မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသောအရည်အသွေးများ” က ဘုရားသခင်ကိုဂုဏ်တင်

“စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသောအရည်အသွေးများ” က ဘုရားသခင်ကိုဂုဏ်တင်

“စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသောအရည်အသွေးများ” က ဘုရားသခင်ကိုဂုဏ်တင်

‘သင်တို့သည် အသီးများစွာ သီးနေခြင်းအားဖြင့် ငါ့ခမည်းတော်၏ဂုဏ်ထင်ရှားလိမ့်မည်။’ —ယော. ၁၅:၈

၁၊ ၂။ (က) တခြားသူတွေကို အားပေးဖို့ ဘယ်အခွင့်အရေးတွေ ကျွန်ုပ်တို့မှာ ရှိသလဲ။ (ခ) ယေဟောဝါထံက ရရှိထားတဲ့ ဘယ်ဆုကျေးဇူးက ကိုယ်တော့်ကိုအမှုဆောင်ဖို့ ကျွန်ုပ်တို့ရဲ့အရည်အချင်းတွေကို တိုးတက်စေနိုင်သလဲ။

ဒီအဖြစ်အပျက် နှစ်ခုကိုစဉ်းစားကြည့်ပါ။ ခရစ်ယာန်အမျိုးသမီးတစ်ဦးက ညီအစ်မငယ်တစ်ဦး တစ်ခုခုကြောင့် စိတ်ပူပန်နေတာကို သတိထားမိတယ်။ ဒါနဲ့ လယ်ကွင်းလုပ်ငန်းမှာ သူနဲ့အတူအမှုဆောင်ဖို့ စီစဉ်လိုက်တယ်။ တစ်အိမ်တက်ဆင်းသွားနေရင်း တစ်အိမ်နဲ့တစ်အိမ်အကူးမှာ ညီအစ်မငယ်က သူ့အခက်အခဲကို စပြီးရင်ဖွင့်တယ်။ အဲဒီနေ့ညမှာ ညီအစ်မငယ်က ရင့်ကျက်တဲ့ညီအစ်မရဲ့ မေတ္တာပါစိတ်ဝင်စားမှုအတွက် ယေဟောဝါကို ကျေးဇူးတင်ခဲ့တယ်၊ ဒါက သူလိုအပ်နေတဲ့အရာဖြစ်တယ်။ နောက်အခြေအနေတစ်ခုကတော့ မောင်နှံစုံတစ်စုံက တိုင်းတစ်ပါးလယ်ကွင်းမှာ အမှုဆောင်ပြီး ပြန်လာခါစဖြစ်တယ်။ မိတ်ဆုံပွဲတစ်ခုမှာ ဒီမောင်နှံက သူတို့ရဲ့တွေ့ကြုံမှုတွေကို အားပါးတရပြောပြနေတာကို ညီအစ်ကိုငယ်တစ်ဦးက စိတ်ဝင်တစားနားထောင်နေတယ်။ နောက်ပိုင်းနှစ်အနည်းငယ်အကြာမှာ ညီအစ်ကိုငယ်က တိုင်းတစ်ပါးမှာ ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ် သွားအမှုဆောင်ဖို့ပြင်ဆင်နေရင်း သူခရစ်ယာန်သာသနာပြုဖြစ်ချင်ခဲ့တာက ဒီမောင်နှံရဲ့စကားကြောင့်ဆိုတာ စဉ်းစားမိတယ်။

ဒီအဖြစ်အပျက်တွေက တစ်စုံတစ်ဦးကြောင့် သင့်ဘဝ တစ်ဆစ်ချိုးပြောင်းလဲသွားတာ ဒါမှမဟုတ် သင့်ကြောင့် တစ်ယောက်ယောက်ရဲ့ဘဝ ပြောင်းလဲသွားတာကို သတိရစေပါလိမ့်မယ်။ စကားလေးတစ်ခွန်းကြောင့် လူတစ်ယောက်ရဲ့ဘဝတစ်ခုလုံး ပြောင်းလဲသွားတယ်ဆိုတာမျိုးက ရှားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်း တခြားသူတွေကို အားပေးနိုင်တဲ့ အခွင့်အရေးများစွာ ကျွန်ုပ်တို့မှာရှိတယ်။ သင့်ညီအစ်ကိုညီအစ်မတွေကို ပိုကူညီပေးနိုင်ပြီး ဘုရားသခင်ကိုအမှုဆောင်ရာမှာ ပိုအသုံးဝင်ဖို့ သင့်အစွမ်းအစနဲ့ အရည်အချင်းတွေကို တိုးတက်စေနိုင်တဲ့ အရာတစ်ခုရှိတယ်။ ဒါက အံ့ဩစရာမဟုတ်ပါလား။ အမှန်ပါပဲ၊ ယေဟောဝါက ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်ကို ဆုကျေးဇူးအဖြစ် ကျွန်ုပ်တို့ကို ပေးအပ်ထားတယ်။ (လု. ၁၁:၁၃) ကျွန်ုပ်တို့ရဲ့ဘဝမှာ ကိုယ်တော့်စွမ်းအားတော်အလုပ်လုပ်တဲ့အခါ ကျွန်ုပ်တို့ရဲ့အမှုဆောင်ကဏ္ဍတိုင်းကို တိုးတက်စေနိုင်တဲ့ အရည်အသွေးကောင်းတွေ ရှိလာတယ်။ တကယ့် အံ့ဖွယ်ဆုကျေးဇူးပါပဲ။—ဂလာတိ ၅:၂၂၊ ၂၃ ကိုဖတ်ပါ။

