မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူသားအားလုံးလိုအပ်တဲ့ သတင်းကောင်း

လူသားအားလုံးလိုအပ်တဲ့ သတင်းကောင်း

လူသားအားလုံးလိုအပ်တဲ့ သတင်းကောင်း

“သတင်းကောင်းသည် . . . ကယ်တင်သော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။”—ရော. ၁:၁၆

၁၊ ၂။ “ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်း” ကို သင်ဘာကြောင့် ကြေညာတာလဲ၊ အဲဒီအထဲက ဘယ်အကြောင်းကို သင်အလေးပေးပြောဆိုသလဲ။

‘နေ့ တိုင်းသတင်းကောင်းဟောပြောရတာ အရမ်းပျော်တယ်’ လို့ သင် စဉ်းစားဖူး၊ ပြောဖူးပါလိမ့်မယ်။ ယေဟောဝါကိုချစ်တဲ့ သက်သေတစ်ဦးအနေနဲ့ ဘုရားသခင့် ‘နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်း’ ကိုဟောပြောဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သင်သိတယ်။ ကျွန်ုပ်တို့လုပ်နေတဲ့ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပရောဖက်ပြုချက်ကို သင်အလွတ်ရွတ်ပြနိုင်ပါလိမ့်မယ်။—မ. ၂၄:၁၄

“ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်း” ကိုဟောပြောခြင်းက ယေရှုအစပြုခဲ့တဲ့အလုပ်ကို သင်ဆက်လုပ်နေခြင်းဖြစ်တယ်။ (လုကာ ၄:၄၃ ကိုဖတ်ပါ။) သင်အလေးပေးဟောပြောတဲ့အချက်တစ်ချက်က လူ့အရေးကိစ္စတွေမှာ ဘုရားသခင် ကြားဝင်တော့မယ်ဆိုတဲ့အချက်ဖြစ်မှာ သေချာတယ်။ မကြာခင် ဘုရားသခင်က “ကြီးစွာသောဒုက္ခ” မှာ အယူမှားဝတ်ပြုရေးကို သုတ်သင်ဖျက်ဆီးပြီး ဆိုးသွမ်းမှုကို ပယ်ရှားတော့မှာဖြစ်တယ်။ (မ. ၂၄:၂၁) ဘုရားသခင့်နိုင်ငံတော်က မြေကြီးကို ငြိမ်သက်မှု၊ ပျော်ရွှင်မှု လွှမ်းခြုံတဲ့ပရဒိသုဖြစ်စေတော့မယ်ဆိုတာကိုလည်း သင်ပြောပါလိမ့်မယ်။ အမှန်တော့ “ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်း” က “သင့်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးခံစားရလိမ့်မည်” လို့ အာဗြဟံကိုပြောခဲ့တဲ့ သတင်းကောင်းထဲက အပိုင်းတစ်ပိုင်းဖြစ်တယ်။—ဂလ. ၃:၈

၃။ ရောမကျမ်းမှာ တမန်တော်ပေါလုက သတင်းကောင်းကို အလေးပေးဖော်ပြတယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

လူသားတွေလိုအပ်တဲ့ သတင်းကောင်းထဲမှာ ပါဝင်တဲ့ အဓိကအချက်တစ်ချက်ကို ကျွန်ုပ်တို့ သတိမထားမိဘဲ ဖြစ်နေသလား။ ရောမအသင်းတော်ကိုရေးတဲ့စာမှာ မူရင်းဂရိကျမ်းအရ တမန်တော်ပေါလုက ဘုရားသခင့် “နိုင်ငံတော်” ဆိုတဲ့စကားလုံးကို တစ်ကြိမ်ပဲဖော်ပြပြီး “သတင်းကောင်း” ဆိုတဲ့အသုံးအနှုန်းကို ၁၂ ကြိမ်ဖော်ပြခဲ့တယ်။ (ရောမ ၁၄:၁၇ ကိုဖတ်ပါ။) သတင်းကောင်းထဲမှာပါဝင်တဲ့ ဘယ်အချက်ကို ဒီကျမ်းမှာ ပေါလု မကြာခဏဖော်ပြခဲ့သလဲ။ ဒါက ဘာကြောင့် သတင်းကောင်းနဲ့ဆက်စပ်တဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်သလဲ။ “ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်း” ကို ကျွန်ုပ်တို့ရဲ့ဒေသမှာ ကြေညာတဲ့အခါ ဘာကြောင့် ဒီအချက်ကို စိတ်ထဲထားသင့်သလဲ။—မာ. ၁:၁၄; ရော. ၁၅:၁၆; ၁ သက်. ၂:၂

