မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းချီးများစွာကို ကျွန်တော်ခံစားခဲ့ရ

ကောင်းချီးများစွာကို ကျွန်တော်ခံစားခဲ့ရ

ကောင်းချီးများစွာကို ကျွန်တော်ခံစားခဲ့ရ

အာသာ ဘိုနို ပြောပြသည်

အချိန်ကတော့ ၁၉၅၁ ခုနှစ်ဖြစ်တယ်။ ကျွန်တော့်ဇနီး အိဒက်သ်နဲ့ ကျွန်တော် ခရိုင်စည်းဝေးကြီးတစ်ခုမှာ စည်းဝေးတက်နေရင်း ခရစ်ယာန်သာသနာပြုလုပ်ငန်းကို စိတ်ဝင်စားသူတွေအတွက် အစည်းအဝေးရှိတယ်ဆိုတဲ့ ကြေညာချက်တစ်ခုကို ကြားလိုက်ရတယ်။

စိတ်လှုပ်ရှားစွာနဲ့ “ကိုယ်တို့သွားနားထောင်ကြည့်ရအောင်” ဆိုပြီး ပြောလိုက်တယ်။

“မဖြစ်နိုင်ပါဘူး၊ အာသာရယ်” လို့ အိဒက်သ်က ပြန်ပြောတယ်။

“လာပါ၊ သွားနားထောင်ရုံပဲ။”

အဲဒီအစည်းအဝေးပြီးတဲ့နောက် ဂိလဒ်သင်တန်းကျောင်းအတွက် လျှောက်လွှာပုံစံတွေကို ဝေပေးတယ်။

“လျှောက်လွှာတင်ရအောင်” လို့ကျွန်တော်ပြောတော့

“ဒါဆို ကျွန်မတို့ရဲ့မိသားစုတွေကို ဘယ်လိုလုပ်မလဲ” လို့ အိဒက်သ်က ပြန်ပြောတယ်။

စည်းဝေးကြီးပြီးလို့ တစ်နှစ်ခွဲအကြာမှာ ကျွန်တော်တို့ ဂိလဒ်သင်တန်းကျောင်းတက်ခဲ့ကြပြီး တောင်အမေရိကမှာရှိတဲ့ အီကွေဒေါနိုင်ငံမှာ အမှုဆောင်ဖို့ ခန့်အပ်ခံခဲ့ရတယ်။

ကျွန်တော့်မှာ တစ်ဇွတ်ထိုးနိုင်တဲ့အကျင့်ရယ်၊ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ် ရှိတယ်ဆိုတာ စည်းဝေးကြီးမှာ ကျွန်တော့်ဇနီးနဲ့ ကျွန်တော် အပြန်အလှန်ပြောတဲ့စကားကနေ အကဲခတ်မိမှာပါ၊ ဒါပေမဲ့ အိဒက်သ်ကတော့ နူးညံ့သိမ်မွေ့ပြီး ရိုးတယ်။ အမေရိကန်နိုင်ငံ၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ အဲလစ်ဇဘက်မြို့ငယ်မှာ သူကြီးပြင်းခဲ့တယ်၊ သူက အိမ်နဲ့လည်း မခွဲဖူးသလို နိုင်ငံခြားသားကိုလည်း မတွေ့ဖူးဘူး။ ဒါကြောင့် မိသားစုနဲ့ခွဲသွားဖို့ဆိုတာ သူ့အတွက် ခက်တယ်။ ဒါတောင်မှ တိုင်းတစ်ပါးသွားပြီး အမှုဆောင်ရမယ့်တာဝန်ကို သူ စိတ်ပါလက်ပါလက်ခံခဲ့တယ်။ ၁၉၅၄ ခုနှစ်မှာ အီကွေဒေါကို ကျွန်တော်တို့ရောက်ခဲ့ကြတယ်၊ အဲဒီအချိန်ကတည်းက ခရစ်ယာန်သာသနာပြုတွေအဖြစ် အမှုဆောင်ခဲ့တာ အခုလည်း အဲဒီနိုင်ငံမှာ အမှုဆောင်နေဆဲပဲ။ ဒီမှာနေထိုင်ခဲ့တဲ့နှစ်တွေအတွင်း ကောင်းချီးများစွာကို ကျွန်တော်တို့ ခံစားခဲ့ကြရတယ်။ အဲဒီထဲက တချို့အကြောင်းတွေကို သိချင်ပါသလား။

