မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စကြဝဠာကို ထိန်းချုပ်ထားတဲ့ နိယာမတွေကို ဘယ်သူဖန်တီးသလဲ

စကြဝဠာကို ထိန်းချုပ်ထားတဲ့ နိယာမတွေကို ဘယ်သူဖန်တီးသလဲ

စကြဝဠာကို ထိန်းချုပ်ထားတဲ့ နိယာမတွေကို ဘယ်သူဖန်တီးသလဲ

“မိုးကောင်းကင်နိယာမများကို သင် နားလည်ပါသလော။” (ယောဘ ၃၈:၃၃ဂျေရုဆလင်ကျမ်းသစ်) ဖန်ဆင်းရှင်ရဲ့ အတိုင်းအဆမဲ့ ဉာဏ်ပညာနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လူ့ဉာဏ်ပညာဟာ ဘာမှမဟုတ်ဘူး။ ဒီအချက်ကို ဆင်းရဲခက်ခဲမှုကြုံနေရတဲ့ ယောဘ သဘောပေါက်အောင် ဘုရားသခင်က အဲလိုမေးပြီး ကူညီပေးခဲ့တယ်။ အဲဒီနှိုင်းယှဉ်မှုကို သင် သဘောတူသလား။

စကြဝဠာကို ထိန်းချုပ်ထားတဲ့ နိယာမတွေနဲ့ပတ်သက်ပြီး လူသားတွေဟာ အများကြီး သိရှိလာခဲ့ပေမဲ့ လေ့လာစရာတွေ အများကြီး ကျန်နေသေးတယ်ဆိုပြီး သိပ္ပံပညာရှင်အများစုက မဆိုင်းမတွ ဝန်ခံကြပါလိမ့်မယ်။ အသစ်သော ရှာဖွေတွေ့ရှိချက်တွေကြောင့် သိပ္ပံပညာရှင်တွေဟာ စကြဝဠာအတွင်းမှာရှိတဲ့ အရာဝတ္ထုတွေရဲ့ ရွေ့လျားမှုနဲ့ပတ်သက်ပြီး သူတို့ရဲ့ သီအိုရီတွေကို အကြိမ်ကြိမ် ပြန်လည်သုံးသပ်ခဲ့ရတယ်။ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ အသစ်သောအရာတွေက ယောဘကို ဘုရားသခင် မေးခဲ့တဲ့မေးခွန်းနဲ့ ကိုက်ညီရဲ့လား။ ဒါမှမဟုတ် စကြဝဠာကိုထိန်းချုပ်ထားတဲ့ နိယာမတွေကို ဖန်တီးတဲ့အရှင်ဟာ ဘုရားသခင် ဖြစ်တယ်ဆိုတဲ့ အထောက်အထားကို အဲဒီရှာဖွေတွေ့ရှိချက် အသစ်တွေက အမှန်တကယ် ပံ့ပိုးပေးသလား။

အဲဒီမေးခွန်းတွေအတွက် အဖြေတွေရရှိဖို့ စိတ်ဝင်စားဖွယ် ဖော်ပြချက်တွေ သမ္မာကျမ်းစာမှာ ပါရှိပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက သိပ္ပံစာအုပ်တစ်အုပ်ဖြစ်တယ်လို့ မဆိုလိုပါဘူး။ စကြဝဠာနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်တွေဟာ အံ့ဩစရာကောင်းလောက်အောင် တိကျမှန်ကန်ပြီး အဲဒီအချက်တွေကို နောက်နှစ်ပေါင်းထောင်ချီကြာတဲ့အခါမှ လူတွေက ရှာဖွေတွေ့ရှိခဲ့ကြတာပါ။

စကြဝဠာနဲ့ပတ်သက်တဲ့ ရှေးခေတ် ယူဆချက်များ

စကြဝဠာနဲ့ပတ်သက်တဲ့ ရှေးခေတ် ယူဆချက်တွေနဲ့ ကျမ်းစာဖော်ပြချက်တွေကို နှိုင်းယှဉ်ကြည့်နိုင်အောင် ဟေဗြဲကျမ်းစာစောင်ဖြစ်တဲ့ ဓမ္မဟောင်းကျမ်းကို ရေးသားပြီးစီးခဲ့တဲ့နောက် ရာစုနှစ်တစ်ခုခန့်အကြာဖြစ်တဲ့ ဘီစီအီး လေးရာစုအချိန်ကို ပြန်သွားကြရအောင်။ အဲဒီအချိန်တုန်းက ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ်ဟာ သူ့ခေတ်က နာမည်ကြီး ကျမ်းပညာရှင်တွေကို စကြဝဠာအကြောင်း သွန်သင်ပေးခဲ့တယ်။ ကနေ့ထက်ထိ သူ့ကို အသက်ရှင်ခဲ့သမျှမှာ ဩဇာအညောင်းဆုံး သိပ္ပံပညာရှင်တွေထဲက တစ်ယောက်အဖြစ် သတ်မှတ်နေတုန်းပါပဲ။ ( စာမျက်နှာ ၂၅ က လေးထောင့်ကွက်ကို ကြည့်ပါ။) “အရစ္စတိုတယ်ဟာ လူ့သမိုင်းမှာ ပထမဆုံး သိပ္ပံပညာရှင်စစ်စစ်ဖြစ်တယ်။ . . . သိပ္ပံပညာရှင်တိုင်းက သူပြီးမြောက်ခဲ့ရာတွေအတွက် ကျေးဇူးတင်ဖို့ကောင်းတယ်” လို့ ဗြိတိန်နီကာစွယ်စုံကျမ်းမှာ ဖော်ပြထားတယ်။