ရောမခရစ်ယာန်တွေ သိဖို့လိုတဲ့အချက်

၄။ ရောမမြို့မှာ ပေါလုပထမအကြိမ် ထောင်ချခံရစဉ်က ဘယ်အကြောင်းအရာတွေကို ဟောပြောခဲ့သလဲ။

ရောမမြို့မှာ ပေါလု ပထမအကြိမ်ထောင်ချခံရစဉ် သူပြောခဲ့တဲ့အကြောင်းအရာတွေက မှတ်သားထိုက်ပါတယ်။ သူ့ဆီကို ဂျူးတွေ လာလည်ပတ်တဲ့အခါ သူက (၁) ‘ဘုရားသခင့်နိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ်သက်သေခံပြီး (၂) ယေရှုအကြောင်း သွေးဆောင်ပြီး ရှင်းလင်းဖော်ပြ’ ခဲ့တယ်လို့ ဖတ်ရတယ်။ ဘာရလဒ်ရခဲ့သလဲ။ “အချို့သည် ပေါလု၏စကားကို ယုံကြ၏။ အချို့မူကား မယုံကြ။” အဲဒီနောက်ပိုင်း ပေါလုက ‘လာရောက်သမျှသောသူတို့ကို လက်ခံကြိုဆိုပြီး (၁) ဘုရားသခင့်နိုင်ငံတော်အကြောင်း၊ (၂) သခင်ယေရှုခရစ်အကြောင်းတို့ကို ဟောပြောသွန်သင်လျက်’ နေတယ်။ (တ. ၂၈:၁၇၊ ၂၃-၃၁) ပေါလုက ဘုရားသခင့်နိုင်ငံတော်ကို အာရုံစိုက်တယ်ဆိုတာ ထင်ရှားတယ်။ ဒါပေမဲ့ နောက် ဘယ်အချက်ကိုလည်း သူ အလေးပေးပြောခဲ့သလဲ။ ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာ ကိုယ်တော့်ရည်ရွယ်ချက်ကို ဖော်ဆောင်ရာမှာ အဓိကကျတဲ့ ယေရှုရဲ့အခန်းကဏ္ဍဖြစ်တယ်။

၅။ ရောမကျမ်းမှာ ပေါလုက ဘယ်လိုအပ်ချက်အကြောင်း ပြောခဲ့သလဲ။

လူသားအားလုံးက ယေရှုကိုသိပြီး ယုံကြည်ဖို့လိုတယ်။ ရောမကျမ်းမှာ ပေါလု ဒီလိုအပ်ချက်ကို ဖော်ပြခဲ့တယ်။ အစပိုင်းမှာ ဘုရားသခင်နဲ့ပတ်သက်ပြီး ‘ငါသည် သားတော်နှင့်ဆိုင်သော သတင်းကောင်းကို စိတ်နှလုံးအကြွင်းမဲ့ ဟောပြောလျက် ငါဝတ်ပြုသော ဘုရားသခင်’ လို့ရေးခဲ့တယ်။ နောက် သူဒီလိုဆက်ပြောတယ်– “ငါသည် သတင်းကောင်းကြောင့် ရှက်ကြောက်ခြင်း မရှိ။ အကြောင်းမူကား ထိုသတင်းကောင်းသည် . . . ယုံကြည်သူတိုင်းကို ကယ်တင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်၏။” နောက်ပိုင်းမှာ “ဘုရားသခင်သည် ခရစ်တော်ယေရှုအားဖြင့် လူတို့၏လျှို့ဝှက်ချက်များကို စစ်ကြောစီရင်တော်မူသောနေ့၌ ငါဟောပြောသော သတင်းကောင်းနှင့်အညီ ထိုသို့စီရင်” မယ်ဆိုတာကို ပြောပြီး “ငါသည်ဂျေရုဆလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်များ၌ ခရစ်တော်၏သတင်းကောင်းကို စေ့စေ့စပ်စပ် ဟောပြောခဲ့ပြီ” လို့ပြန်ပြောပြခဲ့တယ်။ * (ရော. ၁:၉၊ ၁၆; ၂:၁၆; ၁၅:၁၉) ပေါလု ဘာကြောင့် ရောမမြို့သားတွေကို ယေရှုခရစ်အကြောင်း အလေးပေးပြောဆိုခဲ့တယ်လို့ သင်ထင်သလဲ။

