မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးတွေကို ဘုရားသခင်နဲ့ပတ်သက်ပြီး ဘာအကြောင်း သင်ပေးသင့်သလဲ

ကလေးတွေကို ဘုရားသခင်နဲ့ပတ်သက်ပြီး ဘာအကြောင်း သင်ပေးသင့်သလဲ

ကလေးတွေကို ဘုရားသခင်နဲ့ပတ်သက်ပြီး ဘာအကြောင်း သင်ပေးသင့်သလဲ

‘ကျမ်းစောင်ရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်စေရန် ဆုံးမခြင်းတို့တွင် အကျိုးရှိ၏။’—၂ တိမောသေ ၃:၁၆

ကလေးတွေကို ဘုရားသခင်အကြောင်း သင်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်ကနေ သင်ပေးနိုင်သလဲ။ အလေးအမြတ်ထားခံရတဲ့ သမ္မာကျမ်းစာကနေ သင်ပေးနိုင်ပါတယ်။

သမ္မာကျမ်းစာဟာ ဘုရားသခင်ဆီကလာတဲ့ စာတစ်စောင်နဲ့ တူပါတယ်။ အဲဒီစာထဲမှာ ဘုရားသခင်ဟာ မိမိရဲ့ ပင်ကိုအရည်အသွေးတွေအပြင် မိမိရဲ့သားသမီး ကြီးကြီးငယ်ငယ် အားလုံးအတွက် ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ လမ်းညွှန်ချက်တွေကိုပါ ဖော်ပြပေးထားတယ်။ ငယ်ရွယ်တဲ့ကလေးတွေတောင် သင်ယူနိုင်တဲ့ သွန်သင်ချက်တချို့နဲ့ မှတ်သားစရာတချို့ကို သတိပြုကြည့်ပါ။

ဖော်ပြထားတဲ့ နမူနာတွေအတိုင်း ကျမ်းစာမှာပါတဲ့ မှတ်သားစရာတွေက ကလေးတွေကို လေးစားတတ်တဲ့၊ စာနာထောက်ထားတဲ့ လူကြီးတွေဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီမှတ်သားစရာတွေကို ဘယ်သူက ကလေးတွေကို သင်ပေးသင့်သလဲ။

ဘုရားသခင်ဟာ မိမိနဲ့ပတ်သက်ပြီး ဘာတွေကို သိစေချင်သလဲ

သမ္မာကျမ်းစာ သွန်သင်ရာ– ‘ဤအမှုကို ပြုသောဘုရား၊ ဤအမှုကို ဖန်ဆင်းစီရင်သောဘုရား၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရားသခင် မိန့်တော်မူသည်။’—ယေရမိ ၃၃:၂

မှတ်သားစရာ– ဘုရားသခင်ဟာ စွမ်းအားတစ်ခုမဟုတ်ဘဲ ကိုယ်ပိုင်နာမည် သီးသန့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

သမ္မာကျမ်းစာ သွန်သင်ရာ– ‘ယေဟောဝါဘုရားသခင်သည် ခပ်သိမ်းသော စိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။’—၅ ရာ. ၂၈:၉

မှတ်သားစရာ– ကလေးငယ်တွေအပါအဝင် ကျွန်ုပ်တို့အားလုံးကို ယေဟောဝါဘုရားသခင် ဂရုစိုက်ပါတယ်။ (ဆာလံ ၁၀:၁၄ကဘ; ၁၄၆:၉ကဘ) ဘုရားသခင်ဟာ မိမိအကြောင်းကို သင်ယူစေချင်တယ်။

သမ္မာကျမ်းစာ သွန်သင်ရာ– ‘မိဘမရှိသောသူငယ်ကို သင်တို့သည် မနှောင့်ယှက်ရ။ နှောင့်ယှက်ခြင်း တစ်စုံတစ်ခုကိုပြု၍ သူသည် ငါ့အား အနည်းငယ် အော်ဟစ်လျှင် ငါသည် ထိုအသံကို အမှန် ကြားမည်။’—ထွက်မြောက်ရာ ၂၂:၂၂-၂၄

မှတ်သားစရာ– ကလေးငယ်တွေရဲ့ ဆုတောင်းချက်တွေကိုတောင် ယေဟောဝါဘုရားသခင် နားထောင်ပေးတယ်။ ဘုရားသခင်ဆီ မှန်မှန် ဆုတောင်းနိုင်တယ်။ ဆုတောင်းချက်ထဲမှာ ကိုယ့်ရဲ့ရင်တွင်းဖြစ် ခံစားချက်တွေကိုလည်း ထည့်ဆုတောင်းနိုင်တယ်။

သမ္မာကျမ်းစာ သွန်သင်ရာ– “သူတို့သည် ကိုယ်တော်ကို တော၌ပုန်ကန်၍ လူဆိတ်ညံရာအရပ်၌ စိတ်တော်နာဖွယ်သောအကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား။”—ဆာလံ ၇၈:၄၀

မှတ်သားစရာ– ကျွန်ုပ်တို့ရဲ့အပြောအဆိုနဲ့ လုပ်ရပ်တွေက ဘုရားသခင်ကို ပျော်ရွှင်စေနိုင်တဲ့အပြင် ဝမ်းနည်းစေနိုင်တဲ့အတွက် အရင် စဉ်းစားပြီးမှ ပြောဆိုလုပ်ကိုင်သင့်တယ်။

နောက်ခံမတူတဲ့သူတွေကို ဘယ်လိုဆက်ဆံသင့်သလဲ

သမ္မာကျမ်းစာ သွန်သင်ရာ– ‘ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။’—တမန်တော် ၁၀:၃၄၊ ၃၅

