မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလေးအနက်သဘောထားနဲ့ ယေဟောဝါကို အမှုဆောင်ပါ

အလေးအနက်သဘောထားနဲ့ ယေဟောဝါကို အမှုဆောင်ပါ

အလေးအနက်သဘောထားနဲ့ ယေဟောဝါကို အမှုဆောင်ပါ

“အလေးအနက်ထားရမည့်အရာရှိသမျှ . . . တို့ကို ဆက်၍ဆင်ခြင်သုံးသပ်ကြလော့။”—ဖိ. ၄:၈

၁၊ ၂။ ဘယ်အရာကြောင့် လူတွေက ဘဝကို ပေါ့ပြက်ပြက် သဘောထားလာကြသလဲ၊ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

လူ့သမိုင်းရဲ့ အခက်ခဲဆုံးနဲ့ စိတ်မချမ်းမြေ့ဖွယ် အကောင်းဆုံးအချိန်မှာ ကျွန်ုပ်တို့အသက်ရှင်နေကြရတယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမရှိသူတွေအတွက်တော့ ဒီ “ခက်ခဲကျပ်တည်းသောကာလ” ကို ရင်ဆိုင်ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ပုံပေါက်နေတယ်။ (၂ တိ. ၃:၁-၅) သူတို့ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ပဲ ဖြေရှင်းဖို့ကြိုးစားရာမှာ အောင်မြင်မှု အနည်းအကျဉ်းသာ ရရှိကြတယ်။ ဒါကြောင့် ဘဝရဲ့စိုးရိမ်ပူပန်မှုကိုဖြေဖျောက်ဖို့ စိတ်လှုပ်ရှားစရာ ဖြေဖျော်ရေးအသစ်အဆန်းတွေကို သဲသဲမဲမဲ ရှာဖွေလိုက်စားကြတယ်။

ဘဝရဲ့ဖိစီးမှုတွေကို မေ့ပျောက်ဖို့ လူတွေက အပျော်အပါးလိုက်စားခြင်းကို ဦးစားထားလာကြတယ်။ ဂရုမစိုက်ဘူးဆိုရင် ခရစ်ယာန်တွေလည်း အဲဒီဘဝပုံစံကို အလွယ်တကူလိုက်စားမိနိုင်တယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုရှောင်ရှားကြမလဲ။ အပျော်အပါးအားလုံးကို ရှောင်သင့်တယ်ဆိုတဲ့ သဘောလား။ အပျော်အပါးနဲ့ တာဝန်ကို ဘယ်လို မျှမျှတတရှုမြင်မလဲ။ ကျွန်ုပ်တို့ဘဝမှာ အရေးကြီးတဲ့အမှုကိစ္စတွေကို ဦးစားထားရမှာမှန်ပေမဲ့ အစွန်းမရောက်သွားဖို့ ဘယ်ကျမ်းစာမူတွေကို လိုက်လျှောက်သင့်သလဲ။

အပျော်အပါးကိုမက်မောတဲ့လောကမှာ အလေးအနက်သဘောထားရှိခြင်း

၃၊ ၄။ အလေးအနက်သဘောထား ရှိဖို့လိုကြောင်း သိမြင်ဖို့ ကျမ်းစာက ဘယ်လိုကူညီပေးသလဲ။

ဒီလောကက ‘အပျော်အပါးကိုနှစ်သက်’ တယ်ဆိုတာ အထူးပြောနေစရာ မလိုတော့ဘူး။ (၂ တိ. ၃:၄) လောကက ဒီလိုဖြစ်နေတဲ့အတွက် ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။ (သု. ၂၁:၁၇) ဒါကြောင့် တမန်တော်ပေါလုက အကြောင်းကောင်းရှိလို့ တိတုထံ စာရေးတဲ့အခါ အလေးအနက်ထားရမယ့်အရာတွေကို ထည့်ရေးခဲ့ခြင်းဖြစ်တယ်။ ဒီအကြံပြုချက်တွေကို ကျင့်သုံးခြင်းက ဘဝကို ပေါ့ပြက်ပြက်သဘောထားတဲ့ လောကရဲ့အမြင်ကို တွန်းလှန်ရာမှာ အထောက်အကူပြုပါလိမ့်မယ်။—တိတု ၂:၂-၈ ကိုဖတ်ပါ။

