ဂျပန်နိုင်ငံရဲ့ နံပါတ် ၁ အားကစားသမားဖြစ်ဖို့ပါ။ ဝင်ငွေကောင်းကောင်းရဖို့လည်း ပန်းတိုင်ထားခဲ့တယ်။ ဒါမှသာ ကျွန်တော့်မိသားစုကို လုံလုံခြုံခြုံနဲ့ ကောင်းကောင်းထားနိုင်မှာ။ ဒါကြောင့် ကျွန်တော် အသားကုန် ကြိုးစားခဲ့တယ်။ အပြင်းအထန် လေ့ကျင့်တဲ့အခါ ဒါမှမဟုတ် ခက်ခဲတဲ့ပြိုင်ပွဲတွေမှာ စိုးရိမ်စိတ်ဝင်လာတိုင်း စက်ဘီးစီးပြိုင်ပွဲအတွက် ငါမွေးဖွားလာတာ၊ ဘာပဲကြုံရကြုံရ နောက်မဆုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးတယ်။ အဲဒီအတိုင်း ကျွန်တော် လုပ်ခဲ့တယ်။ ကြိုးစားလုပ်ဆောင်မှုကနေ အကျိုးကျေးဇူးရရှိခဲ့ပါတယ်။ ပထမနှစ်၊ လူသစ်တန်းမှာ ကျွန်တော် ပထမနေရာရခဲ့တယ်။ ဒုတိယနှစ်မှာ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံးအားကစားသမားအဖြစ် သတ်မှတ်မယ့် ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အရည်အချင်းပြည့်မီခဲ့တယ်။ အဲဒီလိုပွဲမျိုး ခြောက်ကြိမ်မှာ ဒုတိယနေရာရခဲ့တယ်။

ထိပ်တန်းအားကစားသမားတွေထဲမှာ ကျွန်တော် ပါနေတဲ့အတွက် ဂျပန်နိုင်ငံက တိုကိုင်ဒေသရဲ့ ခြေသန်ကြီးလို့ နာမည်ရလာတယ်။ ကျွန်တော့်မှာ အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်ရှိတယ်။ ပြိုင်ပွဲမှာ ကျွန်တော်ဟာ အကြင်နာကင်းမဲ့တဲ့အတွက် စိုးရိမ်ကြောင့်ကြလာတယ်။ ကျွန်တော့်ဝင်ငွေ တိုးလာတဲ့အတွက် ကျွန်တော်ကြိုက်တာ ဘာမဆိုဝယ်နိုင်ပြီ။ အားကစားပစ္စည်းအစုံရှိတဲ့ အခန်းတစ်ခန်းပါတဲ့ အိမ်ကြီးတစ်လုံးကို ဝယ်လိုက်တယ်။ အိမ်တစ်လုံးစာ တန်ဖိုးရှိတဲ့ နိုင်ငံခြားကတင်သွင်းတဲ့ကား ဝယ်စီးတယ်။ မိသားစုနောင်ရေးအတွက် ကျွန်တော့်ငွေတွေကို အိမ်ရာမြေအကျိုးဆောင်လုပ်ငန်းနဲ့ စတော့ဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံလိုက်တယ်။

ဒါတောင်မှ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရနဲ့ အထီးကျန်ပြီး ဟာတာတာဖြစ်နေတုန်းပဲ။ အဲဒီအချိန်မှာ ကျွန်တော် လက်ထပ်လိုက်ပြီး သားသုံးယောက် ရလာတယ်။ ဒါပေမဲ့ မိသားစုအပေါ် စိတ်မရှည်တတ်ဘူး။ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ ကျွန်တော့်ဇနီးနဲ့ ကလေးတွေအပေါ် ဒေါသထွက်တယ်။ မိသားစုက ကျွန်တော် စိတ်ဆိုးနေမနေဆိုတာသိဖို့ ကျွန်တော့်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို တစ်ချိန်လုံး အထိတ်တလန့်နဲ့ အကဲခတ်နေရတယ်။

အချိန်ကြာလာတဲ့အခါ ကျွန်တော့်ဇနီးက သက်သေခံတွေနဲ့ ကျမ်းစာစလေ့လာခဲ့တယ်။ အဲဒါက ကျွန်တော့်ကို အများကြီး ပြောင်းလဲသွားစေတယ်။ သက်သေခံတွေရဲ့ အစည်းအဝေးကို သွားတက်ချင်တယ်လို့ ကျွန်တော့်ဇနီးက ခွင့်တောင်းတော့ မိသားစုလိုက် သွားတက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ အကြီးအကဲတစ်ယောက် အိမ်ကိုလာပြီး ကျမ်းစာသင်ပေးခဲ့တဲ့ညကို မှတ်မိနေတုန်းပဲ။ ကျွန်တော်လေ့လာသိရှိခဲ့ရာတွေကို အရမ်းသဘောကျသွားတယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပုံ- ဧဖက် ၅:၅ က ကျွန်တော့်အပေါ် အကျိုးသက်ရောက်ခဲ့တာကို ဘယ်တော့မှမမေ့ဘူး။ “မတရားမေထုန်ပြုသောသူ၊ မသန့်ရှင်းသောသူ၊ . . . ကိုးကွယ်သူဖြစ်သော လောဘကြီးသောသူ မည်သူမျှ ခရစ်တော်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကိုအမွေမခံရ” လို့ အဲဒီကျမ်းချက်မှာ ဖော်ပြထားတယ်။ စက်ဘီးစီးပြိုင်ပွဲက လောင်းကစားခြင်းနဲ့ဆက်စပ်နေပြီး လောဘကြီးတဲ့စိတ်ကို အားပေးအားမြှောက်ပြုတယ်ဆိုတာ သိလာရတယ်။ ကျွန်တော့်ရဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်က ကျွန်တော့်ကို အနှောင့်အယှက်ပေးလာတယ်။ ယေဟောဝါဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရချင်တယ်ဆိုရင် အားကစားကို စွန့်လွှတ်ဖို့လိုပြီ။ ဒါပေမဲ့ ကျွန်တော့်အတွက် ဆုံးဖြတ်ချက်ချဖို့ ခက်လိုက်တာဗျာ။

