မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆက်ကပ်အဖွဲ့နဲ့အတူ ခရီးလှည့်လည်တဲ့ ဘဝကို ကျွန်မ စိတ်ကူးယဉ်ခဲ့

ဆက်ကပ်အဖွဲ့နဲ့အတူ ခရီးလှည့်လည်တဲ့ ဘဝကို ကျွန်မ စိတ်ကူးယဉ်ခဲ့

ဆက်ကပ်အဖွဲ့နဲ့အတူ ခရီးလှည့်လည်တဲ့ ဘဝကို ကျွန်မ စိတ်ကူးယဉ်ခဲ့

ဇော်အီယာ ဒီမီထရိုဗာ ပြောပြတယ်

ဆက်ကပ်အဖွဲ့နဲ့ ပျော်ပျော်ရွှင်ရွှင် လှည့်လည်ဖျော်ဖြေရတဲ့ဘဝကို ကျွန်မ စိတ်ကူးယဉ်ခဲ့တဲ့အတိုင်း အသက် ၁၅ နှစ်မှာ တကယ်ဖြစ်လာလို့ ပျော်လိုက်တာ။ အဲဒီနောက် ၁၉၇၀ ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှာ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတယ်။ တစ်ခဏတော့ လေဟာနယ်ထဲမှာ ကျွန်မ ကြော့ကြော့မော့မော့လေး ပျံဝဲနေတာပေါ့။ နောက်တစ်ခဏမှာတော့ အောက်ကို စောက်ထိုးပြုတ်ကျ သွားပါလေရော။

ကျွန်မကို ၁၉၅၂၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ မွေးဖွားပြီး မိဘနှစ်ပါး၊ အစ်မနဲ့အတူ ဘူလ်ဂေးရီးယားနိုင်ငံ၊ ဆိုဖီယာမြို့မှာ နေထိုင်ပါတယ်။ အဲဒီအချိန်တုန်းက ဘူလ်ဂေးရီးယားနိုင်ငံဟာ ကွန်မြူနစ်နိုင်ငံ ဖြစ်တဲ့အတွက် လူတွေကို ဘာသာရေးလိုက်စားဖို့ အားမပေးဘူး။ လူအများစုက ဘုရားသခင်ကို လုံးဝမယုံကြည်ဘူး။ ယုံကြည်တဲ့သူတွေကလည်း သူတို့ရဲ့ယုံကြည်ချက်ကို ပေါ်ပေါ်ထင်ထင် မဖော်ပြကြဘူး။ ကျွန်မရဲ့မိသားစုက အမည်ခံ ဩသဒေါက်စ်အသင်းသားတွေ ဖြစ်ပေမဲ့ ကျွန်မဟာ ဘာသာရေးသွန်သင်မှုမခံရဘဲ ကြီးပြင်းလာရလို့ ဘုရားသခင်အကြောင်း တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။

ကျွန်မငယ်ငယ်လေးကတည်းက အားကစားနည်းမျိုးစုံ ကစားရတာကြိုက်ပေမဲ့ ကျွမ်းဘားကစားရတာကိုတော့ ပိုကြိုက်တယ်။ အသက် ၁၃ နှစ်အရွယ်မှာ အမျိုးသားတစ်ယောက်က ကျွန်မတို့ကျောင်းကိုရောက်လာပြီး ဆက်ကပ်အဖွဲ့အတွက် မိန်းကလေးတစ်ယောက်ကို လာရှာတယ်။ ကျွန်မရဲ့ကျွမ်းဘားနည်းပြက ကျွန်မကို ထောက်ခံပေးလိုက်တယ်။ လေ့ကျင့်ပေးမယ့်အုပ်စုနဲ့ အင်တာဗျူးဖြေပြီး အစစ်ဆေးခံယူဖို့ လာခေါ်တဲ့မန်နေဂျာနဲ့အတူ အမေရိကန်နိုင်ငံလုပ် ဇိမ်ခံကားကို စီးသွားရတာ ပီတိဖြစ်လိုက်တာ။ ကျွန်မ အရွေးခံရတော့ ပျော်လိုက်တာ တအားပဲ။ အဲဒီအချိန်ကစပြီး နှစ်နှစ်ကျော်ကြာတဲ့အထိ စနစ်တကျနဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုခံယူခဲ့ရတယ်။ အသက် ၁၅ နှစ်အရွယ်မှာ လေ့ကျင့်မှုပြီးဆုံးသွားတဲ့အခါ ဆက်ကပ်အဖွဲ့နဲ့အတူ ခရီးလှည့်လည်တဲ့ဘဝကို စတင်ပါတော့တယ်။ အရင်ဆုံး ဘူလ်ဂေးရီးယားနိုင်ငံတစ်လျှောက် ခရီးလှည့်လည်ခဲ့ရပြီး အဲဒီနောက်မှာ အရင်ဆိုဗီယက်ပြည်ထောင်စုလက်အောက်က နိုင်ငံတွေအပြင် အယ်လ်ဂျီးရီးယား၊ ဟန်ဂေရီနဲ့ အရင်ယူဂိုစလားဗီးယားနိုင်ငံတွေဆီကိုလည်း ခရီးဆန့်ခဲ့တယ်။