ထူးထူးခြားခြား အမှတ်ရစရာများ

ကျွန်တော်တို့ ဦးဆုံးတာဝန်ကျတဲ့နေရာက အင်ဒီးစ်တောင်တန်းပေါ်မှာရှိတဲ့ မြို့တော်ကွီတိုဖြစ်တယ်။ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ဂိုင်ရာခေးလ်မြို့ကနေ အဲဒီကိုရောက်ဖို့ ရထားတစ်တန်၊ ကားတစ်တန်နဲ့ နှစ်ရက်ကြာသွားရတယ်၊ အခုတော့ အဲဒီခရီးကို လေယာဉ်နဲ့ မိနစ် ၃၀ ဆိုရောက်ပြီ။ ကွီတိုမှာ ကျွန်တော်တို့လေးနှစ်ကြာ အမှုဆောင်ခဲ့ကြတယ်၊ အဲဒီနှစ်တွေက တကယ့်ကို မမေ့နိုင်စရာပါပဲ။ အဲဒီနောက် ၁၉၅၈ ခုနှစ်မှာ နောက်ထပ်ကောင်းချီးတစ်ခု ခံစားရတယ်၊ အဲဒါကတော့ တိုက်နယ်လုပ်ငန်းမှာပါဝင်ဖို့ ဖိတ်ခေါ်ခံရတာပဲ။

အဲဒီအချိန်တုန်းက တစ်နိုင်ငံလုံးမှာ အသင်းတော်အနည်းငယ်ပဲရှိတဲ့ တိုက်နယ်နှစ်ခုပဲ ရှိတာ။ အသင်းတော်တွေကိုလည်ပတ်ရတဲ့အပြင် သက်သေခံတစ်ယောက်မှမရှိတဲ့ ဒေသခံတိုင်းရင်းသားတွေနေတဲ့ မြို့ငယ်လေးတွေမှာ သီတင်းပတ်ပေါင်းများစွာ ဟောပြောခဲ့ကြရတယ်။ အဲဒီရွာတွေမှာရှိတဲ့အိမ်တွေက များသောအားဖြင့် ပြတင်းပေါက်မပါ၊ ကုတင်တစ်လုံးပဲရှိတဲ့ အခန်းကျဉ်းလေးဖြစ်တယ်။ ရေနံဆီမီးဖို၊ ဒယ်အိုး၊ ပန်းကန်ပြား၊ ဇလုံ၊ အိပ်ရာခင်း၊ ခြင်ထောင်၊ အဝတ်အစား၊ သတင်းစာအဟောင်းတွေနဲ့ တခြားပစ္စည်းတွေထည့်ထားတဲ့ သစ်သားသေတ္တာတစ်လုံးကို ကျွန်တော်တို့ယူသွားတယ်။ ကြွက်တွေ အိမ်ထဲ အလွယ်တကူမဝင်နိုင်အောင် နံရံမှာရှိတဲ့အပေါက်တွေကို သတင်းစာစက္ကူတွေနဲ့ ပိတ်ခဲ့ကြရတယ်။