၆၊ ၇။ ရောမအသင်းတော် ဘယ်လိုစတည်ထောင်ခဲ့သလဲ၊ အသင်းသားတချို့က ဘယ်သူတွေလဲ။

ရောမအသင်းတော် ဘယ်လို စတင်တည်ထောင်ခဲ့တယ်ဆိုတာ ကျွန်ုပ်တို့ မသိရဘူး။ စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာရောက်နေတဲ့ ဂျူးတွေ၊ ဒါမှမဟုတ် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဖြစ်ပြီး ရောမမြို့ကို ပြန်သွားခဲ့တာလား။ (တ. ၂:၁၀) ဒါမှမဟုတ် ခရစ်ယာန်နယ်လှည့်ကုန်သည်တွေ၊ ခရီးသွားလာသူတွေက ရောမမြို့မှာ အမှန်တရားအကြောင်း ဟောပြောခဲ့တာလား။ ဘယ်လိုပဲဖြစ်ပါစေ ဒီကျမ်းကိုရေးတဲ့ စီအီး ၅၆ ခန့်မှာတော့ အသင်းတော်တည်ထောင်ပြီးတာ အတော်ကြာနေပြီ။ (ရော. ၁:၈) ဒီအသင်းတော်မှာရှိတဲ့လူတွေက ဘယ်လိုနောက်ခံတွေရှိသလဲ။

တချို့ကတော့ ဂျူးနောက်ခံတွေဖြစ်တယ်။ ပေါလုက နှုတ်ခွန်းဆက်စကားမှာ အန္ဒြောနိတ်နဲ့ ယုနိကို ဂျူးအမျိုးသားချင်းလို့ အဓိပ္ပာယ်ရှိနိုင်တဲ့ “ငါ၏အမျိုး” လို့ပြောခဲ့တယ်။ တဲရှင်ချုပ်တဲ့ အာကုလနဲ့ သူ့ဇနီးပြစ်ကိလလည်း ဂျူးတွေပဲ။ (ရော. ၄:၁; ၉:၃၊ ၄; ၁၆:၃၊ ၇; တ. ၁၈:၂) ဒါပေမဲ့ ပေါလု နှုတ်ခွန်းဆက်ခဲ့တဲ့ ညီအစ်ကိုညီအစ်မ အတော်များများကတော့ လူမျိုးခြားတွေ ဖြစ်ပုံရတယ်။ တချို့က “ကဲသာ၏နန်းတော်” မှာအမှုထမ်းသူတွေဖြစ်ပြီး ကဲသာရဲ့ကျွန်တွေ၊ နန်းတွင်းအရာရှိငယ်တွေဖြစ်နိုင်တယ်။—ဖိ. ၄:၂၂; ရော. ၁:၅၊ ၆; ၁၁:၁၃

၈။ ရောမမြို့သားတွေ ဘယ်လိုအပ်ချက်ရှိနေသလဲ။

နောက်ခံဘယ်လိုပဲရှိပါစေ ရောမမှာရှိတဲ့ ခရစ်ယာန်တွေက ကျွန်ုပ်တို့အားလုံးလိုပဲ ဝမ်းနည်းဖွယ်အခြေအနေမှာ ရှိနေတယ်။ ဒီအချက်ကို ပေါလု ဒီလို ပြောခဲ့တယ်– ‘လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ တန်ခိုးတော်ကို မမီကြ။’ (ရော. ၃:၂၃) ရှင်းနေတာက ပေါလုရဲ့စာကို ဖတ်သူအားလုံးက မိမိတို့ဟာ အပြစ်သားတွေဖြစ်တယ်ဆိုတာ အသိအမှတ်ပြုဖို့လိုပြီး အဲဒီအခြေအနေကနေ လွတ်မြောက်ဖို့ ဘုရားသခင့်ပြင်ဆင်ပေးချက်ကို ယုံကြည်ရမှာဖြစ်တယ်။

အပြစ်သားဖြစ်ကြောင်း သိမှတ်ရန်လို

၉။ သတင်းကောင်းက ဘာအကျိုးဖြစ်စေနိုင်တယ်လို့ ပေါလုဖော်ပြခဲ့သလဲ။

ရောမကျမ်းအစပိုင်းမှာ ပေါလုက သတင်းကောင်းကနေ တကယ်ကောင်းတဲ့ အကျိုးရလဒ်ရမယ်ဆိုတာကို ဒီလိုထောက်ပြခဲ့တယ်– “ငါသည် သတင်းကောင်းကြောင့် ရှက်ကြောက်ခြင်း မရှိ။ အကြောင်းမူကား ထိုသတင်းကောင်းသည် ဦးစွာ ဂျူးလူမျိုး၊ ထို့နောက် ဂရိလူမျိုးတွင် [ဂျူးလူမျိုးမဟုတ်သော] ယုံကြည်သူတိုင်းကို ကယ်တင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်၏။” မှန်ပါတယ်၊ သတင်းကောင်းက ကယ်တင်ခြင်းရစေနိုင်တဲ့အရာဖြစ်တယ်။ ဒါပေမဲ့ ယုံကြည်ခြင်းရှိဖို့လိုတယ်၊ ဟဗက္ကုတ် ၂:၄ ပါအမှန်တရားအရ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” လို့ ပေါလု ဖော်ပြခဲ့တယ်။ (ရော. ၁:၁၆၊ ၁၇; ဂလ. ၃:၁၁; ဟေဗြဲ ၁၀:၃၈) ဒါပေမဲ့ ကယ်တင်ခြင်းရစေနိုင်တဲ့ ဒီသတင်းကောင်းက “လူအပေါင်းတို့သည် ပြစ်မှား” ကြတယ်ဆိုတဲ့အချက်နဲ့ ဘယ်လိုဆက်စပ်သလဲ။

