မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေလွန်သူတွေအတွက် မျှော်လင့်ချက်ရှိသလား

သေလွန်သူတွေအတွက် မျှော်လင့်ချက်ရှိသလား

ဘုရားသခင့်စကားတော်မှ သင်ယူပါ

သေလွန်သူတွေအတွက် မျှော်လင့်ချက်ရှိသလား

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဝမ်းမြောက်ဝမ်းသာ ဆွေးနွေးလိုကြပါတယ်။

၁။ သေလွန်သူတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲ။

ဂျေရုဆလင်မြို့နားက ဗေသနိရွာကို ယေရှု ရောက်လာတဲ့အခါ ကိုယ်တော်ရဲ့ မိတ်ဆွေလာဇရု သေဆုံးသွားတာ လေးရက်ရှိနေပါပြီ။ ယေရှုဟာ လာဇရုရဲ့ အစ်မတွေဖြစ်တဲ့ မာသ၊ မာရိတို့နဲ့အတူ သင်္ချိုင်းကိုလိုက်သွားတယ်။ မကြာပါဘူး၊ သင်္ချိုင်းမှာ လူတွေ စုဝေးလာကြတယ်။ လာဇရု အသက်ပြန်ရှင်လာအောင် ယေရှု လုပ်ပေးတဲ့အခါ မာသနဲ့မာရိတို့ ဘယ်လောက် ဝမ်းသာလိုက်မလဲဆိုတာကို မြင်ယောင်ကြည့်နိုင်ပါတယ်။—ယောဟန် ၁၁:၂၀-၂၄၊ ၃၈-၄၄ ကိုဖတ်ပါ။

သေလွန်သူတွေ အသက်ပြန်ရှင်လာကြမယ်ဆိုတာကို မာသ ယုံကြည်ပါတယ်။ အနာဂတ်မှာ ယေဟောဝါဘုရားသခင်ဟာ သေလွန်သူတွေကို မြေကြီးပေါ် အသက်ပြန်ရှင်လာစေမယ်ဆိုတာကို ကိုယ်တော်အပေါ် တည်ကြည်တဲ့သူတွေ အရင်ကတည်းက သိရှိပြီးသားပါ။—ယောဘ ၁၄:၁၄၊ ၁၅ ကိုဖတ်ပါ။

၂။ သေလွန်သူတွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။

လူတွေမှာ မသေနိုင်တဲ့ ဝိညာဉ်မရှိပါဘူး။ (ယေဇကျေလ ၁၈:၄) ကျွန်ုပ်တို့ဟာ မြေမှုန့်နဲ့ ဖန်ဆင်းထားခံရတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ (ကမ္ဘာဦး ၂:၇; ၃:၁၉) ကျွန်ုပ်တို့ရဲ့ ဦးနှောက် ပျက်စီးယိုယွင်းသွားတဲ့အခါ စဉ်းစားတွေးခေါ်မှုကလည်း ပျက်စီးသွားတယ်။ ဒါကြောင့် လာဇရု အသက်ပြန်ရှင်လာပြီးတဲ့နောက်မှာ သူသေနေတုန်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေအကြောင်း ဘာမှမပြောပြခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ သေလွန်သူတွေဟာ ဘာမှမသိတော့လို့ပါပဲ။—ဆာလံ ၁၄၆:၄; ဒေ. ၉:၅၊ ၁၀ တို့ကိုဖတ်ပါ။

သေလွန်သူတွေဟာ ဘာဝေဒနာမှ မခံစားရဘူးဆိုတာ ရှင်းနေပါတယ်။ ဒါကြောင့် ဘုရားသခင်က လူတွေကို သေပြီးတဲ့နောက် ညှဉ်းဆဲတယ်ဆိုတဲ့ သွန်သင်ချက်က မှားနေပါတယ်။ အဲဒါက ဘုရားသခင်နဲ့ပတ်သက်ပြီး သားပုပ်လေလွင့်ပြောဆိုတာ ဖြစ်တယ်။ လူတွေကို မီးထဲမှာ ညှဉ်းဆဲနေတယ်ဆိုတဲ့ ယူဆချက်ကို ဘုရားသခင် စက်ဆုပ်ရွံရှာတယ်။—ယေရမိ ၃၂:၃၅ ကိုဖတ်ပါ။

