မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့စကားသံက သာယာနာပျော်ဖွယ် တေးသံနဲ့တူ

သူတို့ရဲ့စကားသံက သာယာနာပျော်ဖွယ် တေးသံနဲ့တူ

မာဒါဂက်စကာကျွန်းမှ စာတစ်စောင်

သူတို့ရဲ့စကားသံက သာယာနာပျော်ဖွယ် တေးသံနဲ့တူ

ကျွန်မတို့ ဇနီးမောင်နှံဟာ ခရစ်ယာန်သာသနာပြု တာဝန်အသစ်ဖြစ်တဲ့ မာဒါဂက်စကာကျွန်းကို ခရီးထွက်လာကြတယ်။ ကျွန်မတို့နဲ့သင့်တော်တဲ့ တာဝန်ကို ယေဟောဝါဘုရားသခင် ရွေးချယ်ပေးတာ၊ တာဝန်ကျေပွန်ဖို့ ကိုယ်တော် ကူညီပေးမယ်ဆိုတာကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို နှုတ်ဆက်ပြီး သတ္တိရှိရှိ ထွက်လာခဲ့ကြတာပါ။

ကျွန်မတို့ရဲ့တာဝန်အသစ်မှာ ဦးဆုံးအကြိမ် တက်ရောက်ခဲ့တဲ့ အသင်းတော်အစည်းအဝေးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကင်းမျှော်စင်သင်တန်းကိုင်နေတဲ့ ညီအစ်ကိုက သံစုံတီးဝိုင်းအဖွဲ့တစ်ဖွဲ့ကို ညွှန်ကြားပြသနေတဲ့ ဂီတမှူးနဲ့တူတယ်။ သူတို့ရဲ့စကားက သာယာနာပျော်ဖွယ် တေးသံနဲ့တူတဲ့အတွက် နားလည်ရခက်လိုက်တာ။ သူတို့ဘာတွေပြောနေသလဲဆိုတာကို နားလည်လာဖို့ အချိန်အတော်ကြာဦးမှာ။

ညီအစ်ကိုမေးလိုက်တဲ့ ထပ်ဆင့်မေးခွန်းတစ်ခုကို ကျွန်မ နားလည်လိုက်တဲ့ ဦးဆုံးအကြိမ်မှာ လွှတ်ခနဲ အသံထွက်ပြီး အဖြေပေးမိလိုက်တယ်။ ဒါကို ကျွန်မအနားမှာ ထိုင်နေတဲ့သူတွေတော့ ကြားတယ်။ ကျွန်မလည်း မရယ်မိအောင် ပါးစပ်ကို လက်နဲ့အုပ်ထားလိုက်တယ်။ ရှက်တော့ရှက်မိပေမဲ့ ညီအစ်ကိုပြောတာကို တကယ်နားလည်သွားလို့ စိတ်လှုပ်ရှားသွားတယ်။

ခရစ်ယာန်ဓမ္မအမှုမှာ တခြားသူတွေအတွက် စံနမူနာပြရမယ့်အစား ကျွန်မဟာ တခြားသူတွေရဲ့ အကူအညီကို ယူနေရတဲ့သူဖြစ်နေတယ်လို့ ခံစားရတယ်။ ခရစ်ယာန်ဓမ္မအမှုမှာ ရိုးရိုးရှင်းရှင်း ဘယ်လိုပြောရမယ်၊ ဘယ်ကျမ်းချက်ကို အသုံးပြုရမယ်ဆိုတာကို ညီအစ်ကိုညီအစ်မတွေက ကြင်ကြင်နာနာ ပြောပြကြတယ်။