အရစ္စတိုတယ်ဟာ စကြဝဠာဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး အသေအချာ ပုံစံထုတ်ခဲ့တယ်။ ဖန်လို ကြည်လင်တဲ့ စက်လုံး ၅၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ စကြဝဠာရဲ့ အလယ်ဗဟိုမှာ ကမ္ဘာမြေကြီး တည်ရှိတယ်၊ အဲဒီစက်လုံးတွေက တစ်ခုနဲ့တစ်ခု ထပ်နေတယ်ဆိုပြီး သူက အဆိုပြုခဲ့တယ်။ အပြင်ဘက်အကျဆုံး စက်လုံးမှာ ကြယ်တာရာတွေ တွယ်ကပ်နေပြီး ကမ္ဘာမြေကြီးနဲ့ ပိုနီးတဲ့ စက်လုံးတွေမှာ ဂြိုဟ်တွေ တွယ်ကပ်နေတယ်။ ကမ္ဘာမြေကြီးရဲ့အထက်မှာရှိတဲ့ အရာအားလုံးဟာ မပြောင်းမလဲဘဲ ထာဝစဉ်တည်ရှိတယ်။ အဲဒီယူဆချက်တွေက ကနေ့ခေတ်အတွက် စိတ်ကူးယဉ်ဆန်လွန်းပေမဲ့ သိပ္ပံပညာရှင်တွေအပေါ် နှစ်ပေါင်း ၂,၀၀၀ လောက်အထိ လွှမ်းမိုးခဲ့တယ်။

အရစ္စတိုတယ်ရဲ့ဖော်ပြချက်တွေကို ကျမ်းစာဖော်ပြချက်တွေနဲ့ ဘယ်လိုနှိုင်းယှဉ်မလဲ။ ဘယ်ဖော်ပြချက်က မှန်ကန်မလဲ။ စကြဝဠာကို ထိန်းချုပ်ထားတဲ့ နိယာမနဲ့ပတ်သက်တဲ့ မေးခွန်းသုံးခုကို သုံးသပ်ကြည့်ရအောင်။ အဖြေတွေက “မိုးကောင်းကင်တရား” တွေရဲ့ နောက်ကွယ်မှာရှိတဲ့ နိယာမဖန်တီးရှင်၊ သမ္မာကျမ်းစာရဲ့ အာဘော်ရှင်ကို ယုံကြည်လာအောင် ကျွန်ုပ်တို့ကို ကူညီပေးပါလိမ့်မယ်။—ယောဘ ၃၈:၃၃

၁။ စကြဝဠာဟာ ရွေ့လျားခြင်း မရှိဘဲ တန့်နေသလား

အာကာသစက်လုံးတွေဟာ ရွေ့လျားခြင်းမရှိဘဲ တန့်နေတယ်လို့ အရစ္စတိုတယ်က တွက်ဆခဲ့တယ်။ ကြယ်တွေ သူ့နေရာနဲ့သူ တွယ်ကပ်နေတဲ့ စက်လုံးက တခြားစက်လုံးတွေလိုပဲ ကျုံ့သွားတာမျိုး ဒါမှမဟုတ် ပြန့်ကားသွားတာမျိုး မရှိဘူး။

သမ္မာကျမ်းစာမှာ အဲဒီလို ခန့်မှန်းပြောဆိုတာမျိုး ရှိပါသလား။ မရှိပါဘူး။ အဲဒီအချက်နဲ့ပတ်သက်ပြီး တရားသေ ပြောဆိုထားတာမျိုး ဘာတစ်ခုမှမရှိဘူး။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကိုတော့ ဒီလိုဖော်ပြထားပါတယ်– ‘မြေကြီးသားတို့ကို နှံကောင်ကဲ့သို့ မြင်ရသည်တိုင်အောင် မြေကြီးစက်အထက်မြင့်ရာ၌ စံနေတော်မူထသော၊ မိုးကောင်းကင်ကို ပိတ်ချောကဲ့သို့ကြက်၍ နေစရာတဲရှင်ကဲ့သို့ ဖြန့်တော်မူထသော အရှင်ပေတည်း။’—ဟေရှာယ ၄၀:၂၂၊ ၂၃သမ္မာ။ *

အရစ္စတိုတယ်ရဲ့ ဖော်ပြချက်နဲ့ ကျမ်းစာဖော်ပြချက်၊ ဘယ်တစ်ခုက ကနေ့ခေတ်နဲ့ ပိုကိုက်ညီပါသလဲ။ စကြဝဠာနဲ့ပတ်သက်ပြီး ကနေ့ခေတ် စကြဝဠာဗေဒရဲ့ ရှုမြင်ချက်က ဘယ်လိုလဲ။ စကြဝဠာဟာ ပြန့်ကားနေတာကို ၂၀ ရာစုခေတ် နက္ခတ္တဗေဒပညာရှင်တွေ သိလိုက်ရတော့ အံ့အားသင့်သွားကြတယ်။ တကယ်ဆိုရင် ဂလက်ဆီကြယ်စုတွေဟာ တစ်စုနဲ့တစ်စု ဝေးရာကို လျင်မြန်စွာ ရွေ့လျားသွားနေပုံရတယ်။ စကြဝဠာ အဲဒီလိုပြန့်ကားနေတာကို သိပ္ပံပညာရှင်တွေ တစ်ခါမှ မစဉ်းစားမိခဲ့ကြဘူး။ အများအားဖြင့် စကြဝဠာဟာ အလွန်ကျစ်လျစ်သိပ်သည်းတဲ့ အခြေအနေကနေ အစပြုခဲ့ပြီး အဲဒီကတည်းကနေ ပြန့်ကားလာနေတယ်လို့ ကနေ့ခေတ် စကြဝဠာဗေဒပညာရှင်တွေ ယူဆကြတယ်။ တကယ်တော့ အရစ္စတိုတယ်ရဲ့ ယူဆချက်ဟာ ခေတ်နောက်ကျသွားပြီလို့ သိပ္ပံပညာက သတ်မှတ်လိုက်ပါပြီ။