အစောပိုင်းနှစ်များစွာက ရှောလမုန်က အပျော်အပါးကိုပဲ ခုံမင်နေတာထက် ဘဝမှာ အလေးအနက်ထားရမယ့်အရာတွေကို အချိန်ယူသုံးသပ်ခြင်းက ပိုကောင်းတယ်လို့ ရေးခဲ့တယ်။ (ဒေ. ၃:၄; ၇:၂-၄) ဘဝက တိုတောင်းလှတဲ့အတွက် ကယ်တင်ခြင်းရဖို့ ကျွန်ုပ်တို့ “ကြိုးစားအားထုတ်” ဖို့လိုတယ်။ (လု. ၁၃:၂၄) အဲဒီလိုဖြစ်နိုင်ဖို့ “အလေးအနက်ထားရမည့်အရာရှိသမျှ” ကို မပြတ်ဆင်ခြင်သုံးသပ်နေရမယ်။ (ဖိ. ၄:၈၊ ၉) ဆိုလိုတာက ခရစ်ယာန်ဘဝအသက်တာနဲ့ပတ်သက်တဲ့ ကဏ္ဍတိုင်းကို အလေးအနက်သဘောထားနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်။

၅။ ကျွန်ုပ်တို့အလေးအနက်ထားရမယ့် ဘဝကဏ္ဍတစ်ခုက ဘာလဲ။

ဥပမာ၊ ခရစ်ယာန်တွေက ယေဟောဝါနဲ့ယေရှုကို တုပပြီး သူတို့ရဲ့အလုပ်ကို အလေးအနက်ထား၊ ဝီရိယစိုက်ထုတ် လုပ်ဆောင်ကြတယ်။ (ယော. ၅:၁၇) ဒါကြောင့် ခရစ်ယာန်စစ်တွေဟာ အလုပ်ကြိုးစားသူ၊ ယုံကြည်စိတ်ချထိုက်သူတွေအဖြစ် ချီးမွမ်းခံရလေ့ရှိတယ်။ အထူးသဖြင့် အိမ်ထောင်ဦးစီးတွေက မိသားစုကိုထောက်ပံ့ဖို့ အလုပ်ကြိုးစားရမယ်ဆိုတာကို သိထားကြတယ်။ မိမိအိမ်ထောင်ကို မလုပ်ကျွေးတဲ့သူက “ယုံကြည်ခြင်းတရားကို ငြင်းပယ်” သူဖြစ်ပြီး ဒါက ယေဟောဝါကိုငြင်းပယ်တယ်ဆိုတဲ့ သဘောသက်ရောက်တယ်။—၁ တိ. ၅:၈

အလေးအနက်ထားဖို့လိုပေမဲ့ ပျော်ရွှင်စွာဝတ်ပြုနိုင်

၆။ ယေဟောဝါကိုဝတ်ပြုရာမှာ အလေးအနက်ထားဖို့လိုကြောင်း ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

ယေဟောဝါက ဝတ်ပြုရေးကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားဘူး။ ဥပမာ၊ အစ္စရေးလူမျိုးက ယေဟောဝါကို ဝတ်ပြုခြင်းကနေ သွေဖည်သွားမယ်ဆိုရင် ပြင်းထန်တဲ့ဆိုးကျိုးတွေကို ခံစားရမှာဖြစ်တယ်။ (ယောရှု ၂၃:၁၂၊ ၁၃) ပထမရာစုတုန်းက ခရစ်တော်ရဲ့နောက်လိုက်တွေဟာ အယူမှားတဲ့သွန်သင်ချက်နဲ့ သဘောထားတွေကြောင့် စစ်မှန်တဲ့ဝတ်ပြုရေး မညစ်ညူးစေဖို့ အပြင်းအထန်ကြိုးစားခဲ့ရတယ်။ (၂ ယော. ၇-၁၁; ဗျာ. ၂:၁၄-၁၆) ယနေ့လည်း ခရစ်ယာန်စစ်တွေက မိမိတို့ရဲ့ဝတ်ပြုရေးကို ဆက်ပြီး အလေးအနက်ထားကြတယ်။—၁ တိ. ၆:၂၀

၇။ ပေါလုက ခရစ်ယာန်ဓမ္မအမှုအတွက် ဘယ်လိုပြင်ဆင်ခဲ့သလဲ။

ကျွန်ုပ်တို့ရဲ့လယ်ကွင်းလုပ်ငန်းက ရွှင်လန်းမှုခံစားရစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်။ ဒါပေမဲ့ အမှုဆောင်ခြင်းမှာ ဆက်ပြီးပျော်ရွှင်နိုင်ဖို့ ဒီလုပ်ငန်းကို အလေးအနက်တန်ဖိုးထားပြီး သေသေချာချာ ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ပေါလုက သူသွန်သင်ပေးတဲ့သူတွေကို ဘယ်လိုသဘောထားတယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီလိုရေးခဲ့တယ်– “လူအချို့ကို အတတ်နိုင်ဆုံး ကယ်တင်ရန် လူအမျိုးမျိုးတို့တွင် အမျိုးမျိုး ဖြစ်လာ၏။ သတင်းကောင်းကို အခြားသူများနှင့်အတူ မျှဝေခံစားနိုင်မည်အကြောင်း ထိုသတင်းတရားအတွက် အရာခပ်သိမ်းကို ငါပြု၏။” (၁ ကော. ၉:၂၂၊ ၂၃) ပေါလုက တခြားလူတွေ ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိအောင် ကူညီပေးရာမှာ ပျော်ရွှင်ခဲ့ပြီး သူတို့ရဲ့ သတ်သတ်မှတ်မှတ်လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ဘယ်လိုသွန်သင်ပေးရမယ်ဆိုတာ အလေးအနက် စဉ်းစားခဲ့တယ်။ ဒါကြောင့် ယေဟောဝါကို ဝတ်ပြုလာအောင် သူတို့ကို အားပေး၊ လှုံ့ဆော်နိုင်ခဲ့တယ်။