အဲဒီအခန်းတွေက မှောင်မဲပြီး ညစ်ပတ်ပေရေနေပေမဲ့ ညတိုင်း ကုတင်ပေါ်ထိုင်ပြီး စကားပြောခဲ့ကြတာတွေ၊ ရေနံဆီမီးဖိုနဲ့ချက်တဲ့ ရိုးရှင်းတဲ့အစားအစာစားခဲ့ကြတာတွေစတဲ့ မမေ့နိုင်စရာ အမှတ်တရတွေ ရှိခဲ့တယ်။ တဇွတ်ထိုးနိုင်တဲ့ကျွန်တော့်ရဲ့အကျင့်ကြောင့် တစ်ခါတလေ မစဉ်းစားဘဲ လွှတ်ခနဲပြောတတ်တယ်၊ ကျွန်တော့်ဇနီးက ကျွန်တော် ညီအစ်ကိုတွေဆီလည်ပတ်ပြီး စကားပြောဆိုတဲ့အခါမှာ လိမ္မာပါးနပ်စွာပြောဆိုနိုင်တဲ့နည်းတွေနဲ့ပတ်သက်ပြီး အေးအေးဆေးဆေးရှိတဲ့ ဒီလိုညမျိုးတွေမှာ ကျွန်တော့်ကို မကြာခဏပြောလေ့ရှိတယ်။ သူ့အကြံပေးချက်အတိုင်းလုပ်တဲ့အခါ ကျွန်တော့်လည်ပတ်မှုတွေက ပိုပြီး အားရှိစရာဖြစ်လာတယ်။ မစဉ်းစားမဆင်ခြင်ဘဲ တခြားသူတွေအကြောင်း မကောင်းပြောမိတဲ့အခါ အဲဒီပြောလက်စအကြောင်းကို သူဆက်မပြောတော့ဘူး။ ဒါကြောင့် ညီအစ်ကိုညီအစ်မတွေနဲ့ပတ်သက်ပြီး အပြုသဘောရှိဖို့ ကျွန်တော် သင်ယူခဲ့ရတယ်။ ဒါပေမဲ့ အများအားဖြင့် ညဘက်မှာ ကင်းမျှော်စင်ဆောင်းပါးကနေ ကျွန်တော်တို့သိရှိခဲ့တဲ့အချက်တွေ၊ အဲဒီနေ့အမှုဆောင်လုပ်ငန်းအတွေ့အကြုံတွေကို ပြန်ပြောတတ်ကြတယ်။ အဲဒီအပြင် တကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ တခြားတွေ့ကြုံမှုတွေလည်းရှိတယ်။

ကားလို့စ်ကိုရှာတွေ့ခဲ့ပုံ

အီကွေဒေါနိုင်ငံရဲ့အနောက်ဘက်၊ ဟီပီးဟပ်ပါမြို့မှာနေထိုင်တဲ့ အမှန်တရား စိတ်ဝင်စားသူတစ်ယောက်ကိုရှာဖို့ တာဝန်ရခဲ့တယ်။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး ကားလို့စ် မဟီးရာ ဆိုတဲ့ သူ့နာမည်ကလွဲလို့ လိပ်စာကိုလည်း မသိဘူး။ အဲဒီနေ့မနက်မှာ ငှားနေတဲ့အခန်းကနေ ထွက်လာခဲ့ကြတယ်။ ဘယ်ကစပြီး ဘယ်လိုရှာရမယ်ဆိုတာ မသိတဲ့အတွက် ခြေဦးတည့်ရာလျှောက်ခဲ့ကြတယ်။ မနေ့ညက မိုးအရမ်းသည်းလို့ ဖုန်ထူတဲ့လမ်းတွေက ရွှံ့ဗွက်တွေဖြစ်သွားပြီး အဲဒါတွေကို ရှောင်ပြီး လျှောက်ခဲ့ကြရတယ်။ ကျွန်တော်က ကျွန်တော့်ဇနီးရဲ့ရှေ့ကနေ လျှောက်တယ်၊ ရုတ်တရက် ကျွန်တော့်အနောက်ဘက်ကနေ “အာသာ” ဆိုပြီး အလန့်တကြားအော်တာကို ကြားလိုက်ရတယ်။ ကျွန်တော်လှည့်ကြည့်လိုက်တော့ ရွှံ့ဗွက်ထဲမှာ ဒူးအထိနစ်နေတဲ့ အိဒက်သ်ကို တွေ့ရတယ်။ မြင်ကွင်းက ရယ်စရာကောင်းလို့ ရယ်ချင်ပေမဲ့ မျက်ရည်တွေရွှဲနေတဲ့ သူ့ရဲ့မျက်နှာကိုတွေ့ပြီး မရယ်နိုင်ခဲ့ဘူး။