ကျမ်းစာဖော်ပြချက်ကကော ဘယ်လိုလဲ။ ကြယ်အတိပြီးတဲ့ မိုးကောင်းကင်ကို မော့ကြည့်ပြီး ရွက်ဖျင်တဲတစ်ခုနဲ့ တူတယ်လို့ စဉ်းစားနေတဲ့ ပရောဖက် (ကြိုဟောသူ) ဟေရှာယလို လူတစ်ယောက်ကို မြင်ယောင်ကြည့်လိုက်ပါ။ * နဂါးငွေ့တန်းဂလက်ဆီက ပါးလွှာတဲ့ “ပိတ်ချော” တစ်ခုနဲ့တူတယ်လို့တောင် သူယူဆကောင်း ယူဆခဲ့မှာပါ။

ဟေရှာယရဲ့အပြောကြောင့် ကျွန်ုပ်တို့အနေနဲ့ စိတ်ကူးပုံဖော်ကြည့်ဖို့ လှုံ့ဆော်ခံရတယ်။ ကျမ်းစာခေတ်က ရွက်ဖျင်တဲတစ်ခုကို စိတ်ကူးကြည့်လိုက်ပါ။ ပိတ်သားခိုင်ခံ့တဲ့ ပိတ်အုပ်တစ်အုပ်ကို ဖြန့်လိုက်ပြီး စိုက်ထားတဲ့ တိုင်တွေပေါ် မိုးလိုက်တဲ့အခါ ရွက်ဖျင်တဲတစ်လုံးဖြစ်လာတာကို မှန်းဆကြည့်နိုင်တယ်။ အဲဒီလိုပါပဲ၊ အထည်ဆိုင်ရှင်တစ်ဦးက ပါးလွှာတဲ့ အထည်တစ်ထည်ကို ယူပြီး ဈေးဝယ်သူ ကြည့်ရှုနိုင်အောင် ဖြန့်ပြပေးနေတာကိုလည်း မြင်ယောင်ကြည့်နိုင်ပါတယ်။ ကျစ်လျစ်သိပ်သည်းတဲ့အရာတစ်ခုကို ဖြန့်လိုက်တဲ့အခါ ပိုကျယ်ပြန့်လာတာကို တွေ့ရမှာဖြစ်တယ်။

စကြဝဠာရဲ့ ပြန့်ကားမှုကို ရှင်းပြဖို့အတွက် သမ္မာကျမ်းစာမှာ ရွက်ဖျင်တဲ၊ ပါးလွှာတဲ့ ပိတ်ချောတို့နဲ့ ကဗျာဆန်ဆန် ဖော်ပြထားတယ်လို့ ကျွန်ုပ်တို့ မဆိုလိုပါဘူး။ ဒါပေမဲ့ စကြဝဠာနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်က ကနေ့ခေတ် သိပ္ပံပညာရပ်နဲ့ အတော့်ကို ကိုက်ညီနေတာက စိတ်ဝင်စားစရာကောင်းတယ်။ ပရောဖက်ဟေရှာယဟာ အရစ္စတိုတယ်ခေတ်မတိုင်ခင် ရာစုနှစ်သုံးခုကျော်နဲ့ သိပ္ပံပညာမထွန်းကားခင် နှစ်ပေါင်းနှစ်ထောင်ကျော်က အသက်ရှင်ခဲ့တဲ့သူဖြစ်တယ်။ သူဟာ စကြဝဠာနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေ ပြခဲ့ပါတယ်။ ဒါပေမဲ့ အရစ္စတိုတယ်ရဲ့ပုံဖော်ချက်ကို ပြင်ဆင်တည်းဖြတ်ရသလိုမျိုး သာမန်လူတစ်ယောက်ဖြစ်တဲ့ ပရောဖက်ဟေရှာယရဲ့ ဖော်ပြချက်ကို ပြင်ဆင်တည်းဖြတ်စရာ မလိုပါဘူး။

၂။ ဘယ်အရာကြောင့် နက္ခတ်တာရာတွေက သူ့နေရာနဲ့သူ ရှိနေရတာလဲ

စကြဝဠာဟာ အရာဝတ္ထုတွေနဲ့ ပြည့်နှက်နေတယ်လို့ အရစ္စတိုတယ်က ယူဆခဲ့တယ်။ ကမ္ဘာမြေကြီးနဲ့လေထုကို ဓာတ်ကြီးလေးပါးဖြစ်တဲ့ မြေ၊ ရေ၊ လေ၊ မီးတို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတယ်လို့ သူယုံကြည်ခဲ့တယ်။ ကမ္ဘာဂြိုဟ်အပြင်ဘက်က စကြဝဠာမှာ ဖန်လို ကြည်လင်တဲ့ စက်လုံးတွေနဲ့ ပြည့်နှက်နေတယ်။ အဲဒီစက်လုံးတွေကိုလည်း အမြဲတည်ရှိနေတဲ့ ဒြပ်ဝတ္ထုနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတယ်။ နက္ခတ်တာရာတွေဟာ မမြင်နိုင်တဲ့ စက်လုံးတွေမှာ တွယ်ကပ်နေတယ်။ အရာဝတ္ထုတစ်ခုဟာ တစ်စုံတစ်ခုအပေါ်မှာ တည်ရှိနေရမယ် ဒါမှမဟုတ် တွယ်ကပ်နေရမယ်၊ အဲလိုမှမဟုတ်ရင် ပြုတ်ကျသွားမယ်ဆိုတဲ့ အခြေခံယူဆချက်က အရစ္စတိုတယ်ရဲ့ ယူဆချက်နဲ့ ကိုက်ညီနေပုံရတဲ့အတွက် သိပ္ပံပညာရှင်အများစုက အဲဒီယူဆချက်ကို အချိန်အတော်ကြာကြာ သဘောတူခဲ့ကြတယ်။

