မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ကိုဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေချပါ

ဘုရားသခင်ကိုဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေချပါ

ဘုရားသခင်ကိုဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေချပါ

“ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။”—သု. ၁၄:၁၅

၁၊ ၂။ (က) ကျွန်ုပ်တို့ဆုံးဖြတ်ချက်ချတဲ့အခါတိုင်း ဘယ်အချက်ကို အဓိကထည့်စဉ်းစားသင့်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

ကျွန်ုပ်တို့ဟာ နေ့စဉ်နဲ့အမျှ ဒီအရာကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ကြတယ်။ အတော်များများကတော့ ရေရှည်အတွက်မဟုတ်ဘူး။ ဒါပေမဲ့ တချို့ကတော့ ကျွန်ုပ်တို့ဘဝအပေါ် အကြီးအကျယ် အကျိုးသက်ရောက်နိုင်တယ်။ အဲဒါက ဘာလဲ။ ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။ ကျွန်ုပ်တို့ချတဲ့ဆုံးဖြတ်ချက်တွေက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကျွန်ုပ်တို့အဓိကထည့်စဉ်းစားတာက ဘုရားသခင်ကိုဂုဏ်တင်ဖို့ ဖြစ်တယ်။—၁ ကောရိန္သု ၁၀:၃၁ ကိုဖတ်ပါ။

ဆုံးဖြတ်ချက်ချရတာ သင့်အတွက် လွယ်သလား၊ ဒါမှမဟုတ် ခက်သလား။ ကျွန်ုပ်တို့က ခရစ်ယာန်ရင့်ကျက်ခြင်းကို တက်လှမ်းနေသူတွေဖြစ်မယ်ဆိုရင် အမှားအမှန်ကို ပိုင်းခြားသိမြင်ဖို့ သင်ယူပြီး တခြားသူတွေရဲ့ယုံကြည်ချက်အတိုင်းမဟုတ်ဘဲ ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ ယုံကြည်ချက်အတိုင်း ဆုံးဖြတ်ချက်ချမှာဖြစ်တယ်။ (ရော. ၁၂:၁၊ ၂; ဟေဗြဲ ၅:၁၄) ဘယ်ခိုင်လုံတဲ့ တခြားအကြောင်းရင်းတွေကြောင့် ဆုံးဖြတ်ချက်ကောင်းတွေချတတ်အောင် သင်ယူဖို့လိုသလဲ။ တစ်ခါတလေ ဘာကြောင့် ဆုံးဖြတ်ချက်ချဖို့ ခက်သလဲ။ ဘုရားသခင်ကိုဂုဏ်တင်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ဘယ်အချက်တွေက ကူညီပေးနိုင်သလဲ။

ဘာကြောင့် မဖြစ်မနေ ဆုံးဖြတ်ချက်ချရ

၃။ ဆုံးဖြတ်ချက်ချတဲ့အခါ အတားအဆီးဖြစ်စေတဲ့ ဘယ်အရာတွေကို ခွင့်မပြုသင့်သလဲ။

သမ္မာကျမ်းစာစံနှုန်းတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ကျွန်ုပ်တို့က မပြတ်မသားဖြစ်နေမယ်ဆိုရင် ကျောင်းနေဖက်တွေ၊ အလုပ်ဖော်တွေက ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းအပေါ် အခိုင်အမာယုံကြည်ချက်မရှိဘူးလို့ ယူဆပြီး ကျွန်ုပ်တို့ကို အလွယ်တကူ လွှမ်းမိုးနိုင်ပါတယ်။ သူတို့က လိမ်ညာ၊ လှည့်စား၊ ခိုးဝှက်သူတွေဖြစ်နိုင်ပြီး သူတို့လိုလိုက်လုပ်စေခြင်းအားဖြင့် ဒါမှမဟုတ် သူတို့ရဲ့အပြစ်တွေကို ဖုံးကွယ်ပေးစေခြင်းအားဖြင့် “လူများနောက်သို့လိုက်” ဖို့ ကျွန်ုပ်တို့ကို သွေးဆောင်ကြမှာဖြစ်တယ်။ (ထွ. ၂၃:၂) ဒါပေမဲ့ ဘုရားသခင်ကိုဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချရမယ်ဆိုတာသိသူတစ်ဦးက ကြောက်ရွံ့မှုကြောင့် ဒါမှမဟုတ် တခြားသူတွေရဲ့လက်ခံမှုကိုရလိုတဲ့ ဆန္ဒကြောင့် ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်နဲ့ ဆန့်ကျင်တဲ့လမ်းစဉ်ကိုလိုက်ဖို့ မိမိကိုယ်ကိုခွင့်ပြုမှာမဟုတ်ဘူး။—ရော. ၁၃:၅