၈။ (က) ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်ုပ်တို့သွန်သင်ပေးရသူတွေအပေါ် ဘယ်လိုသဘောထားသင့်သလဲ။ (ခ) ကျမ်းစာသင်အံမှုပြုလုပ်ခြင်းက ရွှင်လန်းမှု ဘာကြောင့်ခံစားရသလဲ။

ခရစ်ယာန်ဓမ္မအမှုကို ပေါလု ဘယ်လောက်အထိ အလေးအနက်ထားခဲ့သလဲ။ သူက ယေဟောဝါကိုရော၊ သူဟောတဲ့သတင်းတရားကို နားထောင်တဲ့သူတွေအတွက်ပါ “အစေခံ” ဖို့တလိုတလားရှိခဲ့တယ်။ (ရော. ၁၂:၁၁; ၁ ကော. ၉:၁၉) ကျမ်းစာသင်အံမှုမှာ၊ ခရစ်ယာန်အစည်းအဝေးမှာနဲ့ မိသားစုဝတ်ပြုမှုမှာ သမ္မာကျမ်းစာအကြောင်းသွန်သင်ပေးဖို့ တာဝန်ယူလိုက်တဲ့အခါ ကျွန်ုပ်တို့သွန်သင်ပေးတဲ့သူတွေ အကျိုးခံစားရဖို့က ကျွန်ုပ်တို့အပေါ်မှာ မူတည်နေပြီဆိုတာ သိပါသလား။ ပုံမှန်ကျမ်းစာသင်အံမှုကျင်းပခြင်းက တာဝန်ကြီးတယ်လို့ ကျွန်ုပ်တို့ ခံစားရနိုင်ပါတယ်။ တခြားသူတွေကို ကူညီပေးဖို့ ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်အချိန်တွေကို အသုံးပြုဖို့လိုတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” ဆိုတဲ့ ယေရှုရဲ့စကားနဲ့ ကိုက်ညီတယ်မဟုတ်လား။ (တ. ၂၀:၃၅) ကယ်တင်ခြင်းရစေတဲ့နည်းလမ်းကို သင်ပေးခြင်းကနေရရှိတဲ့ ပျော်ရွှင်မှုက တခြားအရာတွေကြောင့်ရတဲ့ပျော်ရွှင်မှုနဲ့ နှိုင်းယှဉ်လို့မရဘူး။

၉၊ ၁၀။ (က) အလေးအနက်သဘောထားရှိရမယ်ဆိုတာက တခြားသူတွေနဲ့ ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းလို့မရဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ရှင်းပြပါ။ (ခ) အားပေးတတ်ပြီး ချဉ်းကပ်ရလွယ်သူဖြစ်ဖို့ အကြီးအကဲတစ်ဦးကို ဘာကကူညီပေးမလဲ။

အလေးအနက်သဘောထား ရှိရမယ်လို့ပြောတဲ့အတွက် တခြားသူတွေနဲ့ ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းလို့မရဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ ယေရှုက တခြားသူတွေကို အချိန်ယူသွန်သင်ပေးရာမှာသာမက တခြားသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းဖို့၊ ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံဖို့ အချိန်ပေးရာမှာလည်း စုံလင်တဲ့ပုံသက်သေကောင်းပြခဲ့တယ်။ (လု. ၅:၂၇-၂၉; ယော. ၁၂:၁၊ ၂) အလေးအနက်သဘောထားရှိခြင်းဆိုတာက အမြဲလေးနက်တည်ကြည်တဲ့ပုံ ထွက်နေရမယ်ဆိုတဲ့ သဘောလည်းမဟုတ်ဘူး။ ယေရှုက ရင်းနှီးဖော်ရွေမှုမရှိဘဲ တင်းကျပ်တဲ့ပုံပေါက်နေမယ်ဆိုရင် လူတွေ ကိုယ်တော့်ထံ ချဉ်းကပ်ရဲကြမှာမဟုတ်ဘူး။ ကလေးတွေတောင် ကိုယ်တော့်ထံ မကြောက်မရွံ့ချဉ်းကပ်ရဲတယ်။ (မာ. ၁၀:၁၃-၁၆) ယေရှုရဲ့ မျှတတဲ့အမူအကျင့်ကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

