မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အောင်မြင်လိမ့်မည်” မည်သို့အားဖြင့်နည်း

“အောင်မြင်လိမ့်မည်” မည်သို့အားဖြင့်နည်း

“အောင်မြင်လိမ့်မည်” မည်သို့အားဖြင့်နည်း

“အောင်မြင်မှု” ဆိုတာ လူတိုင်းမျက်စိကျတဲ့အရာဖြစ်တယ်။ တချို့သူတွေက ရာထူးအဆင့်ဆင့်တက်အောင်လုပ်ပြီး ချမ်းသာကြွယ်ဝ၊ နာမည်ကြီးလာကြတယ်။ တခြားသူတွေကျတော့ စိတ်ကူးယဉ်အိပ်မက်တွေမက်ပြီး အဆုံးမှာ လုံးလုံးရှုံးနိမ့်ကြတယ်။

အောင်မြင်မှုဆိုတာ သင့်ဘဝရဲ့ အဓိကဦးစားထားရာအပေါ် များစွာမူတည်တယ်။ နောက်ထပ်အရေးကြီးတဲ့အချက်နှစ်ချက်က အချိန်နဲ့ခွန်အားကို သင်ဘယ်လိုအသုံးပြုတယ်ဆိုတာနဲ့ သင် ကိုယ်တိုင်အစပြုလုပ်ဆောင်သလား မလုပ်ဆောင်ဘူးလားဆိုတဲ့အချက်ဖြစ်တယ်။

ခရစ်ယာန်ဓမ္မအမှုမှာ အပြည့်အဝပါဝင်ခြင်းက များစွာကျေနပ်မှုခံစားရစေတယ်ဆိုတာ ခရစ်ယာန်များစွာ တွေ့ရှိခဲ့ကြတယ်။ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုကို တစ်သက်တာအလုပ်ဖြစ်စေခြင်းက လူကြီးလူငယ်တွေကို အောင်မြင်မှုရရှိစေတယ်။ ဒါပေမဲ့ တချို့သူတွေအတွက် ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ရတာက ငြီးငွေ့စရာလို့ ခံစားရနိုင်ပြီး ဒါကို သူတို့ဘဝရဲ့ ဒုတိယနေရာမှာ ထားလိုက်ကြတယ်။ ဘာကြောင့် ဒီလိုဖြစ်တာလဲ။ အမှန်တကယ် တန်ဖိုးရှိတဲ့အရာကို မျက်ခြည်မပြတ်ဖို့ သင်ဘာလုပ်နိုင်သလဲ။ သင် ဘယ်လို “အောင်မြင်” နိုင်သလဲ။—ယောရှု ၁:၈

ကျောင်းစာနဲ့မသက်ဆိုင်တဲ့ လုပ်ဆောင်မှုများနဲ့ ဝါသနာပါရာများ

ခရစ်ယာန်လူငယ်တွေက စစ်မှန်တဲ့ဘုရားသခင့်အမှုဆောင်ခြင်းနဲ့ တခြားလုပ်ဆောင်မှုတွေမှာပါဝင်ခြင်းကို ဟန်ချက်ညီစေဖို့လိုတယ်။ ဒီလိုလုပ်ဆောင်နေတဲ့သူတွေက ဘဝအောင်မြင်မှုဆီ ဦးတည်နေခြင်းဖြစ်ပြီး လှိုက်လှိုက်လှဲလှဲ ချီးမွမ်းခံထိုက်ပါတယ်။

