မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခုရော နောင်ရော အဓိပ္ပာယ်ရှိတဲ့ဘဝ

အခုရော နောင်ရော အဓိပ္ပာယ်ရှိတဲ့ဘဝ

အခုရော နောင်ရော အဓိပ္ပာယ်ရှိတဲ့ဘဝ

အခုချိန်မှာတောင် စစ်မှန်တဲ့အဓိပ္ပာယ်ရှိတဲ့ ဘဝကို သင် ရှာတွေ့နိုင်ပါတယ်။ ဘယ်လိုရှာတွေ့နိုင်ပါသလဲ။ ကျမ်းစာမူတွေကို လိုက်နာကျင့်သုံးခြင်းအားဖြင့် တွေ့ရှိနိုင်ပါတယ်။ မူတချို့ကို လေ့လာဆန်းစစ်ကြည့်ရအောင်။

ကျမ်းစာမူ– “စားသောက်ခြင်းအမှု၊ နေအောက်၌ ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှကာလပတ်လုံး ကြိုးစားအားထုတ်၍ရသောအကျိုး၌ ပျော်မွေ့ခြင်းအမှုကို ပြုကောင်း၏”ဆိုပြီး ရှေးခေတ် အစ္စရေးဘုရင်ရှောလမုန် ရေးခဲ့တယ်။ဒေ. ၅:၁၈

ကျွန်ုပ်တို့ဟာ အကျိုးဖြစ်ထွန်းတဲ့အလုပ်ကနေ အားရကျေနပ်မှု ရှာတွေ့နိုင်အောင် ဖန်ဆင်းခံထားရပါတယ်။ လက်ရှိဘဝမှာ အလွန်ခက်ခဲတဲ့ အခြေအနေတွေရှိနေရင်တောင် ဝီရိယရှိရှိနဲ့ ရိုးရိုးသားသား လုပ်ဆောင်ခြင်းကနေ အားရကျေနပ်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိနိုင်ပါတယ်။

ကျမ်းစာမူ– “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်။”တမန်တော် ၂၀:၃၅

တခြားသူတွေအတွက် လုပ်ဆောင်ပေးခြင်း၊ ဥပမာ၊ အခက်အခဲတွေ့နေတဲ့ တခြားသူတွေအတွက် အချိန်နဲ့ခွန်အားစိုက်ထုတ်ပြီးကူညီပေးခြင်းက အကျိုးများစွာ ရရှိစေပြီး ဘဝကို ပိုအဓိပ္ပာယ်ရှိစေတယ်ဆိုတာကို လူအများ တွေ့ရှိခဲ့ကြတယ်။ “သင့်ထံ အကူအညီတောင်းခံလာသူအား သင် ကူညီနိုင်စွမ်းရှိပါလျက် နှောင့်နှေးပျက်ကွက်ခြင်းမရှိစေနှင့်” လို့ဘုရင်ရှောလမုန် ရေးသားခဲ့တယ်။—သု. ၃:၂၇ကက်သလစ်ကျမ်းစာတော်မြတ်။

ရက်ဖ်ရဲ့အဖြစ်ကို သုံးသပ်ကြည့်ရအောင်။ ရက်ဖ်ဟာ အလုပ်ကနေ အငြိမ်းစားယူပြီးတဲ့နောက် ဇနီးနဲ့အတူ ခရစ်ယာန်ဓမ္မအမှုမှာ အချိန်ပြည့်ပါဝင်ခဲ့တယ်။ သူတို့ဟာ လစဉ်လတိုင်း တခြားသူတွေကို ကျမ်းစာအကြောင်း သင်ပေးဖို့ အချိန်အများကြီး အသုံးပြုခဲ့တယ်။ “ညနေစောင်းလို့ အိမ်ကို ပြန်ရောက်လာတဲ့အခါ ကျွန်တော်တို့ အရမ်းမောနေပြီ။ ဒီလိုဖြစ်ရတာက အသက်ကြီးလာလို့၊ ဘုရားသခင်ရဲ့လုပ်ငန်းတော်မှာ အစွမ်းကုန် ပေးဆပ်ရလို့ပါ။ ဒါပေမဲ့ မောရကျိုးနပ်ပါတယ်” လို့ရက်ဖ်က ပြောပြတယ်။ သူတို့ဇနီးမောင်နှံဟာ သူတို့အသက်တာကို ပေးဆပ်ဖို့ပဲ အာရုံစိုက်ထားတဲ့အတွက် ပျော်ရွှင်နေကြတယ်။