သမ္မာကျမ်းစာရဲ့အဆိုကကော။ ယေဟောဝါဘုရားသခင်နဲ့ပတ်သက်ပြီး ယောဘဆိုတဲ့ တည်ကြည်သူအမျိုးသားတစ်ဦးရဲ့ အပြောကို ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “[ဘုရားသခင်သည်] မြေကြီးကို အဘယ်အရာ၌မျှ မတွယ်ဘဲ ဆွဲထားတော်မူ၏။” (ယောဘ ၂၆:၇သမ္မာ) အဲဒီအချက်က အရစ္စတိုတယ်ရဲ့ယူဆချက်ကို ယုတ္တိမရှိဘူးလို့ ထင်မြင်သွားစေမှာ သေချာပါတယ်။

ယောဘခေတ်နောက်ပိုင်း အနှစ် ၃,၀၀၀ လောက် စီအီး ၁၇ ရာစုမှာ ခေတ်စားနေတဲ့ သိပ္ပံပညာဆိုင်ရာသီအိုရီက စကြဝဠာဟာ ဖန်လိုကြည်လင်တဲ့ စက်လုံးတွေနဲ့မဟုတ်ဘဲ အရည်တစ်မျိုးနဲ့ ပြည့်နှက်နေတယ်လို့ ဆိုတယ်။ ဒါပေမဲ့ အဲဒီရာစုနောက်ပိုင်းမှာ ရူပဗေဒပညာရှင် ဆာ အိုင်းဇက်နယူတန်က လုံးဝကွဲပြားတဲ့ ယူဆချက်တစ်ခုကို အဆိုပြုခဲ့တယ်။ ဒြပ်ဆွဲအားကြောင့် နက္ခတ်တာရာတွေဟာ တစ်ခုနဲ့တစ်ခု ဆွဲငင်နေကြတာလို့ သူကဆိုတယ်။ ကမ္ဘာမြေကြီးနဲ့ တခြားနက္ခတ်တာရာတွေဟာ တကယ်ပဲ အာကာသဟင်းလင်းပြင်မှာ တွဲလွဲတည်ရှိနေတယ်ဆိုတာကို နယူတန်က တစ်ဆင့်တက်ပြီး နားလည်သဘောပေါက်ခဲ့တယ်။ လူ့အမြင်အရဆိုရင် အဲဒီအာကာသဟင်းလင်းပြင်မှာ “ဘယ်အရာ” မှမရှိတဲ့ပုံပေါက်တယ်။

နယူတန်ရဲ့ ဒြပ်ဆွဲအားသီအိုရီဟာ အကြီးအကျယ် ဆန့်ကျင်ခံခဲ့ရတယ်။ ခိုင်မာတောင့်တင်းတဲ့ အရာတစ်ခုခုကြောင့် ကြယ်တာရာတွေနဲ့ တခြားဂြိုဟ်နက္ခတ်တာရာတွေဟာ သူ့နေရာနဲ့သူ တည်ရှိတာမဟုတ်ဘူးဆိုတာကို သိပ္ပံနည်းကျကျ တွေးခေါ်တတ်တဲ့သူ အတော်များများ မှန်းဆရခက်နေတုန်းပဲ။ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာဂြိုဟ်အပါအဝင် နက္ခတ်တာရာတွေကို အာကာသဟင်းလင်းပြင်မှာ ဘယ်လိုလုပ် ဆွဲထားလို့ရနိုင်မလဲ။ နယူတန်ရဲ့အယူအဆဟာ သိပ္ပံပညာနဲ့ လုံးဝမကိုက်ညီဘူးလို့ တချို့က ထင်မှတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အာကာသဟင်းလင်းပြင်မှာ အရာဝတ္ထုတစ်ခုခုတော့ ရှိရမယ်လို့ အရစ္စတိုတယ်ခေတ်ကတည်းက သိပ္ပံပညာရှင်အများစု ယူဆခဲ့ကြလို့ဖြစ်တယ်။

ကမ္ဘာဂြိုဟ်ဟာ မမြင်နိုင်တဲ့နည်းနဲ့ နေကို သူ့ပတ်လမ်းအတိုင်း ပတ်နေတာကို ယောဘ မသိရှာပါဘူး။ ဒါဆိုရင် ကမ္ဘာဂြိုဟ်ဟာ “ဘယ်အရာ၌မျှ မတွယ်ဘဲ ဆွဲထား” တယ်လို့ သူ ဘာကြောင့် ပြောခဲ့တာလဲ။

ဘယ်အရာကမှ ကမ္ဘာဂြိုဟ်ကို ဆွဲမထားဘူးဆိုတဲ့ ယူဆချက်ကြောင့် နောက်ထပ်မေးစရာတစ်ခု ပေါ်လာပြန်တယ်။ ဘယ်အရာက ကမ္ဘာဂြိုဟ်နဲ့ တခြားဂြိုဟ်နက္ခတ်တာရာတွေကို သူ့လမ်းကြောင်းနဲ့သူ သွားလာနေစေတာလဲ။ တစ်ချိန်တုန်းက ယောဘကို ဘုရားသခင်မေးခဲ့တဲ့ ဒီစိတ်ဝင်စားဖွယ်မေးခွန်းကို သတိပြုကြည့်ပါ– “သင်သည် ကြတ္တိကာကို သံကြိုးဖြင့် ချည်နှောင်နိုင်သလော။ အသဝနီ၏ချည်နှောင်ခြင်းကို ဖြေနိုင်သလော။” (ယောဘ ၃၈:၃၁သမ္မာ) ယောဘဟာ သူ့ဘဝတစ်လျှောက်လုံး တစ်ညပြီးတစ်ည အဲဒီကြယ်စုတွေ ရွေ့လျားသွားလာနေတဲ့ပုံမျိုးကို တွေ့မြင်ခဲ့ပါတယ်။ * ဒါပေမဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်သွားတိုင်း အဲဒီကြယ်စုတွေဟာ ဘာဖြစ်လို့ တစ်ပုံစံတည်းပဲ ဖြစ်နေရတာလဲ။ အဲဒီကြယ်စုတွေနဲ့ တခြားဂြိုဟ်နက္ခတ်တာရာတွေ သူ့နေရာနဲ့သူရှိနေဖို့ ဘာက ချည်နှောင်ထားသလဲ။ အဲဒီအကြောင်းကို စဉ်းစားလိုက်ရင် ယောဘအနေနဲ့ အံ့သြလို့မဆုံးဘဲဖြစ်မှာ သေချာပါတယ်။

