မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

နာမည်ကြီး အဆိုတော်တစ်ဦး သူ့ရဲ့အလုပ်အကိုင်ကို စွန့်လွှတ်ပြီး အချိန်ပြည့် ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦး ဖြစ်လာတာ ဘာကြောင့်လဲ။ နိုင်ငံ့သားကောင်း ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ တရားသူကြီးတစ်ဦး မှတ်ချက်ချရတဲ့အထိ ဆိုးသွမ်းမိုက်မဲခဲ့တဲ့ ရာဇဝတ်သားတစ်ဦးကို ဘယ်အရာက ပြောင်းလဲစေခဲ့သလဲ။ အဖြေတွေကို သိနိုင်ဖို့ အောက်မှာဖော်ပြထားတဲ့ မှတ်တမ်းတွေကို ဖတ်ကြည့်ပါလေ။

“မည်သူမျှ သခင်နှစ်ဦးအစေကိုမခံနိုင်။”—အန်ထိုလီနာ အော်ဒင် ကက်စတီယို

မွေးဖွားတဲ့ခုနှစ်– ၁၉၆၂

နေရင်းနိုင်ငံ– စပိန်

နောက်ခံ– ရုပ်ရှင်သရုပ်ဆောင်နဲ့ စပိန်ရိုးရာ အော်ပရာအဆိုတော်

အတိတ်– စပိန်နိုင်ငံ၊ လာ မန်ချာဒေသက ထရက်ရှန်ကိုစ်ရွာလေးမှာ ကျွန်မကို မွေးဖွားခဲ့ပါတယ်။ ကျွန်မရဲ့မိသားစုက လယ်သမားတွေပါ။ အမေက ကက်သလစ်အသင်းသားဖြစ်ပြီး အဖေကတော့ ပရိုတက်စတင့်အသင်းသားပါ။ ကျမ်းစာကို ကျွန်မ ရိုသေလေးမြတ်တတ်အောင် အဖေ ဆုံးမသွန်သင်ပေးတယ်။ အဖေဟာ တစ်ချိန်လုံး ကျမ်းစာဖတ်နေတတ်တယ်။ ဒါပေမဲ့ အမေက ကျွန်မကို ကက်သလစ်အသင်းသားတစ်ဦးအဖြစ် ပျိုးထောင်ပေးခဲ့ပြီး တနင်္ဂနွေနေ့တိုင်း မစ္ဆားပွဲတက်ရောက်ဖို့ ခေါ်သွားတယ်။

ကျွန်မအသက် ၁၅ နှစ်အရွယ်ရောက်တော့ အစ်မနဲ့အတူနေဖို့ မက်ဒရစ်မြို့ကို ထွက်လာလိုက်တယ်။ ကျွန်မရဲ့မိဘတွေကို အရမ်းလွမ်းပေမဲ့လည်း မြို့ပြဘဝမှာ တဖြည်းဖြည်း နေသားကျလာပါတယ်။ အသက် ၁၇ နှစ်အရွယ်ရောက်တော့ စပိန်ရိုးရာ အော်ပရာပြဇာတ်အဖွဲ့တစ်ခုမှာ လအနည်းငယ် အလုပ်လုပ်ဖို့ အခွင့်အရေးရခဲ့တယ်။ အဲဒီအလုပ်ကို အရမ်းသဘောကျသွားပြီး ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အတွင်းရေးမှူးသင်တန်းကနေ ကျွန်မထွက်လိုက်ပြီး အော်ပရာပြဇာတ်အဖွဲ့အမျိုးမျိုးမှာ စတင်အလုပ်လုပ်ခဲ့တယ်။ ဒီအချိန်မှာ ကျွန်မရဲ့ အမျိုးသမီးမိတ်ဆွေတစ်ယောက်ရဲ့ အစ်ကိုနဲ့ ချစ်ကြိုးသွယ်မိတယ်။ ကျွန်မမှာ အလုပ်ကောင်းရှိတယ်၊ ငွေရှိတယ်၊ ရည်းစားလည်း ရသွားပြီဆိုတော့ သိပ်ပျော်တာပေါ့။