၁၀ ညီအစ်ကိုတစ်ဦးက အကြီးအကဲတစ်ဦးအကြောင်း ဒီလိုပြောတယ်– “သူက သူကိုယ်တိုင်အတွက် မြင့်မားတဲ့စံနှုန်း သတ်မှတ်ထားပေမဲ့လည်း တခြားသူတွေဆီကတော့ အများကြီး မမျှော်လင့်ဘူး။” သင်ကော အဲဒီလိုပဲလား။ ဒါပေမဲ့ တခြားသူတွေဆီက လုံးလုံးမမျှော်လင့်တာမျိုးမဟုတ်ဘဲ အတော်အတန်မျှော်လင့်တာက ကောင်းပါတယ်။ ဥပမာ၊ မိဘတွေက ကလေးတွေလိုက်မီနိုင်တဲ့ ပန်းတိုင်တွေကို ချမှတ်ပေးပြီး အဲဒါကိုလိုက်မီဖို့ကူညီပေးတဲ့အခါ ကလေးတွေက ကောင်းစွာတုံ့ပြန်ကြတယ်။ အလားတူပဲ အကြီးအကဲတွေက အသင်းတော်ကညီအစ်ကိုညီအစ်မတွေကို ရင့်ကျက်တဲ့သူဖြစ်ဖို့အားပေးပြီး သတ်သတ်မှတ်မှတ်အကြံပြုချက်တွေ ပေးနိုင်ပါတယ်။ ဒါ့အပြင် အကြီးအကဲက ကိုယ်ကိုယ်တိုင်နဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ရှိမယ်ဆိုရင် ရင်းနှီးလှိုက်လှဲမှုရှိပြီး ချဉ်းကပ်ရလွယ်သူ ဖြစ်ပါလိမ့်မယ်။ (ရော. ၁၂:၃) ညီအစ်မတစ်ဦးက ဒီလိုပြောတယ်– “ပြောသမျှကိုဟာသဖောက်နေတဲ့ အကြီးအကဲမျိုးကို ကျွန်မ မကြိုက်ဘူး။ ဒါပေမဲ့ တစ်ချိန်လုံး ရုပ်တည်ကြီးနဲ့ နေမယ်ဆိုရင်လည်း ချဉ်းကပ်ဖို့ခက်တယ်။” နောက်ညီအစ်မတစ်ယောက်က အကြီးအကဲတချို့ဟာ “အရမ်းလေးနက်တည်ကြည်လွန်းလို့ ကြောက်တယ်” လို့ ပြောခဲ့တယ်။ “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါကို ဝတ်ပြုနေတယ်ဆိုတဲ့ ယုံကြည်သူချင်းတွေရဲ့အမြင် ပျောက်ဆုံးသွားအောင် အကြီးအကဲတွေ ဘယ်တော့မှ လုပ်ချင်မှာမဟုတ်ဘူး။—၁ တိ. ၁:၁၁

အသင်းတော်တာဝန်ယူခြင်း

၁၁။ အသင်းတော်မှာ ကြီးကြပ်မှူးဖြစ်ဖို့ကြိုးစားတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။

၁၁ ပေါလုက ခရစ်ယာန်အမျိုးသားတွေကို အသင်းတော်မှာ ကြီးလေးတဲ့တာဝန်တွေအတွက် အရည်အချင်းပြည့်မီအောင် ကြိုးစားဖို့အားပေးခဲ့တယ်၊ ဒါက ရည်မှန်းချက်ကြီးကြီးနဲ့ ကိုယ်ကျိုးရှာလုပ်ဆောင်ဖို့ အားပေးတာမဟုတ်ဘူး။ အဲဒီအစား သူဒီလိုရေးခဲ့တယ်– “ကြီးကြပ်မှူးဖြစ်ရန် ကြိုးစားနေသူတစ်ဦးသည် ကောင်းသောအမှုကို လိုလားသူဖြစ်၏။” (၁ တိ. ၃:၁၊) ကြီးကြပ်မှူးဖြစ်ဖို့ “ကြိုးစားနေသူ” ခရစ်ယာန်အမျိုးသားတွေက ညီအစ်ကိုညီအစ်မတွေအတွက်အမှုဆောင်ဖို့ လိုအပ်တဲ့ကျမ်းစာအရည်အချင်းတွေပြည့်မီအောင် ကြိုးစားအားထုတ်လိုစိတ် ပြင်းပြဖို့လိုတယ်။ ညီအစ်ကိုတစ်ဦးက နှစ်ခြင်းခံပြီးတာ အနည်းဆုံးတစ်နှစ်ရှိပြီး ၁ တိမောသေ ၃:၈-၁၃ မှာပါတဲ့ ခရစ်ယာန်ဓမ္မအမှုထမ်းတွေ ပြည့်မီရမယ့်အရည်အချင်းတွေကို အတိုင်းအတာတစ်ခုအထိ ပြည့်မီနေပြီဆိုရင် ခန့်အပ်မှုအတွက် ထောက်ခံပေးနိုင်ပါတယ်။ အခန်းငယ် ၈ မှာ ‘ခရစ်ယာန်ဓမ္မအမှုထမ်းတို့သည် ဣန္ဒြေ [အလေးအနက်သဘောထား] ရှိသူ ဖြစ်ရမည်’ ဆိုပြီး သတ်သတ်မှတ်မှတ်ဖော်ပြထားတာကို သတိပြုပါ။