သုံးနှစ်တာကာလအတွင်းမှာ ကျွန်မ စိတ်ကူးယဉ်ခဲ့တဲ့အတိုင်း နေထိုင်ခဲ့ရလို့ ပျော်လိုက်တာ လွန်ရော။ မက်ဆီဒိုးနီးယားနိုင်ငံ၊ တီတိုဗလက်စ်မြို့မှာ ကျွန်မ ဖျော်ဖြေနေတုန်း ဒီဆောင်းပါးအစမှာ ဖော်ပြထားတဲ့အတိုင်း မတော်တဆ ပြုတ်ကျသွားခဲ့တယ်။ ကျွန်မဟာ ပရိသတ်တွေရဲ့အပေါ်မှာ ကောင်းကင်ကျွမ်းဘား ကစားပြနေတာပါ။ အမြင့်မှာ စောက်ထိုးအနေအထား တွဲလျားကျနေတဲ့ ကျွန်မရဲ့ကစားဖော်က ကျွန်မကို လေထဲမှာ တစ်ပတ်လည်သွားအောင် ပစ်တင်ပြီး ကျွန်မ ပြန်ကျလာတဲ့အခါ သူက ပြန်ဖမ်းရမှာဖြစ်တယ်။ ပြန်ကျအလာမှာ သူ့ရဲ့လက်ကို ဖမ်းမမိတဲ့အပြင် ကျွန်မရဲ့ အသက်ကယ်ကြိုးကလည်း ပြတ်သွားတဲ့အတွက် ပေ ၂၀ အမြင့်ကနေ အောက်ကို စောက်ထိုးကျသွားတယ်။ ဆေးရုံကို ချက်ချင်း ပို့လိုက်ကြတယ်။ အဲဒီကိုရောက်တော့ လက်မောင်းတစ်ဖက်၊ နံရိုးအတော်များများနဲ့ ကျောရိုးမကြီး ကျိုးသွားတာကို သိလိုက်ရတယ်။ ကျွန်မဟာ ရက်အနည်းငယ် ကယောင်ချောက်ချား ဖြစ်နေပြီး ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို လုံးဝမမှတ်မိတော့ဘူး။ အတော်လေး သက်သာလာတဲ့အခါ ခါးအောက်ပိုင်း သေသွားပြီဆိုတာကို သိလိုက်ရတယ်။ ဒါပေမဲ့ ကျွန်မဟာ ငယ်သေးတဲ့အတွက် ခွဲစိတ်ကုသလို့ပြီးရင် လမ်းပြန်လျှောက်လာနိုင်မယ်၊ ဆက်ကပ်အဖွဲ့ထဲ ပြန်သွားပြီး ဆက်ဖျော်ဖြေနိုင်မယ်လို့ အကောင်းမြင်တဲ့စိတ်လေး မွေးထားလိုက်တယ်။