စပိန်နိုင်ငံတစ်ခွင်မကဘူး၊ ကိုလံဘီယာ၊ ကော့စ်တာရီကာ၊ အီကွေဒေါနဲ့ ဗင်နီဇွဲလားစတဲ့ နိုင်ငံတွေအထိ အော်ပရာပြဇာတ်အဖွဲ့အမျိုးမျိုးနဲ့ လှည့်လည်ဖျော်ဖြေခဲ့တယ်။ မက်ဒရစ်မြို့မှာရှိတဲ့ နာမည်ကြီးအနုပညာလုပ်ငန်း (La movida madrileña) က အနုပညာအဖွဲ့အမျိုးမျိုးမှာလည်း သီချင်းဆိုခဲ့တယ်။ ကျွန်မ ပင်တိုင်ဆိုပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ဆိုရင် အရမ်းအောင်မြင်သွားတာ။

ကျွန်မရဲ့အလုပ်ကို နှစ်သက်ပေမဲ့ အကျင့်စာရိတ္တမကောင်းတဲ့ အလုပ်ဝန်းကျင်ကိုတော့ နည်းနည်းလေးမှ မကြိုက်ဘူး။ ပြီးတော့ ကျွန်မဟာ ကိုယ့်ရဲ့ ရုပ်ရည်ရူပကာနဲ့ နာမည်ကြီးအဆိုတော်ဆိုတဲ့ ဂုဏ်ပုဒ်မကျသွားအောင် လွန်လွန်ကျွံကျွံ ဂရုစိုက်လာတယ်။ ကိုယ်အလေးချိန်လျော့အောင် အစားအသောက်ကို အတိုင်းအချင့်နဲ့စားတဲ့အတွက် အစားအသောက်နဲ့ပတ်သက်တဲ့ စိတ်ရောဂါ (အစာငတ်ခံစိတ်ရောဂါနဲ့ ဆာလောင်စိတ်ရောဂါ) ရလာတယ်။

ကျွန်မရဲ့ အဓိကပန်းတိုင်ကတော့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ပါ။ နောက်ဆုံးမှာ မက်ဒရစ်မြို့က အနုပညာတက္ကသိုလ်ကို တက်ရောက်ခွင့်ရသွားတယ်။ သရုပ်ဆောင်တဲ့အခါ ဇာတ်ကောင်ရဲ့ခံစားချက်ကို အသေအချာစဉ်းစားပြီး ကိုယ့်ရဲ့ခံစားချက်ဖြစ်အောင် ကြိုးစားဖန်တီးဖို့လိုတယ်ဆိုပြီး သင်ကြားခံခဲ့ရတယ်။ ဇာတ်ကောင်တွေရဲ့ ခံစားချက်အတိုင်း လိုက်ခံစားဖို့ ကြိုးစားတဲ့အခါ ကျွန်မမှာ ကိုယ်ပိုင်ခံစားချက်ဆိုတာ မရှိတော့ဘူး၊ ဟာတာတာကြီးဖြစ်နေတာကို သတိပြုမိလာတယ်။ ကျွန်မဟာ ပေါ့ပျက်ပျက်နိုင်ပြီး တစ်ကိုယ်ကောင်းဆန်လာတယ်။

သမ္မာကျမ်းစာက ကျွန်မဘဝကို ပြောင်းလဲစေခဲ့ပုံ– အရည်အသွေးကောင်းတွေကို မွေးမြူချင်တယ်ဆိုရင် အဲဒီအတိုင်း ကြိုးစားလုပ်ဆောင်ရမယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ ဘယ်ကစလို့ စရမှန်းမသိဘူး။ ကျွန်မမိဘတွေနဲ့ တစ်ခေါက်တက်ခဲ့ဖူးတဲ့ မက်ဒရစ်မြို့က ဧဝံဂေလိချာ့ခ်ျကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဘုရားသခင်ရဲ့နာမည် ယေဟောဝါကို အသုံးပြုပြီး ကျွန်မဆုတောင်းခဲ့တယ်။

သိပ်မကြာပါဘူး၊ ယေဟောဝါသက်သေနှစ်ယောက် ကျွန်မအိမ်ကို ရောက်လာကြတယ်။ သူတို့နဲ့ ကျမ်းစာအကြောင်း ထက်ထက်သန်သန် ဆွေးနွေးခဲ့ပေမဲ့ သူတို့ပြောပြတဲ့အရာ အတော်များများကို ကျွန်မ အတွန့်တက်ခဲ့တယ်။ ကျွန်မကို ကျမ်းစာမှန်မှန်လာသင်ပေးတဲ့ အက်စတာလို့ခေါ်တဲ့ သက်သေခံက အရမ်းစိတ်ရှည်တာပဲ။ သူတို့မိသားစုတစ်စုလုံး ကျွန်မကို အရမ်းချစ်ခင်ပြီး ကြင်ကြင်နာနာ ဆက်ဆံတယ်။ သက်သေခံတွေကျင်းပတဲ့ အစည်းအဝေးတွေကို စတက်ပြီး မကြာခင်မှာပဲ ကျွန်မရှာနေတဲ့ အမှန်တရားကိုတွေ့ပြီဆိုတာကို သိမြင်လာတယ်။

