မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင်တို့တွင် ကြိုးစားအားထုတ်သောသူတို့ကို လေးစားကြပါ’

‘သင်တို့တွင် ကြိုးစားအားထုတ်သောသူတို့ကို လေးစားကြပါ’

‘သင်တို့တွင် ကြိုးစားအားထုတ်သောသူတို့ကို လေးစားကြပါ’

‘သင်တို့တွင် ကြိုးစားအားထုတ်သောသူတို့ကိုလည်းကောင်း၊ သခင်၏အမှုတော်တွင် သင်တို့အား ဦးစီးသောသူတို့ကိုလည်းကောင်း၊ သင်တို့အား သတိပေးဆုံးမသောသူတို့ကိုလည်းကောင်း လေးစားကြပါ။’—၁ သက်. ၅:၁၂

၁၊ ၂။ (က) ပေါလု သူ့ရဲ့ပထမစာကိုရေးတဲ့အချိန်မှာ သက်သာလောနိတ်အသင်းတော်ရဲ့ အခြေအနေ ဘယ်လိုရှိခဲ့သလဲ။ (ခ) ပေါလုက သက်သာလောနိတ်အသင်းသားတွေကို ဘာလုပ်ဖို့ အားပေးခဲ့သလဲ။

သင်​က ဥရောပမှာ အစောဆုံးတည်ထောင်ခဲ့တဲ့ အသင်းတော်တွေထဲက တစ်ခုဖြစ်တဲ့ ပထမရာစု သက်သာလောနိတ်အသင်းတော်ရဲ့ အသင်းသားတစ်ဦးဖြစ်တယ်ဆိုပါစို့။ တမန်တော်ပေါလုက အဲဒီမှာရှိတဲ့ ညီအစ်ကိုတွေကို တည်ဆောက်အားပေးဖို့ အချိန်အတော်အတန် အသုံးပြုခဲ့တယ်။ တခြားအသင်းတော်တွေမှာလိုပဲ သက်သာလောနိတ်အသင်းတော်ကို ဦးဆောင်ဖို့ အသက်ကြီးသူတွေကို သူခန့်အပ်ခဲ့မှာဖြစ်တယ်။ (တ. ၁၄:၂၃) ဒါပေမဲ့ အသင်းတော်တည်ထောင်ပြီးတဲ့အခါ ဂျူးတွေက အုပ်စုဖွဲ့ပြီး ပေါလုနဲ့သိလကို မြို့ထဲက နှင်ထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါနဲ့ ညီအစ်ကိုတွေက ပေါလုနဲ့ သိလကို ဗေရိမြို့ကို သွားခိုင်းလိုက်တယ်။ ကျန်ခဲ့တဲ့ ခရစ်ယာန်တွေက ပစ်ထားခံရတယ်လို့ခံစားရနိုင်ပြီး ကြောက်စိတ်တောင် ဝင်လာနိုင်တယ်။

သက်သာလောနိတ်မြို့ကနေ ထွက်လာပြီးနောက် တည်ထောင်ခါစ အသင်းတော်အတွက် ပေါလု စိုးရိမ်တာကို နားလည်နိုင်ပါတယ်။ သူပြန်သွားဖို့ကြိုးစားပေမဲ့ သူ့လမ်းကြောင်းကို “စာတန်ပိတ်ဆို့ခဲ့” တယ်။ ဒါကြောင့် အသင်းတော်ကို အားပေးဖို့ တိမောသေကို လွှတ်လိုက်တယ်။ (၁ သက်. ၂:၁၈; ၃:၂) တိမောသေဆီကနေ သတင်းကောင်းကြားရလို့ သက်သာလောနိတ်အသင်းတော်ကို ပေါလု စာရေးချင်စိတ် ပေါ်လာတယ်။ တခြားအကြောင်းအရာတွေအပါအဝင် ‘ဦးစီးသောသူတို့ကို လေးစားကြ’ ဖို့ သူ အားပေးခဲ့တယ်။—၁ သက်သာလောနိတ် ၅:၁၂၊ ၁၃ ကိုဖတ်ပါ။

၃။ သက်သာလောနိတ်ခရစ်ယာန်တွေက အသက်ကြီးသူတွေကို သာ၍ရိုသေလေးစားဖို့ ဘယ်အကြောင်းရင်းရှိခဲ့သလဲ။