ပြန်ကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နောက်နှစ်နှစ်ခွဲ ကြာတဲ့အထိ ဆေးကုသဌာန အတော်များများကိုသွားပြီး ဆေးကုသမှု ခံယူခဲ့တယ်။ နောက်ဆုံးမှာ ကျွန်မရဲ့ပန်းတိုင်က အဆုံးတိုင်သွားပြီဆိုတာကို လက်ခံလိုက်ရတော့တယ်။ အခုလောလောဆယ်မှာတော့ ဆက်ကပ်အဖွဲ့နဲ့အတူ ခရီးလှည့်လည်သွားလာရတဲ့ဘဝနဲ့ တစ်ခြားစီဖြစ်တဲ့ ဘီးတပ်ကုလားထိုင်နဲ့ နေရတဲ့ဘဝမှာ နေတတ်အောင် ကျင့်ယူနေပါတယ်။

ဘဝအသစ်စတင်

တက်တက်ကြွကြွ နေထိုင်ခဲ့တဲ့ ကျွန်မအတွက် ဘီးတပ်ကုလားထိုင်နဲ့ နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးကုန်ပြီး စိတ်ကျဝေဒနာခံစားခဲ့ရတယ်။ ၁၉၇၇ ခုနှစ်မှာ စတိုအီယန်လို့ခေါ်တဲ့ လူရွယ်တစ်ဦး ကျွန်မရဲ့အိမ်ကို ရောက်လာတယ်။ သူက ကျွန်မရဲ့ အလုပ်ဖော်ဟောင်းတစ်ယောက်ရဲ့ အစ်ကိုဆိုတာ သိလိုက်တော့ ချက်ချင်းပဲ အိမ်ထဲဝင်ခိုင်းလိုက်တယ်။ ကျွန်မတို့ စကားပြောဆိုနေတုန်း သူက ကျွန်မကို နေပြန်ကောင်းလာဖို့ မျှော်လင့်သလားဆိုပြီး မေးတယ်။ အထင်နဲ့အမြင် တစ်ခြားစီဖြစ်နေတဲ့ ဘဝကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ကျွန်မက ဘာမှ မျှော်လင့်ချက်မရှိဘူးလို့ ပြန်ဖြေလိုက်တယ်။ ကျွန်မကို ဘုရားသခင်ကပဲ ကူညီပေးနိုင်တာလို့ သူပြောပြတဲ့အခါ ကျွန်မက “ဘုရားသခင်သာ ရှိမယ်ဆိုရင် ကျွန်မ ဒီလိုဘဝမျိုးရောက်မှာ မဟုတ်ဘူး” လို့ ခါးခါးသီးသီး ပြန်ပြောလိုက်တယ်။

အမေရိကန်နိုင်ငံမှာ ဆက်ကပ်ဖျော်ဖြေသူ တစ်ဦးအနေနဲ့ အလုပ်လုပ်နေတုန်း မကြာသေးခင်ကမှ ယေဟောဝါသက်သေတစ်ဦးဖြစ်လာခဲ့တဲ့ စတိုအီယန်ဟာ အဲလိုစကားစပြီး အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာဆိုင်ရာ ထူးမြတ်တဲ့ ကတိတော်တွေအကြောင်း ကျွန်မကို ကြင်ကြင်နာနာ ရှင်းပြပေးခဲ့တယ်။ မကြာခင်မှာ ကမ္ဘာကြီးဟာ သာယာလှပတဲ့ ပရဒိသုဥယျာဉ် ဖြစ်လာတော့မယ်ဆိုတာ သိလိုက်ရတော့ ကျွန်မ အရမ်းကြည်နူးသွားတယ်။ “သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်” ဆိုတဲ့ ကျမ်းစာကတိတော်ကို ကျွန်မ စွဲမှတ်သွားတယ်။ (ဗျာ. ၂၁:၄) ကျွန်မ ကျန်းမာရေး ပြန်ကောင်းချင်လိုက်တာ။ ကျမ်းစာ မှန်မှန်သင်ဖို့ ချက်ချင်းပဲ သဘောတူလိုက်တယ်။ ဒီလိုနဲ့ ကျွန်မရဲ့ ဘဝအသစ်ကို စတင်လိုက်ပါတော့တယ်။ စစ်မှန်တဲ့မျှော်လင့်ချက်အတွက် အခြေခံကို ကျွန်မ တွေ့လိုက်ရပါပြီ။