အလုပ်အကိုင်ကောင်းတွေရဖို့ လမ်းပွင့်နေတဲ့အချိန်မှာ ကျွန်မ ကျောင်းပြီးခါစပဲရှိသေးတယ်။ မက်ဒရစ်မြို့က နာမည်ကျော် ကဇာတ်ရုံတစ်ခုမှာ တင်ဆက်မယ့် ပြဇာတ်တစ်ခုမှာ ပါဝင်ဖို့ ကျွန်မတာဝန်ရခဲ့တယ်။ ဒါပေမဲ့ ရုပ်ရှင်သရုပ်ဆောင်အဖြစ် အောင်မြင်ချင်တယ်ဆိုရင် အနုပညာလောကထဲကို ခြေစုံပစ်ဝင်မှ ဖြစ်မှာ။ နောက်ဆုံးတော့ ဘုရားသခင်ရဲ့အမှုတော်ကို စူးစူးစိုက်စိုက် လုပ်ဆောင်စေနိုင်မယ့် အလုပ်တစ်ခုကို ကြိုးစားရှာဖွေဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ “မည်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သို့မဟုတ် တစ်ဦးကိုမှီခို၍ တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေနှင့် စည်းစိမ်ချမ်းသာ၏အစေနှစ်ရပ်ကို မခံနိုင်ကြ” ဆိုတဲ့ ယေရှုရဲ့စကားတွေက မှန်ကန်တယ်ဆိုတာ သိလာရတယ်။ (မဿဲ ၆:၂၄) ရှစ်နှစ်ကြာတွဲလာတဲ့ ကျွန်မရဲ့ရည်းစားက ကျွန်မရဲ့ခံယူချက်တွေကို လက်မခံဘူး။ ဒါကြောင့် သူနဲ့အဆက်ဖြတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအရာတွေကို ပြုပြင်ပြောင်းလဲရတာ ကျွန်မအတွက် အရမ်းခက်တာဘဲ။

အကျိုးကျေးဇူးရရှိခဲ့ပုံ– အခု သက်ကြီးရွယ်အိုတွေကို ကူညီပေးရတဲ့ အလုပ်တွေမှာ အချိန်ပိုင်းလုပ်နေပါတယ်။ အဲဒါကြောင့် ကျွန်မတို့ရပ်ကွက်မှာရှိတဲ့ အာရဗီစကားပြောတဲ့ လူတွေကို ကျမ်းစာသင်ပေးဖို့ အချိန်များများ အသုံးပြုခွင့်ရခဲ့တယ်။ အဲဒီဘာသာစကားအသစ်ကို သင်ယူရတာ ခက်ပေမဲ့ ဧည့်ဝတ်ပျူငှာပြီး ဘုရားသခင်အကြောင်း သင်ယူချင်စိတ်ရှိတဲ့ အာရပ်လူတွေကို ကျွန်မသိထားတဲ့ ကောင်းမြတ်တဲ့အရာတွေ ဝေမျှပေးရလို့ ပျော်လိုက်တာ။

ရုပ်ရှင်သရုပ်ဆောင်သင်တန်း တက်တုန်းက ရင်ထဲမှာ ဟာတာတာခံစားခဲ့ရတာတွေဟာ အခုဆိုရင် ဘဝမှာရည်ရွယ်ချက်ရှိတယ်ဆိုပြီး ခံစားလာရတယ်။ ပိုကောင်းတဲ့၊ ပိုပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်လာအောင် ကျွန်မကို ယေဟောဝါဘုရားသခင် ကူညီပေးခဲ့တယ်လို့ ခံစားရပါတယ်။

“တရားသူကြီး ပြောတဲ့စကားမှားတယ် ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။”—ပေါလ် ကယ်ဗင် ရူဘယ်ရီ