ကြယ်တာရာတွေဟာ အာကာသစက်လုံးတွေမှာ တွယ်ကပ်ရုံပဲဖြစ်နေမယ်ဆိုရင် ချည်နှောင်ထားဖို့ ဘယ်လိုတော့မလဲ။ နက္ခတ်တာရာတွေကို မည်းမှောင်နေတဲ့ အာကာသဟင်းလင်းပြင်တစ်လျှောက် ကာလရှည်ကြာစွာ တအိအိနဲ့ ရွေ့လျားသွားလာနေစေတဲ့ မမြင်ရတဲ့ “ကြိုး” တွေကို နောက်နှစ်ပေါင်းနှစ်ထောင်နီးပါးကြာမှ သိပ္ပံပညာရှင်တွေက သိရှိခဲ့ကြတာပါ။ အိုင်းဇက်နယူတန်၊ နောက်ပိုင်းမှာ အဲလ်ဘတ်အိုင်းစတိုင်းတို့ဟာ အဲဒီအကြောင်းနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေကြောင့် နာမည်ကြီးလာခဲ့ပါတယ်။ ဘုရားသခင်က စွမ်းအားတွေကို အသုံးပြုပြီး ကြယ်နက္ခတ်တာရာတွေကို ချည်နှောင်ထားပေးတယ်ဆိုတာကို ယောဘ လုံးဝမသိခဲ့ရှာဘူး။ နှစ်ပေါင်းထောင်နဲ့ချီကြာပြီးတဲ့နောက်မှ ယောဘကျမ်းမှာပါတဲ့ ဖော်ပြချက်တွေက ပညာရှင်အရစ္စတိုတယ်ရဲ့ အယူအဆတွေထက် ပိုမှန်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့တယ်။ နိယာမဖန်တီးတဲ့ ဘုရားသခင်ကလွဲရင် ဘယ်သူမှ အဲလိုထိုးထွင်းဉာဏ် ရှိမှာမဟုတ်ပါဘူး။

၃။ ကမ္ဘာနဲ့ကြယ်တွေက ထာ၀စဉ် တည်တံ့သွားမှာလား၊ ပျက်စီးသွားနိုင်ဖွယ်ရှိသလား

ကောင်းကင်နဲ့မြေကြီးက အကွာကြီး ကွာခြားလွန်းတယ်လို့ အရစ္စတိုတယ် ယူဆခဲ့တယ်။ ကမ္ဘာကြီးက ပြောင်းလဲပျက်စီးသွားနိုင်ဖွယ်ရှိပြီး မိုးကောင်းကင်မှာရှိတဲ့ အရာဝတ္ထုတွေကတော့ လုံးဝ မပြောင်းလဲဘဲ ထာဝစဉ် တည်ရှိသွားမယ်လို့ သူကဆိုတယ်။ ဖန်လိုကြည်လင်တဲ့ စက်လုံးတွေနဲ့ သူတို့အပေါ် တွယ်ကပ်နေတဲ့ နက္ခတ်တာရာတွေဟာ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး၊ ပျက်စီးပျောက်ကွယ်သွားမှာလည်း မဟုတ်ဘူးဆိုပြီး သူပြောခဲ့တယ်။

သမ္မာကျမ်းစာမှာ အဲဒီလိုသွန်သင်ထားပါသလား။ ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့်ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ ထိုအရာတို့သည် ပျက်စီးခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။”—ဆာလံ ၁၀၂:၂၅-၂၇

အရစ္စတိုတယ်ခေတ်မတိုင်ခင် နှစ်ပေါင်းနှစ်ရာလောက်က ရေးသားခဲ့တဲ့ အထက်ပါဆာလံကျမ်းမှာ ကမ္ဘာမြေကြီးက ပျက်စီးသွားနိုင်ဖွယ်ရှိပြီး ကြယ်တာရာတွေက ထာဝစဉ်တည်ရှိသလိုမျိုး မပြောထားပါဘူး။ အဲဒီအစား ဖန်ဆင်းရာတွေကို ညွှန်ကြားနေတဲ့ အစွမ်းတန်ခိုးကြီးမားတဲ့ ဝိညာဉ်ပုဂ္ဂိုလ် ဘုရားသခင်နဲ့ ကောင်းကင်မြေကြီးနှစ်ခုစလုံးကို နှိုင်းယှဉ်ပြထားတယ်။ * ကမ္ဘာပေါ်မှာရှိတဲ့ တခြားအရာတွေလိုပဲ ကြယ်တာရာတွေလည်း ပျက်စီးသွားနိုင်ဖွယ်ရှိတယ်လို့ အဲဒီကျမ်းချက်ကဆိုတယ်။ မျက်မှောက်ခေတ် သိပ္ပံပညာကကော ဘာတွေကို တွေ့ရှိခဲ့ပြီလဲ။

