မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂေဟင်နာဆိုတာ မီးတောက်လောင်နေတဲ့ ညှဉ်းဆဲရာအရပ်လား

ဂေဟင်နာဆိုတာ မီးတောက်လောင်နေတဲ့ ညှဉ်းဆဲရာအရပ်လား

စာရှုသူများအမေး . . .

ဂေဟင်နာဆိုတာ မီးတောက်လောင်နေတဲ့ ညှဉ်းဆဲရာအရပ်လား

▪ ဂေဟင်နာမှာ တရားစီရင်ခြင်းမခံရဖို့ တပည့်တွေကို ယေရှု သတိပေးခဲ့တာကို ခရစ်ဝင်ကျမ်း မှတ်တမ်းတွေမှာ ဖော်ပြထားတယ်။ သတိပေးချက်ကို ယေရှု အလေးအနက်ထားစေချင်မှန်း သိသာပါတယ်။ ဒါပေမဲ့ ထာဝစဉ် ညှဉ်းဆဲခံရာ မီးတောက်လောင်နေတဲ့ ငရဲကို ယေရှု ရည်ညွှန်းနေတာလား။—မဿဲ ၅:၂၂

အရင်ဆုံး ငရဲဆိုတဲ့ စကားလုံးကို သုံးသပ်ကြည့်ရအောင်။ ဂရိစကားလုံး ဂေဟင်နာက ဟေဗြဲစကားလုံး ဂေဟိန္နုံနဲ့ တူတယ်။ အဓိပ္ပာယ်က “ ဟိန္နုံချိုင့်” ဖြစ်တယ်။ ပိုပြီးပြည့်ပြည့်စုံစုံပြောရရင် ဂေဘနေ ဟိန္နုံ ဖြစ်ပြီး အဓိပ္ပာယ်က “ ဟိန္နုံသား၏ချိုင့်” ဖြစ်တယ်။ (ယောရှု ၁၅:၈; ၄ ရာ. ၂၃:၁၀) ကနေ့အချိန်မှာ အဲဒီနေရာကို ဂျေရုဆလင်မြို့ရဲ့ တောင်နဲ့ အနောက်တောင်အကြားမှာ တည်ရှိတဲ့ နက်ရှိုင်းကျဉ်းမြောင်းတဲ့ ဝါဒီ အယ်ရာဘာဘီ ချိုင့်ဝှမ်းအဖြစ် သိထားကြတယ်။

ဘီစီအီး ရှစ်ရာစုကစပြီး ယုဒဘုရင်တွေ အုပ်စိုးတဲ့ကာလအထိ အဲဒီနေရာမှာ သားသမီးတွေကို မီးနဲ့ပူဇော်ခဲ့တဲ့အပြင် တခြားအယူမှားဓလေ့တွေလည်း ပြုလုပ်ခဲ့ကြတယ်။ (၆ ရာ. ၂၈:၁-၃; ၃၃:၁-၆) ယုဒပြည်သားတွေဟာ ဆိုးသွမ်းတဲ့အတွက် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ခံရတဲ့အနေနဲ့ ဗာဗုလုန်လူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရမယ့်နေရာဟာ အဲဒီချိုင့်ဝှမ်းမှာပဲ ဖြစ်လိမ့်မယ်ဆိုပြီး ပရောဖက်ယေရမိ ကြိုပြောခဲ့တယ်။ *ယေရမိ ၇:၃၀-၃၃; ၁၉:၆၊ ၇

ဂျူးပညာရှင် ဒေးဗစ် ကင်ကီ (စီအီး ၁၁၆၀ ခန့်–၁၂၃၅ ခန့်) ရဲ့အဆိုအရ အဲဒီချိုင့်ဝှမ်းဟာ နောက်ပိုင်းမှာ ဂျေရုဆလင်မြို့က ထွက်ရှိသမျှ အမှိုက်သရိုက်တွေ စွန့်ပစ်တဲ့နေရာ အမှိုက်ပုံကြီး ဖြစ်လာခဲ့တယ်။ ပြီးတော့ အဲဒီနေရာမှာ အမှိုက်သရိုက်တွေကို ရှင်းရှင်းဖျက်ဆီးပစ်ဖို့ မီးပြင်းဖိုတစ်ခုလို မီးအဆက်မပြတ် လောင်စေတယ်။ အမှိုက်ပုံကြီးထဲ ပစ်ချခံရတဲ့ ဘယ်အရာမဆို လုံးလုံး ဖျက်ဆီးခံရပြီး ပြာပုံဆိုက်သွားမှာဖြစ်တယ်။