အဲဒီရွှံ့ဗွက်ထဲကနေ သူ့ကိုဆွဲထုတ်နိုင်ခဲ့ပေမဲ့ ဖိနပ်ကတော့ ရွှံ့ထဲနစ်ကျန်ခဲ့တယ်။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်က ကျွန်တော်တို့ကို ကြည့်နေတဲ့အတွက် “ရွှံ့ထဲကနေ ဖိနပ်ကောက်ပေးရင် မင်းတို့ကို ပိုက်ဆံပေးမယ်” ဆိုပြီး ပြောလိုက်တယ်။ ချက်ချင်းပဲ ဖိနပ်ပြန်ရှာတွေ့ခဲ့တယ်၊ ဒါပေမဲ့ အိဒက်သ်က အိမ်တစ်အိမ်ဝင်ပြီး ဆေးကြောဖို့လိုတယ်။ အဖြစ်အပျက်ကိုတွေ့တဲ့ ကလေးတွေရဲ့အမေက ကျွန်တော်တို့ကို သူ့အိမ်ခေါ်သွားပြီး အိဒက်သ်ရဲ့ခြေထောက်မှာပေနေတဲ့ ရွှံ့တွေကိုဆေးဖို့ ကူညီပေးခဲ့တယ်၊ ကလေးတွေကတော့ ညစ်ပတ်နေတဲ့သူ့ဖိနပ်ကို ဆေးပေးခဲ့တယ်။ အဲဒီအိမ်ကနေ မထွက်ခင်မှာ ဘုရားသခင့်ကောင်းမြတ်မှုတစ်ခုကို ခံစားခဲ့ရတယ်။ ကားလို့စ် မဟီးရာဆိုတဲ့သူ ဘယ်မှာနေတယ်ဆိုတာ သိသလားဆိုပြီး အဲဒီအမျိုးသမီးကို မေးလိုက်တယ်။ အဲဒီအမျိုးသမီးက အံ့အားသင့်တဲ့မျက်နှာနဲ့ “သူက ကျွန်မရဲ့ခင်ပွန်းပဲ” လို့ပြောတယ်။ အဲဒါနဲ့ ကျမ်းစာသင်အံမှုတစ်ခု စတင်နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ မိသားစုဝင်အားလုံး နှစ်ခြင်းခံခဲ့ကြတယ်။ နောက်ပိုင်းမှာ ကားလို့စ်၊ သူ့ဇနီး၊ ကလေးတွေထဲက သမီးနှစ်ယောက်က အထူးရှေ့ဆောင်ဖြစ်လာကြတယ်။

ကြမ်းတမ်းတဲ့ခရီး လှိုက်လှဲတဲ့ဧည့်ဝတ်

တိုက်နယ်လှည့်ပြီး ခရီးတွေသွားရတာက အခက်အခဲတွေရှိပါတယ်။ ဘတ်စကား၊ ရထား၊ ကုန်တင်ကား၊ လုံးထွင်းလှေနဲ့ လေယာဉ်ပျံအသေးစား စုံနေအောင်စီးခဲ့ရတယ်။ တစ်ကြိမ်မှာ ခရိုင်ကြီးကြပ်မှူး ဂျွန် မက်ကလဲန်းနခန်နဲ့ ဇနီး ဒေါရသီ၊ ကျွန်တော်တို့တွေက ကိုလံဘီယာနယ်စပ်အနီးက တံငါရွာတွေမှာ ဟောပြောဖို့ ခရီးထွက်ခဲ့ကြတယ်။ စက်လှေနဲ့ ကျွန်တော်တို့သွားခဲ့ကြတယ်။ ကျွန်တော်တို့နဲ့ အနီးအနားမှာ လှေအရွယ်အစားနီးပါးရှိတဲ့ ငါးမန်းတွေကူးခတ်နေတာကို မြင်လိုက်ရတယ်။ အတွေ့အကြုံရှိတဲ့ စက်လှေသမားတောင်မှ ငါးမန်းတွေရဲ့အရွယ်အစားကိုမြင်ပြီး လန့်ဖျပ်သွားလို့ အမြန်ကမ်းကပ်လိုက်တယ်။