ကမ္ဘာကြီးက ပျက်စီးသွားနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သမ္မာကျမ်းစာအဆိုနဲ့ အရစ္စတိုတယ်ရဲ့အဆို နှစ်ခုစလုံးကို ဘူမိသိပ္ပံပညာက ထောက်ခံတယ်။ အမှန်တော့ ကမ္ဘာ့ကျောက်သားထုတွေဟာ အဆက်မပြတ် တိုက်စားမှုကြောင့် ပွန်းပဲ့ပျက်စီးသွားပေမဲ့လည်း မီးတောင်ပေါက်ကွဲမှုနဲ့ မြေသားထုလှုပ်ရှားမှုတွေကြောင့် ပြန်လည်အစားထိုးခံရပါတယ်။

ကြယ်တာရာတွေကျတော့ကော။ သူတို့လည်း ကျမ်းစာအဆိုအရ အလိုအလျောက် ပျက်စီးသွားနိုင်ဖွယ်ရှိသလား၊ အရစ္စတိုတယ်ရဲ့အဆိုအရ အဲဒီအတိုင်း ထာဝစဉ် တည်ရှိသွားမလား။ ဥရောပတိုက်သား နက္ခတ္တဗေဒပညာရှင်တွေဟာ စူပါနိုဗာလို့ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုကြီးကို ပထမဆုံးအကြိမ်အနေနဲ့ တွေ့ရှိခဲ့တဲ့ စီအီး ၁၆ ရာစုမှာ ကြယ်တာရာတွေက ထာဝစဉ် တည်ရှိတယ်ဆိုတဲ့ အရစ္စတိုတယ်ရဲ့ယူဆချက်ကို စပြီးသံသယဖြစ်လာကြတယ်။ အဲဒီကတည်းက ကြယ်တွေဟာ အဲလိုပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြောင့် ပျက်စီးသွားနိုင်တယ် ဒါမှမဟုတ် တငွေ့ငွေ့ လောင်ကျွမ်းသွားနိုင်တယ် ဒါမှမဟုတ် သူတို့ဘာသာသူတို့ ယိုယွင်းပျက်စီးသွားနိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတယ်။ ဒါပေမဲ့ နဂိုရှိပြီးသား ကြယ်တာရာတွေ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဓာတ်ငွေ့ထုကြီးတွေကနေ ကြယ်တာရာအသစ်တွေ မွေးဖွားလာတယ်ဆိုတာကိုလည်း နက္ခတ္တဗေဒပညာရှင်တွေ တွေ့ရှိခဲ့ကြတယ်။ ဒါကြောင့် ဟောင်းနွမ်းသွားတဲ့ အဝတ်ကို ချွတ်ပြီး အသစ်ပြန်လဲဝတ်လိုက်တယ်ဆိုတဲ့ ကျမ်းရေးသူရဲ့ ပုံဖော်ချက်က လုံးလုံးမှန်ကန်ပါတယ်။ * ရှေးခေတ်က ဆာလံဆရာရဲ့ ဖော်ပြချက်တွေက ကနေ့ခေတ် ရှာဖွေတွေ့ရှိချက်တွေနဲ့ လုံးလုံးကိုက်ညီနေတာက တကယ်ပဲ မှတ်သားထိုက်ပါတယ်။

ဒါပေမဲ့ ‘ကမ္ဘာကြီးတစ်ခုလုံး ဒါမှမဟုတ် ကောင်းကင်တစ်ခုလုံးက တစ်နေ့ကျရင် ပျက်စီးသွားမယ် ဒါမှမဟုတ် အစားထိုးခံရမယ်လို့ ကျမ်းစာက သွန်သင်ပါသလား’ ဆိုပြီး သင်မေးကောင်းမေးနိုင်တယ်။ မသွန်သင်ပါဘူး။ သူတို့ဟာ ထာဝစဉ် တည်တံ့သွားမယ်လို့ ကျမ်းစာမှာ ကတိပြုထားပါတယ်။ (ဆာလံ ၁၀၄:၅; ၁၁၉:၉၀) ဖန်ဆင်းရာတွေဟာ သူတို့ဘာသာသူတို့ ထာဝစဉ်တည်ရှိမှာမဟုတ်ဘဲ ဖန်ဆင်းရှင်ဘုရားသခင်က သူတို့ကို တည်တံ့စေမယ်လို့ ကတိပြုထားတဲ့အတွက် ဖြစ်ပါတယ်။ (ဆာလံ ၁၄၈:၄-၆) ဘယ်လိုတည်တံ့စေမယ်ဆိုတာကိုတော့ ဘုရားသခင် မပြောထားပါဘူး။ ဗိသုကာပညာရှင်တစ်ဦးဟာ မိမိနဲ့ မိမိရဲ့မိသားစုနေထိုင်ဖို့ သူဆောက်ထားတဲ့အိမ်ကို အမြတ်တနိုး ထိန်းသိမ်းထားတာကို မြင်ယောင်ကြည့်လိုက်ပါ။ အဲဒီလိုပါပဲ ယေဟောဝါဘုရားသခင်ကလည်း မိမိဖန်ဆင်းထားတဲ့ စကြဝဠာကို အမြတ်တနိုး ထိန်းသိမ်းထားမှာဖြစ်တယ်။

ဘယ်သူ့ကို ချီးမွမ်းသင့်သလဲ

မိုးကောင်းကင်နိယာမတချို့ကို စဉ်းစားဆင်ခြင်ခြင်းက ဒီမေးခွန်းရဲ့အဖြေကို ရှင်းရှင်းလင်းလင်း သိမြင်စေပါတယ်။ အလွန်တရာ ကျယ်ပြောလှတဲ့ အာကာသဟင်းလင်းပြင်တစ်ခွင် ဖြန့်ကြက်ပြီး အများအပြား တည်ရှိနေတဲ့ ကြယ်တာရာတွေကို ဘယ်သူက ဖြစ်ပေါ်စေတာလဲ၊ ဘယ်သူက ဒြပ်ဆွဲအားရဲ့ ချည်နှောင်မှုနဲ့ ကြယ်တာရာတွေကို သူ့နေရာနဲ့သူ ရှိနေစေတာလဲ၊ ဘယ်သူက သူတို့ကို မရပ်မနား လည်ပတ်ရွေ့လျားနေစေတာလဲဆိုတာကို ကျွန်ုပ်တို့ စဉ်းစားဆင်ခြင်တဲ့အခါ ရင်သပ်ရှုမောရတယ် မဟုတ်ဘူးလား။