အပတ်တိုင်း ကျမ်းစာသင်ဖို့ ထက်ထက်သန်သန် စောင့်မျှော်နေခဲ့တယ်။ အစပိုင်းမှာ စတိုအီယန်နဲ့ သင်ပေမဲ့ နောက်ပိုင်းမှာတော့ အရမ်းကြင်နာတတ်တဲ့ တိုခါနဲ့သင်တယ်။ သူ့ရဲ့အကူအညီနဲ့ ကျမ်းစာအမှန်တရား မြန်မြန်ဆန်ဆန် သိရှိလာပြီး ယေဟောဝါဘုရားသခင်ဆီ ကျွန်မရဲ့ဘဝကို အပ်နှံလိုက်တယ်။ အဲဒီတုန်းက ဆိုဖီယာမြို့မှာ ကျွန်မကို နှစ်ခြင်းပေးနိုင်လောက်အောင် အရည်အချင်းပြည့်မီတဲ့ ညီအစ်ကိုတစ်ယောက်မှ မရှိဘူး။ ဒါကြောင့် မက်ဆီဒိုးနီးယားနိုင်ငံက ညီအစ်ကိုတစ်ယောက် လာတဲ့အထိ စောင့်ခဲ့ရတယ်။ ကျမ်းစာကိုလေ့လာပြီး တစ်နှစ်လောက်အကြာ ၁၉၇၈၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကျွန်မနေတဲ့တိုက်ခန်းက ရေချိုးကန်ထဲမှာ ကျွန်မကို နှစ်ခြင်းပေးခဲ့တယ်။ ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံလိုက်ရတဲ့အတွက် ကျွန်မ အရမ်းဝမ်းသာတယ်။ အခုမှ ကျွန်မရဲ့ဘဝက တကယ်အဓိပ္ပာယ်ရှိသွားတာ။

လေ့လာသိရှိထားတဲ့ ကျမ်းစာအမှန်တရားက ကျွန်မရဲ့ရင်ထဲမှာ မီးလိုပဲ တောက်လောင်နေခဲ့တယ်။ ဒါနဲ့ ကျွန်မဆီလာလည်တဲ့သူမှန်သမျှကို ကျမ်းစာမျှော်လင့်ချက်အသစ်အကြောင်း ထက်ထက်သန်သန် ဝေမျှခဲ့တယ်။ ဖြစ်ချင်တော့ ဘယ်သူကမှ ကျွန်မပြောပြတာတွေကို အရေးတယူ နားထောင်ပေးချင်ပုံမရကြဘူး။ ထိခိုက်ဒဏ်ရာရထားလို့ ကျွန်မရဲ့စိတ်က ပုံမှန်မဟုတ်တော့ဘူးလို့ သူတို့ ထင်နေကြတယ်လေ။

အမှားကြီးတစ်ခု ကျူးလွန်ခဲ့

ဘူလ်ဂေးရီးယားနိုင်ငံမှာ ယေဟောဝါသက်သေတွေကို ပိတ်ပင်ထားတဲ့အတွက် နိုင်ငံတစ်ဝန်းလုံးမှာ သက်သေခံအရေအတွက် နည်းနည်းပဲရှိတယ်။ ကျွန်မ တက်လို့ရတဲ့ အသင်းတော်အစည်းအဝေးကလည်းမရှိ၊ ကျွန်မနဲ့ယုံကြည်ချက်ချင်းတူတဲ့ တခြားသူတွေနဲ့လည်း မပေါင်းသင်းရဘူး။ ဒါကြောင့် ကျမ်းစာစံနှုန်းတွေအတိုင်း မလိုက်လျှောက်တဲ့သူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းခြင်းရဲ့ အန္တရာယ်ကို သတိမထားမိဘဲ နောက်ဆုံး အမှားကြီးတစ်ခုကို ကျူးလွန်လိုက်မိတယ်။