တိုက်နယ်လုပ်ငန်းမှာ အခက်အခဲတွေကြုံရပေမဲ့ အကျိုးနပ်ပါတယ်။ တကယ့်ကိုချစ်စရာကောင်းပြီး ဧည့်ဝတ်ပျူငှာတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ သိကျွမ်းခွင့်ရခဲ့တယ်။ ကျွန်တော်တို့တည်းခိုတဲ့ မိသားစုတွေက သူတို့ကတစ်နပ်ပဲစားပေမဲ့ ကျွန်တော်တို့ကို သုံးနပ်ကျွေးတာ မကြာခဏပါပဲ။ ဒါမှမဟုတ် သူတို့ကတော့ကြမ်းပြင်မှာအိပ်ပြီး ကျွန်တော်တို့ကိုတော့ တစ်လုံးတည်းသောကုတင်မှာ ပေးအိပ်တယ်။ ကျွန်တော့်ဇနီးက “ဘဝမှာ တကယ်လိုအပ်တာက နည်းနည်းပဲဆိုတာကို ချစ်စရာကောင်းတဲ့ ဒီညီအစ်ကိုညီအစ်မတွေကြောင့် ကျွန်မသိလာရတယ်” လို့မကြာခဏပြောလေ့ရှိတယ်။

“လက်လွှတ်မခံလိုဘူး”

၁၉၆၀ ပြည့်နှစ်မှာ နောက်ထပ်ကောင်းချီးတစ်ခု ခံစားရပြန်တယ်။ အဲဒါကတော့ ဂိုင်ရာခေးလ်ဌာနခွဲမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတာဖြစ်တယ်။ ကျွန်တော်က စီမံအုပ်ချုပ်မှုအပိုင်းနဲ့ပတ်သက်တဲ့အလုပ်လုပ်ပြီး အိဒက်သ်ကတော့ ဌာနခွဲအနီးမှာရှိတဲ့ အသင်းတော်တစ်ခုမှာ အမှုဆောင်တယ်။ ကျွန်တော်က ရုံးအလုပ်နဲ့ မအပ်စပ်ဘူးလို့ ခံစားရတဲ့အတွက် ရုံးအလုပ်လုပ်ရလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးဘူး၊ ဒါပေမဲ့ ဟေဗြဲ ၁၃:၂၁ မှာ ဘုရားသခင်က “မိမိအလိုတော်ဆောင်ရွက်ရန် ကောင်းသောအရာရှိသမျှနှင့် ပြည့်စုံစေ” တယ်ဆိုပြီး ဖော်ပြထားတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက် နယူးယောက်၊ ဘရွတ်ကလင်ဗေသလမှာ ကျင်းပတဲ့ ဆယ်လကြာဂိလဒ်သင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ အဲဒီအချိန်မှာ ဇနီးသည်တွေကိုတော့ သူတို့ရဲ့တာဝန်တွေမှာ ဆက်လုပ်စေလိုတယ်။ ကျွန်တော့်ဇနီးအတွက် ဘရွတ်ကလင်ကနေ စာရောက်လာတယ်။ အဲဒီစာထဲမှာ ခင်ပွန်းမရှိဘဲနဲ့ ဆယ်လကြာ နေနိုင်မလားဆိုတာ အသေအချာစဉ်းစားသုံးသပ်ဖို့ ပြောထားတယ်။

အိဒက်သ် ဒီလိုပြန်ရေးခဲ့တယ်– “ဒါက လွယ်ကူတဲ့အလုပ်မဟုတ်ဘူးဆိုတာ သေချာတယ်၊ ဘယ်လိုအခက်အခဲတွေပဲ ပေါ်လာပါစေ ယေဟောဝါက ကျွန်မတို့ကို သေချာပေါက်ကူညီမယ်ဆိုတာ သိတယ်။ . . . ကျွန်မတို့ရှေ့မှာရှိတဲ့ ဘယ်အခွင့်ထူးအတွက်မဆို၊ ဒါမှမဟုတ် တာဝန်တွေထမ်းဆောင်ဖို့ ပိုအရည်အချင်းပြည့်မီစေတဲ့ ဘယ်အခွင့်အရေးအတွက်မဆို ကျွန်မတို့ လက်လွှတ်မခံလိုဘူး။” ကျွန်တော် ဘရွတ်ကလင်မှာရှိတဲ့အချိန်တစ်လျှောက်လုံး အပတ်တိုင်း ကျွန်တော့်ဇနီးဆီကနေ စာလာတယ်။

