မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

ယေဟောဝါဘုရားသခင်မှာ ခံစားချက်ရှိသလား

ယေဟောဝါဘုရားသခင်မှာ ခံစားချက်ရှိသလား

ရှိပါတယ်။ ဒါဆိုရင် ကျွန်ုပ်တို့ရဲ့ အပြုအမူက ဘုရားသခင်ရဲ့ခံစားချက်အပေါ် သက်ရောက်မှု ရှိပါသလားဆိုတဲ့ နောက်မေးခွန်းတစ်ခု ပေါ်လာပါတယ်။ ဆိုလိုတာက ကျွန်ုပ်တို့ရဲ့ လုပ်ရပ်ကြောင့် ဘုရားသခင် ပျော်ရွှင်နိုင်သလား ဒါမှမဟုတ် စိတ်ထိခိုက်နိုင်သလား။ ဘုရားသခင်မှာ ခံစားချက်မရှိဘူးလို့ ရှေးခေတ် အတွေးအခေါ်ပညာရှင်တချို့က ပြောကြတယ်။ ဘယ်လူသားကမှ ဘုရားသခင်အပေါ် မလွှမ်းမိုးနိုင်တဲ့အတွက် ဘုရားသခင်မှာ ခံစားချက်မရှိနိုင်ဘူးလို့ သူတို့က ဆင်ခြေပေးကြတယ်။ ဒါပေမဲ့ သူတို့ရဲ့အဆိုနဲ့ သမ္မာကျမ်းစာရဲ့ သွန်သင်ချက်က ဆီနဲ့ရေလို ကွာခြားပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဘုရားသခင်မှာ ခံစားချက်တွေရှိပြီး ကျွန်ုပ်တို့ ဘာတွေလုပ်နေတယ်ဆိုတာကို အရမ်းစိတ်ဝင်စားနေပါတယ်။ ဆာလံ ၇၈: ၄၀၊ ၄၁ [သမ္မာ] မှာ ဖော်ပြထားတဲ့ ကျမ်းစကားတွေကို သုံးသပ်ကြည့်ရအောင်။

ရှေးခေတ် အစ္စရေးလူတွေနဲ့ ဘုရားသခင့်ဆက်ဆံပုံအကြောင်းကို ဆာလံ ၇၈ မှာ ဖော်ပြထားပါတယ်။ ဘုရားသခင်ဟာ ကျွန်ဘဝရောက်နေတဲ့ အစ္စရေးလူမျိုးကို အီဂျစ်ပြည်ကနေ ကယ်ထုတ်ပြီးတဲ့နောက် သူတို့နဲ့ အထူးဆက်ဆံရေး ဖွဲ့ခဲ့တယ်။ ဘုရားသခင့်ပညတ်တွေကို သူတို့ အမြဲ နာခံလိုက်လျှောက်မယ်ဆိုရင် ကိုယ်တော်ရဲ့ “အထူးပိုင်ဆိုင်ရာလူမျိုး” ဖြစ်လာပြီး ကိုယ်တော်ရဲ့ရည်ရွယ်ချက် ပြည့်စုံစေရာမှာ အထူးအသုံးတော်ခံရမယ်ဆိုပြီး ကတိပေးခဲ့တယ်။ အစ္စရေးလူတွေက သဘောတူတဲ့အတွက် ဘုရားသခင်က သူတို့နဲ့ ပညတ်ပဋိညာဉ် ဖွဲ့ခဲ့တယ်။ သူတို့ဟာ သဘောတူထားတဲ့အတိုင်း ပြုမူနေထိုင်ခဲ့ကြပါသလား။—ထွက်မြောက်ရာ ၁၉:၃-၈သမ္မာ။

ဘုရားသခင်ကို ကျွန်ုပ်တို့ပေးနိုင်တဲ့ အရာတွေထဲမှာ အဖိုးတန်ဆုံးအရာကတော့ ကိုယ်တော့်စိတ်တော်ကို ရွှင်လန်းစေနိုင်တဲ့နည်းနဲ့ အသက်ရှင်နေထိုင်ခြင်းဖြစ်

