မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်စွမ်းအားတော် ဦးဆောင်မှုကို သင်ခံယူနေသလား

ဘုရားသခင့်စွမ်းအားတော် ဦးဆောင်မှုကို သင်ခံယူနေသလား

ဘုရားသခင့်စွမ်းအားတော် ဦးဆောင်မှုကို သင်ခံယူနေသလား

‘ကောင်းမြတ်သောစွမ်းအားတော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါစေသော။’— ဆာ. ၁၄၃:၁၀

၁၊ ၂။ (က) ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေအကျိုးအတွက် သန့်ရှင်းသောစွမ်းအားတော် အသုံးပြုခဲ့တဲ့အခြေအနေတချို့ကို ဖော်ပြပါ။ (ခ) သန့်ရှင်းသောစွမ်းအားတော်က အထူးအခြေအနေတွေမှာသာ အလုပ်လုပ်သလား။ ရှင်းပြပါ။

သန့်ရှင်းသောစွမ်းအားတော်ရဲ့လုပ်ဆောင်မှုအကြောင်း သင်စဉ်းစားတဲ့အခါ စိတ်ထဲမှာ ဘာပေါ်လာသလဲ။ ဂိဒေါင်နဲ့ ရှံဆုန်ရဲ့ တန်ခိုးပါတဲ့လုပ်ရပ်တွေ သင့်အတွေးထဲ ပေါ်လာသလား။ (သူကြီး. ၆:၃၃၊ ၃၄; ၁၅:၁၄၊ ၁၅) အစောပိုင်းခရစ်ယာန်တွေရဲ့ ရဲစွမ်းသတ္တိ ဒါမှမဟုတ် ဂျူးတရားရုံးချုပ်မှာ ရောက်နေတဲ့ သတေဖန်ရဲ့ တည်ငြိမ်အေးဆေးမှုကိုလည်း တွေးမိနိုင်ပါတယ်။ (တ. ၄:၃၁; ၆:၁၅) မျက်မှောက်ခေတ် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွေမှာ တွေ့ရတဲ့ရွှင်လန်းမှု၊ ကြားနေမှုကြောင့် ထောင်ထဲရောက်နေတဲ့ ကျွန်ုပ်တို့ညီအစ်ကိုတွေရဲ့ သစ္စာစောင့်သိမှု၊ ဟောပြောခြင်းလုပ်ငန်း သိသိသာသာတိုးတက်လာမှုတွေကော။ ဒီဥပမာတွေက သန့်ရှင်းသောစွမ်းအားတော်ရဲ့ လုပ်ဆောင်မှု အထောက်အထားတွေဖြစ်တယ်။

အထူးအခြေအနေတွေ ဒါမှမဟုတ် ထူးခြားတဲ့အဖြစ်အပျက်တွေမှာသာ သန့်ရှင်းသောစွမ်းအားတော်က အလုပ်လုပ်သလား။ မဟုတ်ပါဘူး။ သမ္မာကျမ်းစာက ခရစ်ယာန်တွေဟာ ‘စွမ်းအားတော်ဖြင့်လျှောက်လှမ်းနေကြ၊’ “စွမ်းအားတော်၏ဦးဆောင်မှုကို ခံယူ၊” “စွမ်းအားတော်ကြောင့်အသက်ရှင်” တယ်လို့ ဖော်ပြတယ်။ (ဂလ. ၅:၁၆၊ ၁၈၊ ၂၅) ဒီစကားတွေက ကျွန်ုပ်တို့ရဲ့အသက်တာမှာ သန့်ရှင်းသောစွမ်းအားတော် အဆက်မပြတ် လွှမ်းမိုးနေနိုင်တယ်ဆိုတာ ဖော်ပြတယ်။ နေ့စဉ် ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူတွေအပေါ် ကိုယ်တော့်စွမ်းအားတော် ဦးဆောင်ဖို့ ယေဟောဝါထံ တိုးလျှိုးအသနားခံတောင်းလျှောက်သင့်တယ်။ (ဆာလံ ၁၄၃:၁၀ ကိုဖတ်ပါ။) ကျွန်ုပ်တို့ဘဝမှာ စွမ်းအားတော် လွတ်လွတ်လပ်လပ်စီးဆင်းဖို့ ခွင့်ပြုမယ်ဆိုရင် တခြားသူတွေကို လန်းဆန်းမှုဖြစ်စေပြီး ဘုရားသခင်ကို ချီးမွမ်းမှုဖြစ်စေတဲ့ အရည်အသွေးတွေ တင်ပြနိုင်မှာဖြစ်တယ်။

၃။ (က) သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းပြမှုကို ကျွန်ုပ်တို့ ဘာကြောင့် ခံယူဖို့လိုသလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