အမှုဆောင်ထွက်တဲ့တစ်ရက်ကို ကျွန်မ မှတ်မိသေးတယ်။ ကလေးတစ်ယောက်က ကျွန်မကို “ဗာဇာ၊ ဗာဇာ” ဆိုပြီး အော်ပြောတယ်။ အဲဒါက မာလာဂတ်စီစကားဖြစ်ပြီး အဓိပ္ပာယ်က “နိုင်ငံခြားသား” တဲ့။ တခြားကလေးတွေလည်း သူ့လိုပဲ ထွက်အော်နေမှာစိုးလို့ ကျွန်မတို့ ခပ်သွက်သွက် လျှောက်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ ကောင်လေးတစ်ယောက်က အော်ပြောနေတဲ့ကလေးကို လှမ်းဟန့်လိုက်ပြီး “သူက နိုင်ငံခြားသားမဟုတ်ဘူး။ ငါတို့စကားကို သူပြောတတ်တယ်” လို့ဝင်ပြောတယ်။ သူတို့ပြောတာ အရမ်းမြန်တဲ့အတွက် ကျွန်မ နားမလည်လိုက်ဘူး။ သူတို့ ဘာတွေပြောနေသလဲဆိုတာကို ကျွန်မနဲ့အတူပါလာတဲ့ ဒေသခံညီအစ်မက ဘာသာပြန်ပေးတယ်။ အဲလိုအပြောခံရတဲ့အတွက် ကျွန်မ အရမ်းကျေနပ်သွားတယ်။ မာဒါဂက်စကာကို ကျွန်မရဲ့နေအိမ်လို စခံစားလာရပါပြီ။

တစ်ကြိမ်ထက်မက အထီးကျန်တယ်လို့ ကျွန်မခံစားရတဲ့အခါ လူငယ်လေးတွေက ကျွန်မကို ခင်နေတယ်ဆိုတာ သိရလို့ အားရှိသွားတယ်။ သူတို့လေးတွေနဲ့ ကောင်းကောင်း မပြောဆိုနိုင်ပေမဲ့ ကျွန်မရဲ့လက်ကို သူတို့ ချစ်ခင်စွာ တွဲထားကြတယ်။ အသင်းတော်မှာရှိတဲ့ လူငယ်လေးတွေဟာ ဘုရားသခင်ဆီကလာတဲ့ ဆုလက်ဆောင်ပါ။ ဟာစင်းဆိုတဲ့ ညီမငယ်လေးတစ်ယောက်ဆိုရင် ကျွန်မကို ဒိုင်ခံ စကားပြန်လုပ်ပေးတယ်။ ကျွန်မပြောတာကို ဘယ်သူမှ နားမလည်ရင်တောင် သူက နားလည်တဲ့ပုံပဲ။ အသင်းတော်က ညီအစ်ကိုညီအစ်မတွေနဲ့ ကျွန်မ ကြိုးစားစကားပြောတဲ့အခါ သူက အနားရောက်လာပြီး ကျွန်မ ဘာပြောချင်တယ်ဆိုတာကို ရှင်းပြပေးတတ်တယ်။

ကျွန်မတို့ဇနီးမောင်နှံ တက်ရောက်နေတဲ့ အသင်းတော်ကို အသင်းတော်နှစ်ခုအဖြစ် ခွဲဖို့လုပ်နေကြပြီ။ ဒါကြောင့် တခြားသူတွေကို ကျမ်းစာသင်အံမှုတချို့ လွှဲအပ်ဖို့ လိုအပ်လာတယ်။ ဘာကြောင့်လဲဆိုရင် ကျမ်းစာသင်သားတွေက အသင်းတော်အသစ်ရှိတဲ့ ရပ်ကွက်မှာ နေထိုင်ကြလို့ပါပဲ။ ညီအစ်မတစ်ယောက်က ကျွန်မကို သူ့ရဲ့သင်အံမှုတစ်ခု ယူခိုင်းတယ်။ ကျွန်မက အဆင်သင့်မဖြစ်သေးဘူးလို့ စိုးရိမ်တကြီးနဲ့ ပြောပေမဲ့ ကျွန်မလက်ခံလာအောင် တိုက်တွန်းခဲ့တယ်။ ဘုရားသခင်ရဲ့အကူအညီနဲ့ ကျွန်မ သင်ပေးနိုင်မှာပါဆိုပြီး သူအားပေးတယ်။ မကြာခင် ကျွန်မလည်း တခြားသူတွေကို ကောင်းကောင်းသင်ပေးနိုင်မှာပါလို့ အဲဒီညီအစ်မက နူးညံ့ကြင်နာတဲ့အကြည့်နဲ့ အတတ်နိုင်ဆုံး ကျွန်မ နားလည်အောင် စကားကို ရိုးရိုးလေးပြောတယ်။ သူ့ရဲ့အပြောလေးတွေကြောင့် ကျွန်မ အရမ်းအားရှိသွားတယ်။

