မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ယေဟောဝါဘုရားသခင်သည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏’

‘ယေဟောဝါဘုရားသခင်သည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏’

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

‘ယေဟောဝါဘုရားသခင်သည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏’

ဒီစာမျက်နှာပေါ်က ရုပ်ပုံကို ကြည့်လိုက်ပါ။ သိုးထိန်းတစ်ယောက်ရဲ့ ရင်ခွင်မှာ ပိုက်ထားခံရတဲ့ သိုးကလေးရဲ့ လုံခြုံမှုကို သင် ခံစားကြည့်နိုင်မလား။ ယေဟောဝါဘုရားသခင်ဟာ မိမိကိုဝတ်ပြုတဲ့သူတွေကို သနားကြင်နာစွာ ဂရုစိုက်စောင့်ရှောက်နေပါတယ်။ အဲဒါကိုပုံဖော်ဖို့ သိုးထိန်းတစ်ဦးနဲ့သိုးတွေစပ်ကြားက ဆက်ဆံရေးနဲ့ တင်စားထားတာကို သမ္မာကျမ်းစာရဲ့ ဆာလံကျမ်း အခန်းကြီး ၂၃ မှာတွေ့ရပါတယ်။ ‘ယေဟောဝါဘုရားသခင်သည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏’ လို့ယုံကြည်စိတ်ချစွာ ပြောဆိုခဲ့တဲ့ ဆာလံဆရာဒါဝိဒ် ခံစားရတဲ့ လုံခြုံမှုမျိုးကို ကျွန်ုပ်တို့ကိုလည်း ကိုယ်တော် ခံစားစေချင်ပါတယ်။ *အခန်းငယ် ၁

ဒီဆာလံကျမ်းကိုရေးတဲ့ ဒါဝိဒ်ဟာ လူငယ်ဘဝတုန်းက သိုးထိန်းတစ်ဦးပါ။ သိုးတွေရဲ့လိုအပ်ရာတွေနဲ့ သိုးထိန်းတစ်ဦးရဲ့ တာဝန်တွေကို သူ သိရှိထားပါတယ်။ ဘုရားသခင်ရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဒါဝိဒ်ဟာ “ယုံကြည်ကိုးစားမှုကိုဖော်ပြတဲ့ ဆာလံ” လို့ခေါ်တဲ့ ကျမ်းကို ရေးသားခဲ့တယ်။ အဲဒီဆာလံကျမ်းရဲ့ နိဒါန်းပိုင်းမှာရော နိဂုံးပိုင်းမှာပါ ယေဟောဝါဆိုတဲ့ ဘုရားသခင်ရဲ့နာမည်ကို ဖော်ပြထားတယ်။ (အခန်းငယ် ၁၆၊ ကဘ) သိုးထိန်းတစ်ဦးဟာ သူ့ရဲ့သိုးတွေကို ဂရုစိုက်စောင့်ရှောက်သလိုပဲ ဘုရားသခင်ကလည်း မိမိကိုဝတ်ပြုတဲ့သူတွေကို ဂရုစိုက်စောင့်ရှောက်တယ်ဆိုတာကို ဆာလံ ၂၃ မှာ နည်းသုံးနည်းနဲ့ဖော်ပြထားတယ်။—ဆာလံ ၁၀၀:၃

ယေဟောဝါဘုရားသခင်က သိုးတွေ (မိမိကိုဝတ်ပြုတဲ့သူတွေ) ကိုဦးဆောင်နေ။ သိုးထိန်းမရှိတဲ့ သိုးတွေဟာ လမ်းပျောက်သွားနိုင်ပါတယ်။ အဲဒီလိုပဲ၊ ကျွန်ုပ်တို့ဘဝမှာ လမ်းမှန်ကို ရှာတွေ့ဖို့ အကူအညီလိုအပ်ပါတယ်။ (ယေရမိ ၁၀:၂၃) ဒါဝိဒ် ရှင်းပြတဲ့အတိုင်း ဘုရားသခင်ဟာ မိမိကိုဝတ်ပြုတဲ့သူတွေကို “စိမ်းလန်းသော ကျက်စားရာအရပ်” နဲ့ “သာယာသောမြစ်နား” ကို လမ်းညွှန်ပေးပါတယ်။ သူတို့ကို “လမ်းမှန်” ထဲ ပို့ဆောင်ပေးတယ်။ (အခန်းငယ် ၂၃၊ ခမ) ဘုရားသခင်ကို ကျွန်ုပ်တို့ ကိုးစားနိုင်ကြောင်း သိုးထိန်းဘဝပုံရိပ်တွေက ယုံကြည်စိတ်ချစေပါတယ်။ ဘုရားသခင့်လမ်းညွှန်ချက်ကို သမ္မာကျမ်းစာနဲ့အညီ လိုက်လျှောက်မယ်ဆိုရင် ရောင့်ရဲမှု၊ လန်းဆန်းမှု၊ လုံခြုံမှုတွေရရှိစေတဲ့ ဘဝအသက်တာမျိုးနဲ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ယေဟောဝါဘုရားသခင်က သိုးတွေကို ကာကွယ်ပေးနေ။ သိုးထိန်းမရှိတဲ့ သိုးတွေဟာ ကြောက်ရွံ့တတ်ပြီး ခိုကိုးရာမဲ့နေတယ်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေ ဘဝမှာ စိတ်အပျက်ရဆုံး အချိန်အခါတွေ ဖြစ်ပုံရတဲ့ “မှောင်သောချိုင့်ထဲ၌ပင် လျှောက်သွားရသော်လည်း” ကြောက်စရာမလိုဘူးလို့ မိန့်ဆိုပါတယ်။ (အခန်းငယ် ၄၊ သမ္မာ) သူတို့ကို ဘုရားသခင် ဂရုတစိုက်ကြည့်နေပြီး ကူညီပေးဖို့လည်း အမြဲ အသင့်ဖြစ်နေပါတယ်။ စမ်းသပ်မှုတွေကို သူတို့ကိုင်တွယ်ဖြေရှင်းတတ်အောင် လိုအပ်တဲ့ ဉာဏ်ပညာနဲ့အစွမ်းခွန်အားကို ဘုရားသခင် ပေးနိုင်ပါတယ်။—ဖိလိပ္ပိ ၄:၁၃; ယာကုပ် ၁:၂-၅