ကျွန်မရဲ့ကိုယ်ကိုယ်ကိုယ်သိစိတ်က ကျွန်မကို မပြတ်တမ်း အနှောင့်အယှက်ပေးနေတဲ့အပြင် ဘုရားသခင်နဲ့စိမ်းကားရတဲ့ နာကျင်မှုကို အလူးအလဲ ခံစားခဲ့ရတယ်။ စိတ်နှလုံးကြေမွပြီး ရှက်လည်း ရှက်မိတဲ့အတွက် ဘုရားသခင်ဆီ ရင်ဖွင့်ဆုတောင်းပြီး ခွင့်လွှတ်မှုတောင်းခံခဲ့တယ်။ နောက်ပိုင်းမှာ ခရစ်ယာန်အကြီးအကဲတွေက မေတ္တာနဲ့ ကူညီပေးကြလို့ ဘုရားသခင်နဲ့ဆက်ဆံရေး ပြန်ကောင်းလာတယ်။ ဘုရားသခင်ကို ပြန်ဝတ်ပြုကိုးကွယ်ရလို့ ဝမ်းသာလိုက်တာ။ ဘုရားသခင်ကို ကြည်လင်တဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်နဲ့ ဝတ်ပြုကိုးကွယ်ခွင့်ရတာ၊ သန့်ရှင်းတဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းခွင့်ရတာကို ကျွန်မ အရမ်းတန်ဖိုးထားတယ်။

ကန့်သတ်ချက်တွေရှိပေမဲ့လည်း ပျော်ရွှင်

လွန်ခဲ့တဲ့ အနှစ် ၄၀ က ကြုံခဲ့ရတဲ့ မတော်တဆမှုကြောင့် နယ်လှည့်ဖျော်ဖြေရတဲ့ ဘဝအိပ်မက်က တစ်စစီ ပြိုကွဲသွားပြီး ဘီးတပ်ကုလားထိုင်မှာ နေရတဲ့ဘဝကို ကျွန်မရောက်ရှိသွားတယ်။ ဒါပေမဲ့ ကျွန်မဘဝ ရှုံးနိမ့်သွားသလိုမျိုး ၀မ်းနည်းတဲ့စိတ်၊ နောင်တရတဲ့စိတ်နဲ့ နောက်ကြောင်းပြန်မနေပါဘူး။ ဆက်ကပ်အဖွဲ့ထဲမှာ နေရတဲ့ဘဝက ပျော်ရွှင်ပြီး ပြီးပြည့်စုံမယ်ဆိုတဲ့ ကျွန်မရဲ့မျှော်လင့်ချက်က မတည်မြဲတဲ့အရာတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို ကျမ်းစာအမှန်တရားကြောင့် သိရှိလာခဲ့တယ်။ ဆက်ကပ်အဖွဲ့ထဲမှာ ဆက်အလုပ်လုပ်နေတဲ့ ကျွန်မရဲ့ လုပ်ဖော်ဆောင်ဖက်ဟောင်းတွေက သူတို့ရဲ့ဘဝမှာ စိတ်ထိခိုက်စရာတွေကို ဘယ်လိုခါးခါးသီးသီး တွေ့ကြုံခံစားနေရတာကို ကျွန်မ မျက်မြင်တွေ့ခဲ့ရတယ်။ ကျွန်မကျတော့ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်ရာကို တွေ့ရှိခဲ့ပါပြီ။ အဲဒါကတော့ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးပါပဲ။ ဒါကြောင့် ကျွန်မ အရမ်းကျေနပ်တယ်။ ဒီလိုကျေနပ်မှုမျိုးကို ဆက်ကပ်အဖွဲ့မှာ နေခဲ့တုန်းက တစ်ခါမှ မရရှိခဲ့ဖူးဘူး။

တခြားသူတွေလည်း ကျမ်းစာအမှန်တရားနဲ့ဆိုင်တဲ့ အသိပညာကိုဆည်းပူးပြီး သူတို့ရဲ့ဘဝကို မေတ္တာရှင်ဘုရားသခင် ယေဟောဝါဆီ အပ်နှံလိုက်ကြတာကို တွေ့ရတော့ ကျွန်မကြည်နူးရတယ်။ ၁၉၇၇ ခုနှစ်မှာ ကျွန်မ ကျမ်းစာစလေ့လာတုန်းက ဘူလ်ဂေးရီးယားနိုင်ငံမှာ ယေဟောဝါသက်သေတွေက လက်တစ်ဆုပ်စာပဲရှိတာ။ ကွန်မြူနစ်အစိုးရ ပြုတ်ကျသွားပြီးတဲ့နောက် ယေဟောဝါသက်သေတွေ ဦးဆုံးအကြိမ်အနေနဲ့ တရားဝင်မှတ်ပုံတင်တဲ့အချိန် ၁၉၉၁ ခုနှစ်အထိတောင် နိုင်ငံတစ်ဝန်းလုံးမှာ သက်သေခံအရေအတွက်က တစ်ရာတောင် မကျော်သေးဘူး။ လက်ရှိအချိန်မှာတော့ အများဆုံး ကြေညာသူအရေအတွက်က ၁,၈၀၀ လောက်အထိ တဖြည်းဖြည်း တိုးများလာတာကို တွေ့ရတာ တကယ်ပဲ ဝမ်းမြောက်မိတယ်။

