မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့အရင် ဘာသာတရားကို ဘာကြောင့် စွန့်လွှတ်လိုက်တာလဲ။ အမျိုးသားတစ်ဦးကို ရှင်တိုဘုန်းတော်ကြီးအဖြစ်ကနေ ခရစ်ယာန်အမှုဆောင်သူတစ်ဦး ဖြစ်လာအောင် ဘာက လှုံ့ဆော်ပေးလိုက်တာလဲ။ မွေးကင်းစအရွယ်ကတည်းက မွေးစားခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးဟာ စွန့်ပစ်ခံရတယ်ဆိုတဲ့ ခံစားချက်ကို ဘယ်လိုအောင်မြင်ကျော်လွှားခဲ့သလဲ။ သူတို့ပြောပြတဲ့ စကားတွေကို လေ့လာကြည့်ရအောင်။

“အရင်ဘာသာတရားကိုးကွယ်မှုရဲ့ကျွန် မဟုတ်တော့ဘူး။”—အဘာ ဒန်စူ

မွေးဖွားတဲ့ခုနှစ်– ၁၉၃၈

နေရင်းနိုင်ငံ– ဘီနင်

နောက်ခံ– အိုင်ဒယ်လ် (idol) ဝတ်ပြုကိုးကွယ်သူ

အတိတ်- ရေအိုင်တစ်အိုင်အနားက ရွှံ့ဗွက်ထူတဲ့ စိုချာဟူဝီရွာမှာ ကျွန်မ ကြီးပြင်းလာတယ်။ ရွာသားတွေက ငါးဖမ်းတဲ့အလုပ် လုပ်ကြတယ်။ ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ ဝက်နဲ့ ငှက်တွေ မွေးမြူကြတယ်။ လမ်းမရှိတဲ့အတွက် လှေနဲ့ပဲ သွားလာကြတယ်။ တချို့အိမ်တွေက အုတ်အိမ်တွေဖြစ်ပေမဲ့ အိမ်အများစုကတော့ သစ်သားတွေ၊ မြက်တွေနဲ့ ဆောက်လုပ်ထားကြပါတယ်။ ရွာသားအများစုက ဆင်းရဲပေမဲ့ မြို့ကြီးတွေမှာလို ရာဇဝတ်မှု သိပ်မကျူးလွန်ကြဘူး။

ကျွန်မ ငယ်ငယ်တုန်းက အဖေဟာ ကျွန်မအစ်မနဲ့အတူ အာဖရိက ရိုးရာယုံကြည်ချက်တွေ သင်ပေးတဲ့ ကျောင်းတစ်ကျောင်းကို ပို့လိုက်တယ်။ ကျွန်မ အရွယ်ရောက်လာတဲ့အခါ ယိုရူးဘားလူမျိုးကိုးကွယ်တဲ့ ဒူဒူအာ (အိုဒူဒူဝါ) နတ်ဘုရားကို ကိုးကွယ်ခဲ့တယ်။ သူ့အတွက် နတ်စင်ဆောက်ပေးပြီး မျောက်ဥ၊ စားအုန်းဆီ၊ ခရု၊ ကြက်၊ ချိုးငှက်နဲ့ တခြားတိရစ္ဆာန်တွေ မှန်မှန် ပူဇော်ပသပေးတယ်။ အဲလိုပူဇော်ဖို့ အရမ်းအကုန်အကျများတဲ့အတွက် တစ်ခါတလေ ရှိသမျှပိုက်ဆံတွေ ပြောင်တလင်းခါသွားတယ်။

သမ္မာကျမ်းစာက ကျွန်မရဲ့ဘဝကို ပြောင်းလဲပေးခဲ့ပုံ- ကျမ်းစာကို ကျွန်မ စလေ့လာတဲ့အခါ ယေဟောဝါဘုရားသခင်ကပဲ စစ်မှန်တယ်ဆိုတာ သိလာရတယ်။ ဝတ်ပြုရေးမှာ အိုင်ဒယ်လ်တွေ အသုံးပြုတာကို ဘုရားသခင် မနှစ်သက်ဘူးဆိုတာကိုလည်း သိလာရတယ်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅; ၁ ကောရိန္သု ၁၀:၁၄) ကျွန်မ ပြောင်းလဲဖို့လိုနေပြီ။ ဒါကြောင့် ကျွန်မမှာရှိနေတဲ့ အိုင်ဒယ်လ်အားလုံးကို လွှင့်ပစ်လိုက်ပြီး အရင်ဘာသာတရားကိုးကွယ်မှုနဲ့ ဆက်နွှယ်နေတဲ့အရာ ဘာတစ်ခုမှ အိမ်ထဲမှာ မထားတော့ဘူး။ ဗေဒင်ဆရာတွေဆီ ကျွန်မ မသွားတော့ဘူး။ ဒေသခံဓလေ့ထုံးစံတွေနဲ့ အသုဘထုံးစံတွေကိုလည်း မလိုက်တော့ဘူး။