မွေးဖွားတဲ့ခုနှစ်– ၁၉၅၄

နေရင်းနိုင်ငံ– အင်္ဂလန်

နောက်ခံ– ကြမ်းတမ်းတဲ့ ရာဇဝတ်သား

အတိတ်– အင်္ဂလန်နိုင်ငံအလယ်ပိုင်းက စက်မှုမြို့တစ်မြို့ဖြစ်တဲ့ ဒက်လီမှာ ကျွန်တော့်ကိုမွေးတယ်။ အဖေဟာ ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက စာဖတ်ဝါသနာပါလာအောင် မြေတောင်မြှောက်ပေးခဲ့တယ်။ ဒါ့အပြင် အံ့ဩစရာကောင်းတဲ့ သဘာဝအလှတရားတွေဟာ ဆင့်ကဲဆင့်ကဲ ဖြစ်လာတယ်လို့ အဖေယူဆပေမဲ့ အဲဒီအလှတရားတွေကို ငေးမောခံစားတတ်လာအောင်လည်း ကူညီပေးတယ်။ ဘုရားသခင်မရှိဘူးလို့ ကျွန်တော့်ကို အဖေသင်ပေးခဲ့တယ်။ ဒါပေမဲ့လည်း မိဘတွေဟာ ကျွန်တော်တို့ဒေသမှာရှိတဲ့ မက်သဒစ်အသင်းက ဆန်းဒေးစကူး (ကလေးတွေကို ကျမ်းစာသင်ပေးတဲ့သင်တန်း) ကိုသွားတက်ခိုင်းတယ်။

ကျွန်တော် အသက်ရှစ်နှစ်အရွယ်ရောက်တော့ တူးမြောင်းသွားလှေတစ်စင်းကို ကောင်လေးတချို့ မီးရှို့နေတာ မြင်ခဲ့တယ်။ ရဲတွေရောက်လာတဲ့အခါ ကောင်လေးတွေက ကျွန်တော့်ကို ခြိမ်းခြောက်ထားလို့ အမှန်အတိုင်း မပြောပြရဲဘူး။ ဒါပေမဲ့ ကျွန်တော်လုပ်တာလို့ တလွဲစွပ်စွဲခံလိုက်ရတဲ့အခါ စိတ်နာပြီး ကျောင်းတွေ၊ စက်ရုံတွေ၊ ဘုရားရှိခိုးကျောင်းတွေကိုလိုက်ဖျက်ဆီးတယ်။ အဲလိုဖျက်ဆီးလိုက်တဲ့အတွက် ငွေများစွာ နစ်နာဆုံးရှုံးသွားခဲ့ရတယ်။ အသက်ဆယ်နှစ်အရွယ်ရောက်တော့ အိမ်တွေ၊ ဈေးဆိုင်တွေကို စတင်ဖောက်ထွင်း ခိုးယူခဲ့တယ်။ မီးကို စိတ်ဝင်စားလာပြီး မီးရှို့မှုတွေ ကျူးလွန်လာခဲ့တယ်။ ကျောင်းမှာ ဆရာဆရာမတွေက ကျွန်တော့်ကို ထိန်းမနိုင်သိမ်းမရတဲ့ ကလေးဆိုးအဖြစ် လက်မြှောက်ထားကြတယ်။

အသက် ၁၂ နှစ်အရွယ်ရောက်တော့ လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ပညာအကြောင်း ရေးသားထားတဲ့ စာအုပ်တစ်အုပ်ကို တွေ့သွားတယ်။ အဲဒီအထဲကအတိုင်း ဝီဂျာဘုတ် (သေသူဝိညာဉ်ခေါ်ရာမှာ သုံးတဲ့ အထူးစီမံထားသောသင်ပုန်း) တစ်ခုကို ကိုယ့်ဘာသာကိုယ် လုပ်ခဲ့တယ်။ ကျွန်တော့်မိဘတွေက ဘုရားသခင်ကို မယုံကြည်ကြဘူး။ ဒါကြောင့် ကျွန်တော် နတ်ဆိုးပညာလိုက်စားတာက အပျော်သက်သက်ပါ၊ ဘေးဖြစ်စေနိုင်မှာ မဟုတ်ပါဘူးလို့ သူတို့ယူဆထားကြတယ်။ ကျွန်တော် ကျောင်းထွက်ပြီးတဲ့နောက် လူငယ်တရားရုံးရှေ့မှာ အကြိမ်ကြိမ် စစ်ဆေးခံခဲ့ရတယ်။ စကင်းဟက်ဒ် (ဆံပင်ကို အပြောင်ညှပ်ထားကြတဲ့ လူရမ်းကားအဖွဲ့) အဖွဲ့တစ်ဖွဲ့နဲ့လည်း ပေါင်းမိသွားတယ်။ လက်နက်အဖြစ် သင်တုန်းဓားတစ်လက်နဲ့ စက်ဘီးချိန်းကြိုးတစ်ချောင်း ဆောင်ထားတယ်။ အလုပ်ရပေမဲ့ မကြာပါဘူး အလုပ်ပြုတ်သွားတယ်။ အကြောင်းကတော့ တစ်ခဏ ထောင်ချခံလိုက်ရလို့ပါ။ ထောင်ကနေလွတ်လာတော့ အိမ်ရာအဆောက်အအုံတွေကို ဖျက်လိုဖျက်ဆီး လုပ်တဲ့အတွက် ပြန်အဖမ်းခံရပြီး ထောင်ဒဏ် နှစ်နှစ်ကျခဲ့တယ်။ ကျွန်တော်ဟာ လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးတဲ့သူ၊ ပြုပြင်ပေးလို့ မရနိုင်တော့တဲ့သူဆိုပြီး တရားသူကြီးက သတ်မှတ်လိုက်တယ်။