၄။ တခြားသူတွေက ဘာကြောင့် ကျွန်ုပ်တို့အတွက် ဆုံးဖြတ်ချက်ချပေးလိုကြသလဲ။

ကျွန်ုပ်တို့အတွက် ဆုံးဖြတ်ချက်ချပေးလိုသူအားလုံးက ကျွန်ုပ်တို့ကို အကျိုးပျက်စေလိုသူတွေ မဟုတ်ပါဘူး။ စိတ်စေတနာကောင်းတဲ့မိတ်ဆွေတွေက သူတို့ရဲ့အကြံပေးချက်အတိုင်း လိုက်လုပ်ဖို့ ကျွန်ုပ်တို့ကို ဖိအားပေးနိုင်ပါတယ်။ ကျွန်ုပ်တို့က မိသားစုနဲ့မနေတော့ဘူးဆိုရင်တောင် ဆွေမျိုးသားချင်းတွေက ကျွန်ုပ်တို့အတွက်စိုးရိမ်ပြီး ကျွန်ုပ်တို့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရာမှာ ပါဝင်ပတ်သက်လိုကြတယ်။ ဥပမာ၊ ဆေးကုသမှုခံယူတဲ့ကိစ္စကို သုံးသပ်ကြည့်ပါ။ သမ္မာကျမ်းစာက သွေးကိုရှောင်ဖို့ ပြတ်ပြတ်သားသား တားမြစ်ထားတယ်။ (တ. ၁၅:၂၈၊ ၂၉) ဒါပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ တချို့ကိစ္စတွေကို ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း မဖော်ပြထားတဲ့အတွက် ဘယ်ကုသနည်းကို လက်ခံမယ်၊ လက်မခံဘူးဆိုတာကို ကျွန်ုပ်တို့ကိုယ်တိုင် ဆုံးဖြတ်ဖို့လိုတယ်။ * ကျွန်ုပ်တို့ချစ်ရသူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး ခိုင်မာတဲ့သဘောထားရှိနေနိုင်တယ်။ ဒါပေမဲ့ ဒီလိုကိစ္စတွေကို ဆုံးဖြတ်ရာမှာ နှစ်ခြင်းခံအပ်နှံထားသူတစ်ဦးစီက “မိမိတို့၏ဝန်ကို” တာဝန်ယူလုပ်ဆောင်ရမှာဖြစ်တယ်။ (ဂလ. ၆:၄၊ ၅) ကျွန်ုပ်တို့အဓိကထည့်စဉ်းစားတာက လူရှေ့မှာမျက်နှာသာရဖို့မဟုတ်ဘဲ၊ ဘုရားသခင်ရှေ့မှာ ကြည်လင်တဲ့ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို ထိန်းထားဖို့ဖြစ်တယ်။—၁ တိ. ၁:၅

၅။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းသင်္ဘောမပျက်အောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

မပြတ်မသားဖြစ်ခြင်းက အန္တရာယ်ဆိုးတွေနဲ့ ကြုံတွေ့စေနိုင်တယ်။ မပြတ်သားသူ ဒါမှမဟုတ် စိတ်နှစ်ခွရှိသူတစ်ဦးဟာ “လုပ်ကိုင်လေသမျှ၌ မတည်ကြည်သောသူ” ဖြစ်တယ်လို့ တပည့်ဖြစ်သူယာကုပ်က ရေးခဲ့တယ်။ (ယာ. ၁:၈) ထိုသူက လှိုင်းလေထန်နေတဲ့ပင်လယ်မှာ တက်မပါတဲ့လှေတစ်စင်းပေါ်ကလူလိုပဲ လူတွေရဲ့အတွေးအခေါ်နောက် တိမ်းယိမ်းလိုက်ပါသွားမှာဖြစ်တယ်။ ဒီလိုလူက အလွယ်တကူပဲ ယုံကြည်ခြင်းသင်္ဘောပျက်သွားနိုင်ပြီး သူခံစားရတဲ့ ဆိုးကျိုးတွေအတွက် တခြားသူတွေအပေါ် အပြစ်ပုံချတတ်တယ်။ (၁ တိ. ၁:၁၉) ဒီလိုမဖြစ်အောင် ကျွန်ုပ်တို့ ဘယ်လိုလုပ်နိုင်သလဲ။ ကျွန်ုပ်တို့က “ယုံကြည်ခြင်း၌တည်မြဲ” သူတွေဖြစ်ရမယ်။ (ကောလောသဲ ၂:၆၊ ၇ ကိုဖတ်ပါ။) အဲဒီလိုဖြစ်ဖို့ သမ္မာကျမ်းစာကိုယုံကြည်ကြောင်းတင်ပြတဲ့ ဆုံးဖြတ်ချက်တွေချတတ်အောင် သင်ယူဖို့လိုတယ်။ (၂ တိ. ၃:၁၄-၁၇) ဒါပေမဲ့ ဘယ်အရာတွေက ဆုံးဖြတ်ချက်ကောင်းချဖို့ ခက်ခဲစေနိုင်သလဲ။

ဘာကြောင့် ဆုံးဖြတ်ချက်ချဖို့ခက်

၆။ ကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့ကို ဘယ်လိုထိခိုက်နိုင်သလဲ။