သက်သာလောနိတ်ခရစ်ယာန်တွေကို ဦးဆောင်နေတဲ့ညီအစ်ကိုတွေက ပေါလုနဲ့ သူ့ရဲ့နယ်လှည့်အဖော်တွေလို အတွေ့အကြုံမရှိကြဘူး၊ ဂျေရုဆလင်မှာရှိတဲ့အကြီးအကဲတွေလောက်လည်း သက်တမ်းမကြာသေးဘူး။ အသင်းတော်တည်ထောင်တာလည်း တစ်နှစ်မပြည့်သေးဘူး။ ဒါပေမဲ့ အသင်းတော်မှာရှိတဲ့သူတွေက အသင်းတော်အတွက် “ကြိုးစားအားထုတ်သောသူတို့၊” “ဦးစီးသောသူတို့” နဲ့ ညီအစ်ကိုတွေကို “သတိပေးဆုံးမသောသူတို့” ဖြစ်တဲ့ အသက်ကြီးသူတွေကို ကျေးဇူးတင်လေးမြတ်ဖို့ အကြောင်းရှိတယ်။ အမှန်ပါပဲ၊ သူတို့မှာ အကြီးအကဲတွေကို “ချစ်ခြင်းမေတ္တာဖြင့် သာ၍ရိုသေလေးစားရန်” အကြောင်းကောင်းရှိတယ်။ “အချင်းချင်းသင့်မြတ်စွာနေကြလော့” လို့ ပေါလု ဆက်တိုက်တွန်းခဲ့တယ်။ သင် သက်သာလောနိတ်မြို့မှာရှိတယ်ဆိုရင် အကြီးအကဲတွေရဲ့လုပ်ဆောင်မှုတွေကို တကယ် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြမလား။ သင့်အသင်းတော်အတွက် ခရစ်တော်ကတစ်ဆင့် ဘုရားသခင်ပြင်ဆင်ပေးတဲ့ “လူ့အသွင်ဆုများ” ကို သင်ဘယ်လို ရှုမြင်သလဲ။—ဧ. ၄:၈

“ကြိုးစားအားထုတ်သောသူတို့”

၄၊ ၅။ ပေါလုအချိန်မှာရှိတဲ့ အသက်ကြီးသူတွေက အသင်းတော်ကိုသွန်သင်ဖို့ ဘာကြောင့် ကြိုးစားအားထုတ်ဖို့ လိုသလဲ၊ ယနေ့လည်း ဘာကြောင့် အလားတူ လုပ်ဆောင်ကြသလဲ။

ပေါလုနဲ့သိလကို ဗေရိမြို့သို့ စေလွှတ်ပြီးတဲ့နောက် သက်သာလောနိတ်မှာရှိတဲ့ အသက်ကြီးသူတွေ ဘယ်လို “ကြိုးစားအားထုတ်” ခဲ့ကြသလဲ။ ပေါလုလိုပဲ ကျမ်းစာသုံးပြီး အသင်းတော်ကို သွန်သင်မှာသေချာတယ်။ ‘သက်သာလောနိတ်ခရစ်ယာန်တွေက ဘုရားသခင့်တရားစကားကို လေးမြတ်ကြပါ့မလား’ လို့ သင်စဉ်းစားမိနိုင်တယ်။ ကျမ်းစာကလည်း ဗေရိမြို့သားတွေက ‘သက်သာလောနိတ်မြို့သားတို့ထက် စိတ်ထားမြင့်မြတ်သဖြင့် နေ့စဉ်နေ့တိုင်း ကျမ်းစာကို စေ့စေ့ဆန်းစစ်ကြ၏’ လို့ပြောတယ်။ (တ. ၁၇:၁၁) ဒါပေမဲ့ ဒါက ခရစ်ယာန်တွေကိုပြောတာမဟုတ်ဘဲ သက်သာလောနိတ်မြို့ကဂျူးတွေကို ပြောတာဖြစ်တယ်။ ခရစ်ယာန်ဖြစ်လာသူတွေက ‘တရားစကားတော်ကို ခံယူကြသောအခါ လူ၏စကားကဲ့သို့ မခံယူဘဲ၊ ဘုရားသခင်၏ တရားစကားတော်’ အဖြစ်ခံယူကြတယ်။ (၁ သက်. ၂:၁၃) ဘုရားသခင့်တရားစကားကိုသင်ယူရာမှာ ဒီလိုစိတ်ထက်သန်သူတွေကို သွန်သင်ပေးဖို့ အသက်ကြီးသူတွေဘက်က ကြိုးစားအားထုတ်ခဲ့ကြမှာသေချာတယ်။

ယနေ့ သစ္စာနဲ့သတိပညာရှိသောကျွန်က ဘုရားသခင့်သိုးတော်စုကို “အချိန်တန်အစာ” ကျွေးမွေးနေတယ်။ (မ. ၂၄:၄၅) ကျွန်ရဲ့လမ်းညွှန်မှုအောက်မှာ ဒေသခံအကြီးအကဲတွေက အသင်းတော်ကို ကြိုးစားအားထုတ်ပြီး သွန်သင်ပေးကြတယ်။ အသင်းသားတွေမှာ ကျမ်းစာအခြေပြုစာပေတွေ အလျှံပယ်ရှိနိုင်တယ်။ တချို့ဘာသာစကားမှာဆိုရင် ကင်းမျှော်စင်စာပေများအညွှန်း၊ ကင်းမျှော်စင်စာကြည့်တိုက် စီဒီရွမ်နဲ့ ဒီဇင်ဘာ ၁၅၊ ကင်းမျှော်စင် မှာပါတဲ့ မာတိကာတွေလည်း ရှိနိုင်တယ်။ ဒီလိုသူတွေကို အချိန်တန်အစာ ဝဝလင်လင် ကျေနပ်တဲ့အထိ ကျွေးမွေးဖို့ အကြီးအကဲတွေက အစည်းအဝေးအပိုင်းတွေကို နာရီနဲ့ချီ ပြင်ဆင်ကြတယ်၊ ဒါမှ သူတို့တာဝန်ရတဲ့အပိုင်းကို ထိထိရောက်ရောက် တင်ဆက်နိုင်မှာဖြစ်တယ်။ အကြီးအကဲတွေက သူတို့တာဝန်ရတဲ့ အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေ၊ စည်းဝေးကြီးအပိုင်းတွေကိုပြင်ဆင်ရာမှာ အချိန်ဘယ်လောက်ပေးရတယ်ဆိုတာ သင်စဉ်းစားဖူးသလား။