ဒါပေမဲ့ တချို့ခရစ်ယာန်လူငယ်တွေက ကျောင်းစာနဲ့မသက်ဆိုင်တဲ့ တခြားလုပ်ဆောင်မှုတွေနဲ့ ဝါသနာပါရာတွေကို သဲကြီးမဲကြီးလိုက်စားလာကြတယ်။ အဲဒီလုပ်ဆောင်မှုတွေ ကိုယ်နှိုက်ကတော့ မှားတာမဟုတ်ဘူး။ ဒါပေမဲ့ ခရစ်ယာန်လူငယ်တွေ မိမိကိုယ်ကို ဒီလိုမေးသင့်တယ်– ‘ဒီလုပ်ဆောင်မှုမှာပါဝင်ဖို့ ငါအချိန်ဘယ်လောက်ပေးရမလဲ။ ဘယ်လိုလူတွေနဲ့ ပေါင်းသင်းရမလဲ။ ဒီလုပ်ဆောင်မှုတွေမှာ ပါဝင်တဲ့အခါ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ငါ ထိတွေ့ရသလဲ။ ငါ့ဘဝမှာ ဘာကို အဓိကအာရုံစိုက်လာနိုင်သလဲ။’ ဒီလုပ်ဆောင်မှုတွေနဲ့ပဲ လုံးပန်းနေပြီဆိုရင် ဘုရားသခင်နဲ့ဆက်ဆံရေးကိုထိန်းသိမ်းဖို့ အချိန်နဲ့ခွန်အား မရနိုင်တော့တာကို သင်သိပြီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဦးစားထားရာတွေကိုသတ်မှတ်ဖို့ အရေးကြီးတယ်ဆိုတာ သင်သိမြင်နိုင်ပါတယ်။—ဧ. ၅:၁၅-၁၇

ဗစ်တော်ရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ * သူဒီလိုပြောပြတယ်– “ကျွန်တော်အသက် ၁၂ နှစ်တုန်းက ဘော်လီဘောအသင်းတစ်ခုမှာ ကစားခဲ့တယ်။ နောက်တော့ ကျွန်တော် ဆုတံဆိပ်တွေအများကြီး ရခဲ့တယ်။ အားကစားအကျော်အမော်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးလည်း ရခဲ့တယ်။” အားကစားလိုက်စားခဲ့လို့ ဘုရားသခင်နဲ့ သူ့ရဲ့ဆက်ဆံရေး ထိခိုက်လာတာကို နောက်ပိုင်းမှာ ဗစ်တော် စိုးရိမ်လာတယ်။ တစ်နေ့ သူကျမ်းစာဖတ်ရင်း အိပ်ပျော်သွားတယ်။ လယ်ကွင်းဓမ္မအမှုမှာ ပါဝင်ရတာလည်း မပျော်တော့ဘူးဆိုတာ သူသတိထားမိတယ်။ “အားကစားက ကျွန်တော့်ရဲ့ခွန်အားတွေကို ကုန်ခန်းစေပြီး မကြာခင်မှာပဲ ဒါက ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကျွန်တော့်ရဲ့စိတ်ထက်သန်မှုကို အားလျော့လာစေတယ်။ ကျွန်တော်လုပ်သင့်တာတွေကို မလုပ်နေဘူးဆိုတာ ကျွန်တော်သိလာတယ်။”

အဆင့်မြင့်ပညာရေး

ခရစ်ယာန်တစ်ဦးမှာ မိသားစုကို ပြုစုစောင့်ရှောက်ဖို့ ကျမ်းပေးတာဝန်ရှိတယ်၊ အဲဒီမှာ မိသားစုကို ရှာဖွေကျွေးမွေးခြင်း ပါဝင်တယ်။ (၁ တိ. ၅:၈) အဲဒီလိုရှာဖွေကျွေးမွေးဖို့ တက္ကသိုလ်ဘွဲ့တစ်ခု တကယ်ပဲလိုအပ်သလား။

အဆင့်မြင့်ပညာလိုက်စားခြင်းက ယေဟောဝါနဲ့ဆက်ဆံရေးကို ဘယ်လိုထိခိုက်နိုင်သလဲဆိုတာ စဉ်းစားသုံးသပ်ခြင်းက ကောင်းပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ကျမ်းစာနမူနာတစ်ခုကို သုံးသပ်ကြည့်ကြစို့။

ဗာရုတ်က ပရောဖက်ယေရမိရဲ့ စာရေးဖြစ်တယ်။ တစ်ကြိမ်မှာ ယေဟောဝါကိုအမှုဆောင်ခွင့်ရတဲ့ သူ့အခွင့်ထူးကိုတန်ဖိုးမထားတော့ဘဲ ရည်မှန်းချက်ကြီးလာတယ်။ ဒါကို ယေဟောဝါတွေ့မြင်ပြီး ယေရမိကနေတစ်ဆင့် ဒီလိုသတိပေးခဲ့တယ်– “သင်သည် ကြီးစွာသောအရာတို့ကို ကိုယ်အဖို့ရှာသလော။ မရှာနှင့်။”—ယေ. ၄၅:၅