ဘူလ်ဂေးရီးယားနိုင်ငံမှာ လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါသေးတယ်။ လူအတော်များများဟာ ကျမ်းစာအသိပညာ ရှာဖွေနေကြတယ်။ ဒါကို ၂၀၁၀ ပြည့်နှစ် ခရစ်တော်ရဲ့သေခြင်း သတိရအောက်မေ့ပွဲမှာ တက်ရောက်သူ အရေအတွက်က ထူးထူးခြားခြား ၃,၉၁၄ ယောက်ရှိတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဘူလ်ဂေးရီးယားနိုင်ငံမှာ ကြေညာသူ နည်းနည်းလေးနဲ့ အစပြုခဲ့တာကို ဘုရားသခင် ကောင်းချီးပေးနေတယ်ဆိုတဲ့ ဒီအထောက်အထားကို ကျွန်မ အလေးအနက် စဉ်းစားရင်း ပီတိဖြာမိတယ်။ ကျမ်းစာမှာ ကြိုပြောထားတဲ့အတိုင်း “အားနည်းသောသူတစ်ယောက်” က “အားကြီးသောလူမျိုး” ဖြစ်လာတာကို ကိုယ်တိုင်တွေ့ခဲ့ရတယ်။—ဟေရှာယ ၆၀:၂၂

ကျွန်မရဲ့ဘဝမှာ နောက်ထပ်ဝမ်းသာစရာတစ်ခုနဲ့ အမှတ်တရအဖြစ်ဆုံးကတော့ ၂၀၀၉၊ ဩဂုတ်လ၊ ဆိုဖီယာမြို့မှာကျင်းပတဲ့ “စောင့်နေကြလော့” ဆိုတဲ့ ခရိုင်စည်းဝေးကြီးမှာ ဘူလ်ဂေးရီးယားဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာကို ထုတ်ဝေလိုက်ခြင်းပါပဲ။ သမ္မာကျမ်းစာကို ကျွန်မရဲ့မိခင်ဘာသာစကားနဲ့ ထုတ်ဝေလိုက်တာဟာ အိပ်မက်တစ်ခုက တကယ်ဖြစ်လာတဲ့အတိုင်းပဲ။ ဘူလ်ဂေးရီးယားနိုင်ငံမှာ လူအတော်များများ ကျမ်းစာအမှန်တရားအသိပညာ ရရှိဖို့အတွက် ဒီကျမ်းစာက ထောက်ကူပေးလိမ့်မယ်ဆိုတာ သေချာပါတယ်။

မသန်မစွမ်းဖြစ်နေလို့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ တခြားသူတွေလောက် မပါဝင်နိုင်ပေမဲ့လည်း အိမ်နီးချင်းတွေနဲ့ အိမ်ကိုလာလည်တဲ့သူတွေကို ကျမ်းစာအမှန်တရား ဝေမျှရလို့ အရမ်းကို ကျေနပ်မိပါတယ်။ တစ်ခါက ကျွန်မ လသာဆောင်မှာရှိနေတုန်း အိမ်နီးချင်းတစ်ယောက် ဖြတ်သွားတာကိုတွေ့လို့ လှမ်းခေါ်လိုက်တယ်။ သူ့ကို အိမ်ထဲဝင်လာခိုင်းပြီး အားပေးမှုဖြစ်စေတဲ့ ကျမ်းစာအကြောင်းတွေ ဝေမျှပြီးတဲ့နောက် ကျမ်းစာသင်ဖို့ ကမ်းလှမ်းတဲ့အခါ သူက ချက်ချင်းပဲ လက်ခံလိုက်တယ်။ နောက်ပိုင်းမှာ သူ နှစ်ခြင်းခံလိုက်ပြီး ကျွန်မရဲ့ ခရစ်ယာန်ညီအစ်မတစ်ယောက် ဖြစ်လာတဲ့အခါ အတိုင်းမသိ ဝမ်းသာရတယ်။ လူလေးယောက်ကို ဘုရားသခင်ဆီ သူတို့ရဲ့ဘဝကို အပ်နှံတဲ့အထိ ကူညီပေးလိုက်ရတဲ့ အခွင့်ထူးကိုလည်း ကျွန်မခံစားခဲ့ရတယ်။

