မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲသားတွေအတွက် သတင်းကောင်း

ဆင်းရဲသားတွေအတွက် သတင်းကောင်း

ဆင်းရဲသားတွေအတွက် သတင်းကောင်း

သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဒီလိုအာမခံတယ်– “နွမ်းပါးသောသူတို့ကို အစဉ်မေ့လျော့တော်မမူ။” (ဆာလံ ၉:၁၈သမ္မာ) အဲဒီအပြင် ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်အကြောင်းကိုလည်း ဒီလိုဖော်ပြထားပါတယ်– “လက်တော်ကိုဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။” (ဆာလံ ၁၄၅:၁၆) ကျမ်းစာမှာ ဖော်ပြထားတဲ့ အဲဒီမျှော်လင့်ချက်က အိပ်မက်လောက်ပဲ မဟုတ်ပါဘူး။ ဆင်းရဲမွဲတေမှု ပပျောက်သွားအောင် လိုအပ်တဲ့အရာတွေကို အနှိုင်းမဲ့တန်ခိုးရှင် ဘုရားသခင် စီမံပေးနိုင်ပါတယ်။ ဆင်းရဲသားတွေ လိုအပ်တဲ့အရာတွေက ဘာတွေလဲ။

ဆင်းရဲတဲ့နိုင်ငံတွေ အလိုအပ်ဆုံးက “အများအကျိုးဆောင်တဲ့ အုပ်စိုးရှင်” တစ်ဦးဖြစ်တယ်လို့ အာဖရိကလူမျိုး စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ခဲ့တယ်။ ဆိုလိုတာက ဆင်းရဲမွဲတေမှု ပပျောက်သွားအောင် အပြောင်းအလဲတွေ လုပ်နိုင်စွမ်းရှိတဲ့အပြင် လုပ်ပေးချင်တဲ့ စိတ်စေတနာရှိတဲ့သူတစ်ယောက် လိုအပ်တာပါ။ ဖြည့်စွက်ပြောရမယ်ဆိုရင် ဆင်းရဲမွဲတေလွန်းခြင်းက ကမ္ဘာတစ်ဝန်း မျှတမှုမရှိရာကနေ ဖြစ်ပေါ်လာတဲ့အတွက် လူတိုင်း ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ အုပ်စိုးရှင်တစ်ဦးဟာ ကမ္ဘာ့အုပ်စိုးရှင်လည်း ဖြစ်ဖို့လိုပါတယ်။ ပြီးတော့ အဲဒီအုပ်စိုးရှင်ဟာ ဆင်းရဲမွဲတေစေတဲ့အကြောင်းရင်း (တစ်ကိုယ်ကောင်းဆန်မှု) နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြုလုပ်ပေးနိုင်စွမ်း ရှိရပါမယ်။ အဲလိုအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ အုပ်စိုးရှင်တစ်ဦးကို ဘယ်မှာ ရှာတွေ့နိုင်မလဲ။

ဘုရားသခင်ဟာ ဆင်းရဲသားတွေအတွက် သတင်းကောင်းဟောဖို့ ယေရှုကို စေလွှတ်ခဲ့ပါတယ်။ ဘုရားသခင်ဆီက ရရှိခဲ့တဲ့ အဲဒီတာဝန်အကြောင်း ဖော်ပြထားတဲ့ ကျမ်းစာကြိုဟောချက်တစ်ခုကို ယေရှု ဒီလိုဖတ်ပြခဲ့တယ်– ‘ယေဟောဝါဘုရားသခင်၏ စွမ်းအားတော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသောသူတို့အား သတင်းကောင်းကို ပြောကြားရန် ငါ့ကို [ခန့်အပ်] တော်မူ၏။’—လုကာ ၄:၁၆-၁၈

သတင်းကောင်းဆိုတာ ဘာလဲ

ဘုရားသခင်ဟာ ယေရှုကို ဘုရင်အဖြစ် ခန့်အပ်ခဲ့ပြီဖြစ်တယ်။ အဲဒါက တကယ့်ကို သတင်းကောင်းပါပဲ။ ကိုယ်တော်ဟာ ဆင်းရဲမွဲတေမှုကို ပပျောက်စေမယ့် အတော်ဆုံး အုပ်စိုးရှင်တစ်ဦး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (၁) ကိုယ်တော်ဟာ လူသားအားလုံးအပေါ် အုပ်စိုးမယ့်အပြင် အဲလိုအုပ်စိုးနိုင်တဲ့ အစွမ်းတန်ခိုးလည်းရှိတယ်၊ (၂) ဆင်းရဲသားတွေကို သနားကြင်နာစွာ ပြုမူဆက်ဆံပြီး သူတို့ကို ဂရုစိုက်ဖို့ နောက်လိုက်တွေကို သွန်သင်ပေးတယ်၊ (၃) ဆင်းရဲမွဲတေရတဲ့ အကြောင်းရင်း၊ တစ်နည်းအားဖြင့် တစ်ကိုယ်ကောင်းဆန်ဆန် ပြုမူတတ်တဲ့ ကျွန်ုပ်တို့ရဲ့ မွေးရာပါစိတ်ဓာတ်ကို ကိုယ်တော် ဖယ်ရှားပေးနိုင်လို့ဖြစ်တယ်။ သတင်းကောင်းရဲ့ အဲဒီအသွင်အပြင်သုံးခုကို ဆန်းစစ်ကြည့်ရအောင်။