ဆုံးဖြတ်ချက်မှားသွားမှာ၊ မအောင်မြင်မှာ၊ တခြားသူတွေက ကျွန်ုပ်တို့ကို ဉာဏ်ပညာနည်းသူလို့ မြင်မှာကို ကြောက်ရွံ့ခြင်းကြောင့် ဆုံးဖြတ်ချက်ချဖို့ တုံ့ဆိုင်းနိုင်တယ်။ ဒီလိုကြောက်တာကို နားလည်နိုင်ပါတယ်။ ကျွန်ုပ်တို့ကို ဒုက္ခရောက်စေတဲ့၊ အရှက်ရစေတဲ့ ဆုံးဖြတ်ချက်မျိုးကို ဘယ်သူမှ မချလိုကြပါဘူး။ ဒါပေမဲ့ ဘုရားသခင်နဲ့ သမ္မာကျမ်းစာကို ချစ်ခြင်းက ကျွန်ုပ်တို့ရဲ့ကြောက်စိတ်ကို လျော့ပါးစေနိုင်ပါတယ်။ ဘယ်လိုနည်းတွေနဲ့လဲ။ ဘုရားသခင်ကိုချစ်ခြင်းက အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမချခင် သမ္မာကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ရှာဖွေလေ့လာဖို့ လှုံ့ဆော်ပေးမှာဖြစ်တယ်။ ဒီလိုနည်းအားဖြင့် ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်တွေက အမှားနည်းနိုင်သမျှ နည်းသွားမှာဖြစ်တယ်။ အကြောင်းကတော့ သမ္မာကျမ်းစာက ‘အတွေ့အကြုံနည်းပါးသူကို အသိအလိမ္မာရှိစေနိုင်ပြီး လူငယ်လူရွယ်တို့ကိုလည်း အသိပညာနှင့် သတိရှိစေနိုင်’ လို့ပဲ။—သု. ၁:၄၊ ၅ခမ။

၇။ ဘုရင်ဒါဝိဒ်ရဲ့အဖြစ်အပျက်က ကျွန်ုပ်တို့ကို ဘာသင်ပေးသလဲ။

ကျွန်ုပ်တို့ချလိုက်တဲ့ဆုံးဖြတ်ချက်တိုင်း အမြဲမှန်နိုင်မလား။ မဖြစ်နိုင်ပါဘူး။ ကျွန်ုပ်တို့အားလုံးက အမှားလုပ်ကြတယ်။ (ရော. ၃:၂၃) ဥပမာ၊ ဘုရင်ဒါဝိဒ်က ပညာရှိပြီး သစ္စာရှိသူတစ်ဦးဖြစ်တယ်။ ဒါပေမဲ့ သူကိုယ်တိုင်နဲ့ တခြားသူတွေကို ထိခိုက်စေတဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ချမိခဲ့တဲ့အချိန်တွေရှိတယ်။ (၂ ရာ. ၁၂:၉-၁၂) ဒါပေမဲ့ ဒါဝိဒ်က အဲဒီအမှားတွေကြောင့် ဘုရားသခင်နဲ့ သူ့ရဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ တွေဝေမနေခဲ့ဘူး။ (၃ ရာ. ၁၅:၄၊ ၅) ဒါဝိဒ်လိုပဲ ကျွန်ုပ်တို့လည်း အတိတ်မှာ အမှားတွေလုပ်ခဲ့မိတယ်ဆိုရင် ဘုရားသခင်က ကျွန်ုပ်တို့ရဲ့အမှားတွေကို မှတ်မထားဘဲ၊ ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်တယ်ဆိုတာ သတိရပြီး ဆုံးဖြတ်ချက်ချနိုင်တယ်။ ကိုယ်တော့်ကိုချစ်ပြီး နာခံတဲ့သူတွေကို ကိုယ်တော်ဆက်ပြီး ထောက်မပါလိမ့်မယ်။—ဆာ. ၅၁:၁-၄၊ ၇-၁၀

၈။ အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်တဲ့ တမန်တော်ပေါလုရဲ့ စကားကနေ ဘာသင်ယူနိုင်သလဲ။