၁၀၊ ၁၁။ ရောမ ၃:၂၃ မှာပါတဲ့အချက်က ဘာကြောင့် တချို့သူတွေအတွက် မဆန်းပေမဲ့ တချို့သူတွေအတွက်ကျတော့ နားမလည်နိုင်တဲ့အရာဖြစ်သလဲ။

၁၀ လူတစ်ဦးက အသက်ရစေတဲ့ယုံကြည်ခြင်း မတင်ပြမီ မိမိဟာ အပြစ်သားဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရမယ်။ ဘုရားသခင်ကိုယုံကြည်ပြီး ကြီးပြင်းလာသူ၊ ကျမ်းစာနဲ့ထိတွေ့ဖူးသူတစ်ဦးအတွက် ဒီအယူအဆက မစိမ်းဘူး။ (ဒေ. ၇:၂၀ ကိုဖတ်ပါ။) ဒီအဆိုကို သူတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အနည်းဆုံးတော့ “လူအပေါင်းတို့သည် ပြစ်မှား” ကြပြီလို့ ပေါလုပြောတဲ့အခါ ဘာကိုဆိုလိုတယ်ဆိုတာ သူတို့သိကြတယ်။ (ရော. ၃:၂၃) ဒါပေမဲ့ ခရစ်ယာန်ဓမ္မအမှုမှာပါဝင်တဲ့အခါ ဒီအဆိုကို နားမလည်တဲ့သူများစွာနဲ့ တွေ့ရနိုင်တယ်။

၁၁ နိုင်ငံတချို့မှာ လူတွေက မိမိတို့ဟာ အပြစ်ကိုအမွေခံပြီး အပြစ်သားတစ်ဦးအဖြစ် မွေးဖွားလာတယ်ဆိုတာ မယုံကြည်ကြဘူး။ သူအမှားတွေလုပ်တတ်တယ်၊ နှစ်သက်ဖွယ်မကောင်းတဲ့ အကျင့်စရိုက်တွေရှိတယ်၊ မကောင်းမှုတချို့ကို လုပ်ခဲ့မိတယ်ဆိုတာကိုတော့ သူသိတယ်။ တခြားသူတွေလည်း ဒီလိုပဲဆိုတာ သူတွေ့တယ်။ ဒါပေမဲ့ သူ့ရဲ့ကြီးပြင်းလာပုံနောက်ခံကြောင့် သူနဲ့ တခြားသူတွေ ဘာကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာ သူနားမလည်ဘူး။ တကယ်တော့ တချို့ဘာသာစကားမှာ အပြစ်သားလို့ပြောရင် ရာဇဝတ်မှုကျူးလွန်သူ၊ ဥပဒေချိုးဖောက်သူလို့ ယူမှတ်သွားနိုင်တယ်။ ဒီလိုအသိုင်းအဝိုင်းမှာ ကြီးပြင်းလာသူတစ်ဦးအဖို့ မိမိက ပေါလုပြောတဲ့အဓိပ္ပာယ်နဲ့ အပြစ်သားဖြစ်တယ်ဆိုတာ သိမှာမဟုတ်ဘူး။