၁။ တိုင်းနိုင်ငံအားလုံးအပေါ် ယေရှု အုပ်စိုးခွင့်အာဏာရှိ ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ဘာသာစကားအမျိုးမျိုး ပြောဆိုသော လူမျိုးဟူသမျှသည် သူ၏အမှုကို ထမ်းရွက်စေခြင်းငှာ သူ့အား စိုးပိုင်ခွင့် ပေးအပ်တော်မူ၏။’ (ဒံယေလ ၇:၁၄ခမ) လူသားအားလုံးအပေါ် အစိုးရတစ်ခုတည်းက အုပ်ချုပ်မယ်ဆိုရင် ရရှိမယ့် အကျိုးကျေးဇူးတွေကို သင် မြင်ယောင်ကြည့်နိုင်ပါသလား။ ကမ္ဘာ့သယံဇာတတွေကို ရယူပိုင်ဆိုင်ဖို့အတွက် ရန်ပွားနေတာတွေ ရှိတော့မှာမဟုတ်ဘူး။ လူတိုင်း တန်းတူအကျိုး ခံစားရပါလိမ့်မယ်။ ယေရှုဟာ အဲလိုလုပ်ဆောင်ပေးနိုင်စွမ်းရှိတဲ့ ကမ္ဘာ့အုပ်စိုးရှင်တစ်ဦး ဖြစ်မယ်လို့ သူကိုယ်တိုင် အာမခံပြီး ဒီလိုပြောခဲ့တယ်– “ကောင်းကင်နှင့်မြေကြီးပေါ်ရှိ အခွင့်အာဏာရှိသမျှကို ငါ့အား အပ်နှင်းထားပြီ။”—မဿဲ ၂၈:၁၈

၂။ ဆင်းရဲသားတွေအပေါ် ယေရှု သနားကြင်နာမှုရှိ ယေရှု မြေကြီးပေါ် ခရစ်ယာန်ဓမ္မအမှုဆောင်စဉ် တစ်လျှောက်လုံး ဆင်းရဲသားတွေအပေါ် ကြင်ကြင်နာနာ ပြုမူဆက်ဆံခဲ့တယ်။ ဥပမာ၊ ဥစ္စာရှိသမျှ အကုန်ပြောင်တဲ့အထိ ဆေးကုသပေမဲ့ ရောဂါမသက်သာခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ ပြန်ကောင်းလာဖို့မျှော်လင့်ချက်နဲ့ ယေရှုရဲ့ဝတ်ရုံကို တို့ထိခဲ့တယ်။ သူဟာ ၁၂ နှစ်လုံးလုံး သွေးသွန်နာစွဲခဲ့လို့ အရမ်းအားနည်းနေမှာ သေချာတယ်။ ပညတ်အရ သူ့ကို တို့ထိမိတဲ့သူဟာ မသန့်ရှင်းတော့ပါဘူး။ ဒါပေမဲ့ ယေရှုကတော့ သူ့ကို ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ်။ “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ စိတ်ချမ်းသာစွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းကင်း၍ ကျန်းမာပါစေ” လို့ ကိုယ်တော် ပြောခဲ့တယ်။—မာကု ၅:၂၅-၃၄

ယေရှုရဲ့သွန်သင်ချက်တွေက လူတွေရဲ့သဘောထားတွေကို ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့အတွက် သူတို့လည်း သနားကြင်နာစွာ ပြုမူဆက်ဆံတတ်လာပါတယ်။ ဥပမာ၊ ဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး သိချင်တဲ့သူ တစ်ယောက်ကို ယေရှု ဘယ်လိုဖြေဆိုခဲ့သလဲဆိုတာ သုံးသပ်ကြည့်ရအောင်။ လူသားချင်းကိုချစ်ပါဆိုတဲ့ ဘုရားသခင်ရဲ့တောင်းဆိုချက်ကို အဲဒီလူ သိထားပေမဲ့ “မည်သူသည် ကျွန်ုပ်ချစ်ရမည့်သူ ဖြစ်သနည်း” လို့ယေရှုကို မေးခဲ့တယ်။