အသက် ၆၀ ကျော်အရွယ် ကျွန်မအတွက် အဲဒီအပြောင်းအလဲတွေ လုပ်ရတာ အရမ်းခက်တယ်။ မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ အိမ်နီးချင်းတွေက ဆန့်ကျင်ကြတယ်။ လှောင်ပြောင်ကြတယ်။ ဒါပေမဲ့ မှန်ရာကိုလုပ်ဖို့ ခွန်အားပေးပါဆိုပြီး ဘုရားသခင်ဆီ ကျွန်မဆုတောင်းခဲ့တယ်။ ‘ယေဟောဝါဟူသော အမည်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏’ ဆိုတဲ့ ကျမ်းစကားကနေ နှစ်သိမ့်မှုရရှိပါတယ်။—သု. ၁၈:၁၀

ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေ တက်ရောက်တဲ့အတွက်လည်း အကူအညီတွေ ရရှိခဲ့ပါတယ်။ အဲဒီမှာ ခရစ်ယာန်မေတ္တာကို ကျွန်မ ခံစားခဲ့ရတယ်။ သက်သေခံတွေဟာ ကျမ်းစာရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေနဲ့အညီ နေထိုင်ကြတာကို တွေ့ရတော့ အရမ်းစွဲမှတ်သွားတယ်။ ယေဟောဝါသက်သေတွေပဲ စစ်မှန်တယ်ဆိုတာကို ကျွန်မ စိတ်ချသွားပြီ။

အကျိုးကျေးဇူးရရှိခဲ့ပုံ- ကျမ်းစာမူတွေကို ကျင့်သုံးတဲ့အတွက် သားသမီးတွေနဲ့ ပြောဆိုဆက်ဆံရတာ ပိုပြီးအဆင်ပြေလာတယ်။ ပြီးတော့ ဝန်ထုပ်ကြီး ပေါ့သွားသလိုမျိုး ခံစားရတယ်။ ကျွန်မအတွက် တစ်စက်ကလေးမှ အကျိုးမရှိတဲ့ အရင်က ကိုးကွယ်မှုမှာ ငွေကုန် လူပန်းဖြစ်ခဲ့ရတယ်။ အခုတော့ ပြဿနာအားလုံးကို လုံးလုံးဖြေရှင်းပေးမယ့် ယေဟောဝါဘုရားသခင်ကို ကိုးကွယ်နေပါပြီ။ (ဗျာ. ၂၁:၃၊ ၄) အရင် ဘာသာတရား ကိုးကွယ်မှုရဲ့ကျွန် မဟုတ်တော့ဘဲ ယေဟောဝါဘုရားသခင်ရဲ့ကျွန် ဖြစ်ရလို့ ပျော်လိုက်တာ။ ဘုရားသခင်ကို ကိုးကွယ်တဲ့အတွက် စစ်မှန်တဲ့ လုံခြုံမှုနဲ့ကာကွယ်မှုကို ကျွန်မ ရရှိခဲ့ပါတယ်။