ဗာရုတ်ရှာဖွေခဲ့တဲ့ “ကြီးစွာသောအရာတို့” က ဘာတွေလဲ။ ဂျူးအသိုင်းအဝိုင်းမှာ နာမည်ကြီးဖို့ ကြိုးစားတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရုပ်စ္စည်းလည်းဖြစ်နိုင်တယ်။ ဘာပဲဖြစ်ပါစေ၊ ယေဟောဝါနဲ့ ဆက်ရင်းနှီးနေစေတဲ့ သာ၍အရေးကြီးတဲ့အရာတွေကို သူ ဦးစားမထားတော့ဘူး။ (ဖိ. ၁:၁၀) ဒါပေမဲ့ ဗာရုတ်ဟာ ယေရမိကတစ်ဆင့်ပေးတဲ့ ယေဟောဝါရဲ့သတိပေးချက်ကို နားထောင်ခဲ့တဲ့အတွက် ဂျေရုဆလင်ဖျက်ဆီးခံရတဲ့အခါ အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်။—ယေ. ၄၃:၆

ဒီအဖြစ်အပျက်ကနေ ဘာသင်ခန်းစာယူနိုင်သလဲ။ ဗာရုတ် တစ်ခုခုလွဲမှားနေလို့ ဆုံးမခံရတယ်ဆိုတာ ထင်ရှားတယ်။ သူက ကိုယ့်အတွက် ကြီးစွာသောအရာတွေကို ရှာခဲ့တယ်။ သင့်ကိုသင်ထောက်ပံ့နိုင်တဲ့ အလုပ်တစ်ခုရှိနေပြီဆိုရင် ကိုယ့်ရဲ့ဆန္ဒကြောင့် ဒါမှမဟုတ် မိဘ၊ ဆွေမျိုးတွေရဲ့ဆန္ဒကြောင့် အချိန်၊ ငွေ၊ ခွန်အားတွေစိုက်ထုတ်ရတဲ့ ထပ်ဆင့်ပညာရေးဆည်းပူးဖို့ တကယ်လိုသလား။

ကွန်ပြူတာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ယဲ့ခ်ဂေါ်ရှ်ကို သုံးသပ်ကြည့်ပါ။ လုပ်ဖော်ကိုင်ဖက်တွေ အဆွယ်ကောင်းလို့ အပြင်းအထန်ကြိုးစားဖို့လိုတဲ့ ထပ်ဆင့်အထူးပြုသင်တန်းတစ်ခုကို တက်ခဲ့တယ်။ မကြာခင်မှာပဲ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ဆောင်မှုတွေအတွက် သူအချိန်မပေးနိုင်တော့ဘူး။ သူဒီလိုပြောပြတယ်– “ကျွန်တော် ကျဉ်းထဲကျပ်ထဲရောက်နေပြီလို့ မပြတ်ခံစားနေရတယ်။ ကျွန်တော်ကိုယ်တိုင်ချထားတဲ့ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ပန်းတိုင်တွေကို မပြည့်မီနိုင်လို့ ကိုယ်ကိုယ်ကိုယ်သိတဲ့စိတ်က ကျွန်တော့်ကို ဒုက္ခပေးတယ်။”

အလုပ်နဲ့ပဲ လုံးပန်းနေ

သမ္မာကျမ်းစာက ခရစ်ယာန်စစ်တွေကို အလုပ်ကြိုးစားပြီး တာဝန်သိတဲ့အလုပ်သမား၊ အလုပ်ရှင်တွေဖြစ်ဖို့ အားပေးထားတယ်။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– ‘သင်တို့ပြုလေသမျှကို လူ၏အမှုကဲ့သို့ မဟုတ်ဘဲ ယေဟောဝါ၏ အမှုတော်ကဲ့သို့ စိတ်နှလုံးအကြွင်းမဲ့ ဆောင်ရွက်ကြလော့။’ (ကော. ၃:၂၂၊ ၂၃) အလုပ်ကြိုးစားလုပ်တာက ချီးမွမ်းစရာကောင်းပါတယ်၊ ဒါပေမဲ့ နောက်ထပ်တစ်ခု လိုသေးတယ်။ ဒါက ဖန်ဆင်းရှင်နဲ့ ကောင်းတဲ့ဆက်ဆံရေးရှိခြင်းဖြစ်တယ်။ (ဒေ. ၁၂:၁၃) ခရစ်ယာန်တစ်ဦးက လောကအလုပ်နဲ့ပဲ လုံးပန်းနေမယ်ဆိုရင် ဝတ်ပြုရေးနဲ့ဆိုင်တဲ့အရာတွေက အလွယ်တကူပဲ ဒုတိယနေရာ ရောက်သွားနိုင်တယ်။