၃။ (က) “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသောအရည်အသွေး” တွေက ဘယ်လိုနည်းနဲ့ ဘုရားသခင်ကို ဂုဏ်တင်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

သန့်ရှင်းသောစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့အရည်အသွေးတွေက ဒီစွမ်းအားတော်ရဲ့ရင်းမြစ်ဖြစ်တဲ့ ယေဟောဝါဘုရားသခင်ရဲ့ အရည်အသွေးတွေကို ထင်ဟပ်ပြခြင်းဖြစ်တယ်။ (ကော. ၃:၉၊ ၁၀) ခရစ်ယာန်တွေ ဘုရားသခင်ကိုတုပဖို့ ကြိုးစားသင့်တဲ့အဓိကအကြောင်းရင်းနဲ့ပတ်သက်ပြီး တမန်တော်တွေကို ယေရှု ဒီလိုပြောခဲ့တယ်– ‘သင်တို့သည် အသီးများစွာ သီးနေခြင်းအားဖြင့် ငါ့ခမည်းတော်၏ဂုဏ် ထင်ရှားလိမ့်မည်။’ * (ယော. ၁၅:၈) “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသောအရည်အသွေး” တွေကို ကျွန်ုပ်တို့မွေးမြူတဲ့အခါ ကျွန်ုပ်တို့ရဲ့ အပြောအဆိုနဲ့ အပြုအမူမှာ အဲဒီအရည်အသွေးတွေ ထင်ရှားလာပြီး ဒါက ဘုရားသခင်ကို ချီးမွမ်းမှုဖြစ်စေတယ်။ (မ. ၅:၁၆) စွမ်းအားတော်ရဲ့အရည်အသွေးတွေနဲ့ စာတန့်လောကရဲ့ အကျင့်စရိုက်တွေက ဘယ်လိုကွာခြားသလဲ။ စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကို ကျွန်ုပ်တို့ ဘယ်လိုမွေးမြူနိုင်သလဲ။ ဒီအရည်အသွေးတွေကို မွေးမြူဖို့ ဘာကြောင့်ခက်နိုင်သလဲ။ စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ ဦးဆုံးအရည်အသွေးသုံးခုဖြစ်တဲ့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းအကြောင်း ဆွေးနွေးစဉ်မှာ ဒီမေးခွန်းတွေကို သုံးသပ်သွားပါမယ်။

ဘုရားသခင်ပြသတဲ့မေတ္တာမျိုး တင်ပြပါ

၄။ ယေရှုက မိမိနောက်လိုက်တွေကို ဘယ်လိုမေတ္တာမျိုးပြဖို့ သင်ပေးခဲ့သလဲ။

လောကမှာမြင်တွေ့နေကျဖြစ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ သန့်ရှင်းတဲ့စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာက သိသိသာသာ ကွာခြားတယ်။ ဘယ်လိုနည်းနဲ့လဲ။ သန့်ရှင်းတဲ့စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာက မြင့်မားတဲ့မူအပေါ် အခြေခံတယ်။ တောင်ပေါ်တရားတော်မှာ ယေရှုက ဒီကွာခြားချက်အကြောင်း မီးမောင်းထိုးဖော်ပြခဲ့တယ်။ (မဿဲ ၅:၄၃-၄၈ ကိုဖတ်ပါ။) ဘုရားသခင်ကိုမသိတဲ့သူတွေတောင် သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုတဲ့ဝါဒကို လက်ကိုင်ထားပြီး ကိုယ့်ကို သူတစ်ပါးဆက်ဆံတဲ့အတိုင်း ပြန်ဆက်ဆံတာကို ကိုယ်တော် သတိထားမိတယ်။ ဒီလိုမေတ္တာမျိုးက တကယ့်ကိုယ်ကျိုးစွန့် အနစ်နာခံစိတ်မပါဘဲ ကိုယ့်အပေါ်ကောင်းလို့ သူ့အပေါ် ပြန်ကောင်းတာဖြစ်တယ်။ ‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၏သားများဖြစ်ကြောင်းဖော်ပြ’ လိုတယ်ဆိုရင် ကျွန်ုပ်တို့က လောကနဲ့ ကွာခြားရမှာဖြစ်တယ်။ တခြားသူတွေ ကျွန်ုပ်တို့ကိုဆက်ဆံသလို ပြန်ဆက်ဆံမယ့်အစား သူတို့ကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ပြီး သူတို့ကို ယေဟောဝါဆက်ဆံသလို ဆက်ဆံရမှာဖြစ်တယ်။ ဒါပေမဲ့ ယေရှုမိန့်မှာခဲ့သလို ကျွန်ုပ်တို့ရဲ့ရန်သူတွေကို ဘယ်လိုချစ်နိုင်မလဲ။