“ကလေးဘဝကတည်းက ဘုရားသခင်ကို ရှာဖွေ နေခဲ့တာ။”—ရှင်ဂျီ ဆာတို

မွေးဖွားတဲ့ခုနှစ်– ၁၉၅၁

နေရင်းနိုင်ငံ– ဂျပန်

နောက်ခံ– ရှင်တိုဘုန်းတော်ကြီး

အတိတ်- ဖူကူအိုကာ စီရင်စုနယ်က မြို့ငယ်လေးတစ်ခုမှာ ကျွန်တော် ကြီးပြင်းလာတယ်။ မိဘတွေက ဘာသာတရား ကိုင်းရှိုင်းတဲ့သူတွေပါ။ ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ရှင်တိုနတ်ဘုရားတွေကို ကိုးကွယ်ဖို့ သူတို့သင်ပေးခဲ့ပါတယ်။ လူငယ်အရွယ်မှာပဲ ဝဋ်ဆင်းရဲကနေ ဘယ်လို လွတ်မြောက်နိုင်မလဲဆိုတဲ့အကြောင်း မကြာခဏ စဉ်းစားတဲ့အပြင် အခက်အခဲတွေ့နေတဲ့ သူတွေကိုလည်း အရမ်းကူညီပေးချင်တယ်။ မူလတန်းကျောင်းသားဘဝကို မှတ်မိပါသေးတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ကြီးလာရင် ဘာလုပ်ကြမလဲဆိုပြီး ဆရာက မေးတဲ့အခါ အတန်းဖော်တွေက သိပ္ပံပညာရှင်ကြီး ဖြစ်ချင်တယ်စသဖြင့် ပြောပြကြတယ်။ ကျွန်တော်ကတော့ ကြီးလာရင် ဘာသာရေးသမားလုပ်မယ်လို့ ပြောလိုက်တော့ အားလုံးက ဝိုင်းဟားကြပါလေရော။

အထက်တန်းကျောင်းပြီးတော့ ဘာသာရေးဆရာဖြစ်သင်ကျောင်း တက်လိုက်တယ်။ ကျောင်းတက်နေတဲ့ကာလအတွင်းမှာ ရှင်တိုဘုန်းကြီးတစ်ပါးနဲ့ တွေ့ဆုံခဲ့တယ်။ သူဟာ အားလပ်ချိန်မှာ အမည်းရောင်အဖုံးနဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေတတ်တယ်။ တစ်ရက်ကျတော့ သူက ကျွန်တော့်ကို “ဆာတို၊ ဒါ ဘာစာအုပ်လဲ သိလား” လို့မေးတယ်။ စာအုပ်ရဲ့မျက်နှာဖုံးကို ကျွန်တော် သတိပြုမိလိုက်တဲ့အတွက် “သမ္မာကျမ်းစာ” လို့ပြန်ဖြေလိုက်တယ်။ “ရှင်တိုဘုန်းတော်ကြီး ဖြစ်ချင်တဲ့သူတိုင်း ဒီစာအုပ်ကို ဖတ်သင့်တယ်” လို့သူကပြောတယ်။

ချက်ချင်းပဲ သမ္မာကျမ်းစာအုပ် သွားဝယ်လိုက်တယ်။ ပြီးတော့ ထင်သာမြင်သာရှိတဲ့ စာအုပ်စင်ပေါ် တင်ထားလိုက်တယ်။ ဒါပေမဲ့ ကျောင်းစာနဲ့ နပန်းလုံးနေရလို့ ကျမ်းစာဖတ်ဖို့ အချိန်မရခဲ့ပါဘူး။ ကျောင်းပြီးသွားတဲ့အခါ ရှင်တိုဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းတော်ကြီးဝတ်လိုက်တယ်။ ကလေးဘဝက မက်ခဲ့တဲ့အိပ်မက်ဟာ တကယ်ဖြစ်လာပါပြီ။

ရှင်တိုဘုန်းတော်ကြီး ဝတ်ပြီးတဲ့နောက် မကြာခင်မှာပဲ ကျွန်တော်ထင်ထားသလို မဟုတ်ဘူးဆိုတာကို သိလာရတယ်။ ရှင်တိုဘုန်းတော်ကြီး အများစုက မေတ္တာခေါင်းပါးတဲ့အပြင် သူတစ်ပါးရဲ့အကျိုးကိုလည်း စိတ်မဝင်စားကြဘူး။ ဒါ့အပြင် တချို့က ဘာသာတရား သက်ဝင်ယုံကြည်မှုလည်း မရှိကြဘူး။ ကျွန်တော့်ထက် ဝါကြီးတဲ့ ရှင်တိုဘုန်းတော်ကြီးတစ်ပါးက “မင်း ဒီမှာ အောင်မြင်ချင်တယ်ဆိုရင် အတွေးအခေါ်နဲ့ဆိုင်တဲ့ အကြောင်းတွေကိုပဲ ပြောရမယ်။ ဘာသာတရားအကြောင်း မပြောရဘူး” လို့တောင် ပြောခဲ့တယ်။