ကျမ်းစာမူ– ‘မိတ်ဆွေသည် အခါခပ်သိမ်း ချစ်တတ်၏။ ညီအစ်ကိုသည် ဆင်းရဲခက်ခဲတဲ့ကာလအဖို့ မွေးဖွားလျက်ရှိ၏။’သု. ၁၇:၁၇သမ္မာ။

သင် ခံစားနေရတဲ့ ပြဿနာတွေကို တစ်ယောက်ယောက်ဆီ မျှဝေလိုက်ခြင်းက သင့်ကို ပိုပြီးခံနိုင်ရည်ရှိစေပါတယ်။ မိတ်ဆွေစစ်မရှိတဲ့သူတွေအတွက် ဘဝဟာ “ကန္တာရထဲမှာ လမ်းပျောက်နေသလိုမျိုး” ဖြစ်တယ်လို့ အင်္ဂလိပ်လူမျိုး အတွေးအခေါ်ပညာရှင် ဖရန်စစ် ဘေကွန်က ရေးသားခဲ့တယ်။ ကိုယ့်မှာ မိတ်ဆွေစစ်ရှိပြီး ကိုယ်လည်း တခြားသူရဲ့မိတ်ဆွေစစ် ဖြစ်တာက သင့်ရဲ့ဘဝကို ပိုပြီးခံနိုင်ရည်ရှိစေတယ်။ အဲဒီအပြင် ဘဝကို တိုးတက်ကောင်းမွန်စေပြီး ကျေနပ်အားရစေတယ်။

ကျမ်းစာမူ– ‘ဘုရားသခင်၏စကားတော်ကို ကြားနာ၍ စောင့်ရှောက်သောသူသည် သာ၍ပျော်ရွှင်၏။’လုကာ ၁၁:၂၈

ဘုရားသခင့်ကတိတော်တွေ ပြည့်စုံလာတာကို သင် တွေ့ကြုံချင်တယ်ဆိုရင် သင် လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုကို ယေရှု ခွဲခြားဖော်ပြခဲ့တယ်။ အဲဒါကတော့ ဘုရားသခင်ရဲ့စကားတော်ကို ကြားနာပြီး စောင့်ရှောက်ခြင်းဖြစ်တယ်။ တိရစ္ဆာန်တွေနဲ့မတူတာက ကျွန်ုပ်တို့ဟာ မွေးကတည်းက ဘဝရဲ့အဓိပ္ပာယ်နဲ့ရည်ရွယ်ချက်ကို သိနားလည်ဖို့ လိုအပ်တယ်ဆိုတဲ့အသိ ပါလာကြတယ်။ အဲဒီလိုအပ်ချက်ကို ယေဟောဝါဘုရားသခင်ကပဲ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါကို သမ္မာကျမ်းစာအားဖြင့် ကိုယ်တော် ဖြည့်ဆည်းပေးပါတယ်။ ရှေ့ဆောင်းပါးမှာ သင် ဖတ်ခဲ့ရတဲ့အတိုင်း ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ကျွန်ုပ်တို့ ဒီနေရာကို ဘာကြောင့် ရောက်ရတာလဲ၊ ဆင်းရဲခက်ခဲမှုတွေ ဘာကြောင့် ဒီလောက်များနေရတာလဲ၊ ကျွန်ုပ်တို့ဆီကနေ ဘုရားသခင် ဘာမျှော်လင့်သလဲဆိုတာတွေကိုလည်း ဖော်ပြထားပါတယ်။ အဓိပ္ပာယ်ရှိပြီး ကျေနပ်အားရဖွယ်ကောင်းတဲ့ ဘဝနဲ့ အသက်ရှင်နေထိုင်ဖို့အတွက် အဲလိုကျမ်းစာအမှန်တရားတွေကို နားလည်ထားဖို့ အရေးကြီးတယ်။ ကျမ်းစာကို အချိန်ယူလေ့လာပြီး သိရှိခဲ့ရာတွေကို ကျင့်သုံးတဲ့သူတွေဟာ ပျော်ရွှင်နေကြပါတယ်။ ဘာကြောင့်လဲ။ သူတို့ဟာ “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါနဲ့ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးကို ပြုစုပျိုးထောင်ကြလို့ပါပဲ။—၁ တိမောသေ ၁:၁၁