လူတစ်ဦးက ခေါင်းမဖော်နိုင်အောင် အလုပ်များနေမယ်ဆိုရင် သူကိုယ်တိုင်နဲ့ သူ့မိသားစု ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းအောင် လုပ်ဆောင်ဖို့ ခွန်အားမရှိတော့ဘူးလို့ ခံစားရနိုင်တယ်။ ‘ပင်ပန်းစွာလုပ်ပြီး လက်နှစ်ဖက်၌ပြည့်သောဥစ္စာ’ က “လေကိုကျက်စားခြင်း” ဖြစ်လေ့ရှိတယ်ဆိုတာ ဘုရင်ရှောလမုန် တွေ့ရှိခဲ့တယ်။ ခရစ်ယာန်တစ်ဦးက လောကအလုပ်ကိုပဲ သဲသဲမဲမဲလုပ်နေမယ်ဆိုရင် ပြင်းထန်တဲ့ဖိစီးမှုကို ရေရှည်ခံစားရနိုင်တယ်။ ဒီလိုလူတစ်ဦးက အလုပ်ရဲ့ကျွန်ဖြစ်သွားပြီး နာလန်မထူနိုင်တဲ့အထိ လက်ပန်းကျသွားနိုင်တယ်။ ဒီလိုသာဆိုရင် သူက “ရွှင်လန်းခြင်းအမှုနှင့် . . . မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့” နိုင်ပါဦးမလား။ (ဒေ. ၃:၁၂၊ ၁၃; ၄:၆) ပိုအရေးကြီးတာက မိသားစုတာဝန်၊ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ အလုပ်တွေမှာပါဝင်ဖို့ ကာယနဲ့ စိတ်ဓာတ်ခွန်အား အလုံအလောက်ရှိပါဦးမလား။

အရှေ့ဥရောပမှာနေထိုင်တဲ့ ယာနုရှ်က သူ့ရဲ့ မြေယာအလှဆင်လုပ်ငန်းနဲ့ပဲ အချိန်ကုန်နေတယ်။ သူဒီလိုပြောပြတယ်– “ကျွန်တော်က မခိုမကပ်ဘဲ အပ်တဲ့အလုပ်မှန်သမျှကို ပြီးအောင်လုပ်တဲ့အတွက် လောကကလူတွေက ကျွန်တော့်ကို လေးစားကြတယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးထိခိုက်လာပြီး ခရစ်ယာန်ဓမ္မအမှုမှာ မပါဝင်တော့ဘူး။ မကြာခင်မှာ အစည်းအဝေးတွေလည်း မတက်တော့ဘူး။ အကြီးအကဲတွေရဲ့ အကြံပြုချက်တွေကိုလည်း လက်မခံတဲ့အထိ မာနကြီးလာပြီး အသင်းတော်နဲ့ တဖြည်းဖြည်းဝေးသွားတယ်။”

သင့်ဘဝကို အောင်မြင်အောင်လုပ်နိုင်

ခရစ်ယာန်တစ်ဦး ဘုရားသခင်နဲ့မိမိရဲ့ဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့ ကဏ္ဍသုံးခုကို လေ့လာသုံးသပ်ခဲ့ပြီးဖြစ်တယ်။ အဲဒီထဲက တစ်ခုခုမှာ သင်ပတ်သက်နေသလား။ ပတ်သက်နေတယ်ဆိုရင် အောက်ပါမေးခွန်းတွေ၊ ကျမ်းချက်တွေနဲ့ မှတ်ချက်တွေက သင်ဟာ အောင်မြင်မှုလမ်းကြောင်းပေါ် တကယ်ရောက်နေမနေ ဆုံးဖြတ်ရာမှာ အထောက်အကူပေးပါလိမ့်မယ်။