သူ့ရဲ့အမေးကို ယေရှုက ကျော်ကြားတဲ့ ပုံဥပမာလေးနဲ့ အဖြေပေးခဲ့တယ်။ အဲဒီပုံဥပမာက ဂျေရုဆလင်မြို့ကနေ ဂျေရိခိုမြို့ကိုအသွား လမ်းမှာ ဓားပြတိုက်ခံရပြီး “သေလုမြောပါး” ဖြစ်တဲ့အထိ ရိုက်နှက်ခံရတဲ့ လူတစ်ယောက်အကြောင်းပါ။ အဲဒီလမ်းအတိုင်း ယဇ်ပုရောဟိတ်တစ်ယောက် ဆင်းလာတဲ့အခါ ဒဏ်ရာနဲ့လဲနေတဲ့သူကို တွေ့ပေမဲ့ ရှောင်ထွက်သွားခဲ့တယ်။ လေဝိလူတစ်ဦးလည်း အဲဒီအတိုင်းပဲ ရှောင်ထွက်သွားတယ်။ ဒါပေမဲ့ “ရှမာရိလူတစ်ဦးသည် ခရီးသွားရာတွင် ထိုသူရှိရာသို့ရောက်၍ မြင်သော် သနားသောစိတ်ရှိ” တဲ့အတွက် သူ့ရဲ့ဒဏ်ရာတွေကို ဆေးကြောပေးပြီး တည်းခိုရိပ်သာတစ်ခုကို ခေါ်သွားတယ်။ ရိပ်သာပိုင်ရှင်ကို ငွေပေးပြီး သူ့ကို ကြည့်ရှုပြုစုခိုင်းတယ်။ “မည်သူသည် ဓားပြလက်သို့ရောက်သောသူကို ချစ်သောသူဖြစ်သနည်း” လို့ယေရှု မေးတဲ့အခါ အဲဒီလူက “ထိုသူကို သနားကြင်နာသောသူ ဖြစ်ပါ၏” လို့ပြန်ဖြေတယ်။ အဲဒီအခါမှာ ယေရှုက “သင်သည် သွား၍ ထိုနည်းတူပြုလော့” လို့မိန့်ဆိုလိုက်တယ်။—လုကာ ၁၀:၂၅-၃၇

လူတွေ ယေဟောဝါသက်သေ ဖြစ်လာတဲ့အခါ ယေရှုရဲ့သွန်သင်ချက်တွေကို သင်ယူလေ့လာပြီး လိုအပ်နေသူကို ကူညီပေးဖို့ သူတို့ရဲ့သဘောထားတွေကို ပြုပြင်ပြောင်းလဲခဲ့ကြပါတယ်။ ဥပမာ၊ လတ်ဗီးယားနိုင်ငံသူ စာရေးဆရာမတစ်ဦးဟာ ဆိုဗီယက်အကျဉ်းထောင်တွေက အမျိုးသမီးများဆိုတဲ့ စာအုပ်တစ်အုပ်မှာ ၁၉၆၀ ပြည့်လွန်နှစ် အလယ်ပိုင်းတုန်းက ပေါ့တ်မာအပြစ်ဒဏ်စခန်းမှာ အလုပ်လုပ်ခဲ့ရတုန်း သူ,နာမကျန်းဖြစ်ခဲ့တဲ့အကြောင်း ရေးသားခဲ့တယ်။ “ကျွန်မ နေထိုင်မကောင်းဖြစ်နေချိန် တစ်လျှောက်လုံး [သက်သေခံတွေက] ကိုယ်ဖိရင်ဖိ ပြုစုပေးတဲ့ သူနာပြုတွေပဲ။ ဒီထက်ကောင်းတဲ့ ပြုစုစောင့်ရှောက်မှုမျိုး ကျွန်မ ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး။ ဘာသာမတူ၊ လူမျိုးမတူပေမဲ့လည်း လူတိုင်းကို ကူညီပေးဖို့က သူတို့ရဲ့တာဝန်ဆိုပြီး ယေဟောဝါသက်သေတွေက ယူမှတ်ထားကြတာ။”