အဲလိုပြောခံရတဲ့အတွက် ရှင်တိုဘာသာတရားကို ကျွန်တော် တော်တော်စိတ်ပျက်သွားတယ်။ ရှင်တိုဘုန်းကြီးကျောင်းမှာ အလုပ်ဆက်လုပ်ခဲ့ပေမဲ့ တခြားဘာသာတရားတွေကို စတင် စူးစမ်းလေ့လာကြည့်တယ်။ ဒါပေမဲ့ ဘာတစ်ခုမှ ပိုကောင်းမယ့်ပုံမပေါက်ဘူး။ ဘာသာတရားတွေကို စူးစမ်းကြည့်လေလေ စိတ်ပျက်စရာတွေ တွေ့လေလေပဲ။ ဘယ်ဘာသာတရားမှာမှ အမှန်တရားမရှိပါဘူးလို့ ခံစားလာရတယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ- ၁၉၈၈ ခုနှစ်မှာ ဗုဒ္ဓဘာသာဝင်မိတ်ဆွေတစ်ယောက်နဲ့တွေ့ပြီး သူက ကျွန်တော့်ကို ကျမ်းစာဖတ်ဖို့ အားပေးသွားတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက အဲလိုပဲ အားပေးခဲ့တဲ့ ရှင်တိုဘုန်းတော်ကြီးတစ်ပါးကို သတိရမိတယ်။ သူပြောတဲ့အတိုင်း ဖတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျမ်းစာကို စဖတ်လိုက်တာနဲ့ အရမ်းပဲ စိတ်ဝင်စားသွားတယ်။ တစ်ခါတလေ ကျမ်းစာကို ညလုံးပေါက် ဖတ်လိုက်တာ မိုးလင်းလို့ လင်းမှန်းတောင် မသိလိုက်ဘူး။

ကျမ်းစာကနေ ဖတ်မိတဲ့အချက်တွေကြောင့် ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းချင်တဲ့စိတ် ပေါ်လာတယ်။ မဿဲ ၆:၉-၁၃ မှာဖော်ပြထားတဲ့ စံပြဆုတောင်းချက်ကနေ စခဲ့တယ်။ အဲဒီဆုတောင်းချက်ကို နှစ်နာရီခြားတစ်ခါ ရွတ်ဆိုတယ်။ ရှင်တိုဘုန်းကြီးကျောင်းမှာ အလုပ်လုပ်နေတဲ့အခါမှာတောင် ရွတ်ဆိုတယ်။

ကျွန်တော်ဖတ်ခဲ့တဲ့ အရာတွေနဲ့ပတ်သက်ပြီး မေးစရာတွေက အများကြီးပဲ။ အဲဒီအချိန်မှာ ကျွန်တော် လက်ထပ်ပြီးသွားပါပြီ။ အရင်တုန်းက ကျွန်တော့်ဇနီးဆီ လာလည်ပတ်တဲ့ ယေဟောဝါသက်သေတွေဟာ လူတွေကို ကျမ်းစာအကြောင်း သင်ပေးတယ်ဆိုတာ သိထားတယ်။ ဒါနဲ့ သက်သေခံတစ်ယောက်ကို လိုက်ရှာပြီး တွေ့တဲ့အခါ မေးခွန်းတွေ အများကြီး မေးခဲ့တယ်။ ကျွန်တော်မေးတဲ့ မေးခွန်းတိုင်းကို ကျမ်းစာနဲ့ပဲ အဖြေပေးလို့ အရမ်းသဘောကျသွားတယ်။ ဒါနဲ့ အဲဒီသက်သေခံအမျိုးသမီးက ကျွန်တော့်ကို သက်သေခံအမျိုးသားတစ်ယောက်နဲ့ ကျမ်းစာလေ့လာဖို့ စီစဉ်ပေးတယ်။

သိပ်မကြာပါဘူး၊ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို စတင်တက်ရောက်ခဲ့တယ်။ အရင်တုန်းက ကျွန်တော် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တဲ့ လူတချို့ကို သက်သေခံတွေကြားမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ သူတို့ ကျွန်တော့်ကိုတွေ့တော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ကြတဲ့အတွက် စိတ်သက်သာရာရသွားတယ်။

