မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ကို ယုံကြည်တဲ့သူအားလုံး ကောင်းကင်သွားကြသလား

ဘုရားသခင်ကို ယုံကြည်တဲ့သူအားလုံး ကောင်းကင်သွားကြသလား

စာရှုသူများအမေး . . .

ဘုရားသခင်ကို ယုံကြည်တဲ့သူအားလုံး ကောင်းကင်သွားကြသလား

▪ “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏” ဆိုတဲ့ ယေရှုရဲ့ နှစ်သိမ့်စကားကို လူအများ ဖတ်ဖူးကြပါတယ်။ (ယောဟန် ၃:၁၆) ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့ ယုံကြည်သူအားလုံး စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ ထာဝစဉ်နေထိုင်ဖို့ ကောင်းကင်ကို သွားရလိမ့်မယ်လို့ ကိုယ်တော် ဆိုလိုနေတာလား။

“ကောင်းကင်ဘုံမှ ဆင်းသက်လာသော လူသားမှတစ်ပါး မည်သူမျှ ကောင်းကင်ဘုံသို့ မတက်ဖူး” သေးဆိုတဲ့ ယေရှုရဲ့စကားက စဉ်းစားစရာပဲ။ (ယောဟန် ၃:၁၃) နောဧ၊ အာဗြဟံ၊ မောရှေနဲ့ ဒါဝိဒ်တို့လို ရှေးခေတ်က သစ္စာရှိတဲ့ ဝတ်ပြုကိုးကွယ်သူတွေဟာ ကောင်းကင်ကို မသွားခဲ့ကြဘူးဆိုတဲ့သဘောနဲ့ အဲဒီကျမ်းချက်က ဖော်ပြနေတာပါ။ (တမန်တော် ၂:၃၄) ဒါဆိုရင် သူတို့အားလုံး ဘယ်မှာရှိနေကြသလဲ။ လိုရင်းပြောရရင် သူတို့တွေဟာ သင်္ချိုင်းမှာ ရှိနေကြပါတယ်။ ဘာအသိစိတ်မှ မရှိတော့ဘဲ သေခြင်းမှာ အိပ်ပျော်နေပြီး ပြန်ထလာဖို့ စောင့်မျှော်နေကြပါတယ်။—ဒေ. ၉:၅၊ ၆; တမန်တော် ၂၄:၁၅

လူတချို့ဟာ သေပြီးတဲ့နောက် ကောင်းကင်မှာ နေထိုင်ရလိမ့်မယ်ဆိုပြီး ဦးဆုံးပြောခဲ့တဲ့သူက ယေရှုဖြစ်တယ်။ ကောင်းကင်မှာ တမန်တော်တွေ နေထိုင်ဖို့အတွက် သွားပြင်ဆင်မယ်ဆိုပြီး ယေရှုပြောခဲ့တယ်။ (ယောဟန် ၁၄:၂၊ ၃) ဒါက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူအတွက် အကြောင်းအရာအသစ် ဖြစ်ပါတယ်။ ယေရှုသေပြီး ကောင်းကင်ကို ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှ ‘တပည့်များအတွက် အသက်လမ်းသစ်ကို ဖွင့်လှစ်ပေး’ ခဲ့တယ်ဆိုတာကို တမန်တော်ပေါလုက နောက်ပိုင်းကျမှ ရှင်းပြခဲ့တယ်။ အဲဒီမတိုင်ခင်က ဒီအသက်လမ်းသစ်ကို ဘယ်သူမှ မသွားဖူးကြသေးဘူး။—ဟေဗြဲ ၁၀:၁၉၊ ၂၀

အသက်လမ်းသစ်ကို ယေရှု ဖွင့်လှစ်လိုက်ချိန်ကစပြီး ယုံကြည်သူအားလုံး ကောင်းကင်ကိုသွားကြမယ်လို့ ဆိုလိုတာလား။ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်းကင်ကို ရှင်ပြန်ထမြောက်ခြင်းက လူတချို့ပဲ ရရှိမယ့်တာဝန်နဲ့ ဆက်စပ်နေလို့ပါ။ အဲဒီတာဝန်က ဘာလဲ။ တမန်တော်တွေဟာ ကောင်းကင်နိုင်ငံတော်မှာ ‘စံမြန်းရာနေရာ ပေါ်ထိုင်၍ တရားစီရင်’ ရလိမ့်မယ်လို့ မိမိရဲ့မြေကြီးအသက်တာ နောက်ဆုံးညမှာ ယေရှုပြောခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့တာဝန်က ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်ခြင်းဖြစ်တယ်။—လုကာ ၂၂:၂၈-၃၀