ထောင်ကနေ ပြန်လွတ်လာပြီးတဲ့နောက် ကျွန်တော့်ရဲ့ ရည်းစားဟောင်း အနီးတာနဲ့ ပြန်ဆုံတယ်။ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။ တစ်ခဏတော့ ကျွန်တော် ခိုးလည်းမခိုးဘူး၊ ပြဿနာလည်း မလုပ်ဘူး။ ဒါပေမဲ့ နှစ်အနည်းငယ်ကြာတော့ ဒုစရိုက်လောကထဲကို ပြန်ရောက်သွားတယ်။ စီးပွားရေးကုမ္ပဏီရုံးခန်းတွေထဲ ဖောက်ထွင်းဝင်ရောက်ပြီး မီးခံသေတ္တာတွေထဲက အဖိုးတန်ပစ္စည်းတွေကို လုယက်ခဲ့တယ်။ ပြီးတော့ မူးယစ်ဆေးဝါး စတင်သုံးစွဲလာတယ်၊ အရက်ကို တရားလွန်သောက်တယ်၊ သေနတ်လည်း ဆောင်ထားတယ်။ အဲဒါနဲ့ ပြန်အဖမ်းခံရပြီး ထောင်ကျပြန်ရော။

ကျွန်တော့်ရဲ့နေပုံထိုင်ပုံကိုကြည့်ပြီး ကျွန်တော့်ဇနီး အနီးတာ အကြီးအကျယ် စိတ်သောကရောက်ခဲ့ရတယ်။ ဆရာဝန်က သူ့ကို စိတ်ငြိမ်ဆေးတွေတိုက်ပေမဲ့ သူတကယ်လိုအပ်တာက လင်မယားကွာရှင်း ပြတ်စဲလိုက်ဖို့ပဲလို့ တိုက်တွန်းတယ်။ ဆရာဝန်ပေးတဲ့ အကြံအတိုင်း သူမလုပ်ခဲ့တာ ကျွန်တော့်အတွက် ကောင်းသွားတယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပုံ– ကျွန်တော်တို့ အိမ်ထောင်ကျခါစတုန်းက အနီးတာဟာ ယေဟောဝါသက်သေတွေနဲ့ ခဏတစ်ဖြုတ် ကျမ်းစာလေ့လာခဲ့တယ်။ ကျွန်တော် နောက်ဆုံးအကြိမ် ထောင်ကျနေတုန်းမှာ အနီးတာဆီကို သက်သေခံတွေ ပြန်လည်ပတ်ကြတယ်။ ဖြစ်ချင်တော့ သူ့ဆီလာတဲ့နေ့နဲ့ တစ်နေ့တည်းမှာပဲ ကျွန်တော်လည်း “ဘုရားသခင်၊ ကိုယ်တော် တကယ်တည်ရှိတယ်ဆိုရင် သက်သေပြပါ” လို့ဆုတောင်းခဲ့တယ်။

ကျွန်တော် ထောင်ကနေလွတ်လာပြီး လအနည်းငယ်အကြာမှာ ဒေသခံခရစ်ယာန်ဘုန်းတော်ကြီးနဲ့ ဆက်သွယ်ပြီး ကျွန်တော်နဲ့အနီးတာကို ကျမ်းစာသင်ပေးဖို့ တောင်းဆိုလိုက်တယ်။ ချာ့ခ်ျအယူဝါဒနဲ့ ဆုတောင်းနည်းပဲ သင်ပေးနိုင်တယ်လို့ သူကပြောတယ်။