၆၊ ၇။ (က) သက်သာလောနိတ်မြို့က အသက်ကြီးသူတွေ ပေါလုဆီက ဘာတုပစရာ ပုံသက်သေရှိသလဲ။ (ခ) ယနေ့အကြီးအကဲတွေ ပေါလုကိုတုပဖို့ ဘာကြောင့်အခက်တွေ့နိုင်သလဲ။

သက်သာလောနိတ်အသင်းတော်မှာရှိတဲ့ အသက်ကြီးသူတွေက သိုးတော်စုကိုထိန်းကျောင်းပုံနဲ့ပတ်သက်ပြီး ပေါလုတင်ပြခဲ့တဲ့ ပုံသက်သေကောင်းကို သတိရကြတယ်။ ပေါလုက ဒီအလုပ်ကို တာဝန်အရလုပ်တာမဟုတ်ဘဲ အသင်းတော်ရဲ့လိုအပ်ရာတွေကို ချစ်ခင်ကြင်နာစွာ ဂရုစိုက်ကြည့်ရှုပေးခဲ့တယ်။ ပြီးခဲ့တဲ့ဆောင်းပါးမှာဆွေးနွေးခဲ့တဲ့အတိုင်း “နို့တိုက်မိခင်သည် သားသမီးများကို မြတ်နိုးယုယသကဲ့သို့” ပေါလုက အသင်းတော်ကို “သိမ်မွေ့ညင်သာစွာပြုစု” ခဲ့တယ်။ (၁ သက်သာလောနိတ် ၂:၇၊ ၈ ကိုဖတ်ပါ။) ‘သူ့အသက်ကိုတောင် ပေးလိုသောစိတ်’ ရှိခဲ့တယ်။ သိုးတော်စုကိုထိန်းကျောင်းတဲ့အခါ အသက်ကြီးသူတွေက သူ့ကို တုပခဲ့ကြမှာဖြစ်တယ်။

ယနေ့ ခရစ်ယာန်သိုးထိန်းတွေက သိုးတော်စုကို မြတ်နိုးယုယရာမှာ ပေါလုကို တုပကြတယ်။ တချို့သိုးတွေက သူတို့ရဲ့ပင်ကိုစရိုက်အရ ဖော်ရွေမှုမရှိ၊ အေးတိအေးစက်ဖြစ်နိုင်တယ်။ ဒါပေမဲ့ အကြီးအကဲတွေက ထိုးထွင်းသိမြင်မှုတင်ပြပြီး သူတို့ရဲ့ကောင်းကွက်ကိုရှာ ကြတယ်။ မစုံလင်တဲ့အတွက် အကြီးအကဲတစ်ဦးက တစ်ယောက်ချင်းစီကို အပြုသဘောနဲ့ရှုမြင်ဖို့ ကြိုးစားနေရမှာဖြစ်တယ်။ ဒါပေမဲ့ အားလုံးအပေါ် သိမ်မွေ့ညင်သာစွာပြုစုဖို့ အတတ်နိုင်ဆုံးကြိုးစားတဲ့အခါ ခရစ်တော်လက်အောက်မှာ သိုးထိန်းကောင်းဖြစ်ဖို့ သူ့ရဲ့ကြိုးစားအားထုတ်မှုကို ချီးမွမ်းသင့်တယ်မဟုတ်လား။

၈၊ ၉။ မျက်မှောက်ခေတ် အကြီးအကဲတွေ “ကျွန်ုပ်တို့ကို ဂရုစိုက်ကြည့်ရှု” တဲ့နည်းလမ်းတချို့က ဘာတွေလဲ။