‘သူတို့သည် ကိုယ်တော်ကို တော၌ ကြိမ်ဖန်များစွာ ပုန်ကန်ကြသည်တကား’ လို့ဆာလံဆရာက ပြောပြတယ်။ (အခန်းငယ် ၄၀) နောက်အခန်းငယ်မှာကျတော့ ‘ဘုရားသခင်ကို အဖန်ဖန် စုံစမ်းကြသည်’ လို့ ဖော်ပြထားတယ်။ (အခန်းငယ် ၄၁) အကြိမ်ကြိမ် ပုန်ကန်မှုနဲ့ပတ်သက်ပြီး ကျမ်းရေးသူရဲ့ ဖော်ပြချက်ကို သတိပြုကြည့်ပါ။ အီဂျစ်ပြည်ကနေ ထွက်လာတာဖြင့် မကြာသေးဘူး၊ တောကန္တာရထဲကိုလည်း ရောက်ရော မရိုမသေပြုမှုနဲ့ ပုန်ကန်မှု စတင်လာပါတော့တယ်။ ဘုရားသခင် သူတို့ကို ဂရုစိုက်ပါ့မလား၊ ဂရုစိုက်ပေးချင်တဲ့စိတ်ရော ရှိရဲ့လားဆိုပြီး သံသယစိတ်တွေနဲ့ ညည်းညူလာခဲ့ကြတယ်။ (တောလည်ရာ ၁၄:၁-၄) ‘သူတို့သည် ကိုယ်တော်ကို ပုန်ကန်ကြသည်’ ဆိုတဲ့စကားကို နောက်တစ်နည်းနဲ့ပြောရရင် ‘ဘုရားသခင်ကို ခေါင်းမာမာနဲ့ ဆန့်ကျင်ခဲ့ကြတယ်’ ဒါမှမဟုတ် ‘ဘုရားသခင်ကို ငြင်းပယ်ခဲ့ကြတယ်’ ဆိုပြီး ကျမ်းစာဘာသာပြန်သူတွေအတွက် လက်စွဲစာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ ဒါပေမဲ့ သူတို့ နောင်တယူတဲ့အခါ ဘုရားသခင်က သနားကြင်နာစွာ ခွင့်လွှတ်ခဲ့တယ်။ ခွင့်လွှတ်ခံရပြီးတဲ့နောက်ပိုင်းမှာ သူတို့တွေဟာ အရင်အတိုင်း ပြန်ပုန်ကန်ပါလေရော။ ဒီလိုနဲ့ ပုန်ကန်မှုသံသရာက မဆုံးတော့ဘူး။—ဆာလံ ၇၈:၁၀-၁၉၊ ၃၈

အပြောင်းအလဲမြန်တဲ့ အစ္စရေးလူတွေ ပုန်ကန်တဲ့အခါတိုင်း ဘုရားသခင် ဘယ်လို ခံစားခဲ့ရသလဲ။ ‘သူတို့သည် ကိုယ်တော်ကို စိတ်တော်နာဖွယ်ပြုကြသည်’ လို့ အခန်းငယ် ၄၀ မှာဖော်ပြထားတယ်။ ခေတ်သုံးမြန်မာသမ္မာကျမ်းမှာတော့ “ကိုယ်တော်အား စိတ်မချမ်းမသာ ဖြစ်စေခဲ့ကြပါသည်” လို့ ပြန်ဆိုထားတယ်။ ကျမ်းစာအကိုးအကားတစ်ခုက ဒီလိုရှင်းပြတယ်– “ဒီနေရာမှာ ဟီဘရူးလူတွေရဲ့ ပြုမူပုံက စကားနားမထောင်တဲ့ ကလေးဆိုးရဲ့ အပြုအမူလိုမျိုး စိတ်ကို နာကျင်စေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။” ဆိုဆုံးမရခက်တဲ့ကလေးတစ်ဦးဟာ မိဘတွေကို အကြီးအကျယ် စိတ်ဆင်းရဲစေသလို ပုန်ကန်တဲ့ အစ္စရေးလူတွေဟာ ‘သန့်ရှင်းတော်မူသောအရှင့် အမျက်တော်ကို နှိုးဆော်ကြ၏ [“စိတ်တော်နာစေကြ၏၊” ကဘ]။’—အခန်းငယ် ၄၁

ဒီဆာလံကျမ်းကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ဘုရားသခင်ဟာ မိမိကိုဝတ်ပြုတဲ့သူတွေအပေါ် အလွန်သံယောဇဉ်ကြီးပြီး မျှော်လင့်ချက်ထားနေတုန်းပဲဆိုတာ သိရလို့ အားရှိစရာပဲ။ တစ်ချိန်တည်းမှာ ဘုရားသခင်မှာ ခံစားချက်ရှိပြီး ကျွန်ုပ်တို့ရဲ့ အပြုအမူကြောင့် ကိုယ်တော် ခံစားသွားနိုင်တယ်ဆိုတာကို အလေးအနက် စဉ်းစားဆင်ခြင်စေတယ်။ အဲလိုသိထားခြင်းက သင့်အပေါ် ဘယ်လို အကျိုးသက်ရောက်စေသလဲ။ မှန်ရာကိုလုပ်ချင်တဲ့စိတ် ရှိလာအောင် သင့်ကို လှုံ့ဆော်ပေးသလား။

အပြစ်လမ်းစဉ်နောက်ကို လိုက်ပြီး ဘုရားသခင့်စိတ်တော်ကို နာကျင်စေမယ့်အစား ဖြောင့်မတ်တဲ့လမ်းစဉ်နောက်လိုက်ပြီး ကိုယ်တော့်စိတ်တော်ကို ရွှင်လန်းစေနိုင်ပါတယ်။ ‘ငါ့သား၊ ပညာရှိလော့။ ငါ့စိတ်ကို ရွှင်လန်းစေလော့’ ဆိုပြီး ဝတ်ပြုသူတွေကို ဘုရားသခင် တောင်းဆိုထားပါတယ်။ (သု. ၂၇:၁၁) ဘုရားသခင်ကို ကျွန်ုပ်တို့ပေးနိုင်တဲ့အထဲမှာ အဖိုးတန်ဆုံးအရာကတော့ ကိုယ်တော့်စိတ်တော်ကို ရွှင်လန်းစေနိုင်တဲ့နည်းနဲ့ အသက်ရှင်နေထိုင်ခြင်း ဖြစ်ပါတယ်။

ဇူလိုင်လအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–