ကျောင်းစာနဲ့မသက်ဆိုင်တဲ့ လုပ်ဆောင်မှုများနဲ့ ဝါသနာပါရာများ– ဒီလုပ်ဆောင်မှုတွေမှာ သင်ဘယ်လောက်အထိ ပါဝင်နေသလဲ။ အရင်တုန်းက ဝတ်ပြုရေးနဲ့ဆိုင်တဲ့လုပ်ဆောင်မှုတွေမှာ ပါဝင်တဲ့အချိန်တွေကို အဲဒီအတွက် အသုံးပြုနေသလား။ ယုံကြည်သူချင်းတွေနဲ့ပေါင်းသင်းရတာ သင် သိပ်မပျော်တော့ဘူးလား။ ဒီလိုဖြစ်နေတယ်ဆိုရင် “ကိုယ်သွားရမည့်လမ်းကို သိစေတော်မူပါ” လို့ ယေဟောဝါကို တောင်းလျှောက်ခဲ့တဲ့ ဘုရင်ဒါဝိဒ်ကို တုပပါ။—ဆာ. ၁၄၃:၈

နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက အစပိုင်းမှာဖော်ပြခဲ့တဲ့ ဗစ်တော်ကို အကူအညီပေးခဲ့တယ်။ ကြီးကြပ်မှူးက သူ့ကို “ညီအစ်ကိုပြောလိုက်တိုင်း ဘော်လီဘောအကြောင်းပဲ ဖြစ်နေတယ်” လို့ပြောတယ်။ “ဒါနဲ့ ကျွန်တော်လန့်သွားတယ်။ ကျွန်တော် တော်တော်လေးလွဲနေပြီဆိုတာ သိလိုက်ရတယ်။ မကြာခင်မှာပဲ အားကစားအသင်းက လောကအပေါင်းအသင်းတွေနဲ့ အဆက်ဖြတ်လိုက်ပြီး အသင်းတော်မှာ မိတ်ဆွေတွေရှာခဲ့တယ်” လို့ဗစ်တော်ပြောတယ်။ အခုဆိုရင် ဗစ်တော်က အသင်းတော်မှာ ယေဟောဝါကို ထက်ထက်သန်သန်အမှုဆောင်နေပြီ။ သူဒီလိုပြောတယ်– “သင့်ရဲ့ကျောင်းလှုပ်ရှားမှုတွေကြောင့် သင် ယေဟောဝါနဲ့ ပိုနီးကပ်လာသလား၊ ပိုဝေးသွားသလားဆိုတာ သင့်မိတ်ဆွေ၊ မိဘ၊ အသင်းတော်အကြီးအကဲတွေကို မေးပါ။”

ဘုရားသခင်ကိုအမှုဆောင်ရာမှာ ပိုတက်လှမ်းချင်တယ်လို့ သင့်အသင်းတော်အကြီးအကဲတွေကို ပြောပြပါ။ စကားပြောဖော် ဒါမှမဟုတ် အကူအညီလိုအပ်နေတဲ့ အသက်ကြီးသူတွေကို ဈေးဝယ်ပေးနိုင်၊ အိမ်မှုကိစ္စတွေ လုပ်ပေးနိုင်မလား။ သင် ဘယ်အသက်အရွယ်ပဲရှိပါစေ သင့်ကိုရွှင်လန်းစေတဲ့ သတင်းကောင်းကို တခြားသူတွေကိုပြောပြနိုင်တဲ့ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်နိုင်တယ်။

အဆင့်မြင့်ပညာ– ယေရှုက ‘မိမိအသရေကိုရှာ’ ခြင်းနဲ့ပတ်သက်ပြီး သတိပေးခဲ့တယ်။ (ယော. ၇:၁၈) လောကပညာကို သင်ဘယ်အတိုင်းအတာထိ ဆည်းပူးမယ်ဆိုတာ ဆုံးဖြတ်တဲ့အခါ “သာ၍အရေးကြီးသောအရာများကို သေချာ” အောင်လုပ်သလား။—ဖိ. ၁:၉၊ ၁၀