ခင်ပွန်းသည်တွေဟာ ကိုယ့်ရဲ့မိသားစုဝင်တွေကို ချစ်မြတ်နိုးပြီး ဂုဏ်တင်ရမယ်လို့ ဘုရားသခင် တောင်းဆိုထားတာကို အစည်းအဝေးတွေကနေ ကျွန်တော် ကြားသိခဲ့ရတယ်။ အဲဒီမတိုင်ခင်က ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေလို့ ကျွန်တော့်ဇနီးနဲ့ ကလေးနှစ်ယောက်ကို အာရုံမစိုက်အားခဲ့ဘူး။ ဘုန်းကြီးကျောင်းကိုလာတဲ့သူတွေ ပြောတဲ့စကားကို ဂရုတစိုက် နားထောင်ပေးခဲ့ပေမဲ့ ကျွန်တော့်ဇနီးရဲ့စကားကိုတော့ တစ်ခါမှ နားမထောင်ပေးခဲ့ဘူးဆိုတာ တဖြည်းဖြည်း သိမြင်လာတယ်။

ကျမ်းစာလေ့လာတာ အချိန်အတော်ကြာတော့ ဘုရားသခင်အကြောင်း အများကြီး သိလာရတယ်။ အထူးသဖြင့် ‘ယေဟောဝါဘုရားသခင်၏ နာမည်ကိုခေါ်၍ ဆုတောင်းသောသူတိုင်းသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်’ ဆိုတဲ့ ရောမ ၁၀:၁၃ လိုမျိုး ကျမ်းချက်တွေကို ကျွန်တော် အရမ်းနှစ်သက်တယ်။ ကလေးဘဝကတည်းက ဘုရားသခင်ကို ရှာဖွေနေခဲ့တာ အခုမှပဲ တွေ့ရတော့တယ်။

ကျွန်တော် ရှင်တိုဘုန်းကြီးကျောင်းနဲ့ မပတ်သက်ချင်တော့ဘူး။ ဒီဘာသာတရားကို စွန့်လိုက်ရင် လူတွေ ဘယ်လိုထင်ကြမလဲဆိုပြီး အစပိုင်းမှာ တွေးပူခဲ့တယ်။ ဒါပေမဲ့ စစ်မှန်တဲ့ဘုရားသခင်ကို တစ်နေရာရာမှာ တွေ့ခဲ့ရင် ရှင်တိုဘာသာတရားကို စွန့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲပြောနေခဲ့တာ။ ဒါကြောင့် ၁၉၈၉ ခုနှစ် နွေဦးပေါက်ရာသီမှာ ပြောတဲ့အတိုင်းပဲ လုပ်လိုက်တယ်။ ဘုန်းကြီးကျောင်းကို စွန့်ခွာပြီး ယေဟောဝါဘုရားသခင်ကိုပဲ အားကိုးလိုက်တယ်။

ရှင်တိုဘုန်းကြီးကျောင်းကို စွန့်ဖို့ဆိုတာ မလွယ်လှဘူး။ ကျွန်တော့်ထက် ဝါကြီးတဲ့ ဘုန်းတော်ကြီးတွေက ကျွန်တော့်ကို အပြစ်တင်ပြီး ဆက်နေဖို့ အတင်းတိုက်တွန်းခဲ့ကြတယ်။ ပိုဆိုးတာက ကျွန်တော့်ရဲ့မိဘတွေကို မပြောပြရဲဘူး။ သူတို့ကိုပြောပြဖို့ အသွားမှာ စိုးရိမ်စိတ်တွေ အရမ်းများလွန်းလို့ ရင်တုန်ပန်းတုန်ဖြစ်ပြီး ခြေထောက်တွေတောင် ပျော့ခွေသွားမတတ်ပဲ။ လမ်းတစ်လျှောက် အကြိမ်ကြိမ် ရပ်နားပြီး ခွန်အားရဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။

မိဘအိမ်ကိုရောက်တော့ တော်တော်နဲ့ ကျွန်တော့်အကြောင်း စကားမစရဲဘူး။ နောက်ဆုံးကျမှ ဆုတောင်းလိုက်ပြီး အဖေ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။ စစ်မှန်တဲ့ဘုရားသခင်ကို တွေ့ပြီဖြစ်လို့ ရှင်တိုဘာသာကို စွန့်လိုက်ပြီလို့ ပြောပြတဲ့အခါ အဖေက အထိတ်တလန့်ဖြစ်သွားပြီး ဝမ်းနည်းသွားတယ်။ ဆွေမျိုးတွေ ရောက်လာပြီး ကျွန်တော့်ကို နားချကြတယ်။ ကျွန်တော့်မိသားစုကို စိတ်မထိခိုက်စေချင်ဘူး။ တစ်ချိန်တည်းမှာ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုတာက မှန်ကန်တဲ့လုပ်ရပ် ဖြစ်တယ်ဆိုတာကိုလည်း သိရှိထားတယ်။ အချိန်ကြာလာတဲ့အခါ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို မိသားစုက လေးစားလာတယ်။