ဆုံးဖြတ်ချက်ချရမှာကိုကြောက်တဲ့ ကျွန်ုပ်တို့ရဲ့ စိုးရိမ်စိတ်ကို လျော့ပါးစေနိုင်ပါတယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ တစ်ခါတလေမှာ မှန်ကန်တဲ့ရွေးချယ်စရာ များစွာရှိတယ်ဆိုတာကို သိထားခြင်းအားဖြင့်ဖြစ်တယ်။ အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်တဲ့ တမန်တော်ပေါလုရဲ့ ဆင်ခြင်ပုံကို သုံးသပ်ကြည့်ပါ။ စွမ်းအားတော်လှုံ့ဆော်မှုနဲ့ သူဒီလိုရေးခဲ့တယ်– “မည်သူမဆို အပျိုလူပျိုဘဝဖြင့် မနေနိုင်ဟု ထင်မှတ်လျှင်၊ အပွင့်လန်းဆုံးအချိန်လည်း လွန်ပြီဖြစ်လျှင် ထိုသူ၏ဆန္ဒအတိုင်း အိမ်ထောင်ပြုပါစေ။ ထိုသို့ပြုသော် အပြစ်မရှိ။ ထိမ်းမြားကြပါစေ။ သို့သော် တစ်စုံတစ်ဦးသည် ထိမ်းမြားရန်မလိုဟု စိတ်ဆုံးဖြတ်ထားလျှင်၊ စိတ်အလိုကို ချုပ်ထိန်းနိုင်၍ အပျိုလူပျိုဘဝဖြင့် နေသွားမည်ဟု စိတ်ဆုံးဖြတ်ထားပြီဆိုလျှင် ကောင်းစွာပြု၏။” (၁ ကော. ၇:၃၆-၃၈) ပေါလုက တစ်ကိုယ်ရေဘဝဟာ အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်တယ်လို့ ပြောခဲ့တယ်၊ ဒါပေမဲ့ ဒါက တစ်ခုတည်းသော မှန်ကန်တဲ့ရွေးချယ်စရာမဟုတ်ဘူး။

၉။ ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်တွေကို တခြားသူတွေဘယ်လိုရှုမြင်မလဲဆိုတာကို ထည့်စဉ်းစားသင့်သလား။ ရှင်းပြပါ။

ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်တွေကို တခြားသူတွေ ဘယ်လိုရှုမြင်မလဲဆိုတာကို ထည့်စဉ်းစားသင့်သလား။ အတိုင်းအတာတစ်ခုအထိ ထည့်စဉ်းစားသင့်ပါတယ်။ ရုပ်တုရှေ့မှာဆက်သထားပြီးသားဖြစ်ပုံရတဲ့ အစားအသောက်တွေကို စားခြင်းနဲ့ပတ်သက်ပြီး ပေါလုပြောခဲ့တဲ့အချက်ကို သတိပြုပါ။ စားမယ်လို့ဆုံးဖြတ်ခြင်းက မမှားပေမဲ့လည်း ကိုယ်ကိုယ်ကိုယ်သိသောစိတ်အားနည်းသူကို ထိခိုက်စေနိုင်တယ်ဆိုတာကို သူအသိအမှတ်ပြုခဲ့တယ်။ ပေါလု ဘယ်လိုဆုံးဖြတ်ခဲ့သလဲ။ သူဒီလိုရေးခဲ့တယ်– “အစားအစာဖြင့် ငါ၏ညီအစ်ကိုကို တိုက်မိ၍လဲစရာဖြစ်စေလျှင် ငါ၏ညီအစ်ကိုကို တိုက်မိ၍လဲစရာမဖြစ်စေရန် ငါသည် မည်သည့်အခါမျှ အသားကို စားတော့မည်မဟုတ်။” (၁ ကော. ၈:၄-၁၃) ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်က တခြားသူတွေရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို ဘယ်လိုထိခိုက်စေနိုင်သလဲဆိုတာကို သုံးသပ်သင့်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့အဓိကထည့်စဉ်းစားတဲ့အချက်က ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတဲ့အချက် ဖြစ်တယ်။ (ရောမ ၁၄:၁-၄ ကိုဖတ်ပါ။) ဘုရားသခင်ကိုဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ဘယ်ကျမ်းစာမူတွေက အထောက်အကူပြုမလဲ။

ဆုံးဖြတ်ချက်ကောင်းချနိုင်တဲ့ အချက်ခြောက်ချက်

၁၀၊ ၁၁။ (က) မိသားစုအတွင်းမှာ ရောင့်တက်ခြင်းကို ဘယ်လိုရှောင်နိုင်သလဲ။ (ခ) အကြီးအကဲတွေက အသင်းတော်အကျိုးအတွက် ဆုံးဖြတ်ချက်တွေချရာမှာ ဘယ်အချက်ကို စိတ်စွဲမှတ်ထားသင့်သလဲ။

၁၀ ရောင့်တက်ခြင်းကိုရှောင်ပါ။ ဆုံးဖြတ်ချက်တစ်ခုမချခင် မိမိကိုယ်ကို ဒီလိုမေးပါ– ‘ငါ့မှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသလား။’ ဘုရင်ရှောလမုန် ဒီလိုရေးခဲ့တယ်– “မာနထောင်လွှား [ရောင့်တက်] သောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချ [ကျိုးနွံ] သောသူတို့၌ကား ပညာရှိ၏။”—သု. ၁၁:၂