အဲဒီအချိန်ကစပြီး အဲဒီကျမ်းစာသင်သားဟာ အရမ်းကို တိုးတက်လာတယ်။ တစ်ရက် ကျွန်မ အပြင်မှာရှိနေတုန်း ကျွန်မနာမည်ခေါ်သံ ကြားလိုက်ရတယ်။ သူတို့ဇနီးမောင်နှံဟာ တရားဝင်လက်ထပ်ဖို့ ရုံးကိုသွားနေကြတာကိုး။ သူ့ခင်ပွန်းလည်း ကျမ်းစာ စလေ့လာနေပါပြီ။ သူတို့ဟာ ပန်းတိုင်အတော်များများ ချထားကြတယ်။ အဲဒီပန်းတိုင်တွေထဲမှာ နှစ်ခြင်းခံဖို့လည်းပါတယ်။ သူတို့ အဲလိုတိုးတက်လာတာက ကျွန်မတို့ကြောင့်မဟုတ်ဘဲ လူတွေကိုဆွဲဆောင်နေတဲ့ ဘုရားသခင်ကြောင့်ဖြစ်တယ်ဆိုတာ ကျွန်မသိပေမဲ့လည်း အရမ်းပျော်တယ်။

တာဝန်အသစ်ကနေ ကျွန်မတို့ အများကြီး သင်ယူရရှိခဲ့ပါတယ်။ ကျွန်မတို့ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို လွမ်းရပေမဲ့ ကျွန်မတို့နဲ့အတူ ဒီမှာရှိနေတယ်လို့ ခံစားရပါတယ်။ သူတို့အကြောင်း ဒီက ညီအစ်ကိုညီအစ်မတွေကို ပြောပြတတ်တယ်။ အခုဆိုရင် သူတို့ကတောင် ကျွန်မတို့ရဲ့ မိသားစုနဲ့မိတ်ဆွေတွေအကြောင်း သတင်းမေးတတ်လာနေပါပြီ။ ကျွန်မရဲ့ မိသားစုအရင်းအချာတွေနဲ့ ဒီကျွန်းမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေ တွေ့ဆုံပေါင်းစည်းမယ့်အချိန်ကို ကျွန်မတို့ မျှော်လင့်စောင့်စားနေပါတယ်။

လူတွေစကားပြောတဲ့အခါ “တေးသံ” လိုမျိုး ကျွန်မ ကြားနေရတုန်းပဲ။ ဒါပေမဲ့ အခု အဲဒီစကားကို ကျွန်မ နားလည်နေပါပြီ။ သာယာနာပျော်ဖွယ်တေးသံကို လိုက်ဖက်ညီညီ သီဆိုနိုင်သလိုမျိုး သူတို့ရဲ့ဘာသာစကားကို ကောင်းကောင်းပြောတတ်မယ့်အချိန်ကို ကျွန်မ စောင့်မျှော်နေပါတယ်။ “နက်ဖြန်နေ့အဖို့ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိစိုးရိမ်စရာနှင့်မိမိ ရှိလိမ့်မည်” လို့ယေရှု ပြောခဲ့တယ်။ (မဿဲ ၆:၃၄) ဒါကြောင့် ဘာသာစကားကို နည်းနည်းချင်းစီပဲ သင်ယူတော့မယ်။ အခုလောလောဆယ် မာဒါဂက်စကာကျွန်းက စိတ်ရှည်ပြီး မေတ္တာပြည့်ဝတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့အတူ ရင်ပေါင်တန်း အမှုဆောင်နိုင်အောင် မျက်စိကိုဖွင့်၊ နားကိုစွင့်ပြီး စိတ်ပါလက်ပါ သင်ယူလေ့လာနေပါတယ်။

[စာမျက်နှာ ၂၅ ပါရုပ်ပုံ]

ဟာစင်းနဲ့အတူ ဟောပြောနေ