သန့်ရှင်းသောစွမ်းအားတော် ဦးဆောင်မှုကိုခံယူဖို့ ဘာကြောင့် အရေးကြီးသလဲ။ အကြောင်းကတော့ သန့်ရှင်းသောစွမ်းအားတော်ရဲ့လုပ်ဆောင်မှုကို ဆန့်ကျင်နေတဲ့ အခြားစွမ်းအားတစ်ခုက ကျွန်ုပ်တို့ကိုလွှမ်းမိုးဖို့ ကြိုးစားနေလို့ပဲ။ သမ္မာကျမ်းစာက ဒီစွမ်းအားကို “လူ့ဇာတိအလိုဆန္ဒ” လို့ခေါ်ပြီး ဒါက အာဒံထံကအမွေရခဲ့တဲ့ မစုံလင်တဲ့ အသွေးအသားကြောင့်ဖြစ်ပေါ်တဲ့ အပြစ်ပြုလိုတဲ့သဘောထားဖြစ်တယ်။ (ဂလာတိ ၅:၁၇ ကိုဖတ်ပါ။) ဘုရားသခင့်စွမ်းအားတော်ရဲ့ ဦးဆောင်မှုကိုခံယူခြင်းမှာ ဘာပါဝင်သလဲ။ အပြစ်ရှိတဲ့ လူ့ဇာတိအလိုဆန္ဒရဲ့ဆွဲအားကို တွန်းကန်နိုင်တဲ့ နည်းလမ်းကောင်းတွေရှိသလား။ “စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာသော အရည်အသွေး” တွေထဲက ကျန်တဲ့ခြောက်ခုဖြစ်တဲ့ “စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” အကြောင်းဆွေးနွေးစဉ်မှာ ဒီမေးခွန်းတွေကို သုံးသပ်သွားကြမယ်။—ဂလ. ၅:၂၂၊ ၂၃

နူးညံ့သိမ်မွေ့ခြင်းနဲ့ စိတ်ရှည်ခြင်းက အသင်းတော်ရဲ့ ငြိမ်သက်မှုကိုတိုးပွားစေ

၄။ နူးညံ့သိမ်မွေ့ခြင်းနဲ့ စိတ်ရှည်ခြင်းက အသင်းတော်ရဲ့ငြိမ်သက်မှုကို ဘယ်လိုတိုးပွားစေသလဲ။

ကောလောသဲ ၃:၁၂၊ ၁၃ ကိုဖတ်ပါ။ နူးညံ့သိမ်မွေ့ခြင်းနဲ့ စိတ်ရှည်ခြင်းက အသင်းတော်ရဲ့ငြိမ်သက်မှုကို တိုးပွားစေတယ်။ စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ ဒီအရည်အသွေးနှစ်ခုက တခြားသူတွေကို ယဉ်ကျေးဖော်ရွေစွာဆက်ဆံစေတယ်၊ အမျက်နှိုးဆွခံရတဲ့အခါ တည်ငြိမ်မှုရှိစေတယ်၊ တစ်ယောက်ယောက်က ကျွန်ုပ်တို့အပေါ် မစာမနာပြောဆိုပြုမူတဲ့အခါ လက်တုံ့မပြန်ဖို့ ကူညီပေးတယ်။ ယုံကြည်သူချင်းတွေနဲ့ သဘောထားကွဲလွဲတဲ့အခါ စိတ်ရှည်ခြင်းနဲ့ သည်းခံခြင်းက ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေကို စိတ်ပျက်သွားမယ့်အစား ပြန်လည်သင့်မြတ်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်စေတယ်။ အသင်းတော်မှာ နူးညံ့သိမ်မွေ့ခြင်းနဲ့ စိတ်ရှည်ခြင်းရှိဖို့ တကယ်လိုသလား။ အမှန်လိုပါတယ်၊ အကြောင်းကတော့ ကျွန်ုပ်တို့အားလုံးက မစုံလင်ကြလို့ပဲ။

၅။ ပေါလုနဲ့ ဗာနဗ ဘာတွေဖြစ်ခဲ့သလဲ၊ ဒီအခြေအနေက ဘာကို ဖော်ပြသလဲ။

ပေါလုနဲ့ဗာနဗ ဘာဖြစ်ခဲ့သလဲဆိုတာ သုံးသပ်ကြည့်ပါ။ သူတို့နှစ်ယောက်က သတင်းကောင်းပျံ့နှံ့ရေးမှာ နှစ်အတန်ကြာ အတူလုပ်ဆောင်ခဲ့တဲ့ တွဲဖက်တွေဖြစ်တယ်။ သူတို့နှစ်ဦးစလုံးမှာ အရည်အချင်းကောင်းတွေ ကိုယ်စီရှိကြတယ်။ ဒါပေမဲ့ တစ်ခါမှာတော့ သူတို့နှစ်ယောက်က “အကြီးအကျယ်အငြင်းပွားသဖြင့် လမ်းခွဲ” ခဲ့ကြတယ်။ (တ. ၁၅:၃၆-၃၉) ဒီအဖြစ်အပျက်က ဘုရားသခင်ရဲ့သစ္စာရှိကျေးကျွန်တွေအလယ်မှာတောင် တစ်ခါတစ်ရံ သဘောထားကွဲလွဲမှုတွေ ဖြစ်တတ်တယ်ဆိုတာ ဖော်ပြတယ်။ ခရစ်ယာန်တစ်ဦးက ယုံကြည်သူချင်းတစ်ဦးအပေါ် နားလည်မှုလွဲတဲ့အခါ မခေါ်မပြောနိုင်တဲ့အထိ အခြေအနေတွေပိုဆိုးမလာစေဖို့ ဘာလုပ်နိုင်သလဲ။