၁၂။ လူအားလုံး အပြစ်သားတွေဖြစ်တယ်ဆိုတာကို လူများစွာ ဘာကြောင့် မယုံကြသလဲ။

၁၂ ခရစ်ယာန်နိုင်ငံတွေမှာတောင် လူတွေဟာ အပြစ်သားတွေဖြစ်တယ်ဆိုတဲ့ အယူအဆကို လူအများက မယုံကြည်ကြဘူး။ ဘာကြောင့်လဲ။ သူတို့က ရံဖန်ရံခါ ချာ့ခ်ျသွားတက်ပေမဲ့ အာဒံ၊ ဧဝအကြောင်း ကျမ်းစာမှတ်တမ်းကို ယုံတမ်းစကား၊ ပုံပြင်လို့ပဲ ယူမှတ်ကြတယ်။ တခြားသူတွေကျပြန်တော့ ဘာသာတရားမရှိတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာကြတယ်။ သူတို့က ဘုရားသခင်ရှိတယ်ဆိုတာ မယုံကြည်တဲ့အတွက် ဘုရားသခင်က လူသားတွေအတွက် ကိုယ်ကျင့်တရားစံနှုန်းတွေ ချမှတ်ပေးတယ်ဆိုတာနဲ့ အဲဒီစံနှုန်းတွေကို မလိုက်လျှောက်တာက အပြစ်ဖြစ်တယ်ဆိုတာ သူတို့ နားမလည်ကြဘူး။ သူတို့တွေက “မျှော်လင့်ချက်မရှိဘဲ” ‘လောကတွင် ဘုရားသခင်မဲ့လျက်နေ’ တယ်လို့ ပေါလုပြောခဲ့တဲ့ ပထမရာစုကလူတွေနဲ့တူတယ်။—ဧ. ၂:၁၂

၁၃၊ ၁၄။ (က) လူသားတွေဟာ အပြစ်သားဖြစ်တယ်ဆိုတဲ့အချက်နဲ့ ဘုရားသခင်ကို မယုံကြည်တဲ့သူတွေ ဆင်ခြေပေးလို့မရတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။ (ခ) ယုံကြည်ခြင်းကင်းမဲ့ခြင်းက ဘယ်လိုဖြစ်စေသလဲ။

၁၃ အဲဒီအချိန်ကလူတွေရော အခုအချိန်မှာရှိတဲ့သူတွေပါ မိမိတို့ရဲ့နောက်ခံကြောင့်ဆိုပြီး လူသားတွေဟာ အပြစ်သားဖြစ်တယ်ဆိုတဲ့အချက်ကို မယုံကြည်ကြောင်း ဆင်ခြေပေးလို့မရတဲ့ အကြောင်းရင်းနှစ်ခုကို ပေါလုက ရောမကျမ်းမှာ ဖော်ပြထားတယ်။ ပထမအကြောင်းရင်းက ဘုရားသခင်တည်ရှိတယ်ဆိုတာကို ဖန်ဆင်းရာတွေက သက်သေထူတယ်။ (ရောမ ၁:၁၉၊ ၂၀ ကိုဖတ်ပါ။) ဒီအချက်က ရောမကနေ ဟေဗြဲခရစ်ယာန်တွေထံရေးတဲ့ ပေါလုရဲ့စာမှာပါတဲ့အချက်နဲ့ ကိုက်ညီတယ်– “အိမ်မည်သည်ကား တစ်စုံတစ်ဦး တည်ဆောက်သောကြောင့် ဖြစ်၏။ အရာခပ်သိမ်းကို တည်ဆောက်သောသူမူကား ဘုရားသခင်ဖြစ်တော်မူ၏။” (ဟေဗြဲ ၃:၄) သူ့ရဲ့ကျိုးကြောင်းဆင်ခြင်ပုံက စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းခဲ့တဲ့ ဒါမှမဟုတ် တည်ရှိစေခဲ့တဲ့ ဖန်ဆင်းရှင်တစ်ပါးရှိတယ်ဆိုတာ ဖော်ပြတယ်။

၁၄ ဒါကြောင့် ရှေးအစ္စရေးလူမျိုးအပါအဝင် သက်မဲ့ရုပ်ပုံတွေကိုဝတ်ပြုတဲ့ ဘယ်သူမဆို “ဆင်ခြေ” ပေးလို့မရဘူးလို့ ရောမကျမ်းမှာ ပေါလု ဖော်ပြတဲ့အခါ သူ့မှာခိုင်လုံတဲ့အကြောင်းပြချက်ရှိခဲ့တယ်။ အလားတူပဲ၊ ဖိုမသဘာဝနဲ့ဆန့်ကျင်တဲ့ အကျင့်ပျက်လိင်ဆိုင်ရာအမူအကျင့်တွေကို ပြုကျင့်တဲ့သူတွေလည်း ဆင်ခြေပေးလို့မရဘူး။ (ရော. ၁:၂၂-၂၇) ပေါလု မှန်ကန်စွာ ကောက်ချက်ချခဲ့သလိုပဲ “ဂျူးလူမျိုး၊ ဂရိ [ဂျူးလူမျိုးမဟုတ်တဲ့] လူမျိုးအပေါင်းတို့သည် အပြစ်တရားအောက်၌ရှိ” ကြတယ်။—ရော. ၃:၉

အပြစ်ရှိကြောင်း “သက်သေခံ”