၁၁ မိဘတွေက သားသမီးတွေကို ဆုံးဖြတ်ချက်တချို့ချဖို့ ခွင့်ပြုပေးနိုင်တယ်၊ ဒါပေမဲ့ ကလေးတွေက မိမိတို့မှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်လို့ မယူဆသင့်ဘူး။ (ကော. ၃:၂၀) မိသားစုမှာ ဇနီး၊ မိခင်ဖြစ်သူက အတိုင်းအတာတစ်ခုအထိ အခွင့်အာဏာရှိပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူရဲ့ ဦးစီးမှုကို အသိအမှတ်ပြုရမှာဖြစ်တယ်။ (သု. ၁:၈; ၃၁:၁၀-၁၈; ဧ. ၅:၂၃) အလားတူပါပဲ၊ ခင်ပွန်းသည်တွေက မိမိတို့ရဲ့အခွင့်အာဏာက အကန့်အသတ်သာဖြစ်ပြီး ခရစ်တော်ကိုလက်အောက်ခံရမယ်ဆိုတာ အသိအမှတ်ပြုဖို့လိုတယ်။ (၁ ကော. ၁၁:၃) အကြီးအကဲတွေက အသင်းတော်အကျိုးအတွက် ဆုံးဖြတ်ချက်တွေချကြတယ်။ ဒါပေမဲ့ သူတို့က “ကျမ်းစာ၌ရေးထားသည်ထက်မလွန်” ဖို့ သေချာစေကြတယ်။ (၁ ကော. ၄:၆) သူတို့က သစ္စာရှိကျွန်ထံကလာတဲ့လမ်းညွှန်ချက်ကို အနီးကပ်လိုက်လျှောက်ကြတယ်။ (မ. ၂၄:၄၅-၄၇) ကျွန်ုပ်တို့က ဆုံးဖြတ်ချက်ချနိုင်တဲ့ အခွင့်အာဏာရှိမှသာ ကျိုးနွံစွာ ဆုံးဖြတ်ချက်ချမယ်ဆိုရင် ကျွန်ုပ်တို့ကိုယ်တိုင်နဲ့ တခြားသူတွေအတွက် စိုးရိမ်စရာ၊ ဝမ်းနည်းစရာတွေကို ရှောင်နိုင်မှာဖြစ်တယ်။

၁၂။ (က) ဘာကြောင့် ရှာဖွေလေ့လာမှုပြုဖို့ လိုသလဲ။ (ခ) ဘယ်လို ရှာဖွေလေ့လာနိုင်သလဲဆိုတာ ရှင်းပြပါ။

၁၂ ရှာဖွေလေ့လာပါ။ ‘လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်လည်းကောင်း၊ သတိမရှိသော သူ၏အကြံအစည်သည် ဆင်းရဲခြင်းနှင့်လည်းကောင်းဆိုင်ပေ၏’ လို့ ရှောလမုန်ရေးခဲ့တယ်။ (သု. ၂၁:၅) ဥပမာ၊ သင်က စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့ ကမ်းလှမ်းခံရတယ်ဆိုပါစို့။ သင့်စိတ်လှုပ်ရှားမှုအတိုင်း မလုပ်မိပါစေနဲ့။ အဲဒီလုပ်ငန်းနဲ့ဆက်နွှယ်တဲ့ အချက်အလက်တွေကိုစုစည်း၊ အဲဒီအလုပ်ကို ကျွမ်းကျင်တဲ့သူတွေဆီကနေ အကြံဉာဏ်ယူပြီး ဒီကိစ္စနဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာမူတွေကို ရှာဖွေနိုင်ပါတယ်။ (သု. ၂၀:၁၈) သင်ရှာဖွေလေ့လာထားတာတွေကိုစုပြီး စာရင်းနှစ်ခုပြုလုပ်ပါ၊ တစ်ခုက ရရှိမယ့်အကျိုးအမြတ်စာရင်းဖြစ်ပြီး နောက်တစ်ခုက တာဝန်ယူရမယ့်အရာတွေဖြစ်တယ်။ သင်ဆုံးဖြတ်ချက်မချခင် ‘ကုန်ကျစရိတ်ကို တွက်ချက်’ ပါ။ (လု. ၁၄:၂၈) သင့်ဆုံးဖြတ်ချက်က သင့်ငွေကြေးအခြေအနေအပြင် သင်နဲ့ ဘုရားသခင့်ဆက်ဆံရေးကိုပါ ဘယ်လိုအကျိုးသက်ရောက်နိုင်မယ်ဆိုတာ စဉ်းစားပါ။ ရှာဖွေလေ့လာမှုလုပ်ဖို့ အချိန်နဲ့ ကြိုးစားအားထုတ်မှုလိုတယ်။ ဒါပေမဲ့ ဒီလိုလုပ်မယ်ဆိုရင် အလျင်စလို ဆုံးဖြတ်ချက်ချမိမှာမဟုတ်တဲ့အတွက် နောက်ပိုင်းဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာနဲ့ စိုးရိမ်ပူပန်စရာတွေကို ရှောင်နိုင်မှာဖြစ်တယ်။

၁၃။ (က) ယာကုပ် ၁:၅ မှာ ဘယ်အာမခံချက်ကို တွေ့ရသလဲ။ (ခ) ဉာဏ်ပညာရဖို့ဆုတောင်းခြင်းက ကျွန်ုပ်တို့ကို ဘယ်လိုအကူအညီပေးသလဲ။