ကွန်ပြူတာကျွမ်းကျင်သူဖြစ်တဲ့ ယဲ့ခ်ဂေါ်ရှ်က သူ့ဘဝမှာ အပြောင်းအလဲတချို့ ပြုလုပ်ခဲ့တယ်။ သူဒီလိုပြောတယ်– “အကြီးအကဲတွေရဲ့အကြံပေးချက်ကို အလေးအနက်သဘောထားပြီး ဘဝကို ရိုးရှင်းအောင်လုပ်ခဲ့တယ်။ ထပ်ဆင့်ပညာလေ့လာဖို့မလိုဘူးဆိုတာ ကျွန်တော်သဘောပေါက်လာတယ်။ ဒါက အချိန်ကုန် လူပန်းတာကလွဲလို့ ဘာမှအကျိုးမရှိဘူး။” ယဲ့ခ်ဂေါ်ရှ်က အသင်းတော်လုပ်ဆောင်မှုတွေမှာ ပိုပါဝင်ခဲ့တယ်။ အချိန်တန်တော့ တစ်ကိုယ်ရေညီအစ်ကိုများအတွက် ကျမ်းစာသင်တန်း (ယခင်က ဓမ္မအမှုသင်တန်းကျောင်း) ကို သူတက်ခွင့်ရခဲ့တယ်။ မြင့်မြတ်တဲ့ပညာရေးကို ထပ်ဆင့်လေ့လာဖို့သူ “အချိန်ကိုဝယ်ယူ” ခဲ့တယ်။—ဧ. ၅:၁၆

လောကအလုပ်အကိုင်– အလုပ်ကိုပဲ သဲသဲမဲမဲလုပ်နေပြီး ဝတ်ပြုရေးနဲ့ဆိုင်တဲ့အရာတွေကို သင် ဘေးချိတ်လိုက်ပြီလား။ မိသားစုနဲ့ ပြောဆိုဆက်သွယ်ဖို့ သင် အချိန်အလုံအလောက်ယူသလား။ အသင်းတော်မှာ သင့်ဟောပြောချက်တာဝန် အရည်အသွေးတိုးတက်လာသလား။ အခြားသူတွေနဲ့ တည်ဆောက်မှုဖြစ်စေတဲ့စကားပြောဆိုရာမှာကော ဘယ်လိုလဲ။ “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်” ပါ၊ ယေဟောဝါရဲ့ကောင်းချီးတွေကို ခံစားရပြီး “ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်း” ရှိပါလိမ့်မယ်။—ဒေ. ၂:၂၄; ၁၂:၁၃

အစပိုင်းမှာဖော်ပြခဲ့တဲ့ ယာနုရှ်ရဲ့ မြေယာအလှဆင်လုပ်ငန်းက မအောင်မြင်လို့ သူစီးပွားပျက်သွားတယ်။ ဝင်ငွေမရှိ၊ အကြွေးနစ်ပြီး ယေဟောဝါထံ ပြန်လှည့်လာတယ်။ သူ့ရဲ့အရေးကိစ္စတွေကို သူ့နေရာနဲ့သူထားပြီး အခုအချိန်မှာတော့ မှန်မှန်ရှေ့ဆောင်၊ အသင်းတော်အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေပြီ။ သူဒီလိုပြောတယ်– “အခြေခံလိုအပ်ရာတွေနဲ့ ကျေနပ်ရောင့်ရဲပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော့်ရဲ့ခွန်အားကို ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ဆောင်မှုတွေမှာအသုံးပြုခဲ့တယ်။ ဒါကြောင့် ကျွန်တော် စိတ်ငြိမ်သက်မှု ခံစားရတယ်။—ဖိ. ၄:၆၊ ၇

သင့်ရဲ့သဘောထား၊ ဦးစားထားရာတွေကို ရိုးရိုးသားသားဆန်းစစ်ဖို့ အချိန်ယူပါ။ ယေဟောဝါကိုအမှုဆောင်ခြင်းက တစ်သက်တာအောင်မြင်မှုရရှိစေတဲ့ လမ်းစဉ်ဖြစ်တယ်။ ဒါကို သင့်ဘဝရဲ့ အဓိကအရာဖြစ်စေပါ။

“ဘုရားသခင့်အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်နိုင်” ဖို့ မလိုအပ်တဲ့အရာတချို့ကို ဖယ်ရှားခြင်းအားဖြင့် သင် ပြုပြင်ပြောင်းလဲမှုတချို့ ပြုလုပ်ရနိုင်ဖွယ်ရှိတယ်။ (ရော. ၁၂:၂) ဒါပေမဲ့ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်ခြင်းအားဖြင့် သင် “အောင်မြင်” နိုင်ပါတယ်။