ကျွန်ုပ်တို့အားလုံးမှာ အကြီးအကဲတွေကို “လက်အောက်ခံ” ရတဲ့အကြောင်းရင်းရှိတယ်။ ပေါလုရေးခဲ့တဲ့အတိုင်း ‘သူတို့သည် ကျွန်ုပ်တို့ကို ဂရုစိုက်ကြည့်ရှုနေကြ’ တယ်။ (ဟေဗြဲ ၁၃:၁၇) ဒီအသုံးအနှုန်းက မိမိရဲ့သိုးအုပ်ကိုကာကွယ်ဖို့ အိပ်ရေးအပျက်ခံတဲ့ ပကတိသိုးထိန်းတစ်ဦးကို သတိရစေတယ်။ အလားတူပဲ ယနေ့အကြီးအကဲတွေက အိပ်ရေးအပျက်ခံပြီး ဖျားနာနေသူတွေ၊ စိတ်ထိခိုက်နေသူတွေ၊ ကျမ်းစာမူတွေကိုလိုက်ဖို့ အခက်တွေ့နေသူတွေကို ကူညီပေးနေကြတယ်။ ဥပမာ၊ ဆေးရုံဆက်သွယ်ရေးကော်မတီမှာပါတဲ့ အကြီးအကဲတွေက ဆေးဘက်ဆိုင်ရာ အရေးပေါ်ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ညဉ့်နက်သန်းခေါင်ထကြရတယ်။ ကျွန်ုပ်တို့ ဒီလိုအခြေအနေနဲ့ ကြုံရတဲ့အခါ သူတို့ရဲ့လုပ်ဆောင်ပေးမှုအတွက် တကယ်ပဲ ကျေးဇူးတင်ကြပါတယ်။

ဝတ်ပြုရာခန်းမဆောက်လုပ်ရေးကော်မတီနဲ့ ကယ်ဆယ်ရေးကော်မတီမှာပါတဲ့ အကြီးအကဲတွေက ညီအစ်ကိုတွေကိုကူညီပေးရာမှာ ကြိုးစားလုပ်ဆောင်ကြတယ်။ သူတို့က ကျွန်ုပ်တို့ရဲ့ အပြည့်အဝထောက်မမှုကို ရထိုက်တယ်။ ၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံကို နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ပြီးတဲ့နောက် လုပ်ဆောင်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို သုံးသပ်ကြည့်ပါ။ ဆိုးဆိုးဝါးဝါးထိခိုက်ခဲ့တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က ဘိုသင်ကုန်းအသင်းတော်ကိုရောက်ဖို့ ကယ်ဆယ်ရေးအဖွဲ့က အပျက်အစီးနဲ့ လူသေကောင်တွေ မြင်မကောင်းအောင် ပြန့်ကြဲနေတဲ့ကြားထဲကနေ သွားခဲ့ကြရတယ်။ ဒေသခံညီအစ်ကိုတွေက သူတို့ရဲ့တိုက်နယ်ကြီးကြပ်မှူးဖြစ်ခဲ့ဖူးတဲ့ ညီအစ်ကိုပါဝင်တဲ့ ဦးဆုံးကယ်ဆယ်ရေးအဖွဲ့ကို တွေ့တဲ့အခါ “ဟိုမှာ၊ ငါတို့ရဲ့တိုက်နယ်ကြီးကြပ်မှူး၊ ယေဟောဝါ ငါတို့ကို ပစ်မထားဘူး” လို့အော်ပြောကြတယ်။ အကြီးအကဲတွေ နေ့မနားညမအား ကြိုးစားလုပ်ဆောင်ပေးမှုအတွက် သင်ကျေးဇူးတင်လေးမြတ်သလား။ တချို့အကြီးအကဲတွေက ရှုပ်ထွေးတဲ့တရားရေးကိစ္စတွေကို ကိုင်တွယ်ရတဲ့ အထူးကော်မတီမှာ လုပ်ဆောင်ကြရတယ်။ ဒီအကြီးအကဲတွေက သူတို့ပြီးမြောက်လုပ်ဆောင်ခဲ့ရာတွေကို ကြွားလုံးမထုတ်ကြပေမဲ့ သူတို့ကြောင့်အကျိုးရခဲ့သူတွေက အလွန်ပဲ ကျေးဇူးတင်ကြတယ်။—မ. ၆:၂-၄

၁၀။ လူတွေမမြင်သာတဲ့ ဘယ်အလုပ်တွေကို အကြီးအကဲတွေ လုပ်နေကြသလဲ။

၁၀ ယနေ့အကြီးအကဲများစွာက စာရင်းဇယားတွေလည်း လုပ်ကြရတယ်။ ဥပမာ၊ အသင်းတော်အကြီးအကဲအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးက အပတ်စဉ်အစည်းအဝေးအစီအစဉ်တွေကို ဇယားဆွဲရတယ်။ အသင်းတော်အတွင်းရေးမှူးက လစဉ်နဲ့ နှစ်စဉ် လယ်ကွင်းမှတ်တမ်းတွေကို ပြုစုရတယ်။ ကျောင်းကြီးကြပ်မှူးက ကျောင်းအစီအစဉ်ဇယားကို အသေအချာပြင်ဆင် တာဝန်ပေးရတယ်။ သုံးလတစ်ကြိမ် အသင်းတော်စာရင်းအင်းကို စစ်ရတယ်။ အကြီးအကဲတွေက ဌာနခွဲကလာတဲ့စာတွေကိုဖတ်ပြီး ‘ယုံကြည်ခြင်း၌ တစ်လုံးတစ်ဝတည်းဖြစ်’ ဖို့ ညွှန်ကြားချက်တွေကို လိုက်နာရတယ်။ (ဧ. ၄:၃၊ ၁၃) ဒီလိုအလုပ်ကြိုးစားတဲ့ အကြီးအကဲတွေက “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ စည်းစနစ်တကျဖြစ်စေကြ” တယ်။—၁ ကော. ၁၄:၄၀