ဒီကြီးမြတ်တဲ့တာဝန်ကို တမန်တော်တွေအပြင် တခြားသူတွေလည်း ရရှိကြမှာဖြစ်တယ်။ ကောင်းကင်ကို ရှင်ပြန်ထမြောက်လာမယ့် အုပ်စုတစ်စုဟာ ‘ဘုရားသခင့်နိုင်ငံတော်နှင့် ယဇ်ပုရောဟိတ်များ’ အဖြစ် ယေရှုနဲ့အတူ “မြေကြီးကို အုပ်စိုး” မယ်ဆိုပြီး တမန်တော်ယောဟန် မြင်ခဲ့ရတဲ့ အဆင်းအာရုံတစ်ခုမှာ ဖော်ပြထားတယ်။ (ဗျာ. ၃:၂၁; ၅:၁၀) အရေအတွက်ဘယ်လောက်ကို ယောဟန်မြင်ခဲ့သလဲ။ အုပ်ချုပ်မှုတိုင်းမှာ အုပ်ချုပ်သူ အရေအတွက်က အကန့်အသတ်ပဲရှိတယ်။ ကောင်းကင်နိုင်ငံတော်အုပ်ချုပ်မှုမှာလည်း အဲဒီအတိုင်းပါပဲ။ ဘုရားသခင်ရဲ့သိုးသငယ် ယေရှုဟာ “လူသားတို့ထဲမှ ၀ယ်ယူသောသူများ” ဖြစ်တဲ့ အယောက် ၁၄၄, ၀၀၀ နဲ့အတူ ပူးတွဲအုပ်ချုပ်မှာဖြစ်တယ်။—ဗျာ. ၁၄:၁၊ ၄၊ ၅

ရှေးခေတ်နဲ့ ကနေ့ခေတ်က ဘုရားသခင်အပေါ် ယုံကြည်သူအားလုံးနဲ့ နှိုင်းစာကြည့်မယ်ဆိုရင် လူအယောက် ၁၄၄,၀၀၀ ဆိုတာ နည်းနည်းလေးပါပဲ။ ဒါပေမဲ့ အဲလိုအရေအတွက်နည်းတာကို နားလည်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ၁၄၄,၀၀၀ ဟာ မြင့်မြတ်တဲ့တာဝန်ကို ထမ်းဆောင်ဖို့ ကောင်းကင်ကို ခေါ်ဆောင်ခံရလို့ပါ။ ဥပမာ၊ သင်ဟာ အိမ်တစ်လုံး ဆောက်တော့မယ်ဆိုရင် သင့်ဒေသမှာရှိတဲ့ ဆောက်လုပ်ရေး ကျွမ်းကျင်သူအားလုံးကို ကန်ထရိုက်ပေးမလား။ ပေးမှာမဟုတ်ပါဘူး။ သင့်အိမ်ကိုဆောက်ဖို့ သင့်တော်တဲ့သူကိုပဲ ကန်ထရိုက်ပေးမှာဖြစ်တယ်။ အဲဒီလိုပါပဲ ဘုရားသခင်ဟာ ယုံကြည်သူအားလုံးကို ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အုပ်ချုပ်ဖို့ အထူးအခွင့်အရေး ပေးမှာမဟုတ်ပါဘူး။

ကောင်းကင်အစိုးရဟာ လူသားအားလုံးအတွက် ထားရှိတဲ့ ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်ကို အကောင်အထည် ဖော်ပေးပါလိမ့်မယ်။ ယေရှုနဲ့ ပူးတွဲအုပ်ချုပ်သူ ၁၄၄,၀၀၀ ဟာ ကမ္ဘာတစ်ခုလုံးကို သာယာလှပတဲ့ ပရဒိသုဥယျာဉ်အဖြစ် ပြုပြင်ပြောင်းလဲဖို့ ကြီးကြပ်ပါလိမ့်မယ်။ အဲဒီနေရာမှာ မရေမတွက်နိုင်တဲ့ ယုံကြည်သူတွေဟာ ထာဝစဉ် ပျော်ရွှင်စွာ နေထိုင်ရပါလိမ့်မယ်။ (ဟေရှာယ ၄၅:၁၈; ဗျာ. ၂၁:၃၊ ၄) နေထိုင်ရမယ့်သူတွေထဲမှာ ဘုရားသခင်ရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ ရှင်ပြန်ထမြောက်လာမယ့်သူတွေလည်း ပါဝင်ကြမှာဖြစ်တယ်။—ယောဟန် ၅:၂၈၊ ၂၉

ရှေးခေတ်မှာရော ကနေ့ခေတ်မှာပါ ဘုရားသခင်အပေါ် ယုံကြည်စွာ ဝတ်ပြုကိုးကွယ်သူတိုင်း ထာဝရအသက်ဆိုတဲ့ အံ့ဖွယ်ဆုကျေးဇူးကို ရရှိနိုင်ကြပါတယ်။ (ရောမ ၆:၂၃) လူအနည်းစုက အထူးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ကောင်းကင်အသက်တာကို ရရှိမှာဖြစ်ပြီး လူအများစုကတော့ သာယာလှပတဲ့ ပရဒိသုဥယျာဉ်မှာ ထာဝစဉ်နေထိုင်ဖို့ မြေကြီးအသက်တာကို ရရှိမှာဖြစ်ပါတယ်။