[အောက်ခြေမှတ်ချက်]

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 အမည်အချို့ကို ပြောင်းထား။

[စာမျက်နှာ ၃၁ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

သင့်ဘဝကို အောင်မြင်စေနိုင်ပုံ

သင့်အချိန်တွေကို အလဟဿဖြစ်စေတဲ့အရာ များစွာရှိတဲ့အတွက် အမှန်တကယ်တန်ဖိုးရှိတဲ့အရာတွေကို မျက်ခြည်မပြတ်အောင် သင်ဘယ်လိုလုပ်နိုင်သလဲ။ အောက်ပါမေးခွန်းတွေကို စဉ်းစားသုံးသပ်ခြင်းအားဖြင့် သင့်ရည်ရွယ်ချက်နဲ့ ဦးစားထားရာတွေကို ဆန်းစစ်ဖို့ အချိန်ယူပါ–

ကျောင်းစာနဲ့မသက်ဆိုင်တဲ့ လုပ်ဆောင်မှုများနဲ့ ဝါသနာပါရာများ

▪ ဒီလုပ်ဆောင်မှုတွေမှာ ပါဝင်တဲ့အခါ သင် ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ထိတွေ့ရသလဲ။

▪ အဲဒီအရာတွေအတွက် အချိန်ဘယ်လောက်ပေးရသလဲ။

▪ ဒီအရာတွေက သင့်ဘဝရဲ့အဓိက အရေးပါတဲ့အရာတွေ ဖြစ်နေပြီလား။

▪ အရင်က ဝတ်ပြုရေးနဲ့ဆိုင်တဲ့လုပ်ဆောင်မှုတွေမှာ ပါဝင်ခဲ့တဲ့အချိန်တွေကို ဒီအရာတွေအတွက် ပေးလိုက်ရပြီလား။

▪ ဘယ်လိုလူတွေနဲ့ သင်ပေါင်းသင်းနေရသလဲ။

▪ ယုံကြည်သူချင်းတွေထက် ဒီအပေါင်းအသင်းတွေကို သင် ပိုသဘောကျသလား။

အဆင့်မြင့်ပညာ

▪ သင့်ကိုသင်ထောက်ပံ့နိုင်တဲ့ အလုပ်တစ်ခုရှိနေပြီဆိုရင် အချိန်၊ ငွေ၊ ခွန်အားတွေစိုက်ထုတ်ရတဲ့ ထပ်ဆင့်ပညာရေး ဆည်းပူးဖို့ တကယ်လိုသလား။

▪ သင့်ကိုသင်ထောက်ပံ့ဖို့ တက္ကသိုလ်ဘွဲ့ တစ်ခု တကယ်လိုအပ်သလား။

▪ အစည်းအဝေးတက်တာကို ဘယ်လောက်ထိခိုက်နိုင်သလဲ။

▪ “သာ၍အရေးကြီးသောအရာများကို သေချာ” အောင်လုပ်သလား။

▪ သင့်ကိုထောက်ပံ့ပေးနိုင်တဲ့ ယေဟောဝါရဲ့အစွမ်းကို ပိုယုံကြည်စိတ်ချအောင် သင်လုပ်ဖို့လိုသလား။

အလုပ်အကိုင်

▪ သင့်ရွေးချယ်မှုက “ရွှင်လန်းခြင်းအမှုနှင့် . . . မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့” စေသလား။

▪ မိသားစုတာဝန်၊ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ အလုပ်တွေမှာပါဝင်ဖို့ သင့်မှာ ကာယနဲ့ စိတ်ဓာတ်ခွန်အား အလုံအလောက်ရှိသလား။

▪ မိသားစုနဲ့ပြောဆိုဆက်သွယ်ဖို့ သင်အချိန်အလုံအလောက်ယူသလား။

▪ အလုပ်ကိုပဲ သဲသဲမဲမဲလုပ်နေပြီး ဝတ်ပြုရေးနဲ့ဆိုင်တဲ့အရာတွေကို ဘေးချိတ်လိုက်ပြီလား။

▪ သင့်ဟောပြောချက်တာဝန် အရည်အသွေးတွေကို ထိခိုက်နေပြီလား။

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ဗာရုတ်ရဲ့ ရည်မှန်းချက်ကြီးမှုကို ယေဟောဝါ သတိပေးခဲ့