၅။ ကျွန်ုပ်တို့ကိုညှဉ်းဆဲသူတွေကို ဘယ်လိုမေတ္တာပြနိုင်သလဲ။

ကျမ်းစာပုံနမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။ ဖိလိပ္ပိမြို့မှာ ပေါလုနဲ့သိလ ဟောပြောနေတုန်း အဖမ်းခံရပြီး သေလုမျောပါးရိုက်နှက်ခံရတယ်၊ အဲဒီနောက် သူတို့ကို ထိတ်တုံးခတ်ပြီး အတွင်းထောင်ထဲမှာ လှောင်ထားတယ်။ ထောင်ထဲမှာလည်း ထောင်မှူးရဲ့ မတော်မတရားဆက်ဆံခြင်းကို ခံရမှာပဲ။ မြေငလျင်လှုပ်လို့ သူတို့ မမျှော်လင့်ဘဲ လွတ်မြောက်သွားတဲ့အခါ ထောင်မှူးကို သူတို့ပြန်ကလဲ့စားချေခဲ့ကြသလား။ အဲဒီလို မလုပ်ခဲ့ကြဘူး။ ထောင်မှူးရဲ့ အကျိုးကိုလိုလားတဲ့ သူတို့ရဲ့ကိုယ်ကျိုးစွန့်မေတ္တာကြောင့် ထောင်မှူးကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တော့မယ့်ဆဲဆဲမှာ အလျင်အမြန် တားဆီးခဲ့တဲ့အတွက် ထောင်မှူးနဲ့ သူ့မိသားစုတစ်ခုလုံး ယုံကြည်သူတွေဖြစ်လာဖို့ လမ်းစပွင့်သွားတယ်။ (တ. ၁၆:၁၉-၃၄) ယနေ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုများစွာလည်း အလားတူလမ်းစဉ်ကိုလိုက်ပြီး “ညှဉ်းဆဲသူတို့အား ကောင်းချီးပေး” နေကြတယ်။—ရော. ၁၂:၁၄

၆။ ဘယ်လိုနည်းလမ်းတွေနဲ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေအပေါ် ကိုယ်ကျိုးစွန့်မေတ္တာ တင်ပြနိုင်သလဲ။ (စာမျက်နှာ ၂၁ မှာပါတဲ့ လေးထောင့်ကွက်ကိုကြည့်ပါ။)

ကျွန်ုပ်တို့ရဲ့ယုံကြည်သူချင်းတွေကို ချစ်တဲ့မေတ္တာမှာ အဲဒီထက်မက ပိုပါဝင်ပတ်သက်တယ်။ “ငါတို့သည် ညီအစ်ကိုများအတွက် အသက်စွန့်ရမည့်တာဝန်ရှိကြ၏။” (၁ ယောဟန် ၃:၁၆-၁၈ ကိုဖတ်ပါ။) ဒါပေမဲ့ အများအားဖြင့်တော့ အသေးအမွှားကိစ္စတွေမှာ မေတ္တာပြနိုင်ကြတယ်။ ဥပမာ၊ ကျွန်ုပ်တို့က ညီအစ်ကိုတစ်ယောက်ယောက်ကို စိတ်ထိခိုက်အောင် လုပ်မိတယ်ဆိုရင် ပြန်လည်သင့်မြတ်ဖို့ အစပြုလုပ်ဆောင်ခြင်းအားဖြင့် မေတ္တာပြနိုင်ကြတယ်။ (မ. ၅:၂၃၊ ၂၄) ဒါမှမဟုတ် တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို စိတ်ထိခိုက်အောင်လုပ်တယ်ဆိုရင်ကော။ “ခွင့်လွှတ်ရန်အသင့်ရှိ” မလား ဒါမှမဟုတ် အခဲမကြေနိုင်ဘဲ တေးမှတ်ထားမလား။ (ဆာ. ၈၆:၅ကဘ) သန့်ရှင်းသောစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အားကြီးတဲ့မေတ္တာက အသေးအဖွဲအပြစ်တွေကို အမှတ်မထားဖို့၊ ‘ယေဟောဝါ ကျွန်ုပ်တို့ကို အကြွင်းမဲ့ခွင့်လွှတ်’ သလို သူတစ်ပါးကို ခွင့်လွှတ်တတ်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါတယ်။—ကော. ၃:၁၃၊ ၁၄; ၁ ပေ. ၄:၈

၇၊ ၈။ (က) ဘုရားသခင်ကိုချစ်တဲ့မေတ္တာနဲ့ လူတွေကိုချစ်တဲ့မေတ္တာ ဘယ်လိုဆက်စပ်နေသလဲ။ (ခ) ယေဟောဝါကိုချစ်တဲ့မေတ္တာကို ဘယ်လိုနက်ရှိုင်းစေနိုင်သလဲ။ (အောက်ဖော်ပြပါ သရုပ်ဖော်ပုံကို ကြည့်ပါ။)

ညီအစ်ကို၊ ညီအစ်မတွေအပေါ် ကိုယ်ကျိုးစွန့်မေတ္တာထားရှိဖို့ ဘယ်လိုမွေးမြူနိုင်သလဲ။ ဘုရားသခင်ကိုချစ်တဲ့မေတ္တာကို နက်ရှိုင်းစေခြင်းအားဖြင့်ဖြစ်တယ်။ (ဧ. ၅:၁၊ ၂; ၁ ယော. ၄:၉-၁၁၊ ၂၀၊ ၂၁) သမ္မာကျမ်းစာဖတ်ရှုဖို့၊ တွေးတောဆင်ခြင်ဖို့နဲ့ ဆုတောင်းဖို့ အချိန်ယူခြင်းက ကောင်းကင်ခမည်းတော်ကိုချစ်တဲ့မေတ္တာကို တိုးပွားနက်ရှိုင်းစေတယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ရင်းနှီးဖို့ ကျွန်ုပ်တို့ရဲ့အချိန်ကို ဝယ်ယူဖို့လိုတယ်။