၆၊ ၇။ (က) ယုံကြည်သူချင်းတစ်ဦးနဲ့ ဆွေးနွေးနေရင်း ဒေါသထွက်တော့မယ်ဆိုရင် ဘယ်ကျမ်းစာအကြံပြုချက်ကို ကျွန်ုပ်တို့လိုက်လျှောက်နိုင်သလဲ။ (ခ) ‘နားကြားခြင်းငှာလျင်မြန်ပြီး စကားပြောခြင်းနဲ့ အမျက်ထွက်ခြင်းမှာ နှေးခြင်း’ က ဘာအကျိုးရရှိစေသလဲ။

ပေါလုနဲ့ဗာနဗရဲ့ပြဿနာက ရုတ်တရက်ထဖြစ်ပြီး “အကြီးအကျယ်အငြင်းပွား” တဲ့အထိဖြစ်သွားတယ်။ ခရစ်ယာန်တစ်ဦးက ယုံကြည်သူတစ်ဦးနဲ့ ကိစ္စတစ်ခုကို ဆွေးနွေးရင်း ဒေါသထွက်နေပြီဆိုတာသိရင် ယာကုပ် ၁:၁၉၊ ၂၀ မှာပါတဲ့ ဒီအကြံပြုစကားကို လိုက်နာခြင်းက ပညာရှိရာကျပါတယ်– “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။ လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။” ဆွေးနွေးနေရင်း ဒေါသထွက်တော့မယ်ဆိုတာသိရင် အခြေအနေကိုကြည့်ပြီး ဆွေးနွေးနေတဲ့အကြောင်းအရာကို ပြောင်းလဲနိုင်၊ နောက်မှဆက်ဆွေးနွေးနိုင် ဒါမှမဟုတ် ယဉ်ကျေးစွာ ထွက်သွားနိုင်ပါတယ်။—သု. ၁၂:၁၆; ၁၇:၁၄; ၂၉:၁၁

ဒီအကြံပြုချက်ကို လိုက်လျှောက်ခြင်းကနေ ဘာအကျိုးတွေရသလဲ။ ခရစ်ယာန်တစ်ဦးက စိတ်တည်ငြိမ်အောင်လုပ်ဖို့၊ ကိစ္စရပ်နဲ့ပတ်သက်ပြီးဆုတောင်းဖို့၊ ဘယ်လို အကောင်းဆုံးပြန်ပြောရမလဲဆိုတာ စဉ်းစားဖို့ အချိန်ယူမယ်ဆိုရင် ဘုရားသခင့်စွမ်းအားတော်ရဲ့ ဦးဆောင်မှုကို ခံယူနေခြင်းဖြစ်တယ်။ (သု. ၁၅:၁၊ ၂၈) စွမ်းအားတော်ရဲ့လွှမ်းမိုးမှုအောက်မှာ နူးညံ့သိမ်မွေ့ခြင်းနဲ့ စိတ်ရှည်ခြင်းကို သူ တင်ပြနိုင်ပါတယ်။ ဒါက ဧဖက် ၄:၂၆၊ ၂၉ မှာပါတဲ့ အကြံပြုချက်ကို ကျင့်သုံးနေခြင်းဖြစ်တယ်– “ဒေါသထွက်လျှင်လည်း အပြစ်မပြုနှင့်။ . . . သင်တို့၏နှုတ်ထဲမှ မကောင်းသော စကားတစ်ခွန်းမျှ မထွက်ပါစေနှင့်။ ကြားနာသူတို့အတွက် နှစ်လို့ဖွယ်ဖြစ်စေရန် လိုအပ်သည့်အခါ တည်ဆောက်မှုဖြစ်စေသော ကောင်းသည့်စကားကိုသာ ပြောဆိုကြလော့။” အမှန်ပါပဲ၊ နူးညံ့သိမ်မွေ့မှုနဲ့ စိတ်ရှည်မှုတင်ပြခြင်းက အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့စည်းလုံးမှု တိုးပွားအောင် ကူညီပေးရာရောက်တယ်။

ကြင်နာခြင်း၊ ကောင်းမြတ်ခြင်းဖြင့် သင့်မိသားစုကို လန်းဆန်းစေပါ

၈၊ ၉။ ကြင်နာခြင်းနဲ့ ကောင်းမြတ်ခြင်းဆိုတာ ဘာလဲ၊ မိသားစုမှာ ဒီအရည်အသွေးတွေကို တင်ပြမယ်ဆိုရင် ဘာအကျိုးရမလဲ။