၁၃ ဉာဏ်ပညာရဖို့ ဆုတောင်းပါ။ ဆုံးဖြတ်ချက်ချရာမှာ ဘုရားသခင့်အကူအညီတောင်းခံမှသာ ဘုရားသခင်ကိုဂုဏ်တင်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်မှာဖြစ်တယ်။ တပည့်ဖြစ်သူယာကုပ် ဒီလိုရေးခဲ့တယ်– “သင်တို့တွင် တစ်ဦးတစ်ယောက်သည် ဉာဏ်ပညာလိုနေလျှင် ဘုရားသခင်ကို ဆက်၍တောင်းလျှောက်ပါစေ။ ကိုယ်တော်သည် လူအပေါင်းကို ကဲ့ရဲ့ခြင်းမရှိဘဲ ရက်ရောစွာပေးကမ်းတော်မူသောကြောင့် တောင်းလျှင်ရလိမ့်မည်။” (ယာ. ၁:၅) ဆုံးဖြတ်ချက်ချဖို့ ဘုရားသခင့်ဉာဏ်ပညာလိုကြောင်း အသိအမှတ်ပြုတာက ရှက်စရာမဟုတ်ဘူး။ (သု. ၃:၅၊ ၆) ကိုယ့်ဉာဏ်ကိုလုံးလုံးအမှီပြုမှသာ ကျွန်ုပ်တို့ အလွယ်တကူလမ်းလွဲသွားမှာဖြစ်တယ်။ ဉာဏ်ပညာရဖို့ဆုတောင်းပြီး သမ္မာကျမ်းစာမူတွေကို ရှာဖွေလေ့လာတဲ့အခါ လုပ်ရပ်တစ်ခုကိုလုပ်ရတဲ့ ကျွန်ုပ်တို့ရဲ့စိတ်ရင်းအမှန်ကို သိစေဖို့ သန့်ရှင်းသောစွမ်းအားတော်အကူအညီကို ကျွန်ုပ်တို့လက်ခံခြင်းဖြစ်တယ်။—ဟေဗြဲ ၄:၁၂; ယာကုပ် ၁:၂၂-၂၅ ကိုဖတ်ပါ။

၁၄။ အချိန်ဆွဲခြင်းကို ဘာကြောင့်ရှောင်သင့်သလဲ။

၁၄ ဆုံးဖြတ်ချက်ချပါ။ ရှာဖွေလေ့လာမှုမလုပ်၊ ဉာဏ်ပညာရဖို့ဆုမတောင်းဘဲ အလျင်စလို ဆုံးဖြတ်ချက်မချမိပါစေနဲ့။ ဉာဏ်ပညာရှိသူတစ်ဦးက “မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှု” ဖို့အချိန်ယူတယ်။ (သု. ၁၄:၁၅) ဒါပေမဲ့ အချိန်မဆွဲပါနဲ့။ အချိန်ဆွဲသူတစ်ဦးက ဘာကြောင့်ဆုံးဖြတ်ချက်မချရသလဲဆိုတာကို အဓိပ္ပာယ်မဲ့တဲ့ ဆင်ခြေတွေပေးနိုင်ပါတယ်။ (သု. ၂၂:၁၃) ဒါပေမဲ့ သူ ဆုံးဖြတ်ချက်တစ်ခုကိုတော့ ချလိုက်တယ်၊ သူ့ဆုံးဖြတ်ချက်က သူ့ဘဝကိုကြိုးကိုင်ဖို့ တခြားသူတွေကို ခွင့်ပြုလိုက်တာဖြစ်တယ်။

၁၅၊ ၁၆။ ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ဖို့ ဘာလုပ်ဖို့လိုသလဲ။

၁၅ ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်ပါ။ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း အားတက်သရော မလုပ်ဆောင်ဘူးဆိုရင် ဆုံးဖြတ်ချက်ကောင်းချဖို့ ကျွန်ုပ်တို့ကြိုးစားအားထုတ်ခဲ့သမျှက သဲထဲရေသွန်ဖြစ်သွားပါလိမ့်မယ်။ “ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့” ဆိုပြီး ရှောလမုန်ရေးခဲ့တယ်။ (ဒေ. ၉:၁၀) အောင်မြင်နိုင်ဖို့ဆိုတာက ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ရမယ့်အရာမှန်သမျှကို လုပ်လိုစိတ်ရှိရမယ်။ ဥပမာ၊ ကြေညာသူတစ်ဦးက ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ဆုံးဖြတ်ချက်အောင်မြင်ပါ့မလား။ လောကအလုပ်ကို အလွန်အကျွံမလုပ်ဘူးဆိုရင်၊ အချိန်ကုန်လူပန်းစေတဲ့အပန်းဖြေမှုကို မလိုက်စားဘူးဆိုရင် ရှေ့ဆောင်လုပ်ငန်းအတွက် အချိန်ပေးနိုင်မှာဖြစ်လို့ အောင်မြင်နိုင်ပါတယ်။