၁၂၊ ၁၃။ လူငယ်ညီအစ်ကိုတွေ ကြိုးစားတက်လှမ်းနိုင်တဲ့ နည်းတွေကို ဖော်ပြပါ။

၁၂ သင်ဟာ အသက်နှစ်ဆယ်ပြည့်ခါနီးဖြစ်ပြီး နှစ်ခြင်းခံပြီးသူ၊ ဝတ်ပြုရေးကိုအလေးအနက်သဘောထားသူ ညီအစ်ကိုတစ်ဦးလား။ သင်ကြိုးစားတက်လှမ်းနိုင်တဲ့ နည်းများစွာရှိပါတယ်။ တစ်နည်းကတော့ လယ်ကွင်းလုပ်ငန်းမှာ တိုးတက်အောင်ကြိုးစားခြင်းဖြစ်တယ်။ သင်ဟာ လယ်ကွင်းလုပ်ငန်းမှာ အသက်အရွယ်အသီးသီးရှိတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ ရွှင်လန်းစွာအမှုဆောင်နေသူလား။ ကျမ်းစာသင်အံမှုတစ်ခုရဖို့ သင် ကြိုးစားနေသလား။ ခရစ်ယာန်အစည်းအဝေးတွေမှာ ကြားရတဲ့ အကြံပြုချက်တွေအတိုင်း ကျမ်းစာသင်အံမှုတစ်ခု ပြုလုပ်တဲ့အခါ သင့်သွန်သင်ခြင်းစွမ်းရည် တိုးတက်လာပါလိမ့်မယ်။ ဒါ့အပြင် ယေဟောဝါရဲ့နည်းလမ်းတွေကို သင်ယူနေသူတစ်ဦးအပေါ် ကိုယ်ချင်းစာတတ်လာပါလိမ့်မယ်။ သင့်သင်သားက စပြီး ပြုပြင်ပြောင်းလဲလာပြီဆိုရင် ကျမ်းစာမူတွေကိုကျင့်သုံးဖို့ စိတ်ရှည်ရှည်နဲ့ လိမ္မာပါးနပ်စွာ ကူညီပေးတတ်လာပါလိမ့်မယ်။

၁၃ အသင်လူငယ်တွေဟာ အသင်းတော်မှာရှိတဲ့ အသက်ကြီးသူတွေကို တတ်နိုင်တဲ့နည်းတွေနဲ့ ကူညီပေးနိုင်ပါတယ်။ နိုင်ငံတော်ခန်းမ သန့်ရှင်းသပ်ရပ်မှုရှိအောင်လည်း ဂရုစိုက်ပေးနိုင်ပါတယ်။ သင်တတ်နိုင်တဲ့နည်းနဲ့ အကူအညီပေးနေခြင်းက သင်ဟာ သင့်ရဲ့ခရစ်ယာန်ဓမ္မအမှုကို အလေးအနက်သဘောထားတယ်ဆိုတဲ့ အထောက်အထားဖြစ်တယ်။ တိမောသေလိုပဲ သင်လည်း အသင်းတော်ရဲ့အကျိုးကို အမှန်လိုလားတဲ့စိတ်ရှိအောင် သင်ယူနိုင်ပါတယ်။—ဖိလိပ္ပိ ၂:၁၉-၂၂ ကိုဖတ်ပါ။

၁၄။ အသင်းတော်မှာအမှုဆောင်ဖို့ “သင့်လျော်ခြင်းရှိမရှိ” လူငယ်ညီအစ်ကိုတွေကို ဘယ်လို စမ်းသပ်နိုင်သလဲ။