သစ္စာရှိယုံကြည်သူချင်းများနဲ့ ရင်ပေါင်တန်းအမှုဆောင်ခြင်း

၁၉၆၆ ခုနှစ်မှာ ကျန်းမာရေးပြဿနာကြောင့် အိဒက်သ်နဲ့ကျွန်တော် ကွီတိုကို ပြန်လာခဲ့ကြတယ်၊ အဲဒီမှာ ဒေသခံညီအစ်ကိုညီအစ်မတွေနဲ့အတူ ခရစ်ယာန်သာသနာပြုတွေအဖြစ် ပြန်အမှုဆောင်ခဲ့တယ်။ သူတို့တွေက ဘုရားသခင်အပေါ် တကယ့်ကို သစ္စာစောင့်သိသူတွေဖြစ်တယ်။

ညီအစ်မတစ်ယောက်ရဲ့ မယုံကြည်သူခင်ပွန်းက သူ့ကို မကြာခဏ ရိုက်နှက်လေ့ရှိတယ်။ တစ်နေ့ မနက်ခြောက်နာရီမှာ ဖုန်းမြည်လာပြီး အဲဒီညီအစ်မ အရိုက်ခံရပြန်ပြီဆိုတဲ့အကြောင်း သိလိုက်ရတယ်။ ကျွန်တော် အဲဒီညီအစ်မအိမ်ကို အပြေးအလွှားသွားခဲ့တယ်။ ကျွန်တော် သူ့ကိုတွေ့တဲ့အခါ ကိုယ့်မျက်လုံးကိုတောင် ကိုယ်မယုံနိုင်ဘူး။ သူ့တစ်ကိုယ်လုံး ညိုမည်းရောင်ကိုင်းနေပြီး အိပ်ရာထဲလဲနေတယ်။ သူ့ယောက်ျားက တံမြက်စည်းရိုးနှစ်ပိုင်းကျိုးသွားတဲ့အထိ သူ့ကို ရက်ရက်စက်စက်ရိုက်ခဲ့တယ်။ အဲဒီနေ့ညနေပိုင်း သူတို့ရဲ့အိမ်မှာ သူ့ခင်ပွန်းနဲ့တွေ့တဲ့အခါ သူ့လုပ်ရပ်က ယောက်ျားမပီသဘူးလို့ ပြောခဲ့တယ်။ သူ ကျွန်တော့်ကို အနူးအညွှတ်တောင်းပန်ခဲ့တယ်။

၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းမှာ ကျွန်တော့်ကျန်းမာရေးပြန်ကောင်းလာလို့ တိုက်နယ်လုပ်ငန်းမှာ ပြန်ပါဝင်ခဲ့တယ်။ အီဘားရာမြို့က ကျွန်တော့်ရဲ့တိုက်နယ်ထဲမှာ ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက အဲဒီမြို့ကို ကျွန်တော်တို့လည်ပတ်ခဲ့တဲ့အချိန်မှာ ခရစ်ယာန်သာသနာပြုတစ်ယောက်နဲ့ ဒေသခံညီအစ်ကို တစ်ယောက်ပဲရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က အသင်းတော်မှာရှိတဲ့ နောက်ထပ်တိုးလာတဲ့ လူသစ်တွေကိုတွေ့ဖို့ စိတ်ပြင်းပြခဲ့ကြတယ်။