၁၅။ လူတွေမှာ ဘာရှိသလဲ၊ ဒါက ဘာအကျိုးသက်ရောက်သလဲ။

၁၅ လူသားတွေက အပြစ်သားတွေဖြစ်တယ်၊ အဲဒီအခြေအနေကနေ လွတ်မြောက်ဖို့နည်းလမ်းတစ်ခုလိုတယ်ဆိုတာ အသိအမှတ်ပြုသင့်တဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကို ရောမကျမ်းမှာ ပေါလု ဖော်ပြခဲ့တယ်။ ရှေးအစ္စရေးလူမျိုးကို ဘုရားသခင်ပေးခဲ့တဲ့ပညတ်နဲ့ပတ်သက်ပြီး ပေါလု ဒီလိုရေးခဲ့တယ်– “ပညတ်တရားကိုသိလျက်နှင့် ပြစ်မှားသူအပေါင်းတို့မူကား ပညတ်တရားအတိုင်း စီရင်ခံရလိမ့်မည်။” (ရော. ၂:၁၂) သူ ဆက်ပြီးကျိုးကြောင်းဆင်ခြင်တဲ့အခါ ပညတ်တရားကိုမသိတဲ့လူမျိုးခြားတွေတောင် “သဘာဝအလျောက် ပညတ်တရား၏မူများကိုပြုကျင့်” ကြတယ်ဆိုတဲ့အချက်ကို ထောက်ပြထားတယ်။ အဲဒီလူတွေက သွေးနီးသူချင်းအိမ်ထောင်ပြုတာ၊ လူ့အသက်သတ်တာ၊ ခိုးတာတွေကို ဘာကြောင့် တားမြစ်ကြသလဲ။ အကြောင်းရင်းကတော့ သူတို့မှာ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ရှိတဲ့အတွက်ဖြစ်တယ်လို့ ပေါလု ဖော်ပြခဲ့တယ်။—ရောမ ၂:၁၄၊ ၁၅ ကိုဖတ်ပါ။

၁၆။ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ရှိရုံနဲ့ အပြစ်မလုပ်ဘူးလို့ ဘာကြောင့်မပြောနိုင်သလဲ။

၁၆ ဒါပေမဲ့ ကိုယ်အတွင်းမှာ မှားတယ်မှန်တယ်ဆိုတာ သက်သေခံပေးတဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ရှိပြီး အဲဒါရဲ့လမ်းညွှန်ချက်အတိုင်း မလုပ်ဆောင်တာကို သင် တွေ့ဖူးပါလိမ့်မယ်။ ရှေးအစ္စရေးလူမျိုးရဲ့အဖြစ်မှာ ဒီအချက်ကို တွေ့နိုင်တယ်။ အစ္စရေးလူမျိုးမှာ ဘုရားသခင်ပေးတဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်နဲ့ ခိုးမှု၊ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ပတ်သက်ပြီး တိကျတဲ့ပညတ်တွေရှိပေမဲ့ သူတို့က မကြာခဏဆိုသလို ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကိုဆန့်ကျင်ပြီး ပညတ်တရားကို ချိုးဖောက်ခဲ့ကြတယ်။ (ရော. ၂:၂၁-၂၃) သူတို့တွေဟာ နှစ်ဆသောပြစ်ဒဏ်ခံထိုက်သူတွေဖြစ်တယ်၊ အမှန်ပါပဲ ဘုရားသခင့်စံနှုန်းတွေနဲ့ အလိုတော်ကို မလိုက်နာတဲ့ အပြစ်သားတွေဖြစ်တယ်။ ဒါက ဖန်ဆင်းရှင်နဲ့သူတို့ရဲ့ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေခဲ့တယ်။—ဝတ်. ၁၉:၁၁; ၂၀:၁၀; ရော. ၃:၂၀