၁၄ “လူငယ်များတွင် ဖြစ်ပေါ်တတ်သည့်အလိုဆန္ဒများကို ရှောင်ကြဉ်” ပြီး “ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း” နဲ့တခြားအရည်အသွေးကောင်းတွေကို မွေးမြူဖို့ကြိုးစားနေတဲ့ လူငယ်ညီအစ်ကိုတွေကို အကြီးအကဲတွေ မျက်စိရှင်ရှင်ထားပြီး အားပေးပါ။ (၂ တိ. ၂:၂၂) သူတို့လုပ်နိုင်တဲ့ အသင်းတော်တာဝန်တွေကို ပေးခြင်းအားဖြင့် သူတို့တွေဟာ တာဝန်တွေကိုထမ်းဆောင်ဖို့ “သင့်လျော်ခြင်းရှိမရှိစမ်းသပ်” နိုင်တယ်၊ ဒီလိုနည်းအားဖြင့် လူအပေါင်းတို့ရှေ့မှာ သူတို့ရဲ့ “တိုးတက်မှုကို ထင်ရှားစေ” နိုင်ကြမှာဖြစ်တယ်။—၁ တိ. ၃:၁၀; ၄:၁၅

အသင်းတော်နဲ့ မိသားစုမှာ အလေးအနက်သဘောထားတင်ပြခြင်း

၁၅။ ၁ တိမောသေ ၅:၁၊ ၂ အရ တခြားသူတွေကို အလေးအနက်သဘောထားကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။

၁၅ အလေးအနက်သဘောထားတင်ပြခြင်းမှာ ညီအစ်ကိုညီအစ်မတွေကို ဂုဏ်သိက္ခာရှိရှိဆက်ဆံခြင်းပါဝင်တယ်။ ပေါလုက တိမောသေထံစာရေးတဲ့အခါ တခြားသူတွေကို လေးလေးစားစားဆက်ဆံဖို့လိုကြောင်း ဖော်ပြခဲ့တယ်။ (၁ တိမောသေ ၅:၁၊ ၂ ကိုဖတ်ပါ။) ဒါက ဆန့်ကျင်ဘက်လိင်ရှင်တွေနဲ့ဆက်ဆံတဲ့အခါ အထူးသဖြင့် အရေးကြီးပါတယ်။ အမျိုးသမီးတွေ၊ အထူးသဖြင့် ဇနီးသည်ကို ဂုဏ်သိက္ခာရှိရှိဆက်ဆံခဲ့တဲ့ ယောဘရဲ့ပုံသက်သေက အတုယူထိုက်တယ်။ သူက တခြားအမျိုးသမီးတစ်ဦးကို တပ်မက်တဲ့စိတ်ပေါ်လာတဲ့အထိ ငေးစိုက်ကြည့်တာမျိုးမလုပ်ခဲ့ဘူး။ (ယောဘ ၃၁:၁) ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မတွေကို အလေးအနက်ထားတယ်ဆိုရင် ပရောပရည်လုပ်တာ၊ သူတို့အနေရခက်အောင်လုပ်တာမျိုးကို ရှောင်မှာဖြစ်တယ်။ အထူးသဖြင့် လက်ထပ်ဖို့ရည်ရွယ်ပြီး ချစ်ကြိုက်နေကြတဲ့ သမီးရည်းစားတွေက တစ်ဦးကိုတစ်ဦး ဂုဏ်သိက္ခာရှိရှိဆက်ဆံဖို့ အရေးကြီးတယ်။ အလေးအနက်သဘောထားရှိတဲ့ ခရစ်ယာန်တစ်ဦးဟာ ဆန့်ကျင်ဘက်လိင်ရှင်ရဲ့စိတ်ခံစားချက်ကို ဘယ်တော့မှကစားမှာမဟုတ်ဘူး။—သု. ၁၂:၂၂

၁၆။ ခင်ပွန်းတစ်ဦး၊ ဖခင်တစ်ဦးရဲ့ကဏ္ဍအပေါ် လောကရဲ့ရှုမြင်ပုံနဲ့ သမ္မာကျမ်းစာရှုမြင်ပုံ ဘယ်လိုကွာခြားတယ်ဆိုတာ ဖော်ပြပါ။

၁၆ မိသားစုအတွင်း ဘုရားသခင်ပေးအပ်ထားတဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီးတော့လည်း အလေးအနက်သဘောထားတင်ပြဖို့ သတိပြုရမယ်။ စာတန့်လောကက ခင်ပွန်း၊ ဖခင်ရဲ့ အခန်းကဏ္ဍကို လှောင်ပြောင်စရာအဖြစ် သဘောထားကြတယ်။ ဖျော်ဖြေရေးလောကက အိမ်ထောင်ဦးစီးတွေကို မခန့်လေးစားလုပ်စရာ၊ ရယ်စရာအဖြစ် အသားပေးတင်ဆက်ကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ခင်ပွန်းသည်ကို “ဇနီး၏ဦးခေါင်း” အဖြစ် ခန့်အပ်ခြင်းဖြင့် ကြီးလေးတဲ့တာဝန်ပေးအပ်ထားတယ်။—ဧ. ၅:၂၃; ၁ ကော. ၁၁:၃