ဧဖက် ၄:၃၁၊ ၃၂; ၅:၈၊ ၉ တို့ကိုဖတ်ပါ။ ပူပြင်းအိုက်စပ်တဲ့နေ့တစ်နေ့မှာ တိုက်ခတ်လာတဲ့ လေနုအေးတစ်ချက်၊ သောက်လိုက်ရတဲ့ ရေအေးလေးတစ်ခွက်လိုပဲ ကြင်နာခြင်းနဲ့ ကောင်းမြတ်ခြင်းက လူကို လန်းဆန်းစေပါတယ်။ ဒီအရည်အသွေးနှစ်ခုက မိသားစုကို သာယာချမ်းမြေ့တဲ့ရိပ်မြုံ ဖြစ်စေတယ်။ ကြင်နာခြင်းက တခြားသူအပေါ် စိတ်ရင်းမှန်နဲ့စိတ်ဝင်စားခြင်းကနေ ပေါက်ဖွားလာတဲ့ နှစ်သက်ဖွယ်အရည်အသွေးဖြစ်ပြီး အကူအညီဖြစ်စေတဲ့လုပ်ရပ်၊ ထောက်ထားစာနာတဲ့စကားတွေနဲ့ ဖော်ပြတယ်။ ကြင်နာခြင်းလိုပဲ ကောင်းမြတ်ခြင်းက တခြားသူတွေကိုအကျိုးပြုတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်စေတဲ့ ကောင်းတဲ့အရည်အသွေးတစ်ခုဖြစ်တယ်။ ဒါက ရက်ရောတဲ့စိတ်သဘောဖြစ်တယ်။ (တ. ၉:၃၆၊ ၃၉; ၁၆:၁၄၊ ၁၅) ဒါပေမဲ့ ကောင်းမြတ်ခြင်းက အဲဒါတွေထက်မကဘူး။

ကောင်းမြတ်ခြင်းက ကိုယ်ကျင့်တရားကောင်းမွန်ခြင်းဖြစ်တယ်။ အဲဒါက ကျွန်ုပ်တို့ရဲ့လုပ်ရပ်ထက်မကဘူး၊ ပိုအရေးကြီးတာက ကျွန်ုပ်တို့ဟာ ဘယ်လိုလူစားမျိုးလဲဆိုတဲ့အချက်ဖြစ်တယ်။ အမျိုးသမီးတစ်ဦးက သူ့မိသားစုအတွက် သစ်သီးတွေ စိတ်နေတာကို မြင်ယောင်ကြည့်ပါ၊ အစိတ်တိုင်းမှာ အနာမပါဖို့၊ မှည့်ပြီးချိုနေဖို့ သူ သေချာကြည့်မှာဖြစ်တယ်။ အဲဒီလိုပဲ ခရစ်ယာန်တစ်ယောက်က မိမိရဲ့ဘဝကဏ္ဍတိုင်းမှာ သန့်ရှင်းသောစွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ ကောင်းမြတ်ခြင်းကို ထင်ရှားပြနေမှာဖြစ်တယ်။

၁၀။ မိသားစုဝင်တွေ စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကို တင်ပြနိုင်ဖို့ ဘယ်လိုလုပ်နိုင်သလဲ။

၁၀ ခရစ်ယာန်အိမ်ထောင်မှာ မိသားစုဝင်အချင်းချင်း ကြင်နာမှု၊ ကောင်းမြတ်မှုနဲ့ဆက်ဆံတတ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ တိကျမှန်ကန်တဲ့ကျမ်းစာအသိပညာက အရေးပါပါတယ်။ (ကော. ၃:၉၊ ၁၀) တချို့အိမ်ထောင်ဦးစီးတွေက မိမိတို့ရဲ့မိသားစုဝတ်ပြုမှုညချမ်းမှာ စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့အရည်အသွေးတွေကို ထည့်သွင်းလေ့လာကြတယ်။ ဒီလိုလေ့လာဖို့ မခက်ခဲပါဘူး။ သင့်ဘာသာစကားနဲ့ရနိုင်တဲ့ လေ့လာမှုအထောက်အကူပြုစာပေတွေကို အသုံးပြုပြီး အရည်အသွေးတစ်ခုအကြောင်း ဆောင်းပါးတစ်ပုဒ်ကို ရွေးချယ်နိုင်တယ်။ တစ်ပတ်မှာ အပိုဒ်အနည်းငယ်သာ ဆွေးနွေးပြီး အရည်အသွေးတစ်ခုကို သီတင်းပတ် အတော်ကြာ ဆွေးနွေးနိုင်ပါတယ်။ အကြောင်းအရာကိုလေ့လာတဲ့အခါ ညွှန်းထားတဲ့ကျမ်းချက်တွေကို ဖတ်ပြီး ဆွေးနွေးပါ။ သင်တို့လေ့လာသိရှိခဲ့တဲ့အချက်တွေကို လက်တွေ့ကျင့်သုံးဖို့နည်းလမ်းရှာပြီး သင်တို့ရဲ့ကြိုးစားအားထုတ်မှုကို ကောင်းချီးပေးဖို့ ယေဟောဝါထံ ဆုတောင်းပါ။ (၁ တိ. ၄:၁၅; ၁ ယော. ၅:၁၄၊ ၁၅) ဒီလိုလေ့လာခြင်းက သင့်မိသားစုဝင်အချင်းချင်းရဲ့ ဆက်ဆံရေးအပေါ် တကယ်အကျိုးသက်ရောက်နိုင်သလား။