“သင်တို့အား ဦးစီးသောသူတို့”

၁၁၊ ၁၂။ ဘယ်သူတွေက အသင်းတော်ကို ဦးစီးသလဲ၊ ဒီလိုလုပ်ခြင်းမှာ ဘာပါဝင်သလဲ။

၁၁ ပေါလုက သက်သာလောနိတ်မြို့က ကြိုးစားအားထုတ်တဲ့ အသက်ကြီးသူတွေကို အသင်းတော်ကို “ဦးစီး” သူတွေအဖြစ် ဖော်ပြခဲ့တယ်။ မူရင်းဘာသာစကားမှာ ဒီစကားလုံးက “ရှေ့တွင်ရပ်ခြင်း” ဆိုတဲ့ အဓိပ္ပာယ်ရှိပြီး လမ်းညွှန်ခြင်းလို့လည်း ပြန်ဆိုနိုင်တယ်။ (၁ သက်. ၅:၁၂) ပေါလုက ဒီအကြီးအကဲတွေကိုပဲ “ကြိုးစားအားထုတ်” သူတွေအဖြစ်ရည်ညွှန်းခဲ့တယ်။ “ဦးစီးကြီးကြပ်မှူး” တစ်ဦးကိုပဲ ပြောနေခြင်းမဟုတ်ဘဲ အသင်းတော်က အကြီးအကဲအားလုံးကို သူပြောနေခြင်းဖြစ်တယ်။ ယနေ့ အကြီးအကဲအများစုက အသင်းတော်ရှေ့ရပ်ပြီး အစည်းအဝေးကို ကိုင်တွယ်ကြရတယ်။ မကြာသေးမီက သတ်မှတ်လိုက်တဲ့ “အကြီးအကဲအဖွဲ့၏ ညှိနှိုင်းရေးမှူး” ဆိုတဲ့အသုံးအနှုန်းက အကြီးအကဲအားလုံးကို စည်းလုံးတဲ့အကြီးအကဲအဖွဲ့ရဲ့ အဖွဲ့ဝင်တွေအဖြစ်ယူမှတ်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးတယ်။

၁၂ အသင်းတော်ကို “ဦးစီး” ခြင်းမှာ သွန်သင်ပေးခြင်းထက်မက ပါဝင်တယ်။ ဒီအသုံးအနှုန်းကိုပဲ ၁ တိမောသေ ၃:၄ မှာ အသုံးပြုထားတယ်။ ကြီးကြပ်မှူးတစ်ဦးက “မိမိအိမ်ထောင်စုကို ကောင်းစွာဦးစီးလျက် လေးစားစွာ လက်အောက်ခံတတ်သော သားသမီးများရှိသူ ဖြစ်ရမည်” လို့ ပေါလု ပြောခဲ့တယ်။ ဒီမှာပြောထားတဲ့ “ဦးစီး” ဆိုတဲ့ အသုံးအနှုန်းက သားသမီးတွေကို သွန်သင်ပေးရုံသာမက မိသားစုကိုဦးဆောင်ပြီး “လက်အောက်ခံတတ်သော သားသမီးများရှိသူ” ဖြစ်ခြင်းပါဝင်တယ်ဆိုတာ ထင်ရှားတယ်။ အလားတူပဲ အကြီးအကဲတွေက အသင်းတော်ကို ဦးဆောင်ခြင်းဖြင့် ယေဟောဝါကို လက်အောက်ခံတဲ့သူတွေဖြစ်လာဖို့ အားလုံးကို ကူညီပေးတယ်။—၁ တိ. ၃:၅

၁၃။ အကြီးအကဲစည်းဝေးမှာ ဆုံးဖြတ်ချက်တစ်ခုချနိုင်ဖို့ ဘာကြောင့် အချိန်ယူဖို့လိုသလဲ။