၁၇။ မိသားစုဝတ်ပြုမှုမှာ ပါဝင်လုပ်ဆောင်ခြင်းက ကျွန်ုပ်တို့ရဲ့တာဝန်ကို အလေးအနက်သဘောထားတယ်ဆိုတာ တင်ပြရာရောက်ကြောင်း ရှင်းပြပါ။

၁၇ ခင်ပွန်းတစ်ဦးက မိသားစုစားဝတ်နေရေးအတွက် ရှာဖွေထောက်ပံ့ပေးမှာဖြစ်တယ်။ ဒါပေမဲ့ မိသားစုဝတ်ပြုမှုမှာ ဦးမဆောင်ဘူးဆိုရင် သတိပညာမရှိသူ၊ ဉာဏ်ပညာမရှိသူ ဖြစ်သွားပါလိမ့်မယ်။ (တရား. ၆:၆၊ ၇) ဒါကြောင့် သင်ဟာ အိမ်ထောင်ဦးစီးဖြစ်ပြီး အသင်းတော်မှာ ထပ်ဆင့်တာဝန်တွေကို ထမ်းဆောင်ဖို့ ကြိုးစားနေသူဖြစ်တယ်ဆိုရင် “မိမိအိမ်ထောင်စုကို ကောင်းစွာဦးစီးလျက် လေးစားစွာ လက်အောက်ခံတတ်သော သားသမီးများရှိသူ ဖြစ်ရမည်” ဆိုပြီး ၁ တိမောသေ ၃:၄ က ဖော်ပြထားတယ်။ ဒါနဲ့ပတ်သက်ပြီး သင့်ကိုယ်သင်ဒီလိုမေးပါ– ‘မိသားစုဝတ်ပြုမှုပုံမှန်ပြုလုပ်ဖို့ ငါ အချိန်သတ်မှတ်ထားသလား။’ ခရစ်ယာန်ဇနီးသည်တချို့က သူတို့ရဲ့ခင်ပွန်းတွေကို ဝတ်ပြုရေးမှာဦးဆောင်ဖို့ တစ်ချိန်လုံးတောင်းဆိုနေရတယ်။ ခင်ပွန်းတိုင်းက သူတို့ရဲ့တာဝန်အပေါ် အလေးအနက်သဘောထားရှိသင့်တယ်။ ခရစ်ယာန်ဇနီးသည်က မိသားစုဝတ်ပြုမှုအစီအစဉ်ကို ထောက်မပြီး အစီအစဉ်အောင်မြင်ဖို့ ခင်ပွန်းနဲ့ ပူးပေါင်းလုပ်ဆောင်သင့်တယ်။

၁၈။ အလေးအနက်သဘောထားရှိဖို့ ကလေးတွေ ဘယ်လိုသင်ယူနိုင်သလဲ။

၁၈ ကလေးတွေလည်း ဘဝကို အလေးအနက်ထားဖို့ အားပေးခံရတယ်။ (ဒေ. ၁၂:၁) ကလေးငယ်တွေကို သူတို့ရဲ့အသက်အရွယ်၊ အစွမ်းအစပေါ်မူတည်ပြီး အလုပ်ကြိုးစားဖို့၊ အိမ်အလုပ်တွေလုပ်တတ်ဖို့ သင်ပေးတာက အချည်းနှီးမဖြစ်ဘူး။ (မြည်. ၃:၂၇) ဘုရင်ဒါဝိဒ်က လူငယ်ဘဝမှာ သိုးထိန်းကောင်းတစ်ဦးဖြစ်ဖို့ သင်ယူခဲ့တယ်။ သူဟာ တေးဂီတပညာရှင်၊ တေးရေးဆရာဖြစ်ဖို့ သင်ယူခဲ့တဲ့အတွက် အစ္စရေးဘုရင်ကိုဖျော်ဖြေဖို့ အရည်အချင်းရှိခဲ့တယ်။ (၁ ရာ. ၁၆:၁၁၊ ၁၂၊ ၁၈-၂၁) သူ ကလေးဘဝတုန်းက ဆော့ကစားခဲ့မှာ သေချာပါတယ်၊ ဒါပေမဲ့ အဖိုးတန်ပညာတွေကိုလည်း ဆည်းပူးခဲ့တဲ့အတွက် နောက်ပိုင်း ယေဟောဝါကိုချီးမွမ်းရာမှာ ဒီပညာတွေကို အသုံးပြုနိုင်ခဲ့တယ်။ သိုးထိန်းကောင်းတစ်ဦးဖြစ်လို့ အစ္စရေးလူမျိုးကို စိတ်ရှည်ရှည်နဲ့ဦးဆောင်နိုင်ခဲ့တယ်။ အသင်လူငယ်တို့ ဖန်ဆင်းရှင်ကို အမှုဆောင်ဖို့၊ အနာဂတ်တာဝန်တွေကို ထမ်းဆောင်ဖို့ အဖိုးတန်ပညာဘယ်နှစ်မျိုးကို သင်တို့ သင်ယူဆည်းပူးနေကြသလဲ။