၁၁၊ ၁၂။ ကြင်နာခြင်းအရည်အသွေးကို လေ့လာခြင်းကနေ ခရစ်ယာန်မောင်နှံ နှစ်စုံ ဘာအကျိုးကျေးဇူး ခံစားခဲ့ရသလဲ။

၁၁ မိမိတို့ရဲ့အိမ်ထောင်ကို အောင်မြင်စေလိုတဲ့ ငယ်ရွယ်တဲ့မောင်နှံစုံတစ်စုံက စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကို နက်နက်နဲနဲ လေ့လာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ ဘယ်လိုအကျိုးခံစားခဲ့ရသလဲ။ ဇနီးဖြစ်သူက ဒီလိုပြောတယ်– “ချစ်ခင်ကြင်နာမှုအကြောင်း အသေအချာလေ့လာတဲ့အခါ ကျွန်မတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တိုးတက်လာတာ ဒီနေ့အထိပါပဲ။ ဒီအရည်အသွေးက အလျှော့ပေးလိုက်လျောတတ်ဖို့နဲ့ ခွင့်လွှတ်တတ်ဖို့ သင်ပေးတယ်။ လိုအပ်တဲ့အခါတိုင်း ‘ကျေးဇူးတင်ပါတယ်၊’ ‘မှားသွားပါတယ်’ လို့ပြောတတ်လာတယ်။”

၁၂ အိမ်ထောင်မှာပြဿနာကြုံနေရတဲ့ နောက်မောင်နှံတစ်စုံကလည်း သူတို့နှစ်ဦးကြားမှာ ကြင်နာမှုမရှိဘူးဆိုတာ သတိထားမိတယ်။ ဒါနဲ့ ကြင်နာခြင်းအကြောင်း အတူတကွဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာအကျိုးရခဲ့သလဲ။ ခင်ပွန်းဖြစ်သူက ဒီလိုပြောပြတယ်– “မှားနေတယ်လို့ အပြန်အလှန်စွပ်စွဲနေမယ့်အစား တစ်ယောက်ကိုတစ်ယောက် ယုံကြည်စိတ်ချဖို့၊ အချင်းချင်းရဲ့ကောင်းကွက်တွေကို မြင်တတ်ဖို့ လိုတယ်ဆိုတာ ကျွန်တော်တို့ရဲ့လေ့လာမှုကနေ သိလာတယ်။ တစ်ယောက်ကိုတစ်ယောက် ပိုဂရုစိုက်တတ်လာတယ်။ ကြင်နာမှုတင်ပြခြင်းမှာ ကျွန်တော့်ဇနီးရဲ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောခွင့်ပေးဖို့နဲ့ သူပြောတဲ့အခါ ဒေါသမထွက်ဖို့ဖြစ်တယ်။ ဒါက ကျွန်တော့်မာနကို ဘေးချိတ်ထားရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျွန်တော်တို့ရဲ့အိမ်ထောင်မှာ ကြင်နာမှု စတင်ပြလာတာနဲ့အမျှ အချေအတင်စကားများတာလည်း တဖြည်းဖြည်း နည်းသွားတယ်။ အတော့်ကို အဆင်ပြေလာတယ်။” သင့်မိသားစုလည်း စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့အရည်အသွေးတွေကို လေ့လာခြင်းကနေ အကျိုးခံစားရမလား။

တစ်ကိုယ်တည်းရှိနေချိန်မှာ ယုံကြည်ခြင်းတင်ပြပါ

၁၃။ ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်နိုင်တဲ့ ဘယ်အန္တရာယ်ကို တွန်းလှန်ရမလဲ။

၁၃ ခရစ်ယာန်တွေဟာ လူရှေ့မှာဖြစ်စေ၊ လူကွယ်ရာမှာဖြစ်စေ ဘုရားသခင့်စွမ်းအားတော်ရဲ့လမ်းပြမှုကို ခံယူဖို့လိုတယ်။ ယနေ့စာတန့်လောကမှာ ညစ်ညမ်းရုပ်ပုံတွေနဲ့ ယုတ်ညံ့တဲ့ဖျော်ဖြေရေးတွေက ပလူပျံနေတယ်။ ဒါတွေက ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်။ ခရစ်ယာန်တစ်ဦး ဘာလုပ်နိုင်သလဲ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဒီလိုအကြံပေးတယ်– “ညစ်ညူးသောအရာရှိသမျှ၊ လွန်ကဲသောအရာဖြစ်သည့် ဆိုးသွမ်းမှုရှိသမျှတို့ကို ဖယ်ရှားကြလော့။ သင်တို့ကို ကယ်တင်နိုင်သည့် တရားစကားတော် စိုက်ပျိုးခြင်းကို နူးညံ့သိမ်မွေ့သောသဘောနှင့် လက်ခံကြလော့။” (ယာ. ၁:၂၁) စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့အရည်အသွေးနောက်တစ်ခုဖြစ်တဲ့ ယုံကြည်ခြင်းက ယေဟောဝါရှေ့မှာ သန့်ရှင်းစင်ကြယ်နေဖို့ ဘယ်လိုကူညီပေးတယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။