ဥပမာ၊ နေ့တစ်နေ့ရဲ့ သတ်မှတ်ထားတဲ့ နာရီအတွင်းမှာပဲ ကျမ်းစာဖတ်နိုင်၊ တွေးတောဆင်ခြင်နိုင်၊ ယေဟောဝါထံ ဆုတောင်းနိုင်တယ်ဆိုပါစို့။ အဲဒီလိုသာဆိုရင် ယေဟောဝါအတွက် အသုံးပြုမယ့်အချိန်ကို တခြားအရာတွေကြောင့် အနှောင့်အယှက်မဖြစ်စေဖို့ ဒီအချိန်နာရီကို သင် သတိရှိရှိနဲ့ စောင့်နေမယ်မဟုတ်လား။ အမှန်တော့ ကျွန်ုပ်တို့ ဘုရားသခင်ထံဆုတောင်းတာကို ဘယ်သူကမှ မတားဆီးနိုင်ဘူး၊ ကျွန်ုပ်တို့အများစုက ကျမ်းစာကို ဖတ်ချင်တဲ့အချိန်မှာ ဖတ်နိုင်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်အတွက် အချိန်မပေးနိုင်တဲ့အထိ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပဲ လုံးချာလိုက်ပြီး အလုပ်များမနေဖို့လိုတယ်။ ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ ရနိုင်သမျှအချိန်ကို နေ့စဉ် သင် ဝယ်ယူနေသလား။

“သန့်ရှင်းသောစွမ်းအားတော်မှရရှိသော ရွှင်လန်းမှု”

၉။ သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့ကို ဘယ်လိုအခြေအနေကြားမှာတောင် ဝမ်းမြောက်စေနိုင်သလဲ။

သန့်ရှင်းသောစွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတစ်ခုဖြစ်တဲ့ ဝမ်းမြောက်ခြင်းကို အခက်အခဲတွေကြားမှာတောင် ဆက်တင်ပြနိုင်တယ်။ ဝမ်းမြောက်ခြင်းက မြေရိုင်းမှာ ရှင်သန်ကြီးထွားနိုင်တဲ့ အကြမ်းခံပင်နဲ့တူတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘုရားသခင့်ကျေးကျွန်အတော်များများက ‘များစွာသောဆင်းရဲဒုက္ခကြားမှ ဘုရားသခင့်သန့်ရှင်းသော စွမ်းအားတော်မှရရှိသော ရွှင်လန်းမှုဖြင့် တရားစကားတော်ကိုလက်ခံ’ ခဲ့ကြတယ်။ (၁ သက်. ၁:၆) အခြားသူတွေကတော့ အခက်အခဲတွေကို ကြုံတွေ့ခံစားနေရတယ်။ ဒါပေမဲ့ ယေဟောဝါက ကိုယ်တော့်စွမ်းအားတော်အားဖြင့် “ခံနိုင်ရည်အပြည့်ရှိ၍ ဝမ်းမြောက်စွာစိတ်ရှည်နိုင်” ဖို့ခွန်အားပေးတယ်။ (ကော. ၁:၁၁) ဒီလိုဝမ်းမြောက်ရတဲ့ အကြောင်းရင်းက ဘာလဲ။

၁၀။ ဘယ်အကြောင်းရင်းတွေကြောင့် ကျွန်ုပ်တို့ ဝမ်းမြောက်ကြသလဲ။

၁၀ စာတန့်လောကရဲ့ “မမြဲသောစည်းစိမ်” နဲ့မတူဘဲ ယေဟောဝါပေးတဲ့စည်းစိမ်က ရေရှည်အကျိုးဖြစ်ထွန်းစေတယ်။ (၁ တိ. ၆:၁၇; မ. ၆:၁၉၊ ၂၀) ကိုယ်တော်က ကျွန်ုပ်တို့ကို ထာဝစဉ်ဝမ်းမြောက်နိုင်တဲ့အလားအလာကို ပေးထားတယ်။ ကျွန်ုပ်တို့က ကမ္ဘာချီ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအဝင်ဖြစ်ရလို့ ဝမ်းမြောက်ကြတယ်။ အရေးအကြီးဆုံးက ကျွန်ုပ်တို့ရဲ့ ဝမ်းမြောက်မှုက ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးပေါ် အခြေခံလို့ပဲ။ ဝရမ်းပြေးဘဝရောက်နေပေမဲ့ ယေဟောဝါကို ချီးမွမ်းသီချင်း သီဆိုခဲ့တဲ့ ဒါဝိဒ်လိုပဲ ကျွန်ုပ်တို့ ခံစားကြရတယ်– ‘ကိုယ်တော်၏ချစ်ခင်ကြင်နာမှုသည် အသက်ထက်သာ၍ကောင်းသောကြောင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကိုချီးမွမ်းရပါမည်။ ထိုသို့ အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းချီးပေးပါမည်။’ (ဆာ. ၆၃:၃၊ ၄) အခက်အခဲတွေကြုံတွေ့ရတဲ့အခါမှာတောင် ကျွန်ုပ်တို့ရဲ့နှလုံးက ဘုရားသခင်ကို ရွှင်လန်းစွာချီးမွမ်းနေမှာဖြစ်တယ်။

