မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၅။ မြေကြီးကို ဖျက်ဆီးခြင်း

၅။ မြေကြီးကို ဖျက်ဆီးခြင်း

၅။ မြေကြီးကို ဖျက်ဆီးခြင်း

‘[ဘုရားသခင်သည်] မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူမည်။’—ဗျာ. ၁၁:၁၈

● မစ္စတာ ပီရီဟာ နိုင်ဂျီးရီးယားနိုင်ငံ၊ ကပေါရွာမှာ ထန်းတက်လုပ်ငန်းနဲ့ အသက်မွေးတဲ့သူဖြစ်တယ်။ နိုက်ဂျားမြစ်ဝကျွန်းပေါ်ဒေသမှာ ရေနံအမြောက်အမြား ဖိတ်စဉ်သွားတဲ့အတွက် သူ့ရဲ့သက်မွေးလုပ်ငန်း ထိခိုက်သွားခဲ့ရတယ်။ “ငါးတွေ သေကုန်တယ်၊ လူတွေရဲ့အရေပြားတွေ ထိခိုက်ပျက်စီးရတဲ့အပြင် မြစ်ချောင်းတွေလည်း ညစ်ညမ်းသွားတယ်။ ဘယ်လိုနည်းနဲ့ ဝမ်းစာရှာရမှန်းတောင် မသိတော့ဘူး” လို့သူက ပြောပြတယ်။

အဖြစ်မှန်က ဘာကိုဖော်ပြနေသလဲ။ နှစ်စဉ် ပင်လယ်သမုဒ္ဒရာတွေထဲကို တန်ချိန် ၆.၅ တန်ရှိတဲ့ အမှိုက်သရိုက်တွေ ဝင်ရောက်လာကြတယ်လို့ ပညာရှင်တချို့က ဆိုတယ်။ အဲဒီအမှိုက်သရိုက်တွေရဲ့ ၅၀ ရာခိုင်နှုန်းခန့်က ပလတ်စတစ်တွေဖြစ်ပြီး အဲဒီအရာတွေ မဆွေးမရိခင် ရာစုနှစ်ပေါင်းများစွာ ပင်လယ်ထဲမှာ မျောနေကြမှာဖြစ်တယ်။ လူသားတွေဟာ မြေကြီးကို ညစ်ညမ်းအောင်လုပ်နေတဲ့အပြင် သဘာဝသယံဇာတတွေကိုလည်း ထိတ်လန့်စရာကောင်းလောက်အောင် ကုန်ခန်းနေစေပါတယ်။ တစ်နှစ်အတွင်း လူတွေ သုံးဖြုန်းလိုက်တဲ့ သယံဇာတတွေကို ပြန်လည်ဖြည့်ဆည်းဖို့အတွက် တစ်နှစ်နဲ့ငါးလ အချိန်ယူဖို့လိုတယ်ဆိုပြီး လေ့လာမှုတွေက ဖော်ပြကြတယ်။ “လူဦးရေနဲ့ သုံးစွဲမှုက ဒီအတိုင်း ဆက်တိုးများလာနေမယ်ဆိုရင်တော့ ၂၀၃၅ ခုနှစ်ရောက်ရင် ကမ္ဘာနှစ်လုံးရှိမှ လုံလောက်ပါလိမ့်မယ်” ဆိုပြီး ဩစတြေးလျနိုင်ငံထုတ် သတင်းစာတစ်စောင် (Sydney Morning Herald) မှာ ဖော်ပြထားတယ်။

လူအများ ဘယ်လိုတုံ့ပြန်ကြသလဲ။ လူသားတွေမှာ လုပ်ရည်ကိုင်ရည်ရှိကြပါတယ်။ အဲဒီပြဿနာတွေကို ပြောင်းပြန်လှန်ပစ်ပြီး ကမ္ဘာကို ကယ်တင်နိုင်ပါတယ်။

လူအများရဲ့ တုံ့ပြန်ချက်က ခိုင်လုံရဲ့လား။ တစ်ဦးချင်းအနေနဲ့ရော အုပ်စုလိုက်အနေနဲ့ပါ အလုပ်ကြိုးစားကြတဲ့သူတွေဟာ ပတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စတွေကို ပိုပြီးအာရုံစိုက်လာကြတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကတော့ ကြီးမားတဲ့အတိုင်းအတာနဲ့ ဆက်ပြီး ညစ်ညမ်းနေတုန်းပါပဲ။

သင်ကော ဘယ်လိုထင်သလဲ။ ဘုရားသခင်ဟာ ပျက်ကိန်းဆိုက်နေတဲ့ ကမ္ဘာမြေကြီးကို မိမိကတိပြုထားတဲ့အတိုင်း ကြားဝင်ကယ်တင်ပေးဖို့ လိုသလား။

နောက်ဆုံးသောနေ့ရက်တွေနဲ့ပတ်သက်ပြီး အခုလေးတင် ဆွေးနွေးသုံးသပ်သွားတဲ့ ကြိုဟောချက်ငါးခုအပြင် အပြုသဘောဆောင်တဲ့ အဖြစ်အပျက်တွေအကြောင်းလည်း ကျမ်းစာမှာ ကြိုပြောထားပါတယ်။ ခြောက်ခုမြောက်ကြိုဟောချက်ကို သုံးသပ်ကြည့်ရအောင်။

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

“သာယာလှပတဲ့နေရာတစ်ခုကို ပိုင်ဆိုင်ရာကနေ အဆိပ်သင့် စွန့်ပစ်ပစ္စည်းအစုအပုံကို ပိုင်ဆိုင်သွားရသလိုမျိုး ခံစားလိုက်ရတယ်။”—အမေရိကန်နိုင်ငံ ပင်လယ်ကွေ့ကမ်းရိုးတန်းတွင် နေထိုင်သူ အီရင် တမ်ဘာ၊ ၂၀၁၀ ခုနှစ်က မက္ကဆီကိုပင်လယ်ကွေ့မှာ ရေနံဖိတ်စဉ်သွားမှုရဲ့ ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တဲ့စကား။

[စာမျက်နှာ ၈ ပါလေးထောင့်ကွက်]

ဘုရားသခင်မှာ တာဝန်ရှိသလား

ကနေ့ ကျွန်ုပ်တို့တွေ့မြင်နေရတဲ့ အခြေအနေဆိုးတွေကို ကျမ်းစာမှာ ကြိုဟောထားတယ်ဆိုတော့ အဲဒီအခြေအနေဆိုးတွေအတွက် ဘုရားသခင်မှာ တာဝန်ရှိသလား။ ဆင်းရဲခက်ခဲမှုတွေကို ဘုရားသခင် ဖြစ်ပေါ်စေတာလား။ အဲဒီမေးခွန်းတွေအတွက် စိတ်ကျေနပ်စရာကောင်းတဲ့ အဖြေတွေကို ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၁ မှာ တွေ့ရှိနိုင်ပါတယ်။

[Picture Credit Line on page 8]

U.S. Coast Guard photo