၁၄။ ယုံကြည်ခြင်းကင်းမဲ့မှုက ဘယ်လိုနည်းနဲ့ အမှားကျူးလွန်မိစေနိုင်သလဲ။

၁၄ ယုံကြည်ခြင်းဆိုတာ ယေဟောဝါဘုရားသခင်ကို တကယ်တည်ရှိတဲ့ပုဂ္ဂိုလ်အဖြစ် ယုံကြည်ခြင်းဖြစ်တယ်။ ဘုရားသခင်က ကျွန်ုပ်တို့အတွက် တကယ့်ပုဂ္ဂိုလ်မဟုတ်ဘူးဆိုရင် အမှားနယ်ထဲကို အလွယ်တကူ ခြေကျွံမိသွားနိုင်တယ်။ ရှေးခေတ်ဘုရားသခင့်လူမျိုးတွေရဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ ယေဟောဝါက လူတွေ တိတ်တဆိတ်ပြုလုပ်နေတဲ့ ယုတ်ညံ့တဲ့အရာတွေအကြောင်း ပရောဖက်ယေဇကျေလကို ဒီလိုဖော်ပြခဲ့တယ်– ‘အချင်းလူသား၊ ဣသရေလအမျိုး အသက်ကြီးသူအသီးအသီးတို့သည် မှောင်မိုက်ထဲမှာပုံရေးသောအခန်းတို့၌ ပြုသောအမှုကို မြင်ပြီလော။ သူတို့က “ယေဟောဝါမမြင်။ ယေဟောဝါသည် မြေကြီးကိုစွန့်ပစ်လေပြီ” ဟု ဆိုကြ၏။’ (ယေဇ. ၈:၁၂) ပြဿနာရဲ့အရင်းခံကို သင်တို့ သတိပြုမိသလား။ သူတို့လုပ်နေတာတွေကို ယေဟောဝါမမြင်ဘူးလို့ ထင်နေကြလို့ပဲ။ ယေဟောဝါက သူတို့အတွက် တကယ့်ပုဂ္ဂိုလ်မဟုတ်ခဲ့ဘူး။

၁၅။ ယေဟောဝါကို တကယ့်ပုဂ္ဂိုလ်အဖြစ် ယုံကြည်ခြင်းက ကျွန်ုပ်တို့ကို ဘယ်လိုကာကွယ်ပေးသလဲ။

၁၅ ယောသပ်ရဲ့ပုံသက်သေကို သုံးသပ်ကြည့်ပါ။ သူ့မိသားစု၊ သူ့လူမျိုးတွေရဲ့ မျက်ကွယ်ရာမှာရှိနေပေမဲ့ ပေါတိဖာမယားရဲ့မြှူဆွယ်သွေးဆောင်မှုကို ငြင်းပယ်ခဲ့တယ်။ ဘာကြောင့်လဲ။ သူ ဒီလိုပြောခဲ့တယ်– “အပြစ်ကြီးသောဤအမှုကိုကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း။” (က. ၃၉:၇-၉) အမှန်ပါပဲ၊ သူ့အတွက် ယေဟောဝါက တကယ့်ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ ဘုရားသခင်က ကျွန်ုပ်တို့အတွက် တကယ်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်မယ်ဆိုရင် ယုတ်ညံ့တဲ့ဖျော်ဖြေရေးတွေကို ကြည့်မှာမဟုတ်သလို၊ ဆိတ်ကွယ်ရာမှာလည်း ဘုရားသခင်မနှစ်သက်တဲ့အရာတစ်ခုကိုမှ လုပ်မှာမဟုတ်ဘူး။ ကျွန်ုပ်တို့လည်း ဒီလိုသီဆိုခဲ့တဲ့ ဆာလံဆရာလိုပဲ စိတ်ပိုင်းဖြတ်ကြမှာဖြစ်တယ်– ‘ကိုယ်အိမ်တွင် သန့်ရှင်းသောစိတ်နှလုံးနှင့်ကျင့်ပါမည်။ မကောင်းမှုကိုမျက်မှောက်မပြုပါ။’—ဆာ. ၁၀၁:၂၊ ၃

ချုပ်တည်းခြင်းဖြင့် သင့်နှလုံးကို စောင့်ရှောက်ပါ

၁၆၊ ၁၇။ (က) နယပုံပြင်ကျမ်းအရ “နှလုံးလိုအပ်ချက်ရှိသောလူပျို” တစ်ဦး အပြစ်ထောင်ချောက်ထဲ ဘယ်လိုကျရောက်သွားသလဲ။ (ခ) စာမျက်နှာ ၂၆ ပါပုံအရ ယနေ့အချိန်မှာ လူတစ်ဦး ဘယ်အသက်အရွယ်ပဲရှိပါစေ ဘယ်လိုနည်းနဲ့ အဲဒီလိုဖြစ်သွားနိုင်သလဲ။