မျှတမှုရှိပါ

၁၉၊ ၂၀။ မိမိကိုယ်ကိုနဲ့ ဝတ်ပြုရေးအပေါ် ဘယ်မျှတတဲ့သဘောထားတင်ပြဖို့ ဆုံးဖြတ်ထားသလဲ။

၁၉ ကျွန်ုပ်တို့အားလုံးက အစွန်းရောက်သူတွေမဟုတ်ဘဲ မျှတတဲ့အမြင်ရှိသူတွေဖြစ်ဖို့ ကြိုးစားကြတယ်။ ကျွန်ုပ်တို့က ‘လွန်ကျူးစွာဖြောင့်မတ်’ သူတွေ မဖြစ်လိုကြဘူး။ (ဒေ. ၇:၁၆) တစ်ခါတလေ ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးနေခြင်းက အိမ်မှာ၊ အလုပ်ခွင်မှာ၊ တခြားညီအစ်ကိုညီအစ်မတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါတွေမှာ တင်းမာနေတဲ့အခြေအနေကို ပြေလျော့သွားစေနိုင်ပါတယ်။ မိသားစုဝင်တွေက တစ်ဦးကိုတစ်ဦး အလွန်အမင်း အပြစ်တင်ဝေဖန်တာမျိုးမလုပ်ဘူးဆိုရင် သူတို့ရဲ့အေးချမ်းတဲ့ရိပ်မြုံကို ဖြိုဖျက်မိမှာမဟုတ်ဘူး။ အသင်းတော်မှာ စကားပြောတဲ့အခါ၊ သွန်သင်တဲ့အခါ တည်ဆောက်မှုရှိပြီး အပြုသဘောပါပါလုပ်ဆောင်မယ်ဆိုရင် ကျွန်ုပ်တို့အားလုံး အတူတကွ ရယ်မောပြီး ပျော်ရွှင်နိုင်ကြပါတယ်။—၂ ကော. ၁၃:၁၀; ဧ. ၄:၂၉

၂၀ ယေဟောဝါနဲ့ ကိုယ်တော့်ပညတ်တော်တွေကို အလေးအနက်မထားတဲ့လောကမှာ ကျွန်ုပ်တို့ နေထိုင်ကြရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့လူမျိုးကတော့ ဘုရားသခင်အပေါ် နာခံမှုတင်ပြခြင်း၊ သစ္စာရှိခြင်းကို အလေးအနက် သဘောထားကြတယ်။ အလေးအနက်သဘောထားနဲ့ ယေဟောဝါကို ဝတ်ပြုနေကြတဲ့ လူမျိုးအဝင်ဖြစ်ရခြင်းက တကယ့်ကို ပျော်ရွှင်ကျေနပ်စရာပါပဲ။ ကျွန်ုပ်တို့ဘဝနဲ့ ဝတ်ပြုရေးအပေါ် အလေးအနက်သဘောထား အမြဲတင်ပြဖို့ ဆုံးဖြတ်နိုင်ကြပါစေ။

သင် ဘယ်လိုဖြေဆိုမလဲ

• ဘဝအပေါ် လောကရဲ့ပေါ့ပြက်ပြက်သဘောထားကို ကျွန်ုပ်တို့ ဘာကြောင့်တွန်းလှန်သင့်သလဲ။

• ခရစ်ယာန်ဓမ္မအမှုကို အလေးအနက်ထားပြီး လုပ်ဆောင်ရမှာ မှန်ပေမဲ့ ဘယ်လိုနည်းနဲ့ ပျော်ရွှင်နိုင်သလဲ။

• တာဝန်ယူခြင်းနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့သဘောထားက ကျွန်ုပ်တို့ဟာ အလေးအနက်ထားသူဟုတ်မဟုတ် ဘယ်လိုဖော်ပြသလဲ။

• ညီအစ်ကိုညီအစ်မတွေ၊ မိသားစုဝင်တွေကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံခြင်းက ဘာကြောင့် အလေးအနက်ထားရမယ့်ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာ ရှင်းပြပါ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ခင်ပွန်းတစ်ဦးက မိသားစုကို ရှာဖွေကျွေးမွေးရုံမက ဝတ်ပြုရေးမှာပါ ဦးဆောင်ရမယ်