မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကောင်းကင်အစိုးရကို ပြောတာပါ။ အဲဒီအစိုးရက လူ့အုပ်ချုပ်မှုအားလုံးကို ဖယ်ရှားပြီး ကောင်းကင်မှာရော မြေကြီးပေါ်မှာပါ ဘုရားသခင့်အလိုတော်အတိုင်း လုပ်ဆောင်ပေးမှာဖြစ်တယ်။ လူသားတွေဟာ အုပ်ချုပ်မှုကောင်း လိုအပ်နေတယ်။ အဲဒါကို ဘုရားသခင့်နိုင်ငံတော်က ဖြည့်ဆည်းပေးပါလိမ့်မယ်။—ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၉၊ ၁၀ တို့ကိုဖတ်ပါ။

ဘုရားသခင့်နိုင်ငံတော်မှာ ဘုရင်တစ်ဦး ရှိရမယ်။ ဒါကြောင့် ယေဟောဝါဘုရားသခင်ဟာ မိမိနိုင်ငံတော်ရဲ့ ရှင်ဘုရင်အဖြစ် သားတော်ယေရှုကို ခန့်အပ်ခဲ့တယ်။—လုကာ ၁:၃၀-၃၃ ကိုဖတ်ပါ။

၂။ ယေရှုဟာ ဘာကြောင့် အကောင်းဆုံး အုပ်စိုးရှင်ဖြစ်တာလဲ

ဘုရားသခင့်သားတော်ဟာ ကြင်နာတယ်၊ မှန်ရာကို ပြတ်ပြတ်သားသား လုပ်ဆောင်ပြီး လူတွေကို ကူညီပေးနိုင်လောက်အောင် အစွမ်းတန်ခိုးရှိတဲ့အတွက် အကောင်းဆုံး အုပ်စိုးရှင်ဖြစ်တယ်။ (မဿဲ ၁၁:၂၈-၃၀) ယေရှု ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာ ကောင်းကင်ကို တက်သွားတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ လက်ယာတော်ဘက်မှာ ဘုရင်ရာထူးရတဲ့အချိန်အထိ စောင့်ခဲ့တယ်။ (ဟေဗြဲ ၁၀:၁၂၊ ၁၃) နောက်ဆုံးမှာ ဘုရားသခင်ဟာ ယေရှုကို ကောင်းကင်ကနေ စတင်အုပ်ချုပ်ခွင့်အာဏာ ပေးအပ်လိုက်တယ်။—ဒံယေလ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။

၃။ တခြားဘယ်သူတွေလည်း ယေရှုနဲ့အတူ အုပ်ချုပ်ကြမလဲ

“သန့်ရှင်းသူတို့” လို့ခေါ်တဲ့ အုပ်စုတစ်စုကို ဘုရားသခင် ရွေးချယ်ထားတယ်။ အဲဒီအုပ်စုဟာ ယေရှုနဲ့အတူ ကောင်းကင်မှာ အုပ်ချုပ်ကြပါလိမ့်မယ်။ (ဒံယေလ ၇:၂၇သမ္မာ) သန့်ရှင်းသူတွေအဖြစ် ဦးဆုံး ရွေးချယ်ခံရတဲ့သူတွေကတော့ ယေရှုအပေါ်တည်ကြည်တဲ့ တမန်တော်တွေပါ။ တည်ကြည်တဲ့ အမျိုးသားအမျိုးသမီးတွေကို သန့်ရှင်းသူတွေအဖြစ် ကနေ့အချိန်အထိ ဘုရားသခင် ဆက်ရွေးချယ်နေတုန်းပါပဲ။ ယေရှုလိုပဲ သူတို့ဟာ ဝိညာဉ်ခန္ဓာနဲ့ ထမြောက်ကြမှာဖြစ်တယ်။—ယောဟန် ၁၄:၁-၃; ၁ ကောရိန္သု ၁၅:၄၂-၄၅ တို့ကိုဖတ်ပါ။

ကောင်းကင်ကို လူဘယ်နှစ်ယောက် သွားကြမှာလဲ။ ကောင်းကင်သွားကြမယ့်သူတွေကို ယေရှုက “သိုးစုငယ်” လို့ခေါ်ခဲ့တယ်။ (လုကာ ၁၂:၃၂) သူတို့ရဲ့အပြီးသတ် အရေအတွက်က အယောက် ၁၄၄,၀၀၀ ရှိမှာဖြစ်ပြီး ယေရှုနဲ့အတူ ကမ္ဘာမြေကြီးကို အုပ်ချုပ်ကြပါလိမ့်မယ်။—ဗျာ. ၅:၉၊ ၁၀; ၁၄:၁ ကိုဖတ်ပါ။