လူက ရှင်တိုဘုန်းကြီးကျောင်းကို မသွားတော့ပေမဲ့ စိတ်က ရောက်ရောက်သွားတယ်။ ဘုန်းတော်ကြီးဘဝကို မေ့ပျောက်လို့မရအောင် အရိုးစွဲနေတာကိုး။ မေ့ပစ်ဖို့ကြိုးစားပေမဲ့ ဘယ်နေရာကိုပဲကြည့်ကြည့် အရင်ဘဝဟောင်းကို ပြန်အမှတ်ရနေသလိုပဲ။

အဲဒီအရိပ်မည်းကြီးကနေ လွတ်မြောက်အောင် အချက်နှစ်ချက်ကို ကျွန်တော်လုပ်ဆောင်ခဲ့ရတယ်။ ပထမတစ်ချက်က အရင်ဘာသာတရားနဲ့ ဆက်နွှယ်နေတဲ့အရာအားလုံးကို ကျွန်တော့်အိမ်ထဲမှာ မွှေနှောက်ရှာဖွေလိုက်တယ်။ ပြီးတော့ အားလုံးကို မီးရှို့ပစ်လိုက်တယ်။ အဲဒီအထဲမှာ စာအုပ်တွေ၊ ရုပ်ပုံတွေနဲ့ တန်ဖိုးကြီးတဲ့ အမှတ်တရပစ္စည်းတွေတောင် ပါတယ်။ ဒုတိယအချက်က ယေဟောဝါသက်သေတွေနဲ့ အတတ်နိုင်ဆုံး ပေါင်းသင်းဖို့ အခွင့်အရေးရှာတယ်။ သူတို့ရဲ့ခင်မင်မှုနဲ့ ထောက်မမှုက ကျွန်တော့်ကို အများကြီး ထောက်ကူပေးတယ်။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ဘဝဟောင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ- ကျွန်တော့်ဇနီးနဲ့ သားသမီးတွေကို လျစ်လျူရှုခဲ့တဲ့အတွက် သူတို့ဟာ အထီးကျန်တယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ခင်ပွန်းသည်တွေနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်တွေကြောင့် သူတို့ကို အချိန်ပေးတဲ့အခါ သူတို့နဲ့ ပိုရင်းနှီးလာတယ်။ အချိန်ကြာလာတော့ ကျွန်တော့်ဇနီးလည်း ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လာတယ်။ ကျွန်တော့်သား၊ ကျွန်တော့်သမီးနဲ့သားမက်လည်း ကျွန်တော်တို့နဲ့အတူ ဝတ်ပြုကိုးကွယ်လာကြတယ်။

ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး တခြားသူတွေကို ကူညီပေးမယ်ဆိုတဲ့ ကလေးဘဝအိပ်မက်ကို ပြန်စဉ်းစားကြည့်တဲ့အခါ ကျွန်တော်ရှာဖွေနေတဲ့အရာကိုလည်း တွေ့ရှိခဲ့သလို တခြားအရာတွေကိုလည်း ရရှိခဲ့တယ်ဆိုတာ သိလိုက်ရတယ်။ ယေဟောဝါဘုရားသခင်ကို စကားနဲ့မဖော်ပြနိုင်လောက်အောင် ကျေးဇူးတင်ပါတယ်။