၁၆ အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို လွယ်လွယ်နဲ့တော့ အကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူး။ အကြောင်းကတော့ “တစ်လောကလုံးသည် ဆိုးညစ်သူ၏ဩဇာအောက်တွင် ရှိနေ” လို့ပဲ။ (၁ ယော. ၅:၁၉) ကျွန်ုပ်တို့က “ဤမှောင်မိုက်လောက၏ အုပ်စိုးရှင်များနှင့်လည်းကောင်း၊ ကောင်းကင်အရပ်ရှိ နတ်ဆိုးများနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်” ကြရမှာဖြစ်တယ်။ (ဧ. ၆:၁၂) တမန်တော်ပေါလုရော၊ တပည့်ဖြစ်သူယာကုပ်ကပါ ဘုရားသခင်ကိုဂုဏ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေက ယုံကြည်ခြင်းတိုက်ပွဲကို တိုက်ခိုက်ရမှာဖြစ်တယ်လို့ ဖော်ပြထားတယ်။—၁ တိ. ၆:၁၂; ယု. ၃

၁၇။ ကျွန်ုပ်တို့ချတဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘာကိုမျှော်လင့်သလဲ။

၁၇ ဆုံးဖြတ်ချက်တွေကို ပြန်သုံးသပ်ပြီး လိုအပ်မယ်ဆိုရင် ပြုပြင်ချိန်ညှိပါ။ ဆုံးဖြတ်ချက်အားလုံးက အစီအစဉ်အတိုင်း အတိအကျဖြစ်နိုင်မှာ မဟုတ်ဘူး။ “အချိန်နှင့် ကြိုတင်မမြင်ရသောအဖြစ်အပျက်” တွေကို ကျွန်ုပ်တို့အားလုံး ကြုံတွေ့ရနိုင်တယ်။ (ဒေ. ၉:၁၁ကဘ) ဒါပေမဲ့ အခက်အခဲကြုံတွေ့ရရင်တောင် တချို့ဆုံးဖြတ်ချက်တွေကို အဲဒီအတိုင်း စွဲစွဲမြဲမြဲလုပ်ဆောင်ဖို့ ယေဟောဝါ မျှော်လင့်တယ်။ မိမိဘဝကို ယေဟောဝါထံ အပ်နှံနှစ်ခြင်းခံခြင်းနဲ့ အိမ်ထောင်ကတိသစ္စာပြုခြင်း ဆုံးဖြတ်ချက်တွေက ပြောင်းလဲလို့ရတဲ့ ဆုံးဖြတ်ချက်တွေမဟုတ်ဘူး။ အဲဒီဆုံးဖြတ်ချက်တွေအတိုင်းလုပ်ဆောင်ဖို့ ဘုရားသခင်မျှော်လင့်တယ်။ (ဆာလံ ၁၅:၁၊ ၂၊ ကိုဖတ်ပါ။) ဒါပေမဲ့ ဆုံးဖြတ်ချက်အများစုကတော့ ပြုပြင်ပြောင်းလဲလို့ရတယ်။ ဉာဏ်ပညာရှိသူတစ်ဦးဟာ သူချထားတဲ့ဆုံးဖြတ်ချက်တွေကို အခါအားလျော်စွာ ပြန်သုံးသပ်မှာဖြစ်တယ်။ မာန၊ ခေါင်းမာမှုကြောင့် သူ့ဆုံးဖြတ်ချက်ကို မပြုပြင်၊ မပြောင်းလဲတာမျိုး လုပ်မှာမဟုတ်ဘူး။ (သု. ၁၆:၁၈) သူအဓိကထည့်စဉ်းစားတာက သူ့ဘဝလမ်းစဉ်က ဘုရားသခင်ကိုဂုဏ်တင်နေကြောင်း သေချာစေဖို့ဖြစ်တယ်။

ဘုရားသခင်ကိုဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေချတတ်အောင် တခြားသူတွေကို လေ့ကျင့်ပေးပါ