၁၃ အကြီးအကဲတွေက သိုးတော်စုကို ကောင်းစွာဦးစီးရာမှာ အသင်းတော်ကို အကောင်းဆုံးကူညီပေးဖို့အတွက် လိုအပ်ရာတွေကို အတူတကွဆွေးနွေးကြတယ်။ အကြီးအကဲတစ်ဦးတည်းကပဲ ဒိုင်ခံဆုံးဖြတ်ချက်တွေချတာက ပိုလွယ်ကူပုံပေါက်ပါလိမ့်မယ်။ ဒါပေမဲ့ ပထမရာစုအကြီးအကဲအဖွဲ့ရဲ့ပုံနမူနာကို လိုက်လျှောက်ပြီး မျက်မှောက်ခေတ်အကြီးအကဲတွေက ကိစ္စရပ်တွေကို ကျမ်းစာသုံးပြီး လွတ်လွတ်လပ်လပ်ဆွေးနွေးကြတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ဒေသခံအသင်းတော်ရဲ့လိုအပ်ချက်တွေနဲ့အညီ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးဖို့ဖြစ်တယ်။ အကြီးအကဲယောက်စီယောက်တိုင်းက သမ္မာကျမ်းစာနဲ့ သစ္စာရှိကျွန်ရဲ့လမ်းညွှန်ချက်တွေကို စဉ်းစားသုံးသပ်ပြီး အကြီးအကဲစည်းဝေးအတွက် ကြိုတင်ပြင်ဆင်မယ်ဆိုရင် ပိုအကျိုးရှိပါလိမ့်မယ်။ ဒါတွေအားလုံးအတွက် အချိန်လိုတယ်။ အရေဖျားလှီးခြင်းကိစ္စကို ပထမရာစုအုပ်ချုပ်ရေးအဖွဲ့ သုံးသပ်ချိန်တုန်းကလို အမြင်တွေကွဲလွဲတဲ့အခါ ကျမ်းစာကိုအခြေခံတဲ့ သဘောတူညီချက်ရဖို့ဆိုရင် အချိန်ပိုပေးရပြီး ထပ်ဆင့်ရှာဖွေလေ့လာရမှာဖြစ်တယ်။—တ. ၁၅:၂၊ ၆၊ ၇၊ ၁၂-၁၄၊ ၂၈

၁၄။ အကြီးအကဲအဖွဲ့က စည်းစည်းလုံးလုံး အတူတကွလုပ်ဆောင်နေတာကို သင် ကျေးဇူးတင်လေးမြတ်သလား။ သင် ဘာကြောင့် ဒီလိုခံစားရတာလဲ။

၁၄ အကယ်၍ အကြီးအကဲတစ်ယောက်က သူ့ရဲ့နည်းလမ်းကိုပဲ လက်ခံဖို့ပြောနေတယ် ဒါမှမဟုတ် သူ့သဘောထားကိုပဲ တစ်ဖက်သတ်ပြောနေတယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။ ဒါမှမဟုတ် တစ်ယောက်ယောက်က ပထမရာစုက ဒယောတရပ်လို စိတ်ဝမ်းကွဲပြားအောင်လုပ်နေတယ်ဆိုရင်ကော။ (၃ ယော. ၉၊ ၁၀) အသင်းတော်တစ်ခုလုံး ထိခိုက်နစ်နာမှာ သေချာတယ်။ စာတန်က ပထမရာစုအသင်းတော်ကို စိတ်ဝမ်းကွဲပြားအောင်လုပ်ဖို့ ကြိုးစားခဲ့သလို ယနေ့အသင်းတော်ရဲ့ငြိမ်သက်မှုကိုလည်း နှောင့်ယှက်လိုမှာသေချာတယ်။ ထင်ပေါ်ကျော်ကြားလိုခြင်းကဲ့သို့သော တစ်ကိုယ်ကောင်းဆန်တဲ့သဘောထားကို သူအသုံးချနိုင်တယ်။ ဒါကြောင့် အကြီးအကဲတွေက နှိမ့်ချမှုပြပြီး စည်းလုံးတဲ့အကြီးအကဲအဖွဲ့အဖြစ် အတူတကွ လုပ်ဆောင်ဖို့လိုတယ်။ အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အကြီးအကဲတွေရဲ့နှိမ့်ချမှုကို ကျွန်ုပ်တို့ အလွန်လေးမြတ်တန်ဖိုးထားကြပါတယ်။

“သင်တို့အား သတိပေးဆုံးမသောသူတို့”