အဲဒီမှာ ကျွန်တော်တို့တက်တဲ့ ဦးဆုံးအစည်းအဝေးမှာ ညီအစ်ကို ရော့ဒရီးဂို ဗတ်ကာက စင်မြင့်ပေါ်ကနေ ပရိသတ်ပါဝင်ဆွေးနွေးရမယ့်အကြောင်းကို ကိုင်တွယ်ခဲ့တယ်။ သူမေးခွန်းတစ်ခုမေးလိုက်တိုင်း ပရိသတ်က လက်ထောင်မယ့်အစား “ရိုး၊ ရိုး” (“ကျွန်တော်/ကျွန်မ”) လို့ အော်ပြောကြတယ်။ အိဒက်သ်နဲ့ ကျွန်တော် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အံ့သြခဲ့ရတယ်။ ‘ဒီမှာ ဘာတွေဖြစ်နေတာပါလိမ့်’ ဆိုပြီး ကျွန်တော် စဉ်းစားမိတယ်။ နောက်ပိုင်းမှသိရတာက ညီအစ်ကိုဗတ်ကာက မျက်စိမမြင်ဘူး၊ ဒါပေမဲ့ အသင်းသားတွေရဲ့အသံကိုတော့ သူမှတ်မိတယ်။ သူဟာ သိုးတွေရဲ့အသံကို ကောင်းကောင်းမှတ်မိတဲ့ သိုးထိန်းတစ်ဦးဖြစ်တယ်။ ဒါက ယောဟန် ၁၀:၃၊ ၄၊ ၁၄ မှာဖော်ပြထားတဲ့ သိုးထိန်းကောင်းနဲ့သိုးတွေ အပြန်အလှန် ကောင်းကောင်းသိကြတယ်ဆိုတဲ့ ယေရှုရဲ့စကားကို သတိရစေတယ်။ ဒီနေ့အချိန်မှာ အီဘားရာမြို့မှာ စပိန်စကားပြောအသင်းတော် ခြောက်ခု၊ ကစ်ချူဝါစကားပြော အသင်းတော်တစ်ခု၊ လက်ဟန်ပြအသင်းတော်တစ်ခု ရှိနေပြီ။ ညီအစ်ကို ဗတ်ကာကတော့ အကြီးအကဲ၊ အထူးရှေ့ဆောင်တစ်ဦးအနေနဲ့ သစ္စာရှိရှိဆက်အမှုဆောင်နေတယ်။ *

ယေဟောဝါ၏ကောင်းမြတ်မှုအတွက် ကျေးဇူးတင်

၁၉၇၄ ခုနှစ်မှာ ယေဟောဝါရဲ့ကောင်းချီးနောက်တစ်ခုကို ခံစားခဲ့ရပြန်တယ်၊ အဲဒါကတော့ ဗေသလမှာ အမှုဆောင်ဖို့ ပြန်ဖိတ်ခေါ်ခံရပြီး စီမံခန့်ခွဲရေးရုံးမှာနဲ့ နောက်ပိုင်း ဌာနခွဲကော်မတီဝင်အနေနဲ့ အမှုဆောင်ခဲ့တယ်။ အိဒက်သ်က အရင်ဆုံး စားဖိုဆောင်နဲ့ နောက်ပိုင်း စာတွေကိုလက်ခံတဲ့ဌာနမှာ အလုပ်လုပ်ခဲ့တာ ဒီနေ့အထိပဲ။

နှစ်တွေတစ်လျှောက် ဂိလဒ်ကျောင်းဆင်း ခရစ်ယာန်သာသနာပြုတွေကို ပျော်ရွှင်စွာ ကြိုဆိုခဲ့ရတယ်၊ သူတို့တွေက ကျရာအသင်းတော်တွေမှာ ရင့်ကျက်မှုနဲ့ ဇွဲထက်သန်မှုတင်ပြကြသူတွေဖြစ်တယ်။ ဒီနိုင်ငံမှာအမှုဆောင်ဖို့အတွက် နိုင်ငံပေါင်း ၃၀ ကျော်ကနေ ရောက်လာတဲ့ ထောင်ပေါင်းများစွာသောညီအစ်ကို၊ ညီအစ်မတွေကြောင့်လည်း ကျွန်တော်တို့ အားရှိကြတယ်။ သူတို့ရဲ့ကိုယ်ကျိုးစွန့်စိတ်ဓာတ်က ကျွန်တော်တို့အတွက် တကယ့်ကို စိတ်စွဲမှတ်စရာပါပဲ။ သာ၍လိုအပ်တဲ့ ဒီနေရာမှာ အမှုဆောင်ဖို့အတွက် တချို့ဆိုရင် အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ရောင်းခဲ့ကြတယ်။ အစွန်အဖျားဒေသတွေမှာ ဟောပြောဖို့ ကားတွေဝယ်ခဲ့ကြတယ်၊ အသင်းတော်အသစ်တွေတည်ထောင်ပြီး ဝတ်ပြုရာခန်းမဆောက်လုပ်ရေးတွေမှာ ပါဝင်ကူညီခဲ့ကြတယ်။ တစ်ကိုယ်ရေညီအစ်မများစွာလည်း တိုင်းတစ်ပါးကနေလာပြီး ဒီမှာ ရှေ့ဆောင်လာလုပ်ကြတယ်၊ တကယ့်ကို ဇွဲထက်သန်ပြီး တော်ကြပါပေတယ်။