ဘာကြောင့်လဲဆိုတော့ အောင်မြင်ခဲ့သမျှမှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ မနှစ်က စက်ဘီးစီးပြိုင်ပွဲ ပြီးဆုံးရုံပဲရှိသေးပေမဲ့ ဆက်ပြီးအောင်မြင်ချင်လိုက်တာ။ ဒါပေမဲ့ ကျမ်းစာကိုလေ့လာလိုက်တဲ့အခါ စိတ်ငြိမ်သက်မှု ခံစားရတယ်။ ပြိုင်ပွဲတွေမှာ အနိုင်ရလိုတဲ့စိတ်နဲ့ တစ်ခြားစီပါပဲ။ ကျမ်းစာလေ့လာပြီးတဲ့နောက်မှာ သုံးကြိမ် ၀င်ပြိုင်ခဲ့ပေမဲ့ အားကစားကို လုံးဝကျောခိုင်းလိုက်ဖို့ မဆုံးဖြတ်နိုင်သေးဘူး။ ဒါ့အပြင် ကျွန်တော့်မိသားစုကို ဘယ်လိုထောက်ပံ့ရမှန်းတောင် မသိတော့ဘူး။ ကျွန်တော့်မှာ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ ဘေးကျပ်နံကျပ်ဖြစ်နေတယ်။ ဆွေမျိုးတွေကလည်း ကျွန်တော်အသစ်တွေ့ထားတဲ့ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး အတိုက်အခံပြုကြတယ်။ အဖေဆိုရင် ကျွန်တော့်အပေါ် အကြီးအကျယ် စိတ်ပျက်သွားတယ်။ ကျွန်တော့်မှာ စိတ်ဖိစီးလွန်းလို့ အစာအိမ်အနာတောင် ဖြစ်ခဲ့ရတယ်။

ကျမ်းစာကို ဆက်လေ့လာပြီး အစည်းအဝေးတွေကို ဆက်တက်ခဲ့တဲ့အတွက် ခက်ခဲတဲ့အချိန်တွေကို ကျွန်တော်ကျော်လွှားနိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ယုံကြည်ခြင်းက တဖြည်းဖြည်း ခိုင်ခံ့လာတယ်။ ကျွန်တော့်ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် နားညောင်းပေးပါ၊ နားညောင်းပေးတာကို ယုံကြည်ဖို့လည်း ကူညီပေးပါဆိုပြီး ဆုတောင်းခဲ့တယ်။ ပျော်ရွှင်မှုရဖို့ အိမ်ကြီးကြီးမှာ နေဖို့မလိုပါဘူးဆိုပြီး ကျွန်တော့်ဇနီးက ပြောပြတဲ့အခါကျမှ ဖိစီးမှုတွေ လျော့နည်းသွားတော့တယ်။ ဒါနဲ့ ကျွန်တော့်အခြေအနေက တဖြည်းဖြည်း တိုးတက်လာတယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ- မဿဲ ၆:၃၃ မှာဖော်ပြထားတဲ့ ယေရှုရဲ့စကားတွေက မှန်ကန်တယ်ဆိုတာကို ကျွန်တော် သိမြင်လာတယ်။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်” လို့ယေရှုပြောခဲ့တယ်။ ယေရှုပြောခဲ့တဲ့ “ထိုအရာအားလုံး” ဆိုတဲ့ အခြေခံဘဝလိုအပ်ရာတွေ ပြတ်လပ်သွားတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ပါဘူး။ ကျွန်တော့်ရဲ့ဝင်ငွေက အားကစားသမားဘဝတုန်းက ရခဲ့တဲ့ဝင်ငွေရဲ့ ၃၀ ပုံ ၁ ပုံလောက်ပဲ ရှိတော့ပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ကျွန်တော့်မိသားစုအတွက် လိုလေသေးမရှိ ပြည့်စုံခဲ့ပါတယ်။

အဲဒါထက် ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေမှာ ယုံကြည်သူချင်းတွေနဲ့အတူ ပါဝင်တဲ့အခါ တစ်ခါမှမရခဲ့ဖူးတဲ့ ရွှင်လန်းမှုနဲ့ ကျေနပ်ရောင့်ရဲမှုကို ခံစားရတယ်။ ယေဟောဝါဘုရားသခင်ရဲ့ လုပ်ငန်းတော်မှာ အလုပ်များနေလို့ အချိန်တွေ ကုန်လို့ကုန်မှန်းမသိဘူး။ ကျွန်တော့်ရဲ့ မိသားစုဘဝကလည်း တိုးတက်ကောင်းမွန်လာတယ်။ သားသုံးယောက်လည်း သူတို့ရဲ့ဇနီးသည်နဲ့အတူ ဘုရားသခင်အပေါ် တည်တည်ကြည်ကြည် ဝတ်ပြုကိုးကွယ်နေကြပါတယ်။