ယေဟောဝါဘုရားသခင်က သိုးတွေကို ကျွေးမွေးနေ။ သိုးတွေဟာ အစာရေစာရရှိဖို့အတွက် သိုးထိန်းကို မှီခိုအားထားရပါတယ်။ ကျွန်ုပ်တို့လည်း ပုံဆောင်အစာရရှိဖို့၊ တစ်နည်းအားဖြင့် လမ်းညွှန်မှုခံရဖို့အတွက် ဘုရားသခင်ကို မှီခိုအားထားကြရတယ်။ (မဿဲ ၄:၄) ဘုရားသခင်ဟာ မိမိကိုဝတ်ပြုတဲ့သူတွေရဲ့ရှေ့မှာ ပုံဆောင်စားကောင်းသောက်ဖွယ်ရာတွေ ရက်ရက်ရောရော တည်ခင်းပေးတဲ့ ထောက်ပံ့ပေးရှင်ဖြစ်နေတာက ကျေးဇူးတင်စရာပါ။ (အခန်းငယ် ၅) သင် အခု ဖတ်ရှုနေတဲ့ မဂ္ဂဇင်းလိုမျိုး ကျမ်းစာအထောက်အကူပြု စာပေတွေနဲ့ သမ္မာကျမ်းစာက ပုံဆောင်အစားအသောက်ပေးရာ ရင်းမြစ်ဖြစ်ပါတယ်။ အဲဒီအရာတွေက ဘဝရဲ့အဓိပ္ပာယ်နဲ့ ကျွန်ုပ်တို့အတွက် ဘုရားသခင်ထားရှိတဲ့ ရည်ရွယ်ချက်တွေကို သိရှိစေပါတယ်။

သိုးထိန်းဖြစ်တဲ့ ဘုရားသခင်နဲ့ ဆက်ပြီး ရင်းရင်းနှီးနှီး ရှိနေမယ်ဆိုရင် ကိုယ်တော်ရဲ့ မေတ္တာပါ ဂရုစိုက်စောင့်ရှောက်မှုကို “တစ်သက်လုံး” ခံစားရမယ်ဆိုတာကို ဒါဝိဒ် သိထားတဲ့အတွက် လုံခြုံမှုခံစားခဲ့ရတယ်။ (အခန်းငယ် ၆) အဲလိုလုံခြုံမှုမျိုးကို သင်ကော ခံစားချင်ပါသလား။ ခံစားချင်တယ်ဆိုရင် ယေဟောဝါဘုရားသခင်ထံ ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာကို သင်ယူပါ။ ဒါဆိုရင် တည်ကြည်တဲ့သူတွေကို ဦးဆောင်၊ ကာကွယ်၊ ကျွေးမွေးတဲ့ မဟာသိုးထိန်းရှင်ရဲ့ ရင်ခွင်မှာ လုံခြုံစွာ ရှိနေနိုင်မှာဖြစ်ပါတယ်။—ဟေရှာယ ၄၀:၁၁

မေလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

ယောဘ ၃၈–၄၂ဆာလံ ၁–၂၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ‘ထာဝရဘုရားသခင်သည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏’ ဆိုတဲ့ပြန်ဆိုချက်ကို စာဖတ်သူတချို့ အကျွမ်းတဝင်ရှိကြပါတယ်။ ဘာသာပြန်ကျမ်းတချို့မှာ ယေဟောဝါဆိုတဲ့ ဘုရားသခင်ရဲ့နာမည်ကို ဘာကြောင့် မထည့်ထားရသလဲဆိုတာ သိဖို့အတွက် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ စာမျက်နှာ ၁၉၅-၁၉၇ မှာ ဖတ်ကြည့်နိုင်ပါတယ်။