၁၆ ချုပ်တည်းခြင်းက စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့အရည်အသွေးတွေထဲက နောက်ဆုံးအရည်အသွေးဖြစ်ပြီး ဘုရားသခင်ပြစ်တင်ရှုတ်ချထားတဲ့အရာတွေကို မလုပ်မိအောင် ကူညီပေးနိုင်တယ်။ ဒါက ကျွန်ုပ်တို့ရဲ့နှလုံးကို စောင့်ရှောက်ဖို့ ထောက်ကူပေးတယ်။ (သု. ၄:၂၃) နယပုံပြင် ၇:၆-၂၃ [ကဘ] မှာ ပြည့်တန်ဆာမတစ်ဦးရဲ့မာယာထောင်ချောက်မှာ ကျော့မိသွားတဲ့ “နှလုံးလိုအပ်ချက်ရှိသောလူပျို” တစ်ဦးအကြောင်း ဖော်ပြထားတာကို သုံးသပ်ကြည့်ပါ။ “ထိုသို့သောမိန်းမနေရာ လမ်းထောင့်အနားသို့ လျှောက်သွား” တဲ့အခါ မာယာကျော့ကွင်းထဲ သူ ကျရောက်သွားတယ်။ စပ်စုလိုစိတ်နဲ့ အဲဒီအမျိုးသမီးရှိတဲ့နေရာနား အရဲစွန့်သွားတာဖြစ်နိုင်တယ်။ လျှပ်တစ်ပြက်အတွင်းမှာပဲ “အသက်ဆုံးစေ” တဲ့ အန္တရာယ်စက်ကွင်းထဲ ကျရောက်နေပြီဆိုတာ သူမသိလိုက်ဘူး။

၁၇ ဒီလူငယ်က အန္တရာယ်ကြီးတဲ့အမှားကို ဘယ်လိုရှောင်နိုင်ခဲ့မလဲ။ ‘ထိုသို့သောမိန်းမကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်’ ဆိုတဲ့သတိပေးချက်ကို လိုက်လျှောက်ခြင်းအားဖြင့်ဖြစ်တယ်။ (သု. ၇:၂၅) ကျွန်ုပ်တို့အတွက် သင်ခန်းစာက– ကျွန်ုပ်တို့က ဘုရားသခင့်စွမ်းအားတော်ရဲ့ ဦးဆောင်မှုကို ခံယူလိုတယ်ဆိုရင် သွေးဆောင်မှုဖြစ်စေတဲ့ အခြေအနေတွေကို ရှောင်ရမှာဖြစ်တယ်။ “နှလုံးလိုအပ်ချက်ရှိသောလူပျို” လို မိုက်မဲတဲ့လမ်းစဉ်ဘက် ခြေဦးလှည့်မိနိုင်တဲ့နည်းတစ်နည်းက ရည်ရွယ်ချက်မရှိဘဲ တီဗွီလိုင်းတွေကို တစ်လိုင်းပြီးတစ်လိုင်းပြောင်းတာ၊ အင်တာနက်မှာ ရှာဖွေကြည့်ရှုတာဖြစ်တယ်။ လိင်စိတ်ကိုနှိုးဆွပေးတဲ့ ပုံရိပ်တွေကိုကြည့်ဖို့ မရည်ရွယ်ပေမဲ့ ဒီပုံတွေကို မြင်တွေ့ဖို့အကြောင်းများတယ်။ အဲဒီကနေ ညစ်ညမ်းရုပ်ပုံကြည့်တဲ့အကျင့် တဖြည်းဖြည်းစွဲသွားနိုင်ပြီး သူ့ရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်နဲ့ ဘုရားသခင်နဲ့ဆက်ဆံရေး ပျက်စီးသွားနိုင်တယ်။ ဒါက သူ့အသက်ရေးနဲ့ ပတ်သက်နိုင်တယ်။—ရောမ ၈:၅-၈ ကိုဖတ်ပါ။

၁၈။ မိမိနှလုံးကိုကာကွယ်ဖို့ ခရစ်ယာန်တစ်ဦး ဘာလုပ်နိုင်သလဲ၊ အဲဒီလိုလုပ်ဖို့ ချုပ်တည်းခြင်းကို ဘယ်လိုတင်ပြနိုင်သလဲ။