နောက်ဆုံးတော့ ကျွန်တော် ကျမ်းစာကို စတင်ဖတ်ရှုလေ့လာတယ်။ ကျမ်းစာမှာ နတ်ဆိုးပညာလိုက်စားတာကို ပြစ်တင်ရှုတ်ချထားတာ တွေ့လိုက်ရတော့ အံ့ဩသွားတယ်။ (တရားဟောရာ ၁၈:၁၀-၁၂) နောက်ပိုင်းမှာ အကူအညီရဖို့ ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းခဲ့တဲ့နေ့မှာ အနီးတာဆီ သက်သေခံတွေထားခဲ့တဲ့ ကင်းမျှော်စင်တစ်စောင်ကို တွေ့သွားတယ်။ ဖတ်ကြည့်လိုက်တော့ သက်သေခံတွေနဲ့ ဆက်သွယ်ချင်တဲ့စိတ် ဖြစ်ပေါ်လာတယ်။

ယေဟောဝါသက်သေတွေနဲ့ ကျွန်တော်တို့ ကျမ်းစာလေ့လာနေတာကို ကျွန်တော့်ရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ဆိုးဖော်ဆိုးဖက်တွေက မနှစ်သက်ကြဘူး။ ကျွန်တော်ဟာ ဦးနှောက်ဆေးခံနေရတာလို့ တချို့ကပြောကြတယ်။ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် ကျွန်တော့်ဦးနှောက်ကို ဆေးကြောသုတ်သင်ဖို့လည်း လိုနေတယ်လေ။ ကျွန်တော့်မှာ ချွတ်ယွင်းချက်တွေ အများကြီးရှိနေတဲ့အပြင် အမှားအမှန်ကို ပိုင်းခြားသိတတ်တဲ့စိတ်ကလည်း ကောင်းကောင်း အလုပ်မလုပ်ဘူး။ ဒါ့အပြင် တစ်ရက်ကို စီးကရက်အလိပ်ပေါင်း ၆၀ အထိ သောက်တတ်တဲ့ အကျင့်ဆိုးကလည်း ရှိနေသေးတယ်။ ကျွန်တော်တို့ကို ကျမ်းစာသင်ပေးတဲ့ သက်သေခံတွေရော ဒေသန္တရအသင်းတော်က ကျွန်တော်တို့ပေါင်းသင်းနေတဲ့ သက်သေခံတွေကပါ အရမ်းစိတ်ရှည်ပြီး ကြင်နာလိုက်တာ။ နောက်ဆုံးတော့ အကျင့်ဆိုးတွေရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်သွားပါတယ်။—၂ ကောရိန္သု ၇:၁

အကျိုးကျေးဇူးရရှိခဲ့ပုံ– အခုဆိုရင် အနီးတာနဲ့ကျွန်တော်တို့ရဲ့ အိမ်ထောင်သက်က ၃၅ နှစ်ရှိသွားပါပြီ။ ကျွန်တော့်သမီးနဲ့ မြေးနှစ်ယောက်ကလည်း ကျွန်တော်တို့နဲ့အတူ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် ကျွန်တော်နဲ့အနီးတာတို့ တခြားသူတွေ ကျမ်းစာအကြောင်းသိလာအောင် ကူညီပေးတဲ့နေရာမှာ အချိန်အများကြီး အသုံးပြုနိုင်ခဲ့ပါတယ်။

ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းက ကျွန်တော်တို့ရဲ့ဘဝကို စစ်မှန်တဲ့အဓိပ္ပာယ်နဲ့ရည်ရွယ်ချက် ရှိလာစေပါတယ်။ ၁၉၇၀ ပြည့်နှစ်ကို နောက်ကြောင်းပြန်ကြည့်လိုက်ရင် တရားရုံးမှာ တရားသူကြီးတစ်ဦးက ကျွန်တော့်ကို ဘယ်တော့မှ ပြုပြင်ပြောင်းလဲလို့ ရမှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့အကူအညီနဲ့ ကျမ်းစာလမ်းညွှန်ချက်အားဖြင့် အဲဒီတရားသူကြီးရဲ့စကား မှားတယ်ဆိုတာ ကျွန်တော် သက်သေပြနိုင်ခဲ့ပါတယ်။