အဲလိုရင်သပ်ရှုမောဖို့ ဖြစ်နိုင်တဲ့ အကြောင်းကောင်းကို ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။” (ဟေရှာယ ၄၀:၂၆) နက္ခတ်တာရာတွေကို စစ်သားအမြောက်အမြားရှိနိုင်တဲ့ စစ်တပ်တစ်တပ်နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ တပ်မှူးရဲ့ ညွှန်ကြားချက်မရှိဘူးဆိုရင် အဲဒီစစ်တပ်ဟာ ပရမ်းပတာဖြစ်နေတဲ့ လူရမ်းကားအုပ်လိုပဲ ဖြစ်သွားပါလိမ့်မယ်။ ဘုရားသခင်ဖန်တီးထားတဲ့ နိယာမတွေသာ မရှိဘူးဆိုရင် ဂြိုဟ်တွေ၊ ကြယ်တာရာတွေနဲ့ ဂလက်ဆီကြယ်စုတွေဟာ သူတို့ပတ်လမ်းအတိုင်း စနစ်တကျ ပတ်နေမှာမဟုတ်ဘဲ အားလုံး ဖရိုဖရဲဖြစ်နေပါလိမ့်မယ်။ သန်းထောင်ပေါင်းများစွာရှိတဲ့ စစ်သားတွေကို အုပ်ချုပ်နေတဲ့ တပ်မှူးတစ်ယောက်ကို မြင်ယောင်ကြည့်လိုက်ပါ။ သူဟာ မိမိရဲ့စစ်ကြောင်းတွေကို ဘယ်လမ်းကြောင်းကနေ သွားပါလို့ အမိန့်ပေးရုံတင်မကဘူး၊ စစ်သားတစ်ယောက်ချင်းစီရဲ့ နာမည်၊ ကာလဒေသအခြေအနေကိုလည်း ကောင်းကောင်း သိထားပါတယ်။

မိုးကောင်းကင်နိယာမတွေက ပုံဆောင်တပ်မှူးဖြစ်တဲ့ ယေဟောဝါဘုရားသခင်မှာ အတိုင်းအဆမဲ့ ဉာဏ်ပညာရှိတယ်ဆိုတာကို တွေ့မြင်စေပါတယ်။ ဘုရားသခင်ဟာ အဲဒီနိယာမတွေကို ဖန်တီးတဲ့အရှင်ဖြစ်ပြီး သိပ္ပံပညာရှင်တွေ အဲဒါတွေကို မသိနားမလည်ခင် နှစ်ပေါင်းထောင်နဲ့ချီပြီး ကျမ်းစာမှာ တိတိကျကျ ရေးသားဖော်ပြဖို့ လူတချို့ကို လှုံ့ဆော်ပေးခဲ့တယ်ဆိုတာ ထင်ရှားတယ်။ ဒါကြောင့် ကျွန်ုပ်တို့မှာ ယေဟောဝါဘုရားသခင်ကို ချီးမွမ်းဖို့ အကြောင်းရင်းများစွာရှိပါတယ်။—ဗျာ. ၄:၁၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 သမ္မာကျမ်းစာမှာ မြေကြီးကို စက်လုံးလို့ ဖော်ပြထားတာက စိတ်ဝင်စားစရာပဲ။ ဟီဘရူးစကားလုံးအရလည်း အဲဒီအတိုင်း ပြန်ဆိုဖွယ်ရှိပါတယ်။ ကမ္ဘာမြေကြီးဟာ စက်လုံးပုံသဏ္ဌာန်ရှိတယ်လို့ အရစ္စတိုတယ်နဲ့ ရှေးခေတ် တခြားဂရိအတွေးအခေါ်ပညာရှင်တွေက ယူဆခဲ့ပေမဲ့ နောက်နှစ်ပေါင်းနှစ်ထောင်ကျော်ကြာတဲ့အထိ အဲဒီအယူအဆကို အချေအတင် ဆွေးနွေးနေကြတုန်းပါပဲ။

^ အပိုဒ်၊ 13 သမ္မာကျမ်းစာမှာ ဥပစာအသုံးအနှုန်းတွေကို ကြိမ်ဖန်များစွာ အသုံးပြုထားပါတယ်။—ယောဘ ၉:၈; ဆာလံ ၁၀၄:၂; ဟေရှာယ ၄၂:၅; ၄၄:၂၄; ၅၁:၁၃; ဇာခရိ ၁၂:၁

^ အပိုဒ်၊ 22 “ကြတ္တိကာ” ကြယ်စုကို ဖျောက်ဆိပ်ကြယ်စု၊ “အသဝနီ” ကြယ်စုကို လိပ်တာရာကြယ်စုလို့ ရည်ညွှန်းနိုင်ဖွယ်ရှိပါတယ်။ အဲဒီကြယ်စုတွေရဲ့ ပုံစံတွေ သိသိသာသာ ပြောင်းလဲသွားဖို့အတွက် အနှစ်ထောင်ပေါင်းများစွာ ကြာတယ်။