၁၈။ ဆုံးဖြတ်ချက်ကောင်းတွေချတတ်ဖို့ ကလေးတွေကို မိဘတွေ ဘယ်လိုလေ့ကျင့်ပေးနိုင်သလဲ။

၁၈ ဘုရားသခင်ကိုဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေချတတ်ဖို့ သားသမီးတွေကို မိဘတွေ ကူညီပေးနိုင်တယ်။ ပုံသက်သေကောင်းက အကောင်းဆုံးသွန်သင်နည်းဖြစ်တယ်။ (လု. ၆:၄၀) မိဘတွေက သူတို့ဘယ်လိုဆုံးဖြတ်ချက်ချတယ်ဆိုတာ သင့်တော်တဲ့အခါတိုင်း သားသမီးတွေကို ရှင်းပြနိုင်တယ်။ ဖြစ်နိုင်တဲ့အခါတွေမှာ သားသမီးတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်ပေးနိုင်ပြီး ဆုံးဖြတ်ချက်ကောင်းတွေဖြစ်တယ်ဆိုရင် ချီးမွမ်းပေးပါ။ ဒါပေမဲ့ ကလေးရဲ့ဆုံးဖြတ်ချက်ကြောင့် ပြဿနာပေါ်လာတယ်ဆိုရင်ကော။ မိဘရဲ့သဘောထားက အဲဒီအကျိုးဆက်တွေကနေ ကလေးကို ကာကွယ်ပေးလိုကြတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဆောင်ခြင်းက ကလေးအတွက် အမြဲအကျိုးရှိစေမှာမဟုတ်ဘူး။ ဥပမာ၊ မိဘက ကလေးကို သူလိုချင်တဲ့ စက်ဘီးတစ်စီး ဝယ်ပေးလိုက်တယ်။ ကလေးက သူ့စက်ဘီးကို သူငယ်ချင်းတစ်ယောက်ယောက်ကို ငှားပေးဖို့ဆုံးဖြတ်လိုက်ပြီး သူ့သူငယ်ချင်းကြောင့် စက်ဘီးပျက်စီးသွားတယ်ဆိုပါစို့။ စက်ဘီးပြင်ဖို့ ငွေကို မိဘကပေးနိုင်တယ်။ ဒါပေမဲ့ စက်ဘီးပြင်တဲ့ ကုန်ကျစရိတ်အတွက် ကလေးကို မုန့်ဖိုးထဲကစုပြီး ပြန်ဆပ်ခိုင်းမယ်ဆိုရင် ကလေးက ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူတတ်သူဖြစ်လာပါလိမ့်မယ်။—ဂလ. ၆:၅

၁၉။ ကျမ်းစာသင်သားတွေကို ဘာသင်ပေးသင့်သလဲ၊ ဘယ်လိုသင်ပေးမလဲ။

၁၉ ယေရှုက တခြားသူတွေကို သွန်သင်ပေးဖို့ နောက်လိုက်တွေကို မိန့်မှာခဲ့တယ်။ (မ. ၂၈:၂၀) ကျွန်ုပ်တို့ရဲ့ကျမ်းစာသင်သားတွေကို သင်ပေးနိုင်တဲ့ အရေးအကြီးဆုံးသင်ခန်းစာက ဘယ်လိုဆုံးဖြတ်ချက်ချရတယ်ဆိုတာကို သင်ပေးခြင်းဖြစ်တယ်။ အဲဒီလိုသင်ပေးရာမှာ ဒီလိုလုပ်၊ ဟိုလိုလုပ်လို့ပြောခြင်းကို ရှောင်ဖို့လိုတယ်။ ကျမ်းစာမူတွေကို စဉ်းစားသုံးသပ်ဖို့ သင်ပေးတာက ပိုကောင်းတယ်၊ ဒါမှ သူတို့ဘာသာဆုံးဖြတ်ချက်ချတတ်မှာဖြစ်တယ်။ “ငါတို့အသီးသီးသည် ဘုရားသခင်ထံ စာရင်းရှင်းကြရလိမ့်မည်။” (ရော. ၁၄:၁၂) ဒါကြောင့် ကျွန်ုပ်တို့အားလုံးမှာ ဘုရားသခင်ကိုဂုဏ်တင်တဲ့ဆုံးဖြတ်ချက်တွေချဖို့ ခိုင်လုံတဲ့အကြောင်းရင်းတွေရှိပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ဆွေးနွေးချက်ကို ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ နိုဝင်ဘာ ၂၀၀၆ စာမျက်နှာ ၃-၆ မှာပါတဲ့ “သွေးအပိုင်းအစများ၊ ကျွန်ုပ်၏သွေးပါဝင်သော ဆေးကုထုံးများကို ကျွန်ုပ်မည်သို့ရှုမြင်သနည်း” ကြားညှပ်ကိုဖတ်ပါ။

သင် ဘယ်လိုဖြေဆိုမလဲ

• ဆုံးဖြတ်ချက်တွေချတတ်ဖို့ ကျွန်ုပ်တို့ ဘာကြောင့် သင်ယူဖို့လိုသလဲ။

• ကြောက်ရွံ့စိတ်က ကျွန်ုပ်တို့ကို ဘယ်လိုထိခိုက်နိုင်သလဲ၊ ကျွန်ုပ်တို့ရဲ့ကြောက်ရွံ့စိတ်ကို ဘယ်လိုလျော့ပါးစေနိုင်သလဲ။

• ဘုရားသခင်ကို ဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်ဖို့ ဘယ်အချက်ခြောက်ချက်ကို ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

ဆုံးဖြတ်ချက်ကောင်းချနိုင်တဲ့ အချက်များ

ရောင့်တက်ခြင်းကိုရှောင်ပါ

ရှာဖွေလေ့လာပါ

ဉာဏ်ပညာရဖို့ ဆုတောင်းပါ

ဆုံးဖြတ်ချက်ချပါ

ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်ပါ

ပြန်သုံးသပ်ပြီး ပြုပြင်ချိန်ညှိပါ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မပြတ်သားသူတစ်ဦးက လှိုင်းလေထန်တဲ့ပင်လယ်မှာမျောနေတဲ့ တက်မပါတဲ့လှေတစ်စင်းပေါ်က လူနဲ့တူတယ်