၄။ ဘယ်အချိန်မှာ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်လာသလဲ

ယေရှုဟာ ၁၉၁၄ ခုနှစ်ကတည်းကစပြီး ဘုရင်အဖြစ် အုပ်ချုပ်လာပါတယ်။ * အဲဒီနောက် မကြာခင်မှာပဲ စာတန်နဲ့ သူ့ရဲ့အပေါင်းအပါတွေကို ကမ္ဘာမြေကြီးပေါ် နှင်ချလိုက်တယ်။ (ဗျာ. ၁၂:၇-၁၀၊ ၁၂) အဲဒီအချိန်ကစပြီး လူသားတွေမှာ ဆင်းရဲခက်ခဲမှုတွေ အလွန်တိုးများလာခဲ့တယ်။ စစ်၊ မြေငလျင်၊ အငတ်ဘေး၊ ကပ်ရောဂါနဲ့ မတရားမှုတွေက လက်ရှိလောကစနစ်ဟာ နောက်ဆုံးသောနေ့ရက်တွေထဲ ရောက်ရှိနေပြီဆိုတာကို ဖော်ပြတဲ့ အထောက်အထားတချို့ဖြစ်တယ်။ (၂ တိမောသေ ၃:၁-၅) ဘုရားသခင့်နိုင်ငံတော်ကနေ အကျိုးရယူချင်သူတိုင်း ဘုရင်ယေရှုရဲ့နောက်လိုက် ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို သင်ယူသင့်တယ်။—လုကာ ၂၁:၇၊ ၁၀၊ ၁၁၊ ၃၁၊ ၃၄၊ ၃၅ ကိုဖတ်ပါ။

၅။ ဘုရားသခင့်နိုင်ငံတော်က ဘယ်အရာတွေကို ပြီးမြောက်စေသလဲ

ဘုရားသခင့်နိုင်ငံတော်ဟာ လူမျိုးအပေါင်းက သန်းနဲ့ချီတဲ့သူတွေကို ဘုရားသခင်ရဲ့ နည်းလမ်းတော်တွေ သိရှိလာအောင် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအားဖြင့် ကူညီပေးနေပါပြီ။ (မဿဲ ၂၄:၁၄) ကမ္ဘာပေါ်က လက်ရှိလောကစနစ်ဆိုးကို ဘုရားသခင့်နိုင်ငံတော် ဖျက်ဆီးတဲ့အခါ ယေရှုအပေါ် တည်ကြည်စွာ လက်အောက်ခံတဲ့ “လူအုပ်ကြီး” ကို ကာကွယ်ပေးပါလိမ့်မယ်။—ဗျာ. ၇:၉၊ ၁၀၊ ၁၃-၁၇ ကိုဖတ်ပါ။

အနှစ် ၁,၀၀၀ ကာလအတွင်းမှာ ဘုရားသခင့်နိုင်ငံတော်ဟာ ကမ္ဘာမြေကြီးကို သာယာလှပတဲ့ ပရဒိသုဥယျာဉ်ဖြစ်အောင် တဖြည်းဖြည်း ပြုလုပ်ပေးမယ်။ နောက်ဆုံးမှာ ယေရှုဟာ မိမိရဲ့အုပ်ချုပ်ခွင့်အာဏာကို ခမည်းတော်လက်ထဲ ပြန်လည်အပ်နှင်းပါလိမ့်မယ်။ (၁ ကောရိန္သု ၁၅:၂၄-၂၆) ဘုရားသခင့်နိုင်ငံတော်အကြောင်း သင် ပြောပြချင်တဲ့သူ တစ်ယောက်ယောက်များ ရှိပါသလား။—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉ ကိုဖတ်ပါ။

ဒီထက်မက ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၈ နဲ့ မှာဖတ်ကြည့်ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ကျမ်းစာကြိုပြောချက်က ၁၉၁၄ ခုနှစ်ကို ဘယ်လိုထောက်ပြတဲ့အကြောင်း အသေးစိတ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ စာမျက်နှာ ၂၁၅-၂၁၈ မှာဖတ်ကြည့်နိုင်ပါတယ်။