၁၁။ ယေဟောဝါကို ဝမ်းမြောက်တဲ့စိတ်နဲ့ အမှုဆောင်ဖို့ ဘာကြောင့်အရေးကြီးသလဲ။

၁၁ တမန်တော်ပေါလုက ခရစ်ယာန်တွေကို ဒီလိုတိုက်တွန်းခဲ့တယ်– “သခင်၌ အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။” (ဖိ. ၄:၄) ခရစ်ယာန်တွေက ယေဟောဝါရဲ့အမှုတော်ကို ဘာကြောင့် ဝမ်းမြောက်တဲ့စိတ်နဲ့ ဆောင်ရွက်ဖို့အရေးကြီးသလဲ။ အကြောင်းကတော့ ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနဲ့ပတ်သက်ပြီး စာတန်ပေါ်ပေါက်စေခဲ့တဲ့ အရေးကိစ္စကြောင့်ပဲ။ ဘုရားသခင့်အမှုတော်ကို ဘယ်သူမှ စိတ်လိုကိုယ်လျောက်လုပ်ဆောင်မှာမဟုတ်ဘူးလို့ စာတန် အခိုင်အမာဆိုခဲ့တယ်။ (ယောဘ ၁:၉-၁၁) ကျွန်ုပ်တို့က ယေဟောဝါရဲ့အမှုတော်ကို ဝမ်းမြောက်တဲ့စိတ်နဲ့မဟုတ်ဘဲ တာဝန်ကျေရုံသာ လုပ်ဆောင်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ချီးမွမ်းခြင်းယဇ်က ပြည့်စုံမှာမဟုတ်ဘူး။ ဒါကြောင့် ဆာလံဆရာရဲ့ ဒီတိုက်တွန်းချက်အတိုင်းလုပ်ဖို့ ကျွန်ုပ်တို့ ကြိုးစားကြတယ်– ‘ယေဟောဝါ၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ကြလော့။ ရွှင်လန်းစွာသီချင်းဆိုလျက် အထံတော်သို့ဝင်ကြလော့။’ (ဆာ. ၁၀၀:၂) တလိုတလားစိတ်၊ ဝမ်းမြောက်တဲ့စိတ်နဲ့အမှုဆောင်ခြင်းက ဘုရားသခင်ကို ဂုဏ်တင်ခြင်းဖြစ်တယ်။

၁၂၊ ၁၃။ အပျက်သဘောထားတွေကို ကျွန်ုပ်တို့ ဘယ်လိုတွန်းလှန်နိုင်သလဲ။

၁၂ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့အပ်နှံပြီး လုပ်ဆောင်နေကြတဲ့ ကျေးကျွန်တွေတောင် စိတ်ဓာတ်ကျတဲ့အချိန်၊ အပြုသဘောထားဆက်တင်ပြဖို့ ခက်ခဲတဲ့အချိန်တွေ ရှိပါတယ်။ (ဖိ. ၂:၂၅-၃၀) ဒီလိုအချိန်တွေမှာ ဘယ်အရာက ကျွန်ုပ်တို့ကို အကူအညီပေးနိုင်သလဲ။ ဧဖက် ၅:၁၈၊ ၁၉ ကဒီလိုပြောတယ်– ‘ဘုရားသခင့် စွမ်းအားတော်နှင့် ပြည့်နေကြလော့။ ဆာလံသီချင်းများ၊ ဘုရားသခင်အား ချီးမွမ်းသည့်သီချင်းများ၊ ခရစ်ယာန်ဓမ္မသီချင်းများသီဆို၍ ယေဟောဝါကို တေးသံဖြင့် လှိုက်လှဲစွာ သီဆိုချီးမွမ်းကြလော့။’ ဒီတိုက်တွန်းချက်ကို ကျွန်ုပ်တို့ ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ။

၁၃ အပျက်သဘောထားတွေဝင်လာပြီဆိုရင် ယေဟောဝါထံ တိုးလျှိုးအသနားခံပြီး ချီးမွမ်းဖွယ်အရာတွေကို တွေးတောဆင်ခြင်ဖို့ ကြိုးစားနိုင်တယ်။ (ဖိလိပ္ပိ ၄:၆-၉ ကိုဖတ်ပါ။) ချီးမွမ်းသီချင်းခွေတွေဖွင့်ပြီး အသံတိုးတိုးနဲ့လိုက်ဆိုတာက စိတ်အားပြန်တက်စေတယ်၊ ကောင်းတဲ့အရာတွေကို ပြန်တွေးတောစေတယ်ဆိုတာ တချို့သူတွေ သိရှိခဲ့ရတယ်။ အပြင်းအထန်စမ်းသပ်မှုတစ်ခု ကြုံတွေ့ခဲ့ပြီး အဲဒါကြောင့် မကြာခဏ စိတ်ပျက်အားလျော့နေတတ်တဲ့ ညီအစ်ကိုတစ်ဦး ဒီလိုပြောတယ်– “မှန်မှန်ရင်ဖွင့်ဆုတောင်းတဲ့အပြင် ချီးမွမ်းသီချင်းတချို့ကို အလွတ်ကျက်မှတ်ခဲ့တယ်။ ယေဟောဝါကိုချီးမွမ်းတဲ့ ဒီသီချင်းတွေကို အသံတိတ်ဖြစ်ဖြစ်၊ အသံထွက်ပဲဖြစ်ဖြစ် သီဆိုတာက ကျွန်တော့်စိတ်ကို ငြိမ်သက်စေတယ်။ ဒါ့ပြင် အဲဒီအချိန်မှာ ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်လည်း ထွက်လာတယ်။ နောက်တစ်နှစ်အတွင်းမှာပဲ ဒီစာအုပ်ကို နှစ်ကြိမ်တိတိဖတ်ရှုခဲ့တယ်။ ဒါက ကျွန်တော့်စိတ်ကို အေးချမ်းငြိမ်သက်စေတယ်။ ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးတယ်လို့ ကျွန်တော်ခံစားရတယ်။”