၁၇။ ရောမကျမ်းမှာ ဘယ်အားရှိစရာအချက်တစ်ချက်ကို တွေ့ရသလဲ။

၁၇ ရောမကျမ်းကနေ သိခဲ့ရတဲ့အတိုင်း ကျွန်ုပ်တို့အပါအဝင် လူသားအားလုံးက အတိုင်းအဆမဲ့တန်ခိုးရှင်ရှေ့ မနှစ်မြို့ဖွယ်အခြေအနေမှာ ရှိနေပုံရတယ်။ ဒါပေမဲ့ ပေါလုက အကြောင်းအရာကို ဒီမှာတင် ရပ်မထားဘူး။ ဆာလံ ၃၂:၁၊ ၂ မှာပါတဲ့ ဒါဝိဒ်ရဲ့စကားတွေကို ကိုးကားပြီး သူ ဒီလိုရေးခဲ့တယ်– ‘အပြစ်ဖြေလွှတ်ခြင်း၊ အပြစ်ဖုံးအုပ်ခြင်း ခံရသူတို့သည် ပျော်ရွှင်ကြ၏။ အပြစ်ရှိသည်ဟု ယေဟောဝါ ယူမှတ်တော်မူခြင်း မခံရသူသည် ပျော်ရွှင်၏။’ (ရော. ၄:၇၊ ၈) ဒီကျမ်းချက်မှာပြောသလို ဘုရားသခင်က မိမိရဲ့ဖြောင့်မတ်တဲ့စံနှုန်းတွေကို မချိုးဖောက်ဘဲ အပြစ်တွေကိုခွင့်လွှတ်ဖို့ နည်းလမ်းတစ်ခုစီစဉ်ပေးထားတယ်။

ယေရှုပေါ်အခြေပြုတဲ့ သတင်းကောင်း

၁၈၊ ၁၉။ (က) ရောမကျမ်းမှာ ပေါလုက သတင်းကောင်းရဲ့ ဘယ်အပိုင်းကို အလေးပေးဖော်ပြခဲ့သလဲ။ (ခ) ဘုရားသခင့်နိုင်ငံတော်ကောင်းချီးတွေကိုခံစားရဖို့ ဘာကို အသိအမှတ်ပြုရမလဲ။

၁၈ ယေဟောဝါပြုလုပ်ပေးတဲ့ ဒီအစီအစဉ်ကို စဉ်းစားတဲ့အခါ “ဒါ တကယ့်သတင်းကောင်းပဲ” လို့ သင် ပြောမိပါလိမ့်မယ်။ ဒီစကားကြောင့် ဆောင်းပါးရဲ့အစပိုင်းမှာ ဖော်ပြခဲ့တဲ့ သတင်းကောင်းမှာပါတဲ့အချက်တစ်ချက်ကို ပြန်သတိရစေတယ်။ အဲဒီမှာ ပေါလုက ‘ငါသည် သတင်းကောင်းကြောင့် ရှက်ကြောက်ခြင်း မရှိ။ အကြောင်းမူကား ထိုသတင်းကောင်းသည် ကယ်တင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်၏’ လို့ရေးခဲ့တယ်။—ရော. ၁:၁၅၊ ၁၆

၁၉ ဒီသတင်းကောင်းက ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံရေးမှာပါဝင်တဲ့ ယေရှုရဲ့အခန်းကဏ္ဍပေါ် အခြေပြုတယ်။ သတင်းကောင်းနဲ့အညီ ပေါလုမျှော်လင့်ခဲ့တာက ‘ဘုရားသခင်သည် ခရစ်တော်ယေရှုအားဖြင့် လူတို့၏လျှို့ဝှက်ချက်များကို စစ်ကြောစီရင်တော်မူသောနေ့’ ဖြစ်တယ်။ (ရော. ၂:၁၆) ဒီလိုပြောလိုက်လို့ “ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံတော်” ဒါမှမဟုတ် ဘုရားသခင့်နိုင်ငံတော်အားဖြင့် လုပ်ဆောင်ပေးမယ့်အရာတွေကို လျှော့ပေါ့ပြောတာမဟုတ်ဘူး။ (ဧ. ၅:၅) ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် ကျွန်ုပ်တို့ အသက်ရှင်ပြီး ကောင်းချီးတွေခံစားရဖို့ (၁) ဘုရားသခင်ရှေ့ ကျွန်ုပ်တို့ရဲ့ အပြစ်ရှိအနေအထားကို အသိအမှတ်ပြုရမယ်၊ (၂) ကျွန်ုပ်တို့ရဲ့ အပြစ်တွေခွင့်လွှတ်ခံရဖို့ ယေရှုခရစ်ကိုယုံကြည်ကြောင်း တင်ပြရမယ်လို့ သူပြောခဲ့တယ်။ လူတစ်ဦးဟာ ဘုရားသခင့်ရည်ရွယ်ချက်မှာပါတဲ့ အဲဒီအပိုင်းတွေကို သဘောပေါက်လက်ခံပြီး ဒါတွေက အနာဂတ်မျှော်လင့်ချက်ရှိစေတယ်ဆိုတာ သိမြင်လာတဲ့အခါ “ဒါ တကယ့်သတင်းကောင်းပဲ” လို့ မှန်ကန်စွာ ပြောနိုင်ပါလိမ့်မယ်။

၂၀၊ ၂၁။ ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်တဲ့အခါ ရောမကျမ်းမှာအလေးပေးဖော်ပြထားတဲ့ သတင်းကောင်းကို ဘာကြောင့် စိတ်စွဲမှတ်ထားသင့်သလဲ၊ ဘာရလဒ်ရနိုင်သလဲ။

