မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မကောင်းမှုနဲ့ ဆင်းရဲဝေဒနာတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲ

မကောင်းမှုနဲ့ ဆင်းရဲဝေဒနာတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲ

ဘုရားသခင့်စကားတော်မှ သင်ယူပါ

မကောင်းမှုနဲ့ ဆင်းရဲဝေဒနာတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သင့်ကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဝမ်းမြောက်ဝမ်းသာ ဆွေးနွေးလိုကြပါတယ်။

၁။ မကောင်းမှု ဘယ်လိုအစပြုခဲ့သလဲ

စာတန်လို့ခေါ်တဲ့ ဝိညာဉ်သတ္တဝါတစ်ဦး ပထမဆုံး လိမ်လည်ပြောဆိုချိန်မှာ ကမ္ဘာပေါ် မကောင်းမှု စတင်ခဲ့ပါတယ်။ စာတန်ကို ဖန်ဆင်းတုန်းက မကောင်းတဲ့သူအနေနဲ့ မဟုတ်ပါဘူး။ သူဟာ စုံလင်တဲ့ ကောင်းကင်တမန်တစ်ဦးဖြစ်ပေမဲ့ “အမှန်တရား၌ မတည်မနေ” ပါဘူး။ (ယောဟန် ၈:၄၄) သူ့စိတ်ထဲမှာ ဘုရားသခင်တစ်ဦးတည်းသာ တော်မှန်စွာ ရထိုက်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ရယူလိုတဲ့ဆန္ဒ တဖွားဖွားပေါ်လာခဲ့တယ်။ ပထမဆုံး လူမိန်းမ ဧဝကို စာတန် လိမ်လည်ပြောဆိုတဲ့အပြင် ဘုရားသခင်ရဲ့စကားကိုမဟုတ်ဘဲ သူ့စကားကိုနားထောင်ဖို့ ဖြားယောင်းခဲ့တယ်။ အာဒံလည်း ဧဝနဲ့ပူးပေါင်းပြီး ဘုရားသခင်ရဲ့စကားကိုနားမထောင်ခဲ့ပါဘူး။ အဲဒီလို အာဒံလုပ်လိုက်တဲ့အတွက် ဆင်းရဲဝေဒနာနဲ့ သေခြင်းတရား ဖြစ်ပေါ်လာခဲ့တယ်။—ကမ္ဘာဦး ၃:၁-၆၊ ၁၇-၁၉ ကိုဖတ်ပါ။

ဘုရားသခင်ရဲ့စကားကို ဧဝ နားမထောင်ဖို့ စာတန် ပြောလိုက်တဲ့အချိန်မှာ သူဟာ ဘုရားသခင်ရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို စတင်ဖီဆန်ခဲ့တာ ဖြစ်တယ်။ လူသားအများစုဟာ စာတန်နဲ့ပူးပေါင်းပြီး ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် ငြင်းပယ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ စာတန်ဟာ “ဤလောကကို အစိုးရသောမင်း” ဖြစ်လာတယ်။—ယောဟန် ၁၄:၃၀; ဗျာ. ၁၂:၉ တို့ကိုဖတ်ပါ။

၂။ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းမှာ အပြစ်အနာအဆာများ ရှိခဲ့သလား

လူသားတွေနဲ့ ကောင်းကင်တမန်တွေဟာ စုံလင်စွာ ဖန်ဆင်းခံထားရတဲ့အတွက် ဘုရားသခင့်တောင်းဆိုချက်တွေကို နာခံလိုက်လျှောက်နိုင်စွမ်း ရှိကြပါတယ်။ (တရားဟောရာ ၃၂:၄၊ ၅) ကောင်းတာကိုလုပ်မယ်၊ မကောင်းတာကိုလုပ်မယ် ဆိုတာနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်လည်းရှိကြတယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်က ဘုရားသခင်ကိုချစ်ကြောင်း ဖော်ပြခွင့်ရရှိစေပါတယ်။—ယာကုပ် ၁:၁၃-၁၅; ၁ ယောဟန် ၅:၃ တို့ကိုဖတ်ပါ။

၃။ ဆင်းရဲဝေဒနာတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲ

ဘုရားသခင်ဟာ မိမိရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှု ဖီဆန်ခံနေရတာကို ကနေ့အချိန်အထိ သည်းခံနေပါတယ်။ ဘာကြောင့် သည်းခံနေရတာလဲ။ ဘုရားသခင်မပါဘဲ အုပ်ချုပ်ဖို့ ကြိုးစားတာတွေက အချည်းနှီးပဲဆိုတာကို သက်သေထူဖို့ပါ။ (ယေရမိ ၁၀:၂၃) ဒီအချက်ကို လူ့သမိုင်းရဲ့သက်တမ်း အနှစ် ၆,၀၀၀ ကြာပြီးတဲ့နောက်မှာ ဖြေရှင်းပြီးသား ဖြစ်သွားပါပြီ။ လူသားအုပ်စိုးရှင်တွေဟာ စစ်မှု၊ ရာဇဝတ်မှု၊ တရားမမျှတမှုနဲ့ ရောဂါတွေကို မဖယ်ရှားပေးနိုင်ခဲ့ပါဘူး။—ဒေ. ၇:၂၉; ၈:၉; ရောမ ၉:၁၇ တို့ကိုဖတ်ပါ။

ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် လက်ခံတဲ့သူတွေကျတော့ အကျိုးခံစားရပါတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) မကြာခင် လူ့အုပ်ချုပ်မှုအားလုံးကို ဘုရားသခင် ဖျက်ဆီးပစ်ပါတော့မယ်။ ဘုရားသခင်ရဲ့အုပ်ချုပ်မှုကို ရွေးချယ်တဲ့သူတွေပဲ ကမ္ဘာပေါ်မှာ နေထိုင်ရပါလိမ့်မယ်။—ဟေရှာယ ၂:၃၊ ၄; ၁၁:၉; ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပါ။

၄။ ဘုရားသခင်ရဲ့စိတ်ရှည်မှုက ဘာအခွင့်အရေး ရရှိစေသလဲ

ဘုရားသခင်အပေါ် လူတွေ တည်ကြည်ကြမှာမဟုတ်ဘူးဆိုပြီး စာတန် အခိုင်အမာပြောထားတယ်။ ဘုရားသခင် စိတ်ရှည်ပေးနေတဲ့အတွက် ကျွန်ုပ်တို့အားလုံး ဘုရားသခင့်အုပ်ချုပ်မှုကို လိုလားသလား၊ လူ့အုပ်ချုပ်မှုကို လိုလားသလားဆိုပြီး ဖော်ပြခွင့်ရကြတယ်။ ကျွန်ုပ်တို့ရဲ့ရွေးချယ်မှုကို ကျွန်ုပ်တို့ရဲ့ဘဝလမ်းစဉ်နဲ့ ဖော်ပြကြပါတယ်။—ယောဘ ၁:၈-၁၁; သု. ၂၇:၁၁ တို့ကိုဖတ်ပါ။

၅။ ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် ဘယ်လိုရွေးချယ်မလဲ

သမ္မာကျမ်းစာကိုအခြေခံတဲ့ စစ်မှန်တဲ့ဝတ်ပြုရေးကို ကျွန်ုပ်တို့ ရှာဖွေပြီး လိုက်လျှောက်တဲ့အခါ ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် ရွေးချယ်လိုက်တာဖြစ်တယ်။ (ယောဟန် ၄:၂၃) ဒါ့အပြင် ယေရှုလုပ်ခဲ့တဲ့အတိုင်း နိုင်ငံရေးနဲ့စစ်ပွဲတွေမှာ ကျွန်ုပ်တို့ မပါဝင်ကြပါဘူး။—ယောဟန် ၁၇:၁၄ ကိုဖတ်ပါ။

စာတန်ဟာ အကျင့်ယိုယွင်းမှုတွေ၊ အသက်ကိုထိခိုက်စေတဲ့ အမူအကျင့်တွေကို အားပေးအားမြှောက်ပြုဖို့ သူ့ရဲ့တန်ခိုးကို အသုံးပြုနေပါတယ်။ အဲဒီအမူအကျင့်တွေကို ကျွန်ုပ်တို့မပြုလုပ်တဲ့အခါ မိတ်ဆွေတချို့နဲ့ ဆွေမျိုးတချို့က ပြောင်လှောင်နိုင်တယ် ဒါမှမဟုတ် ဆန့်ကျင်နိုင်တယ်။ (၁ ပေတရု ၄:၃၊ ၄) ဒါကြောင့် ကျွန်ုပ်တို့ ရွေးချယ်မှုပြုရမှာဖြစ်တယ်။ ဘုရားသခင်ကို ချစ်မြတ်နိုးတဲ့လူတွေနဲ့ ပေါင်းသင်းမလား။ ကိုယ်တော်ရဲ့ ပညာရှိပြီး မေတ္တာပါတဲ့ ပညတ်တွေကို လိုက်လျှောက်မလား။ အဲဒီအတိုင်း ကျွန်ုပ်တို့လုပ်ဆောင်မယ်ဆိုရင် ဘုရားသခင်ရဲ့မိန့်မှာချက်တွေကို ဘယ်သူမှ လိုက်နာမှာမဟုတ်ဘူးဆိုတဲ့ စာတန်ရဲ့ပြောဆိုချက်က လိမ်ညာမှုဖြစ်တယ်ဆိုတာကို သက်သေထူရာရောက်မှာဖြစ်တယ်။—၁ ကောရိန္သု ၆:၉၊ ၁၀; ၁၅:၃၃ တို့ကိုဖတ်ပါ။

ဒီထက်မက ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၁ မှာဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၁၆ ပါရုပ်ပုံ]

မကောင်းမှုပြုဖို့ အာဒံရွေးချယ်ခဲ့

[စာမျက်နှာ ၁၇ ပါရုပ်ပုံ]

ဘုရားသခင်ကို ကျွန်ုပ်တို့ရဲ့ အုပ်စိုးရှင်ဖြစ်စေ ချင်တယ်၊ မဖြစ်စေချင်ဘူးဆိုတာကို ကျွန်ုပ်တို့ရဲ့ ရွေးချယ်မှုတွေက ဖော်ပြ