“ငြိမ်သက်ခြင်းအနှောင်အဖွဲ့”

၁၄။ ငြိမ်သက်ခြင်းအရည်အသွေးရဲ့ ထူးခြားတဲ့အသွင်အပြင်တစ်ခုက ဘာလဲ။

၁၄ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွေမှာ နောက်ခံအမျိုးမျိုးရှိတဲ့ ညီအစ်ကိုညီအစ်မတွေ ရင်းရင်းနှီးနှီးပေါင်းသင်းခြင်းကနေ ပျော်ရွှင်မှုခံစားကြရတယ်။ ဒီမြင်ကွင်းတွေက ယနေ့ ဘုရားသခင့်လူမျိုးခံစားရတဲ့ ကမ္ဘာချီ စည်းလုံးငြိမ်သက်မှုကို အထင်အရှားဖော်ပြတယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်သူလိုဆက်ဆံမယ်လို့ ထင်ရတဲ့လူတွေက “ငြိမ်သက်ခြင်း အနှောင်အဖွဲ့အားဖြင့် ဘုရားသခင့် စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်ဝတည်းအဖြစ်ကို ကြိုးစားအားထုတ်၍ စောင့်ရှောက်ကြ” တာကိုမြင်တဲ့အခါ လူတွေအံ့သြကြတယ်။ (ဧ. ၄:၃) ဒီလိုစည်းလုံးနေတဲ့သူတွေ ပြုပြင်ပြောင်းလဲခဲ့ရတဲ့ စရိုက်ဟောင်းတွေကို စဉ်းစားလိုက်တဲ့အခါ ပိုအံ့သြစရာကောင်းပါတယ်။

၁၅၊ ၁၆။ (က) ပေတရုရဲ့နောက်ခံက ဘယ်လိုရှိသလဲ၊ ဒါက သူ့အတွက် ဘယ်လိုအခက်တွေ့စေသလဲ။ (ခ) ပေတရုရဲ့ သဘောထားပြောင်းလဲသွားဖို့ ယေဟောဝါ ဘယ်လိုကူညီပေးခဲ့သလဲ။

၁၅ နောက်ခံမတူတဲ့သူတွေ စည်းလုံးဖို့ဆိုတာက မလွယ်ကူပါဘူး။ ဒီလိုစည်းလုံးမှုမျိုးကို ဘယ်လိုရနိုင်တယ်ဆိုတာကို ကျွန်ုပ်တို့သိနိုင်ဖို့ ပထမရာစုပုံနမူနာတစ်ခုဖြစ်တဲ့ တမန်တော်ပေတရုအကြောင်း သုံးသပ်ကြည့်ကြစို့။ အရေဖျားမလှီးတဲ့တစ်ပါးအမျိုးသားတွေနဲ့ပတ်သတ်တဲ့ သူ့သဘောထားကို ဒီစကားတွေမှာတွေ့နိုင်တယ်– “ဂျူးတစ်ဦးသည် လူမျိုးခြားနှင့် မပေါင်းဖော်၊ မချဉ်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့ရာတွင် မည်သူ့ကိုမျှ မသန့်ရှင်း၊ မစင်ကြယ်ဟု မယူမှတ်သင့်ကြောင်း ငါ့အား ဘုရားသခင် ဖော်ပြတော်မူပြီ။” (တ. ၁၀:၂၄-၂၉; ၁၁:၁-၃) ပညတ်တရားအရ ဂျူးအမျိုးသားချင်းတွေကိုပဲချစ်ရမယ်လို့ အဲဒီအချိန်ကလူတွေရှုမြင်ခဲ့သလို ပေတရုလည်း အဲဒီအတိုင်း ယုံကြည်ပြီး ကြီးပြင်းလာပုံရတယ်။ တစ်ပါးအမျိုးသားတွေကို မုန်းတီးရမယ့်ရန်သူတွေလိုရှုမြင်တာက မှန်တယ်လို့ သူယူဆခဲ့မှာဖြစ်တယ်။ *

၁၆ ကော်နေလိရဲ့အိမ်ကို ပေတရု ဝင်တဲ့အခါ သူ့စိတ်ထဲမှာ မသက်မသာဖြစ်နေမှာကို မြင်ယောင်ကြည့်ပါ။ တစ်ပါးအမျိုးသားတွေနဲ့ပတ်သက်ပြီး အရင်က အပျက်သဘောထားရှိခဲ့သူတစ်ဦးက သူတို့နဲ့ “လိုက်ဖက်စွာစေ့စပ်ပေါင်းစည်းလျက်” ‘ငြိမ်သက်ခြင်းအနှောင်အဖွဲ့အားဖြင့် တစ်လုံးတစ်ဝတည်းဖြစ်’ နိုင်ပါ့မလား။ (ဧ. ၄:၃၊ ၁၆) အစောပိုင်းရက်တွေတုန်းက ဘုရားသခင့်စွမ်းအားတော်က ပေတရုရဲ့စိတ်နှလုံးကိုဖွင့်ပေးခဲ့ပြီး သူ့ရဲ့သဘောထားကိုပြောင်းလဲစေ၊ လူမျိုးရေးဘက်လိုက်တဲ့စိတ်ကို ချိုးနှိမ်စေနိုင်ခဲ့တယ်။ လူတွေအပေါ် ယေဟောဝါရဲ့ရှုမြင်ပုံက ဘယ်လူမျိုးဖြစ်တယ်ဆိုတဲ့အချက်အပေါ် မူမတည်ဘူးဆိုတာကို အဆင်းအာရုံတစ်ခုအားဖြင့် ပေတရုကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ (တ. ၁၀:၁၀-၁၅) ဒါကြောင့် ပေတရုက ကော်နေလိကို ဒီလိုပြောနိုင်ခဲ့တယ်– “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း ငါမုချသိ၏။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။” (တ. ၁၀:၃၄၊ ၃၅) ပေတရုရဲ့ရှုမြင်ပုံပြောင်းလဲသွားပြီး သူက ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးနဲ့ အမှန်စည်းလုံးလာခဲ့တယ်။—၁ ပေ. ၂:၁၇