၁၅။ ညီအစ်ကို၊ ညီအစ်မတစ်ဦးကို သတိပေးဆုံးမတဲ့အခါ အကြီးအကဲတွေမှာ ဘယ်သဘောထားရှိသလဲ။

၁၅ အသက်ကြီးသူတွေလုပ်ဆောင်နေတဲ့ ခက်ခဲပေမဲ့ အရေးကြီးတဲ့ တာဝန်တစ်ခုအကြောင်းကိုလည်း ပေါလု ဖော်ပြခဲ့တယ်၊ အဲဒါက သိုးတော်စုကို သတိပေးဆုံးမခြင်းဖြစ်တယ်။ ခရစ်ယာန်ဂရိကျမ်းစာမှာ ပေါလုတစ်ဦးတည်းကပဲ “သတိပေးဆုံးမ” လို့ ပြန်ဆိုတဲ့ ဂရိအသုံးအနှုန်းကို အသုံးပြုခဲ့တယ်။ ဒါက ခိုင်မာပြတ်သားတဲ့ဆုံးမမှုကို ရည်ညွှန်းနိုင်ပေမဲ့ ရန်လိုတဲ့သဘောမပါဘူး။ (တ. ၂၀:၃၁; ၂ သက်. ၃:၁၅) သာဓကအနေနဲ့ ပေါလုက ကောရိန္သုအသင်းသားတွေကို “သင်တို့အရှက်ရစေရန် ဤသို့ ငါရေးလိုက်ခြင်းမဟုတ်၊ ငါချစ်သော သားသမီးများကဲ့သို့ သင်တို့ကို သတိပေးဆုံးမခြင်းဖြစ်၏” လို့ ရေးခဲ့တယ်။ (၁ ကော. ၄:၁၄) သတိပေးဆုံးမမှုရဲ့နောက်ကွယ်မှာ တခြားသူတွေအတွက် သူ့ရဲ့မေတ္တာပါစိုးရိမ်ပူပန်မှုပါတယ်။

၁၆။ တခြားသူတွေကို သတိပေးဆုံးမတဲ့အခါ အကြီးအကဲတွေ ဘယ်အချက်ကို သတိရသင့်သလဲ။

၁၆ တခြားသူတွေကို သတိပေးဆုံးမတဲ့အခါ သူတို့ရဲ့ပြောပုံပြောနည်းက အရေးကြီးတယ်ဆိုတာ အကြီးအကဲတွေ သိထားကြတယ်။ ချစ်ခင်ကြင်နာမှုနဲ့ ကူညီပေးခြင်းအားဖြင့် ပေါလုကို တုပဖို့ သူတို့ကြိုးစားကြတယ်။ (၁ သက်သာလောနိတ် ၂:၁၁၊ ၁၂ ကိုဖတ်ပါ။) တစ်ချိန်တည်းမှာ အကြီးအကဲတွေက ‘အကျိုးဖြစ်ထွန်းသော သွန်သင်ချက်အားဖြင့် တိုက်တွန်းနှိုးဆော်ရန် မှန်ကန်သောတရားစကားတော်ကို အခိုင်အမာကိုင်စွဲသူ’ တွေဖြစ်ကြတယ်။—တိ. ၁:၅-၉

၁၇၊ ၁၈။ အကြီးအကဲတစ်ဦးရဲ့ သတိပေးဆုံးမမှုခံရတဲ့အခါ ဘယ်အချက်ကို သင် စိတ်စွဲမှတ်သင့်သလဲ။

၁၇ အကြီးအကဲတွေက မစုံလင်ကြတဲ့အတွက် နောက်ပိုင်းမှနောင်တရတဲ့စကားမျိုးတွေ ပြောမိနိုင်တယ်ဆိုတာ မှန်ပါတယ်။ (၃ ရာ. ၈:၄၆; ယာ. ၃:၈) ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေက ဆုံးမခံရတာကို ‘ဝမ်းမြောက်စရာလို့မထင်ဘဲ ဝမ်းနည်းစရာလို့ထင်’ တတ်တယ်ဆိုတာကိုလည်း အကြီးအကဲတွေ သိထားတယ်။ (ဟေဗြဲ ၁၂:၁၁) ဒါကြောင့် အကြီးအကဲက တစ်ယောက်ယောက်ကို သတိပေးဆုံးမစကားမပြောခင် ကိစ္စရပ်ကို အသေအချာ သုံးသပ်၊ ဆုတောင်းပြီးမှ ပြောတာဖြစ်နိုင်တယ်။ သင် သတိပေးဆုံးမခံရတယ်ဆိုရင် ဒီအကြီးအကဲရဲ့ မေတ္တာပါစိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်လေးမြတ်သလား။

၁၈ သင့်မှာ အမည်မဖော်နိုင်တဲ့ရောဂါတစ်ခု ရှိနေတယ်ဆိုပါစို့။ နောက်ပိုင်းမှာ ဆရာဝန်တစ်ဦးက သင့်ရောဂါအမည်မှန်ကို ဖော်ထုတ်ခဲ့တယ်၊ ဒါပေမဲ့ အဲဒါကိုလက်ခံဖို့ သင် အခက်တွေ့နေတယ်။ အဲဒီအတွက် ဆရာဝန်ကို သင် မကျေမချမ်းဖြစ်မလား။ ဖြစ်မှာမဟုတ်ဘူး။ ဆရာဝန်က ခွဲစိတ်ကုသမှုခံယူဖို့ပြောရင်တောင် သင့်အကျိုးအတွက်ပြောနေတယ်ဆိုတာ ယုံကြည်ပြီး ဒီကုသနည်းကို သင် လက်ခံမှာဖြစ်တယ်။ ဆရာဝန်ရဲ့ပြောပုံပြောနည်းကို သင်ကြိုက်ချင်မှကြိုက်မယ်၊ ဒါပေမဲ့ ဒီအတွက်နဲ့ သင် ဆေးမကုဘဲနေမလား။ သင်အဲဒီလိုလုပ်မှာမဟုတ်ဘူး။ အလားတူပဲ၊ အမှန်တရားမှာ သင် ဆက်တိုးတက်နိုင်ဖို့၊ ယေဟောဝါနဲ့သင့်ရဲ့ဆက်ဆံရေးကို ကာကွယ်ဖို့ ယေဟောဝါနဲ့ ယေရှုအသုံးပြုနေသူတွေရဲ့ စကားကိုလက်ခံပါ၊ သူတို့ရဲ့ ဆုံးမပုံဆုံးမနည်းကြောင့် နားမထောင်ဘဲမနေပါနဲ့။