ကျမ်းစာဘာသာပြန်သူ အတော်များများက ဂေဟင်နာကို “ငရဲ” ဆိုပြီး သူတို့သဘောနဲ့သူတို့ ပြန်ဆိုခဲ့ကြတယ်။ (မဿဲ ၅:၂၂ခမ) ဘာဖြစ်လို့ အဲဒီလိုပြန်ဆိုခဲ့ကြတာလဲ။ အကြောင်းကတော့ လူဆိုးတွေ သေဆုံးသွားရင် မီးနဲ့ဖျက်ဆီးပြီး တရားစီရင်တယ်ဆိုတဲ့ အယူမှားတဲ့သူတွေရဲ့ ယူဆချက်ကို ဂျေရုဆလင်မြို့ပြင်မှာရှိတဲ့ ပကတိမီးတောက်လောင်နေတဲ့ ချိုင့်ဝှမ်းနဲ့ သွားဆက်စပ်လိုက်ကြတဲ့အတွက် ဖြစ်တယ်။ ဒါပေမဲ့ ယေရှုက ဂေဟင်နာကို ညှဉ်းဆဲရာအရပ်အဖြစ် ဆက်စပ်ဖော်ပြတာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။

လူတွေကို အရှင်လတ်လတ် မီးရှို့တယ်ဆိုတဲ့ အယူအဆကို ယေဟောဝါဘုရားသခင် စက်ဆုပ်ရွံရှာတယ်ဆိုတာ ယေရှုသိထားတယ်။ ပရောဖက်ယေရမိခေတ်မှာ ဂေဟင်နာကို အသုံးပြုပုံနဲ့စပ်လျဉ်းပြီး ဘုရားသခင် ဒီလိုမိန့်ဆိုခဲ့တယ်– “ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း သူတို့သားသမီးများကို မီးရှို့ခြင်းငှာ ဟိန္နုံသား၏ချိုင့်၌ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ။” (ယေရမိ ၇:၃၁) သေလွန်သူတွေကို ညှဉ်းဆဲတယ်ဆိုတဲ့ အယူအဆက မေတ္တာရှင်ဘုရားသခင်ရဲ့ အရည်အသွေးတော်နဲ့ မကိုက်ညီတဲ့အပြင် သေလွန်သူတွေဟာ “အဘယ်အရာကိုမျှမသိ” ဆိုတဲ့ ကျမ်းစာရဲ့ ရှင်းလင်းတဲ့သွန်သင်ချက်နဲ့လည်း မကိုက်ညီပါဘူး။—ဒေ. ၉:၅၊ ၁၀

ဘုရားသခင်ဆီက ဆိုးရွားတဲ့ တရားစီရင်ချက်ကြောင့် ရရှိတဲ့ လုံးလုံးဖျက်ဆီးခြင်းကို ပုံဆောင်ဖို့ “ဂေဟင်နာ” ဆိုတဲ့အသုံးအနှုန်းကို ယေရှုအသုံးပြုခဲ့တာဖြစ်တယ်။ ဒါကြောင့် “ဂေဟင်နာ” ဟာ သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းစောင်မှာ ဖော်ပြထားတဲ့ “မီးအိုင်” နဲ့လည်း အဓိပ္ပာယ်ဆင်တူတယ်။ အဲဒီစကားလုံး နှစ်လုံးစလုံးက ရှင်ပြန်ထမြောက်ခြင်းမရှိနိုင်တဲ့ ထာဝရဖျက်ဆီးခြင်းကို ပုံဆောင်ပါတယ်။—လုကာ ၁၂:၄၊ ၅; ဗျာ. ၂၀:၁၄၊ ၁၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ဒီပရောဖက်ပြုချက်နဲ့ပတ်သက်ပြီး ကက်သလစ်စွယ်စုံကျမ်းသစ်မှာ ဒီလိုဖော်ပြထားတယ်– “ဂျေရုဆလင်မြို့ ပျက်စီးချိန်မှာ မြို့သားအမြောက်အမြား သတ်ဖြတ်ခံရပြီး အလောင်းတွေဟာ မြှုပ်နှံမခံရဘဲ ပုပ်သိုးသွားအောင် ဒါမှမဟုတ် မီးရှို့ဖို့ ချိုင့်ဝှမ်းထဲ ပစ်ချခံရမယ်။”