“တစ်ခုခု လိုနေတယ် ဆိုတာကို သိနေတယ်။”—လီနက် ဟော့တင်း

မွေးဖွားတဲ့ခုနှစ်– ၁၉၅၈

နေရင်းနိုင်ငံ– တောင်အာဖရိက

နောက်ခံ– စွန့်ပစ်ခံရတယ်လို့ ခံစားခဲ့ရ

အတိတ်- ဂျာမစ်စတန်မြို့မှာ ကျွန်မကို မွေးဖွားခဲ့တယ်။ အလတ်စား သတ္တုတွင်းလုပ်ငန်းတွေရှိတဲ့ မြို့ဖြစ်ပေမဲ့ ရာဇဝတ်မှုတွေ သိပ်မရှိဘူး။ မိဘတွေက ကျွန်မကို မကျွေးနိုင်တော့လို့ မွေးစားဖို့ သူများကို ပေးလိုက်တယ်။ ကျွန်မအသက် ၁၄ ရက်သမီးပဲ ရှိသေးတဲ့အချိန်မှာ မေတ္တာတရားရှိတဲ့ ဇနီးမောင်နှံက ကျွန်မကို မွေးစားလိုက်တယ်။ သူတို့တွေကို မိဘအရင်းလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မဟာ မွေးစားသမီးဆိုတာ သိလိုက်ရတဲ့နောက်မှာတော့ စွန့်ပစ်ခံရတယ်ဆိုတဲ့ ခံစားချက်တွေ ဝင်လာတယ်။ မွေးစားမိဘတွေနဲ့ သွေးမတော်သားမစပ်ဘူး၊ ကျွန်မကို နားမလည်ပေးကြဘူးလို့ စခံစားလာရတယ်။

အသက် ၁၆ နှစ်လောက်မှာ အရက်ဆိုင်ကို ကျွန်မ သွားတတ်နေပြီ။ အဲဒီမှာ သူငယ်ချင်းတွေနဲ့ ကခုန်ကြ၊ သီချင်းနားထောင်ကြတယ်။ အသက် ၁၇ နှစ်မှာတော့ စီးကရက်သောက်တတ်လာတယ်။ စီးကရက်ကြော်ငြာတွေထဲက မော်ဒယ်လေးတွေလိုလည်း ပိန်ချင်လာတယ်။ အသက် ၁၉ နှစ်ရောက်တော့ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ အလုပ်လုပ်တယ်။ အဲဒီမှာ လူမိုက်တွေနဲ့ ပေါင်းသင်းခဲ့တယ်။ ဆဲလည်း ဆဲတတ်လာတယ်။ စနေတနင်္ဂနွေရက်တွေမှာ ဆေးလိပ်နဲ့အရက်ကို တရားလွန်သောက်တယ်။

ဒါတောင်မှ ကျွန်မဟာ ကျန်းမာရေး တော်တော်ကောင်းနေတယ်။ အေရိုးဗစ် မှန်မှန်ကစားတယ်။ ဘောလုံးကန်တယ်။ တခြားအားကစားတွေလည်း ပါဝင်လှုပ်ရှားလိုက်သေးတယ်။ ကွန်ပျူတာထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်ကြိုးစားတဲ့အတွက် နာမည်ကောင်းရလာတယ်။ ဒါနဲ့ ငွေရေးကြေးရေး အဆင်ပြေလာပြီး ကျွန်မဘဝက အောင်မြင်နေတယ်လို့ လူတော်တော်များများက သတ်မှတ်ကြတယ်။ ဒါပေမဲ့ ကျွန်မ မပျော်ပါဘူး။ ဟာတာတာကြီးဖြစ်နေပြီး ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်နေတယ်။ တစ်ခုခု လိုနေတယ်ဆိုတာကို ရင်ထဲက သိနေတယ်။

သမ္မာကျမ်းစာက ကျွန်မဘဝကို ပြောင်းလဲပေးခဲ့ပုံ- ကျမ်းစာကို စလေ့လာတဲ့အခါမှာ ယေဟောဝါဟာ မေတ္တာရှင်ဘုရားသခင် ဖြစ်တယ်ဆိုတာ ကျွန်မ သိလာရတယ်။ လူတွေကို သမ္မာကျမ်းစာ ပေးထားတာက ဘုရားသခင်မှာ မေတ္တာရှိတယ်ဆိုတာ ပေါ်လွင်တယ်။ သမ္မာကျမ်းစာက ကျွန်မတို့ကို လမ်းညွှန်ပေးဖို့ ဘုရားသခင်ကိုယ်တိုင် တိုက်ရိုက်ရေးထားတဲ့ စာတစ်စောင်လိုပါပဲ။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဘုရားသခင်ရဲ့ မေတ္တာပါတဲ့ လမ်းညွှန်မှုကနေ အကျိုးရယူချင်တယ်ဆိုရင် ကျွန်မဘဝမှာ ပြောင်းလဲမှုကြီးတချို့ ပြုလုပ်ရမယ်ဆိုတာ သိလိုက်ရတယ်။