^ အပိုဒ်၊ 27 ယေဟောဝါဘုရားသခင်ဟာ တစ်ဦးတည်းသော သားတော်ကို “ကျွမ်းကျင်လုပ်သား” အဖြစ် အသုံးပြုပြီး အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့အတွက် ဆာလံကျမ်းမှာပါတဲ့စကားတွေက သားတော်ယေရှုနဲ့လည်း သက်ဆိုင်နိုင်ပါတယ်။—သု. ၈:၃၀၊ ၃၁ကဘ; ကောလောသဲ ၁:၁၅-၁၇; ဟေဗြဲ ၁:၁၀

^ အပိုဒ်၊ 29 ၁၉ ရာစုမှာ သိပ္ပံပညာရှင် လော့ဒ် ကယ်လ်ဗင်လို့ လူသိများတဲ့ ဝီလျံသောမတ်စ်ဟာ အပူဒိုင်နမစ်ဒုတိယနိယာမကို ရှာဖွေတွေ့ရှိခဲ့တယ်။ သဘာဝဖွဲ့စည်းမှုတွေဟာ အချိန်ကုန်လွန်လာတာနဲ့အမျှ ပျက်စီးပြီး ပြိုကွဲသွားတတ်တယ်ဆိုတာကို အဲဒီနိယာမအရ သိရှိရပါတယ်။ အဲဒီလို ကောက်ချက်ချနိုင်ရတဲ့ အကြောင်းရင်းတစ်ခုက သူဟာ ဆာလံ ၁၀၂:၂၅-၂၇ ကို အသေအချာ ဖတ်ရှုလေ့လာခဲ့လို့ပါ။

[စာမျက်နှာ ၂၄၊ ၂၅ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

 အလွန် ဩဇာညောင်းသူ

“အရစ္စတိုတယ်ဟာ ရှေးခေတ်ကမ္ဘာရဲ့ အကြီးမြတ်ဆုံး အတွေးအခေါ်ပညာရှင်နဲ့ သိပ္ပံပညာရှင်ဖြစ်တယ်” လို့စာအုပ်တစ်အုပ် (The 100A Ranking of the Most Influential Persons in History) မှာဖော်ပြ ထားတယ်။ ဒီထူးခြားတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး ဘာကြောင့် အဲလိုပြောရသလဲဆိုတာကို နားလည်ဖို့ မခက်ပါဘူး။ အရစ္စတိုတယ် (ဘီစီအီး ၃၈၄-၃၂၂) ဟာ ကျော်ကြားတဲ့ အတွေးအခေါ်ပညာရှင် ပလေတိုရဲ့ တပည့်တစ်ဦးဖြစ်ပြီး နောင်မှာ မဟာအလက်ဇန္ဒားဖြစ်လာမယ့် ဂရိအိမ်ရှေ့မင်းသားရဲ့ဆရာလည်း ဖြစ်တယ်။ ရှေးခေတ်စာရင်းဇယားတွေအရ အရစ္စတိုတယ်ဟာ စာအုပ်ပေါင်း ၁၇၀ လောက်ရေးခဲ့တယ်။ အခုချိန်မှာ ၄၇ အုပ်ပဲ ကျန်ရစ်တော့တယ်။ သူဟာ နက္ခတ္တဗေဒပညာ၊ ဇီဝဗေဒပညာ၊ ဓာတုဗေဒပညာ၊ သတ္တဗေဒပညာ၊ ရူပဗေဒပညာ၊ ဘူမိဗေဒပညာနဲ့ စိတ်ပညာတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့တယ်။ သူဟာ သက်ရှိတချို့နဲ့ပတ်သက်ပြီး တခြားသူတွေထက်အရင် နှစ်ပေါင်းများစွာကတည်းက လေ့လာခဲ့တဲ့သူပါ။ စိတ်ဝင်စားစရာကောင်းတဲ့ သူ့ရဲ့လေ့လာ တွေ့ ရှိချက်တွေကို အသေးစိတ် မှတ်တမ်းတင်ထားတယ်။ “နောက်ပိုင်းမှာ အရစ္စတိုတယ်ရဲ့သြဇာဟာ အနောက်တိုင်း အတွေးအခေါ်တွေအပေါ် အကြီးအကျယ် လွှမ်းမိုးသွားခဲ့တယ်။ အရစ္စတိုတယ်ကို ကြည်ညိုလေးစားလွန်းလို့ အလယ်ခေတ်နှောင်းပိုင်းမှာ သူ့ကို ကိုးကွယ်တဲ့အထိတောင် ဖြစ်လာခဲ့တယ်” လို့ အထက်ပါစာအုပ်မှာ ဖော်ပြထားတယ်။

[Credit Lines]

Royal Astronomical Society/ Photo Researchers, Inc.

From the book A General History for Colleges and High Schools, 1900

[စာမျက်နှာ ၂၆၊ ၂၇ ပါရုပ်ပုံ]

နက္ခတ်တာရာတွေဟာ ဒြပ်ဆွဲအားကြောင့် သူ့နေရာနဲ့သူ တည်ရှိနေကြ

[Credit Lines]

NASA and The Hubble Heritage Team (AURA/STScl)

[စာမျက်နှာ ၂၆၊ ၂၇ ပါရုပ်ပုံ]

ဖျောက်ဆိပ်ကြယ်စု

[စာမျက်နှာ ၂၈ ပါရုပ်ပုံ]

ကြယ်တချို့ဟာ စူပါနိုဗာလို့ခေါ်တဲ့ ပေါက်ကွဲမှုကြောင့် ပျက်စီးသွား

[Credit Lines]

ESA/Hubble

[စာမျက်နှာ ၂၈ ပါရုပ်ပုံ]

ဓာတ်ငွေ့ထုကြီးတစ်ခုထဲမှာ ကြယ်အသစ်တွေ ဖြစ်တည်လာ

[Credit Lines]

J. Hester and P. Scowen (AZ State Univ.), NASA

[Picture Credit Line on page 24]

© Peter Arnold, Inc./Alamy