၁၇။ ဘုရားသခင့်လူမျိုးကြားမှာရှိတဲ့ စည်းလုံးမှုက ဘယ်လိုနည်းနဲ့ ထူးခြားသလဲ။

၁၇ ပေတရုရဲ့အဖြစ်အပျက်က ယနေ့ဘုရားသခင့်လူမျိုးအလယ်မှာဖြစ်ပျက်နေတဲ့ ထူးခြားထင်ရှားတဲ့ အချက်တစ်ချက်ကို သိနားလည်ဖို့ ကူညီပေးတယ်။ (ဟေရှာယ ၂:၃၊ ၄ ကိုဖတ်ပါ။) “လူမျိုးများ၊ လူမျိုးနွယ်များ၊ လူစုများနှင့် ဘာသာစကားများ အားလုံးထဲမှထွက်လာ” တဲ့သန်းနဲ့ချီတဲ့သူတွေက “ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို” လုပ်ဆောင်နိုင်ဖို့ သူတို့ရဲ့စဉ်းစားတွေးခေါ်ပုံကို ပြုပြင်ပြောင်းလဲခဲ့ကြတယ်။ (ဗျာ. ၇:၉; ရော. ၁၂:၂) သူတို့ထဲကအများစုဟာ တစ်ချိန်က စာတန့်လောကရဲ့ မုန်းတီးမှု၊ ရန်လိုမှု၊ ကွဲပြားမှုတွေရဲ့ဩဇာအောက်မှာ ရှိခဲ့ကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာလေ့လာခြင်း၊ သန့်ရှင်းသောစွမ်းအားတော်ရဲ့အကူအညီနဲ့ ‘ငြိမ်သက်ခြင်းရှိစေသောအမှုများကို လုပ်ဆောင်’ ဖို့ သင်ယူခဲ့ကြတယ်။ (ရော. ၁၄:၁၉) ဒီစည်းလုံးမှုက ဘုရားသခင်ကို ချီးမွမ်းမှုဖြစ်စေတယ်။

၁၈၊ ၁၉။ (က) အသင်းတော်ရဲ့ စည်းလုံးငြိမ်သက်မှု တိုးပွားအောင် ကျွန်ုပ်တို့တစ်ဦးချင်းစီ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။

၁၈ ဘုရားသခင့်လူမျိုးအလယ်မှာရှိတဲ့ စည်းလုံးမှု၊ ငြိမ်သက်မှု တိုးပွားအောင် ကျွန်ုပ်တို့တစ်ဦးချင်းစီ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ အသင်းတော်များစွာမှာ တိုင်းတစ်ပါးကနေပြောင်းလာသူတွေ ရှိတယ်။ သူတို့ထဲကတချို့က ကျွန်ုပ်တို့နဲ့မတူတဲ့ ဓလေ့ထုံးစံတွေရှိပြီး ကျွန်ုပ်တို့ရဲ့ဘာသာစကားကို ကောင်းစွာမပြောတတ်တာဖြစ်နိုင်တယ်။ သူတို့နဲ့သိကျွမ်းဖို့ ကျွန်ုပ်တို့ လုပ်ဆောင်နေသလား။ သမ္မာကျမ်းစာက အဲဒီလိုလုပ်ဆောင်ဖို့ အားပေးတယ်။ ဂျူးတွေရော၊ တစ်ပါးအမျိုးသားတွေပါရှိတဲ့ ရောမအသင်းတော်ကို ရေးတဲ့စာမှာ ပေါလု ဒီလိုဖော်ပြခဲ့တယ်– ‘ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်ကို ထင်ရှားစေလျက် ငါတို့ကို ကြိုဆိုလက်ခံတော်မူသည့်နည်းတူ အချင်းချင်း ကြိုဆိုလက်ခံကြလော့။’ (ရော. ၁၅:၇) သင့်အသင်းတော်မှာ သင်ပိုသိကျွမ်းအောင်လုပ်ရမယ့်သူတစ်ဦးဦး ရှိသလား။

၁၉ ကျွန်ုပ်တို့အသက်တာမှာ သန့်ရှင်းသောစွမ်းအားတော်ရဲ့လွှမ်းမိုးမှုခံရဖို့ နောက်ထပ် ဘာလုပ်နိုင်သေးသလဲ။ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ ကျန်တဲ့အရည်အသွေးတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးတဲ့အခါ ဒီမေးခွန်းကို သုံးသပ်ပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ယေရှုပြောခဲ့တဲ့အသီးမှာ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသောအသီးအပွင့်များ” နဲ့ ဘုရားသခင့်နိုင်ငံတော်ကြေညာခြင်းအားဖြင့် ခရစ်ယာန်တွေ ဘုရားသခင်ကို ဆက်သတဲ့ “နှုတ်ခမ်းအသီး” ပါဝင်တယ်။—ဂလ. ၅:၂၂၊ ၂၃၊ အောက်ခြေမှတ်ချက်; ဟေဗြဲ ၁၃:၁၅