ပြောင်းလဲရမယ့်အရာတစ်ခုက အပေါင်းအသင်းဟောင်းတွေနဲ့ အဆက်ဖြတ်ဖို့ပါ။ “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏” ဆိုတဲ့ကျမ်းစကားကို ကျွန်မ လေးလေးနက်နက် စဉ်းစားလိုက်တယ်။ (သု. ၁၃:၂၀) အဲဒီကျမ်းစကားက ကျွန်မအတွက် အပေါင်းအသင်းဟောင်းတွေနဲ့ အဆက်ဖြတ်ပြီး ယေဟောဝါသက်သေတွေနဲ့ မိတ်သစ်ဆွေသစ်ဖွဲ့ဖို့ တွန်းအားဖြစ်စေတယ်။

ကျွန်မအတွက် အကြီးမားဆုံး စိန်ခေါ်ချက်က အရမ်းစွဲနေတဲ့ ဆေးလိပ်ကို ဖြတ်လိုက်ဖို့ပါ။ အဲဒီအခက်အခဲကို ကျော်လွှားနိုင်ခဲ့ပေမဲ့ နောက်စိန်ခေါ်ချက်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် ကျွန်မရဲ့ကိုယ်အလေးချိန် ပေါင် ၃၀ ကျော် တိုးလာတယ်။ ဒါကြောင့် လူတောမတိုးရဲတော့ဘူး။ ကိုယ်အလေးချိန်ကျသွားအောင် ဆယ်နှစ်နီးပါးလောက် အချိန်ယူခဲ့ရတယ်။ ဒါပေမဲ့ ဆေးလိပ်ဖြတ်တာက မှန်တဲ့အလုပ်ဆိုတာ သိပါတယ်။ ဘုရားသခင်ဆီ မပြတ်တမ်း ဆုတောင်းတဲ့အတွက် အောင်မြင်ဖို့ ကျွန်မ ခွန်အားရခဲ့တယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ- ကျွန်မရဲ့ကျန်းမာရေးက အရင်ကထက် ပိုကောင်းလာပါပြီ။ ဒါ့အပြင် ရှိတာလေးနဲ့လည်း ရောင့်ရဲတတ်လာတယ်။ လောကအလုပ်အကိုင်၊ ရာထူးနဲ့ ချမ်းသာကြွယ်ဝမှုတွေကနေ ရရှိတဲ့ တဒင်္ဂပျော်ရွှင်မှုနောက်ကို တကောက်ကောက် မလိုက်တော့ဘူး။ အဲဒီလိုလုပ်မယ့်အစား တခြားသူတွေကို ကျမ်းစာအမှန်တရား ဝေငှခြင်းမှာ ကျွန်မ ပျော်ရွှင်နေပါပြီ။ ကျွန်မရဲ့ အလုပ်ဖော်ဟောင်းသုံးယောက်လည်း ကျွန်မတို့ဇနီးမောင်နှံနဲ့အတူ ဘုရားသခင်ကို ဝတ်ပြုနေပါပြီ။ မွေးစားမိဘတွေ မဆုံးခင် သာယာလှပတဲ့ ပရဒိသုမြေကြီးပေါ်မှာ ပြန်အသက်ရှင်လာမယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်အကြောင်း သူတို့ကို ပြောပြလိုက်ရပါသေးတယ်။

ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့အတွက် စွန့်ပစ်ခံရတယ်ဆိုတဲ့ ခံစားချက်တွေ ပျောက်သွားပြီး ယုံကြည်ချင်းတူတဲ့ ကမ္ဘာချီမိသားစုအဝင် ဖြစ်ခွင့်ရတယ်ဆိုတဲ့ ခံစားချက်ကို ရရှိခဲ့ပါပြီ။ အခုဆိုရင် ကျွန်မမှာ အမေတွေ၊ အဖေတွေ၊ ညီအစ်ကိုမောင်နှမတွေ အများကြီးပါပဲ။—မာကု ၁၀:၂၉၊ ၃၀

[စာမျက်နှာ ၁၂ ပါရုပ်ပုံ]

ယေဟောဝါသက်သေတွေကြားမှာ ခရစ်ယာန်မေတ္တာကို ကျွန်မ ခံစားခဲ့ရ

[စာမျက်နှာ ၁၃ ပါရုပ်ပုံ]

ကျွန်တော် အရင်က ဝတ်ပြုခဲ့တဲ့ ရှင်တိုဘုန်းကြီးကျောင်း