အကြီးအကဲတွေရထားတဲ့အတွက် ယေဟောဝါကိုကျေးဇူးတင်ပါ

၁၉၊ ၂၀။ “လူ့အသွင်ဆုများ” အတွက် ကျေးဇူးတင်လေးမြတ်ကြောင်း သင် ဘယ်လိုတင်ပြနိုင်သလဲ။

၁၉ သင့်အတွက် ရည်ရွယ်ထားတဲ့ ဆုလက်ဆောင်တစ်ခုကို သင်ရရှိတယ်ဆိုရင် ဘာလုပ်မလဲ။ အဲဒီဆုကို အသုံးပြုခြင်းအားဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြမလား။ ယေဟောဝါက ယေရှုခရစ်ကတစ်ဆင့် သင့်အတွက် “လူ့အသွင်ဆု” တွေကို ပြင်ဆင်ပေးထားတယ်။ ဒီဆုအတွက် သင် ကျေးဇူးတင်ကြောင်းတင်ပြနိုင်တဲ့ နည်းတစ်နည်းက အကြီးအကဲတွေပေးတဲ့ ဟောပြောချက်တွေကို အာရုံစိုက်နားထောင်ခြင်းနဲ့ သူတို့ပြောတဲ့အချက်တွေကို လက်တွေ့ကျင့်သုံးဖို့ ကြိုးစားခြင်းဖြစ်တယ်။ အစည်းအဝေးတွေမှာ အဓိပ္ပာယ်ရှိတဲ့ မှတ်ချက်တွေပေးခြင်းအားဖြင့်လည်း တင်ပြနိုင်တယ်။ လယ်ကွင်းလုပ်ငန်းလိုမျိုး အကြီးအကဲတွေဦးဆောင်နေတဲ့အလုပ်မှာ ပါဝင်ထောက်မပါ။ အကြီးအကဲတစ်ယောက်ယောက်ရဲ့ အကြံပြုချက်ကနေ သင် အကျိုးရရှိတယ်ဆိုရင် သူ့ကိုပြောပြပါ။ ဒါ့ပြင် အကြီးအကဲတွေရဲ့မိသားစုတွေကိုလည်း ကျေးဇူးတင်လေးမြတ်ကြောင်း ပြပါ။ အသင်းတော်မှာ အကြီးအကဲတစ်ဦးကြိုးစားလုပ်ဆောင်ဖို့ သူ့မိသားစုက သူနဲ့အတူနေမယ့်အချိန်တွေကို စွန့်လွှတ်ရတယ်ဆိုတာ သတိရပါ။

၂၀ ကျွန်ုပ်တို့အလယ်မှာ ကြိုးစားအားထုတ်၊ ဦးစီး၊ သတိပေးဆုံးမနေတဲ့ အကြီးအကဲတွေကို ကျေးဇူးတင်လေးမြတ်ဖို့ အကြောင်းရင်းများစွာရှိပါတယ်။ ဒီလူ့အသွင်ဆုများဟာ ယေဟောဝါထံက မေတ္တာပါပြင်ဆင်ပေးချက်တစ်ခု အမှန်တကယ်ဖြစ်ပါတယ်။

သင် မှတ်မိသလား

• သက်သာလောနိတ်ခရစ်ယာန်တွေမှာ သူတို့ကိုဦးဆောင်နေသူတွေကို ကျေးဇူးတင်လေးမြတ်ဖို့ ဘာအကြောင်းရင်းတွေ ရှိသလဲ။

• သင့်အသင်းတော်မှာရှိတဲ့ အကြီးအကဲတွေက သင့်အတွက် ဘယ်လို ကြိုးစားအားထုတ်လုပ်ဆောင်နေသလဲ။

• သင့်ကိုဦးစီးနေတဲ့ အကြီးအကဲတွေထံကနေ သင် ဘယ်လိုအကျိုးခံစားရသလဲ။

• အကြီးအကဲတစ်ဦးက သင့်ကိုသတိပေးဆုံးမတဲ့အခါ သင် ဘာကိုသတိရသင့်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၇ ပါရုပ်ပုံ]

အသင်းတော်ကို နည်းလမ်းမျိုးစုံနဲ့ ထိန်းကျောင်းနေတဲ့ အကြီးအကဲတွေကို သင် ကျေးဇူးတင်လေးမြတ်သလား