၂၀ ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်ုပ်တို့ပါဝင်တဲ့အခါ သတင်းကောင်းရဲ့ဒီအပိုင်းကို အသေအချာစိတ်စွဲမှတ်ထားသင့်တယ်။ ယေရှုနဲ့ပတ်သက်ပြီး ပေါလုက ဟေရှာယရဲ့စကားတွေကို ကိုးကားပြီး ဒီလိုပြောခဲ့တယ်– “ကိုယ်တော်ကို ယုံကြည်သောသူမည်သည်ကား စိတ်ပျက်ရလိမ့်မည်မဟုတ်။” (ရော. ၁၀:၁၁; ဟေရှာ. ၂၈:၁၆) အပြစ်တရားနဲ့ပတ်သက်ပြီး ကျမ်းစာရှင်းပြချက်ကို သိထားသူတွေအတွက်တော့ ယေရှုနဲ့ပတ်သက်တဲ့အခြေခံအချက်အလက်တွေက မထူးဆန်းဘူး။ ဒါပေမဲ့ တခြားသူတွေအတွက်တော့ လုံးဝမကြားဖူးတဲ့အရာ၊ ယဉ်ကျေးမှုအရ အများစုလက်မခံနိုင်တဲ့အရာ ဖြစ်နေပါလိမ့်မယ်။ အဲဒီလိုလူတွေ ဘုရားသခင်နဲ့ သမ္မာကျမ်းစာကို သက်ဝင်ယုံကြည်လာတဲ့အခါ ယေရှုရဲ့အခန်းကဏ္ဍကို ရှင်းပြပေးဖို့လိုတယ်။ ရောမအခန်းကြီး ၅ မှာပါတဲ့ ဒီအချက်ကို နောက်ဆောင်းပါးမှာ ဆွေးနွေးမယ်။ ဒီလေ့လာမှုက သင့်ခရစ်ယာန်ဓမ္မအမှုအတွက် တကယ်အကျိုးရှိတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

၂၁ ရောမကျမ်းမှာ ထပ်ခါတလဲဖော်ပြထားပြီး ‘ယုံကြည်သူတိုင်းကို ကယ်တင်သော ဘုရားသခင်၏တန်ခိုးတော်ဖြစ်တဲ့ ဒီသတင်းကောင်း’ ကို စိတ်နှလုံးရိုးဖြောင့်သူတွေသိစေဖို့ ကူညီပေးတာက တကယ့်ကိုအကျိုးရှိပါတယ်။ (ရော. ၁:၁၆) ဒါ့အပြင် “သတင်းကောင်းကို ပြောကြားသောသူတို့၏ ခြေများသည် အလွန်တင့်တယ်လှပေ၏” လို့ ရောမ ၁၀:၁၅ မှာ ပေါလုပြောခဲ့တဲ့စကားကို တခြားသူတွေ သဘောတူလက်ခံလာတာကိုလည်း ကျွန်ုပ်တို့ မြင်တွေ့ရပါလိမ့်မယ်။—ဟေရှာ. ၅၂:၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 အလားတူအသုံးအနှုန်းတွေကို တခြားကျမ်းစောင်တွေမှာလည်း တွေ့နိုင်တယ်။—မာ. ၁:၁; တ. ၅:၄၂; ၁ ကော. ၉:၁၂; ဖိ. ၁:၂၇

သင် မှတ်မိသလား

• ရောမကျမ်းမှာ သတင်းကောင်းရဲ့ဘယ်အချက်ကို အလေးပေးဖော်ပြသလဲ။

• ဘယ်အချက်ကို တခြားသူတွေနားလည်ဖို့ ကျွန်ုပ်တို့ ကူညီပေးဖို့လိုသလဲ။

• ကျွန်ုပ်တို့နဲ့ တခြားသူတွေအတွက် “ခရစ်တော်၏သတင်းကောင်း” က ဘယ်လိုနည်းနဲ့ ကောင်းချီးဖြစ်စေနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါအကျဉ်းဖော်ပြချက်]

ရောမကျမ်းမှာအလေးပေးဖော်ပြတဲ့ သတင်းကောင်းမှာ ဘုရားသခင့်ရည်ရွယ်ချက်ဖော်ဆောင်ရာမှာ အဓိကကျတဲ့ ယေရှုရဲ့အခန်းကဏ္ဍပါဝင်

[စာမျက်နှာ ၉ ပါရုပ်ပုံ]

ကျွန်ုပ်တို့အားလုံးက အပြစ်ကိုအမွေခံပြီး မွေးဖွားလာခဲ့