^ အပိုဒ်၊ 15 ဝတ်ပြုရာ ၁၉:၁၈ မှာ ဒီလိုဖော်ပြထားတယ်– “သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။” “အမျိုးသားချင်း” နဲ့ “ကိုယ်နှင့်စပ်ဆိုင်သောသူ” ဆိုတာက ဂျူးတွေကိုပဲပြောတာလို့ ဂျူးဘာသာရေးခေါင်းဆောင်တွေ ယူဆခဲ့ကြတယ်။ ပညတ်တရားက အစ္စရေးလူမျိုးတွေကို တခြားလူမျိုးတွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ပထမရာစုဂျူးဘာသာရေးခေါင်းဆောင်တွေပြောသလို ဂျူးမဟုတ်တဲ့သူတွေကို ရန်သူလိုသတ်မှတ်ပြီး မုန်းတီးရမယ်ဆိုတဲ့အချက်ကိုတော့ မထောက်ခံဘူး။

သင် ဘယ်လိုဖြေဆိုမလဲ

• ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေအတွက် ကိုယ်ကျိုးစွန့်မေတ္တာကို ဘယ်လိုပြသနိုင်သလဲ။

• ဝမ်းမြောက်တဲ့စိတ်နဲ့ ဘုရားသခင့်အမှုဆောင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

• အသင်းတော်ရဲ့ စည်းလုံးမှု၊ ငြိမ်သက်မှု တိုးပွားအောင် ကျွန်ုပ်တို့ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါလေးထောင့်ကွက်]

“သူတို့က ခရစ်ယာန်စစ်တွေပဲ”

စာအုပ်တစ်အုပ် (Between Resistance and Martyrdom—Jehovah’s Witnesses in the Third Reich) မှာ ဂျူးလူငယ်တစ်ဦး နွိုင်ဂါမာချွေးတပ်စခန်းကိုရောက်ပြီး ယေဟောဝါသက်သေတွေကို ဦးဆုံးအကြိမ် မြင်တွေ့ခဲ့တဲ့အကြောင်း ဒီလိုဖော်ပြထားတယ်-

“ကျွန်တော်တို့ဂျူးတွေ ဒါခါစခန်းကနေ ဒီစခန်းကို ရောက်လာတဲ့အခါ တခြားဂျူးတွေက သူတို့မှာရှိတာတွေကို ကျွန်တော်တို့ကို မပေးချင်လို့ ဝှက်ထားလိုက်ကြတယ်။ . . . [ချွေးတပ်စခန်း] အပြင်မှာဆိုရင် ကျွန်တော်တို့တွေ အချင်းချင်း ကူညီခဲ့ကြတယ်။ ဒါပေမဲ့ ဒီထဲမှာက အခြေအနေက သေရေးရှင်ရေးဖြစ်နေတော့ ယောက်တိုင်းက တခြားသူအတွက် မစဉ်းစားနိုင်ဘူး၊ ကိုယ့်အတွက်ပဲစဉ်းစားကြတယ်။ ဒါပေမဲ့ ကျမ်းစာကျောင်းသားတွေရဲ့လုပ်ရပ်ကို ကြည့်ပါ။ အဲဒီတုန်းက သူတို့တွေ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတယ်၊ ရေပိုက်တွေပြင်ကြရတယ်။ ရာသီဥတုကအေးတဲ့ကြားထဲ တစ်နေ့လုံး အေးခဲနေတဲ့ရေထဲမှာ ရပ်ပြီး အလုပ်လုပ်ကြရတယ်။ ဒီလိုအခြေအနေကို သူတို့ ဘာကြောင့်ခံရပ်နိုင်တယ်ဆိုတာ ဘယ်သူမှနားမလည်ခဲ့ကြဘူး။ သူတို့ကတော့ ယေဟောဝါ ခွန်အားပေးတယ်လို့ ပြောကြတယ်။ ကျွန်တော်တို့လိုပဲ သူတို့တွေလည်း ဆာလောင်နေကြတဲ့အတွက် အစားအစာ အရမ်းလိုအပ်နေတယ်။ ဒါပေမဲ့ သူတို့ဘာလုပ်ကြသလဲ။ သူတို့ရတဲ့ဝေစုကိုယူတယ်၊ တစ်ဝက်ကို သူတို့အတွက် ဖယ်ထားပြီး ကျန်တဲ့တစ်ဝက်ကို အခုလေးတင် ဒါခါစခန်းကနေရောက်လာတဲ့ သူတို့ရဲ့ယုံကြည်သူချင်းတွေကို ပေးတယ်။ သူတို့တွေ အချင်းချင်းနမ်းပြီး လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။ အစာမစားခင် သူတို့ ဆုတောင်းကြတယ်။ သူတို့အားလုံးက ရတာလေးနဲ့ကျေနပ်ရောင့်ရဲကြပြီး ပျော်ရွှင်ကြတယ်။ သူတို့က ဗိုက်ဝနေသလိုပဲ ခံစားကြရတယ်။ ဒါကြောင့် သူတို့က ခရစ်ယာန်စစ်တွေပဲလို့ ကျွန်တော်တွေးမိတယ်။”

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကနေ သင်အချိန် ဝယ်ယူနေသလား