ဘုရားသခင့်အမှုဆောင်တဲ့ ကျွန်တော့်အသက်တာမှာ ကောင်းချီးများစွာ ခံစားခဲ့ရတယ်။ အဲဒီထဲက အကောင်းဆုံးကတော့ ယေဟောဝါနဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးဖြစ်တယ်။ ဒါ့ပြင် ကျွန်တော့်အတွက် “အထောက်အမ” ပေးထားလို့လည်း ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ (က. ၂:၁၈) ဇနီးမောင်နှံအနေနဲ့ အတူလုပ်ဆောင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆၉ နှစ်ကို ပြန်ပြောင်းစဉ်းစားကြည့်တဲ့အခါ နယပုံပြင် ၁၈:၂၂ မှာပါတဲ့စကားတွေကို ပြန်အမှတ်ရလာတယ်– ‘မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍ ယေဟောဝါ၏ကျေးဇူးတော်ကို ခံရ၏။’ အိဒက်သ်ရဲ့ဘဝလက်တွဲဖော်ဖြစ်ရတာက တကယ့်ကို ကြည်နူးစရာပါပဲ။ သူက ကျွန်တော့်ကို နည်းလမ်းမျိုးစုံနဲ့ ထောက်မပေးခဲ့တယ်။ သူ့ရဲ့အမေအတွက်လည်း သမီးအလိမ္မာတစ်ယောက်ဖြစ်ခဲ့တယ်။ အီကွေဒေါကို ကျွန်တော်တို့ရောက်တဲ့အချိန်ကစပြီး သူ့အမေ အသက် ၉၇ နှစ်မှာ ကွယ်လွန်တဲ့ ၁၉၉၀ ပြည့်နှစ်အထိ အပတ်တိုင်း စာနဲ့မပြတ်ဆက်သွယ်ခဲ့တယ်။

အခု ကျွန်တော်က အသက် ၉၀၊ အိဒက်သ်က ၈၉ နှစ်ရှိပြီ။ လူအယောက် ၇၀ လောက်ကို ယေဟောဝါအကြောင်းသိလာအောင် ကူညီပေးခြင်းကနေရတဲ့ ရွှင်လန်းမှုကို ကျွန်တော်တို့ တကယ်တန်ဖိုးထားပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၆၀ တုန်းက ဂိလဒ်ကျောင်းလျှောက်လွှာ ဖြည့်ခဲ့တဲ့အတွက် ကျွန်တော်တို့ တကယ်ပဲ ဝမ်းသာကြပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ကျွန်တော်တို့ရဲ့ဘဝမှာ ကောင်းချီးများစွာ ခံစားရပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 29 ညီအစ်ကို ဗတ်ကာရဲ့ ဘဝအတ္ထုပ္ပတ္တိက စက်တင်ဘာ ၈၊ ၁၉၈၅ ခုနှစ်ထုတ် နိုးလော့! [အင်္ဂလိပ်] မှာပါတယ်။

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

၁၉၅၈ ခုနှစ်၊ နယူးယောက် ရန်ကီးအားကစားကွင်းမှာ ဂိလဒ်ကျောင်းက ခရစ်ယာန်သာသနာပြုအဖော်များနဲ့အတူ

[စာမျက်နှာ ၃၁ ပါရုပ်ပုံ]

၁၉၅၉ ခုနှစ်၊ တိုက်နယ်လုပ်ငန်းမှာ သက်သေခံမိသားစုတစ်စုထံ လည်ပတ်စဉ်

[စာမျက်နှာ ၃၂ ပါရုပ်ပုံ]

၂၀၀၂ ခုနှစ်၊ အီကွေဒေါဌာနခွဲမှာ