အီကွေဒေါနိုင်ငံ၊ အန်ကွန်မြို့က ယေဟောဝါသက်သေတချို့ဟာ ငွေကြေးအကျပ်အတည်းကြောင့် အလုပ်လက်မဲ့ဘဝ ဒါမှမဟုတ် ဝင်ငွေမရှိတဲ့ဘဝ ရောက်သွားကြတယ်။ ဒါနဲ့ သက်သေခံချင်းတွေက သူတို့ကိုကူညီပေးဖို့ နည်းလမ်းရှာကြံခဲ့တယ်။ ညဘက် ငါးဖမ်းထွက်ပြီး အိမ်ကိုပြန်လာတဲ့ တံငါသည်တွေကို အစားအသောက်ရောင်းဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ် (ညာဘက်ပုံမှာ ဖော်ပြထား)။ ကလေးတွေအပါအဝင် လူတိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ မနက်လေးနာရီမှာ ငါးဖမ်းလှေတွေ ကမ်းကပ်လာတဲ့အခါ အစားအသောက်တွေ အဆင်သင့်ဖြစ်နေအောင် မနက်တိုင်း တစ်နာရီမှာ အလုပ်စကြတယ်။ ရှာလို့ရလာတဲ့ငွေတွေကို ညီအစ်ကိုတွေရဲ့ လိုအပ်ရာနဲ့အညီ မျှဝေသုံးစွဲခဲ့တယ်။

ယေရှုရဲ့စံနမူနာနဲ့ သွန်သင်ချက်တွေက လိုအပ်နေသူတွေကို ကူညီပေးဖို့ လူတွေရဲ့သဘောထားတွေကို တကယ်ပဲ ပြောင်းလဲပေးနိုင်စွမ်းရှိတယ်ဆိုတာ အဲဒီလိုတွေ့ကြုံမှုတွေက ဖော်ပြတယ်။

၃။ လူ့မနောကို ယေရှု ပြောင်းလဲပေးနိုင်စွမ်းရှိ လူသားတွေဟာ တစ်ကိုယ်ကောင်းစိတ်နဲ့ ပြုမူတတ်တာကို ကျွန်ုပ်တို့အားလုံး လက်ခံထားကြတယ်။ အဲဒါကို “အပြစ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ တမန်တော်ပေါလုတောင် ဒီလိုရေးခဲ့တယ်– ‘ငါတွေ့ရှိရသည့် တရားကား ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏။ ငါ့ကို သေခြင်းသို့ ပို့ဆောင်သော ဤခန္ဓာကိုယ်မှ မည်သူကယ်နုတ်မည်နည်း။ ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။’ (ရောမ ၇:၂၁-၂၅) ဒီနေရာမှာ ဘုရားသခင်ဟာ ယေရှုအားဖြင့် စစ်မှန်တဲ့ဝတ်ပြုသူတွေကို မွေးရာပါ အပြစ်ပြုလိုတဲ့ သဘောထားတွေကနေ ဘယ်လို လွတ်မြောက်စေမယ်ဆိုတာကို တမန်တော်ပေါလု ပြောပြနေတာပါ။ အဲဒီသဘောထားတွေထဲမှာ တစ်ခုကတော့ ဆင်းရဲမွဲတေစေတဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ တစ်ကိုယ်ကောင်းစိတ်လည်း ပါဝင်တယ်။ အဲဒါက ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ။

ယေရှု နှစ်ခြင်းခံပြီးတဲ့နောက် တစ်ချိန်မှာ နှစ်ခြင်းဆရာယောဟန်က လူတွေကို ကိုယ်တော်နဲ့ ဒီလိုမိတ်ဆက်ပေးခဲ့တယ်– “လောက၏အပြစ်ကို ဖယ်ရှားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်ကြလော့။” (ယောဟန် ၁:၂၉) မကြာခင်မှာ ကမ္ဘာကြီးဟာ တစ်ကိုယ်ကောင်းစိတ်အပါအဝင် အမွေရထားတဲ့ အပြစ်ကနေ လွတ်မြောက်သွားတဲ့သူတွေနဲ့ ပြည့်နေမှာဖြစ်တယ်။ (ဟေရှာယ ၁၁:၉) ဆင်းရဲမွဲတေစေတဲ့ အကြောင်းရင်းလည်း ရှိတော့မှာမဟုတ်ဘူး။

လူတိုင်း လိုအင်ဆန္ဒ ပြည့်ဝတော့မယ့်အချိန်ကို စဉ်းစားကြည့်ရုံနဲ့တင် ပျော်စရာကြီးပါ။ ကျမ်းစာက ဒီလိုဆိုပါတယ်– “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။” (မိက္ခာ ၄:၄) အနာဂတ်နဲ့ပတ်သက်ပြီး အဲဒီကျမ်းချက်က ကဗျာဆန်ဆန် ဖော်ပြပေးထားတာပါ။ မကြာခင် လူတိုင်းမှာ စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ အလုပ်တွေရှိမယ်၊ လုံခြုံမှုရှိမယ်၊ ဆင်းရဲမွဲတေမှုမရှိတဲ့ ကမ္ဘာမှာ နေထိုင်ခွင့်ရမယ်။ အဲဒီအရာအားလုံးက ယေဟောဝါဘုရားသခင်ကို အလွန်ချီးမွမ်းစေမှာ ဖြစ်ပါတယ်။