ကျွန်မရရှိတဲ့ ပျော်ရွှင်မှုနဲ့ အားပေးမှုတွေက ကျွန်မရဲ့ မိသားစုလိုဖြစ်လာတဲ့ ညီအစ်ကိုညီအစ်မ တစ်ရာကျော်ရှိတဲ့ အသင်းတော်မှာ အစည်းအဝေးတွေ မှန်မှန်တက်ခြင်းကနေ ရရှိတာဖြစ်နိုင်ပါတယ်။ အိုမင်းမစွမ်းတဲ့သူတွေအတွက် အထူးသယ်ယူပို့ဆောင်ပေးတဲ့ အစီအစဉ်မရှိတဲ့ နိုင်ငံမှာ နေထိုင်ရတယ်ဆိုတော့ အသင်းတော်အစည်းအဝေးတွေ သွားဖို့ဆိုတာ ကျွန်မအတွက် စိန်ခေါ်ချက်ပါပဲ။ ဒါပေမဲ့ ညီအစ်ကိုလေးတစ်ဦးက မေတ္တာနဲ့ကူညီပေးတဲ့အတွက် သူ့ကို အရမ်းကျေးဇူးတင်တယ်။ အစည်းအဝေးတိုင်းကို ကျွန်မတက်နိုင်အောင် သူ့ကားနဲ့ အကြိုအပို့လုပ်ပေးတယ်။ မေတ္တာရှိတဲ့ ခရစ်ယာန်မိသားစုအဝင် ဖြစ်ခွင့်ရလို့ ယေဟောဝါဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ။

နောက်ကြောင်းပြန်ကြည့်လိုက်ရင် ကျွန်မရဲ့ဘဝမှာ ဖြစ်ပျက်ခဲ့ရာတွေဟာ လူငယ်ဘဝတုန်းက မျှော်လင့်ခဲ့ရာနဲ့ တစ်ခြားစီ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့အတွက် လောလောဆယ်မှာ ပျော်ရွှင်မှုခံစားရသလို ထူးမြတ်တဲ့ အနာဂတ်မျှော်လင့်ချက်လည်း ရရှိခဲ့တယ်။ လာမယ့် ကမ္ဘာသစ်မှာ “ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်” ဆိုတဲ့ ဘုရားသခင့်ကတိတော်ကို ကျွန်မ ယုံကြည်စိတ်ချတယ်။ (ဟေရှာယ ၃၅:၆) ဘီးတပ်ကုလားထိုင်ကနေ ကျန်းကျန်းမာမာ၊ အားမာန်အပြည့်နဲ့ ကျွန်မ ထလာမယ့်နေ့ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ စောင့်မျှော်နေပါတယ်။

[စာမျက်နှာ ၃၀ ပါအကျဉ်းဖော်ပြချက်]

“ကျွန်မရရှိတဲ့ ပျော်ရွှင်မှုနဲ့ အားပေးမှုတွေက ခရစ်ယာန်အစည်းအဝေးတွေ မှန်မှန်တက်ရောက်ခြင်းကနေ ရလာတာဖြစ်”

[စာမျက်နှာ ၃၁ ပါအကျဉ်းဖော်ပြချက်]

“ကျွန်မရဲ့ဘဝမှာ အမှတ်တရအဖြစ်ဆုံးကတော့ ဘူလ်ဂေးရီးယားဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာကို ထုတ်ဝေလိုက်ခြင်းပါပဲ”

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

ကျွန်မအသက် ၁၅ နှစ်အရွယ်မှာ ကျွမ်းဘားသမားအဖြစ် အလုပ်လုပ်ခဲ့