ကျမ်းစာမူ– ‘သင်က “အားမရ” ဟုဆိုလျက် နှစ်ပေါင်းများစွာ နီးကပ်သော ဆင်းရဲခက်ခဲမှုသင့်ရာ နေ့ရက်များမရောက်မီအတွင်း သင့်ကို ဖန်ဆင်းတော်မူသော အရှင်အား သတိရလော့။’ဒေ. ၁၂:၁သမ။

ဘဝမှာ အဖြစ်ဆိုးတွေ ကြုံရနိုင်တယ်ဆိုတာကို သဘောမပေါက်နိုင်တဲ့ လူငယ်တွေကို ရှောလမုန်ဘုရင်က အထက်ပါအတိုင်း အကြံပြုခဲ့တယ်။ အဲဒီအကြံပြုချက်က ကျွန်ုပ်တို့နဲ့လည်း သက်ဆိုင်ပါတယ်။ သင့်ရဲ့ဘဝမှာ သင့်ကိုဖန်ဆင်းတဲ့အရှင်ကိုပဲ အဓိကအာရုံစိုက်ပါ။ အဲဒါက သင့်ရဲ့ဘဝကို စစ်မှန်တဲ့ အဓိပ္ပာယ်ရှိစေမှာဖြစ်တယ်။ “စားလျက်၊ သောက်လျက်နေကြစို့၊ အကြောင်းမူကား နက်ဖြန် သေကြရမည်” ဆိုတဲ့သဘောထားမျိုးကို ရှောင်ကြဉ်ပါ။ (၁ ကောရိန္သု ၁၅:၃၂) ဘုရားသခင်ကို ပထမနေရာမှာ ထားမယ်ဆိုရင် “အစစအရာရာ အဆင်ပြေ” ပါလိမ့်မယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။—ဒေ. ၈:၁၂ခမ။

အဲဒီအချက် မှန်ကန်တယ်ဆိုတာကို ဝင်ဒီလို့ခေါ်တဲ့ မိန်းကလေးတစ်ဦး တွေ့ရှိခဲ့တယ်။ သူငယ်ငယ်တုန်းက သူ့ညီမလေးနဲ့အတူ ကျမ်းစာသတင်းကောင်း ဟောပြောသူတွေ ပိုပြီးလိုအပ်တဲ့ ဒိုမီနီကန်သမ္မတနိုင်ငံမှာ နေထိုင်လို့ရအောင် စပိန်ဘာသာစကား သင်ယူခဲ့ကြတယ်။ “လိုအပ်တဲ့နေရာမှာ ဟောပြောဖို့ ကျွန်မတို့ အများကြီး စွန့်လွှတ်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မတို့အတွက် တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေ ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီမှာ ကုန်လွန်ခဲ့တဲ့ ခြောက်လတာကာလကို ဘာနဲ့မှ မလဲနိုင်ဘူး။ ကျွန်မတို့ရရှိတဲ့ အကျိုးကျေးဇူးတွေက စွန့်လွှတ်ခဲ့တာတွေထက် အများကြီးသာပါတယ်။”

ဘုရားသခင်အပေါ် တည်ကြည်မှုက ဘဝကို အဓိပ္ပာယ်ရှိစေ

ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိအောင် ပြုစုပျိုးထောင်တာက သင့်ရဲ့ဘဝကို အလွန်ထူးခြားတဲ့နည်းနဲ့ အဓိပ္ပာယ်ပိုရှိစေနိုင်ပါတယ်။ ဘယ်လိုအဓိပ္ပာယ် ရှိစေနိုင်သလဲဆိုတာကို ကြည့်ကြရအောင်။ စာတန်ဟာ ဘုရားသခင့်အုပ်ချုပ်မှုကို ပုန်ကန်ဖို့ အာဒံနဲ့ဧဝကို သွေးဆောင်ခဲ့တဲ့အပြင် လူတွေဟာ စမ်းသပ်ခံရတဲ့အခါ ဘုရားသခင်အပေါ် တည်ကြည်မှာမဟုတ်ဘူးလို့လည်း စောင်းပြောခဲ့ပါတယ်။ (ယောဘ ၁:၉-၁၁; ၂:၄) စာတန်ဟာ လိမ်လည်ပြောဆိုသူ ဖြစ်တယ်ဆိုတာကို သင် သက်သေထူနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဘုရားသခင်အပေါ် တည်ကြည်ခြင်း၊ ကိုယ်တော်ရဲ့မူတွေကို လိုက်နာခြင်းအားဖြင့်ဖြစ်တယ်။ အဲဒီအပြင် ဘယ်ဟာ မှန်တယ်၊ ဘယ်ဟာ မှားတယ်ဆိုတာကို ဘုရားသခင်ပဲ သတ်မှတ်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတာကို သင် အသိအမှတ်ပြုကြောင်း ပြသခြင်းအားဖြင့်လည်း သက်သေထူနိုင်ပါတယ်။—ဗျာ. ၄:၁၁