၁၈ လိင်စိတ်ကိုနှိုးဆွပေးတဲ့ ရုပ်ပုံတွေနဲ့ ပက်ပင်းတိုးလာပြီဆိုရင် ချက်ချင်းပိတ်ပစ်လိုက်ခြင်းအားဖြင့် ချုပ်တည်းမှုကိုတင်ပြနိုင်တယ်၊ တင်လည်းတင်ပြသင့်တယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးရောက်နိုင်တဲ့ ဦးဆုံးခြေလှမ်းကို စမလှမ်းတာ အကောင်းဆုံးပါပဲ။ (သု. ၂၂:၃) သင့်လျော်တဲ့အကာအကွယ်တွေပြုလုပ်ထားပြီး အဲဒီအတိုင်းလိုက်လုပ်ဖို့အတွက် ချုပ်တည်းခြင်းလိုတယ်။ ဥပမာ၊ ကွန်ပျူတာကို လူမြင်သာတဲ့နေရာမှာထားခြင်းက အကာအကွယ်ဖြစ်စေနိုင်တယ်။ တချို့သူတွေက လူတွေရှိနေတဲ့အချိန်မှသာ ကွန်ပျူတာ ဒါမှမဟုတ် တီဗွီကြည့်ခြင်းက အကောင်းဆုံးဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ကြတယ်။ တခြားသူတွေကျပြန်တော့ အင်တာနက်မသုံးဖို့ ဆုံးဖြတ်ထားတယ်။ (မဿဲ ၅:၂၇-၃၀ ကိုဖတ်ပါ။) ‘စင်ကြယ်သောနှလုံးမှလည်းကောင်း၊ ကြည်လင်သော ကိုယ်ကိုယ်ကိုယ်သိသောစိတ်မှလည်းကောင်း၊ ဟန်ဆောင်မှုကင်းသော ယုံကြည်ခြင်းမှလည်းကောင်း ထွက်ပေါ်လာသော ချစ်ခြင်းမေတ္တာ’ ဖြင့် ယေဟောဝါကိုဝတ်ပြုနိုင်ဖို့အတွက် ကိုယ်ကိုယ်တိုင်နဲ့ မိသားစုဝင်တွေကိုကာကွယ်ဖို့ ဘယ်အရာကိုမဆို ပြုလုပ်ကြပါစို့။—၁ တိ. ၁:၅

၁၉။ သန့်ရှင်းသောစွမ်းအားတော်ရဲ့ ဦးဆောင်မှုကို ခံယူမယ်ဆိုရင် ဘာအကျိုးကျေးဇူးတွေရမလဲ။

၁၉ သန့်ရှင်းသောစွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေက အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ နူးညံ့သိမ်မွေ့ခြင်းနဲ့ စိတ်ရှည်ခြင်းက အသင်းတော်ကို ငြိမ်သက်မှုရှိစေတယ်။ ကြင်နာခြင်းနဲ့ ကောင်းမြတ်ခြင်းက မိသားစုကို ပျော်ရွှင်စေတယ်။ ယုံကြည်ခြင်းနဲ့ ချုပ်တည်းခြင်းက ဘုရားသခင်နဲ့ ပိုရင်းနှီးစေပြီး ကိုယ်တော့်ရှေ့မှာ သန့်ရှင်းစင်ကြယ်စွာ ရပ်တည်စေနိုင်တယ်။ ဒါ့အပြင် ဂလာတိ ၆:၈ က ကျွန်ုပ်တို့ကို ဒီလိုအာမခံထားတယ်– “စွမ်းအားတော်အတွက် မျိုးစေ့ကြဲသူမူကား ဘုရားသခင့်စွမ်းအားတော်အားဖြင့် ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။” ယေဟောဝါက ခရစ်တော်ရဲ့ရွေးနုတ်ဖိုးကိုအခြေခံပြီး စွမ်းအားတော်ရဲ့ ဦးဆောင်မှုကိုခံယူသူတွေ ထာဝရအသက်ရရှိစေဖို့ သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြုပါလိမ့်မယ်။

သင် ဘယ်လိုဖြေဆိုမလဲ

• နူးညံ့သိမ်မွေ့ခြင်းနဲ့ စိတ်ရှည်ခြင်းက အသင်းတော်ငြိမ်သက်မှုကို ဘယ်လိုတိုးပွားစေသလဲ။

• အိမ်မှာ ကြင်နာခြင်းနဲ့ ကောင်းမြတ်ခြင်းတင်ပြဖို့ ခရစ်ယာန်တွေကို ဘာကကူညီနိုင်သလဲ။

• ယုံကြည်ခြင်းနဲ့ ချုပ်တည်းခြင်းက ခရစ်ယာန်တစ်ဦး မိမိရဲ့နှလုံးကိုစောင့်ရှောက်ဖို့ ဘယ်လို ကူညီပေးသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၄ ပါရုပ်ပုံ]

ဆွေးနွေးမှုတစ်ခု ဒေါသပေါက်ကွဲတဲ့အခြေအနေ မရောက်အောင် သင် ဘယ်လိုလုပ်နိုင်သလဲ

[စာမျက်နှာ ၂၅ ပါရုပ်ပုံ]

စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေအကြောင်း လေ့လာခြင်းက သင့်မိသားစုကို အကျိုးပြု

[စာမျက်နှာ ၂၆ ပါရုပ်ပုံ]

ယုံကြည်ခြင်းနဲ့ ချုပ်တည်းခြင်းရှိမယ်ဆိုရင် ဘယ်အန္တရာယ်တွေကို ရှောင်နိုင်မလဲ