၃။ သေလွန်သူတွေနဲ့ စကားပြောလို့ ရသလား။

သေလွန်သူတွေဟာ စကားမပြောနိုင်ပါဘူး။ (ဆာလံ ၁၁၅:၁၇) ဒါပေမဲ့ ဝိညာဉ်ဆိုးတွေက လူတွေနဲ့ စကားပြောတဲ့အခါ သူတို့ဟာ သေလွန်သူတွေရဲ့ ဝိညာဉ်ဖြစ်တယ်လို့ လှည့်ဖြားပြောဆိုနိုင်ပါတယ်။ (၂ ပေတရု ၂:၄) သေလွန်သူတွေနဲ့ စကားမပြောဖို့ ဘုရားသခင် တားမြစ်ထားပါတယ်။—တရားဟောရာ ၁၈:၁၀၊ ၁၁ ကိုဖတ်ပါ။

၄။ ဘယ်သူတွေ အသက်ပြန်ရှင်လာကြမလဲ။

သင်္ချိုင်းမှာရှိတဲ့ သန်းနဲ့ချီတဲ့သူတွေဟာ မကြာခင်ရောက်ရှိလာမယ့် ကမ္ဘာသစ်မှာ အသက်ပြန်ရှင်လာကြမှာ ဖြစ်တယ်။ ဘုရားသခင်ကိုမသိတဲ့အတွက် မကောင်းမှု လုပ်ခဲ့တဲ့သူတချို့တောင် အသက်ပြန်ရှင်လာကြမှာ။—လုကာ ၂၃:၄၃; တမန်တော် ၂၄:၁၅ တို့ကိုဖတ်ပါ။

အသက်ပြန်ရှင်လာမယ့်သူတွေဟာ ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားတွေကို သင်ယူပြီး ယေရှုစကား နားထောင်ခြင်းအားဖြင့် ကိုယ်တော်ကို ယုံကြည်ကြောင်း တင်ပြနိုင်ကြမှာဖြစ်တယ်။ (ဗျာ. ၂၀:၁၁-၁၃) အသက်ပြန်ရှင်လာပြီး ကောင်းတာတွေကို လုပ်ဆောင်တဲ့သူတွေဟာ မြေကြီးပေါ်မှာ ထာဝစဉ် နေထိုင်နိုင်ကြမှာဖြစ်တယ်။ ဒါပေမဲ့ အသက်ပြန်ရှင်လာတဲ့သူတချို့ကတော့ မကောင်းတာတွေကို ဆက်လုပ်ကြပါလိမ့်မယ်။ သူတို့ရဲ့ ဆိုးယုတ်တဲ့အကျင့်နဲ့အညီ တရားစီရင်ခံရမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ရှင်ပြန်ထမြောက်ခြင်းက “အပြစ်စီရင်ရာ ရှင်ပြန်ထမြောက်ခြင်း” ဖြစ်သွားပါလိမ့်မယ်။—ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပါ။

၅။ ရှင်ပြန်ထမြောက်ခြင်းက ယေဟောဝါအကြောင်း ဘာသိစေသလဲ။

ရှင်ပြန်ထမြောက်ခြင်းဆိုတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ ကျွန်ုပ်တို့အတွက် သားတော်ကို စေလွှတ်ပြီး အသက်စွန့်စေခဲ့လို့ပါ။ အဲဒါက ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကြီးမားတဲ့သနားကြင်နာမှု ဖော်ပြချက်ဖြစ်ပါတယ်။—ယောဟန် ၃:၁၆; ရောမ ၆:၂၃ တို့ကိုဖတ်ပါ။

ဒီထက်မက သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၆ နဲ့ မှာဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၁၆ ပါရုပ်ပုံ]

အာဒံကို မြေမှုန့်နဲ့ ဖန်ဆင်းထား