ဖြောင့်မတ်တဲ့လမ်းစဉ်နောက် ကျွန်ုပ်တို့ လိုက်လျှောက်ချင်တယ်ဆိုရင် အခက်အခဲတွေကို ခံနိုင်ရည်ရှိရမှာဖြစ်တယ်။ အဲဒီအခက်အခဲတွေကြောင့် ကိုယ့်ရဲ့အဓိပ္ပာယ်ပြည့်ဝတဲ့ဘဝကို စွန့်လွှတ်လိုက်မလား။ ဥပမာ၊ မကောင်းကြံစည်တဲ့သူတစ်ယောက်က သင် ချစ်မြတ်နိုးရတဲ့ မိတ်ဆွေ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်နဲ့ပတ်သက်ပြီး သားပုပ်လေလွင့်ပြောဆိုနေတယ်လို့ စဉ်းစားကြည့်လိုက်ပါ။ ကိုယ်ချစ်ရတဲ့သူရဲ့ နာမည်ကောင်းကို ကာကွယ်ပေးတဲ့အတွက် ရန်သူ့လက်ထဲမှာ ဆင်းရဲဝေဒနာ အတော်အတန် ခံစားရမယ်ဆိုရင် အဲဒါက ကိုယ့်ရဲ့ဘဝကို အဓိပ္ပာယ်မဲ့စေသလား။ အဓိပ္ပာယ်မဲ့စေမှာ မဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့သူရဲ့ နာမည်ကောင်းကို ကာကွယ်ဖို့ ဆင်းရဲဝေဒနာတွေကို ကျေကျေနပ်နပ်ကြီး ခေါင်းငုံ့ခံသွားမှာဖြစ်တယ်။ ဘုရားသခင်အပေါ် ဆက်တည်ကြည်ခြင်းအားဖြင့်လည်း ကျွန်ုပ်တို့ရဲ့ဘဝကို အဓိပ္ပာယ်ရှိစေနိုင်ပါတယ်။ လက်ရှိအခြေအနေဆိုးတွေကြားမှာ ကျွန်ုပ်တို့ တည်ကြည်တာက ဘုရားသခင်ရဲ့စိတ်နှလုံးတော်ကို ရွှင်လန်းစေတဲ့အပြင် ဘဝကိုလည်း အဓိပ္ပာယ်ရှိစေတယ်။—သု. ၂၇:၁၁

အဓိပ္ပာယ်ပြည့်ဝတဲ့ဘဝကို သင် ထာဝစဉ် ပိုင်ဆိုင်နိုင်

ဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်တော်မူချက်အကြောင်း အတတ်နိုင်ဆုံး သင်ယူပါ။ ယေရှုခရစ် ကိုယ်တိုင် ဒီလိုမိန့်ဆိုခဲ့ပါတယ်– “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။” (ယောဟန် ၁၇:၃) ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားသခင့် မူလရည်ရွယ်ချက်ကို ကိုယ်တော် ပြည့်စုံစေတဲ့အခါ တည်ကြည်သူတွေဟာ သာယာလှပတဲ့ ပရဒိသုမြေကြီးပေါ်မှာ “ထာဝရအသက်” စံစားရပါလိမ့်မယ်။ အဲဒီအခါ ဘဝဟာ တကယ်ပဲ အဓိပ္ပာယ်ပြည့်ဝပြီး ကျေနပ်အားရစရာ ကောင်းပါလိမ့်မယ်။—ဆာလံ ၁၄၅:၁၆

ယေရှုပြောဆိုခဲ့တဲ့ အသိပညာကို သင် ဘယ်ကနေ လေ့လာဆည်းပူးနိုင်မလဲ။ သမ္မာကျမ်းစာကနေ လေ့လာဆည်းပူးနိုင်ပါတယ်။ လေ့လာဆည်းပူးချင်တယ်ဆိုရင် ဒီမဂ္ဂဇင်းထုတ်ဝေသူတွေဆီ စာရေးဆက်သွယ်ဖို့ အားမနာပါနဲ့။ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာတွေကို သင် လေ့လာဆည်းပူးနိုင်အောင် ကူညီပေးမယ့်သူတစ်ဦးဦးကို သူတို့ စီစဉ်ပေးပါလိမ့်မယ်။