မှတ်သားစရာ– နောက်ခံအမျိုးမျိုးက လူတွေကို ဘုရားသခင် လက်ခံတယ်ဆိုရင် ကျွန်ုပ်တို့လည်း ကိုယ်နဲ့အသားအရောင်၊ ပုံပန်းသဏ္ဌာန်မတူတဲ့ တခြားသူတွေကို ခွဲခြားခွဲခြား မဆက်ဆံသင့်ဘူး။

သမ္မာကျမ်းစာ သွန်သင်ရာ– “သင်တို့၏ စိတ်နှလုံးထဲတွင် ခရစ်တော်ကို သန့်ရှင်းမြင့်မြတ်သော သခင်အဖြစ် အသိအမှတ်ပြုကြလော့။ သင်တို့၏ မျှော်လင့်ခြင်းအကြောင်းကို မေးမြန်းသူအားလုံးရှေ့တွင် ခုခံပြောဆိုရန် အစဉ်အသင့်ရှိကြလော့။ သို့သော် နူးညံ့သောသဘော၊ အလွန်လေးစားသောသဘောဖြင့် ပြောဆိုလော့။”—၁ ပေတရု ၃:၁၅

မှတ်သားစရာ– ဘာသာတရားအကြောင်း ဆွေးနွေးတဲ့အခါ ကိုယ့်ရဲ့အမြင်ကို ရန်လိုတဲ့သဘောနဲ့မဟုတ်ဘဲ ယုံကြည်စိတ်ချမှုနဲ့ ပြောသင့်တယ်။ ဒါ့အပြင် တခြားသူတွေရဲ့ ဘာသာရေးယုံကြည်ချက်တွေကိုလည်း လေးစားသင့်တယ်။

မိသားစုဝင်တွေကို ဘယ်လိုဆက်ဆံသင့်သလဲ

သမ္မာကျမ်းစာ သွန်သင်ရာ– “သားသမီးဖြစ်သူတို့ အရာရာ၌ မိဘတို့ကို နာခံကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းကို သခင်နှစ်သက်တော်မူ၏။”—ကောလောသဲ ၃:၂၀

မှတ်သားစရာ– ကလေးတွေအနေနဲ့ နာခံမှုရှိတဲ့အခါ မိဘတွေကို ချစ်ရုံတင်မကဘူး၊ ဘုရားသခင်ရဲ့စိတ်တော်နဲ့လည်း တွေ့ချင်တယ်ဆိုတာကို ဖော်ပြရာရောက်တယ်။

သမ္မာကျမ်းစာ သွန်သင်ရာ– ‘တစ်ဦးနှင့်တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍ သည်းခံလျက် အကြွင်းမဲ့ ခွင့်လွှတ်ကြလော့။ ယေဟောဝါဘုရားသခင်သည် သင်တို့ကို အကြွင်းမဲ့ ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့လည်း ထိုနည်းတူပြုကြလော့။’—ကောလောသဲ ၃:၁၃

မှတ်သားစရာ– ကိုယ့်ရဲ့မိသားစုဝင်တွေအပါအဝင် တခြားသူတွေက ကျွန်ုပ်တို့ကို စိတ်ပျက်အောင် လုပ်တတ်တဲ့ အချိန်အခါတွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ခွင့်လွှတ်မှုကို လိုချင်တယ်ဆိုရင် ကျွန်ုပ်တို့လည်း တခြားသူတွေကို ခွင့်လွှတ်တတ်ရမယ်။—မဿဲ ၆:၁၄၊ ၁၅

ဘာကြောင့် ရိုးသားပြီး သနားကြင်နာရမလဲ

သမ္မာကျမ်းစာ သွန်သင်ရာ– “[လိမ်လည်] ပြောခြင်းကို ဖယ်ရှား၍ သင်တို့အသီးသီးသည် လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့။”—ဧဖက် ၄:၂၅

မှတ်သားစရာ– ကျွန်ုပ်တို့ အမှန်တရားပြောတဲ့အခါ ဘုရားသခင်ကို တုပရာရောက်ပြီး ကိုယ်တော့်စိတ်တော်ကို ပျော်ရွှင်စေတယ်။ လိမ်ပြောတတ်တဲ့အကျင့် ကျွန်ုပ်တို့မှာ ရှိနေမယ်ဆိုရင် ဘုရားသခင်ရဲ့ရန်သူဖြစ်တဲ့ ‘[လိမ်လည်ပြောဆိုသူ] ၏အဖ’ စာတန်လို ဖြစ်သွားမယ်။—ယောဟန် ၈:၄၄; တိတု ၁:၂

သမ္မာကျမ်းစာ သွန်သင်ရာ– “ကိုယ့်ကို သူတစ်ပါး ဆက်ဆံစေလိုသည့်အတိုင်း သူတစ်ပါးကို ဆက်ဆံကြလော့။”—မဿဲ ၇:၁၂“Contemporary English Version.”

မှတ်သားစရာ– ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့ တခြားသူတွေရဲ့ ခံစားချက်၊ စဉ်းစားတွေးခေါ်ပုံနဲ့ လိုအပ်ရာတွေကို ထည့်စဉ်းစားပေးသင့်တယ်။ တခြားသူတွေကို “စာနာစိတ်” ပြတဲ့အခါ သူတို့ကလည်း ကိုယ့်ကို ကြင်ကြင်နာနာနဲ့ ဆက်ဆံနိုင်ဖို့အကြောင်း ပိုများပါတယ်။—၁ ပေတရု ၃:၈; လုကာ ၆:၃၈