မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်သူက ဒီလောကကို အမှန်တကယ် အုပ်ချုပ်နေသလဲ

ဘယ်သူက ဒီလောကကို အမှန်တကယ် အုပ်ချုပ်နေသလဲ

ဘယ်သူက ဒီလောကကို အမှန်တကယ် အုပ်ချုပ်နေသလဲ

ဘယ်ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်ကိုမှ မြင်ဖူးကြမှာ မဟုတ်ပါဘူး။ မမြင်ဖူးတာနဲ့ဘဲ သူတို့မရှိဘူးလို့ ပြောလို့မရဘူး။ ရာဇဝတ်ခေါင်းဆောင်တွေဟာ ကိုယ်ယောင်ဖျောက်တဲ့နေရာမှာ အရမ်းကျွမ်းကျင်ကြတယ်။ သူတို့ထောင်ကျနေရင်တောင် တခြားရာဇဝတ်သားတွေကို ညွှန်ကြားနေတုန်းပါပဲ။ ဒါပေမဲ့ အကျင့်ပျက်သြဇာနဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်စေတဲ့ လုပ်ရပ်တွေ၊ ရာဇဝတ်ခေါင်းဆောင်တွေ ရှိတယ်ဆိုတာကို မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု၊ ပြည့်တန်ဆာဂိုဏ်း၊ လူကုန်ကူးမှုစတဲ့ အကြောင်းတွေ ဖော်ပြထားတဲ့ သတင်းစာတွေကို ဖတ်ကြည့်ရင် သိနိုင်တယ်။ လူ့အဖွဲ့အစည်းကို သူတို့ အန္တရာယ်ပြုနေတာကို ကြည့်ခြင်းအားဖြင့်လည်း ရာဇဝတ်ခေါင်းဆောင်တွေ ရှိနေတယ်ဆိုတာ သိရှိရတယ်။

နတ်ဆိုးမင်းဟာ ဩဇာအာဏာရှိတဲ့ ရာဇဝတ်ခေါင်းဆောင်လိုပဲ တကယ့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်ဆိုတာကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ သူဟာ ‘လိမ်လည်မှုနှင့်ဆိုင်သော အတိတ်နိမိတ်’ တွေနဲ့ “မတရားသော လှည့်ဖြားမှု” တွေအားဖြင့် သူ့ရဲ့အလိုဆန္ဒ ပြီးမြောက်အောင် ကြီးကြပ်နေတယ်။ တကယ်တော့ သူဟာ “အလင်း၏ကောင်းကင်တမန် ဖြစ်ယောင်ဆောင်” ထားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ သက်သာလောနိတ် ၂:၉၊ ၁၀; ၂ ကောရိန္သု ၁၁:၁၄) စာတန်ကြောင့်ဖြစ်ရတဲ့ ဆိုးကျိုးတွေကို ကြည့်ခြင်းအားဖြင့် သူတည်ရှိတယ်ဆိုတာ ပြောနိုင်တယ်။ ဒါပေမဲ့ စာတန်ဟာ မမြင်နိုင်တဲ့ နတ်ဆိုးမင်း ဖြစ်တယ်ဆိုတာကို လူအများစုက ယုံရခက်နေတယ်။ စာတန်နဲ့ပတ်သက်တဲ့ ကျမ်းစာပြောဆိုရာကို အသေအချာ မလေ့လာခင် စာတန်ဟာ တကယ့်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကို လူတွေလက်ခံရခက်တဲ့ အချက်တချို့နဲ့ ယုံကြည်ချက်အမှားတွေကို သုံးသပ်ကြည့်ရအောင်။

“မေတ္တာရှင်ဘုရားသခင်က စာတန်ကို ဘယ်လိုလုပ် ဖန်ဆင်းနိုင်မှာလဲ” ဘုရားသခင်ဟာ ကောင်းမြတ်စုံလင်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ယုတ်မာတဲ့အပြင် မလိုမုန်းထားတဲ့ ဆိုးညစ်သူ စာတန်ကို ဘုရားသခင် ဖန်ဆင်းတာပဲ ဖြစ်ရမယ်လို့ စဉ်းစားတာက ကျမ်းစာဖော်ပြချက်နဲ့ ဆန့်ကျင်နေပုံရတယ်။ တကယ်ဆိုရင် အဲလိုဆိုးသွမ်းတဲ့ပုဂ္ဂိုလ်ကို ဘုရားသခင် ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာမှာ မဖော်ပြထားပါဘူး။ အဲဒီအစား ဘုရားသခင်အကြောင်းကို ဒီလိုဖော်ပြထားပါတယ်– ‘ကိုယ်တော်သည် ကျောက်ဖြစ်တော်မူ၏။ အမှုတော်သည် စုံလင်ပေ၏။ နည်းလမ်းတော်ရှိသမျှသည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရားသခင်၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားသခင် ဖြစ်တော်မူ၏။’—တရားဟောရာ ၃၂:၄သမ္မာ; ဆာလံ ၅:၄

ဘုရားသခင် ဖန်ဆင်းထားတဲ့ စုံလင်သူတစ်ဦးဟာ မှားတဲ့အရာ ဘယ်အရာကိုမဆို လုပ်နိုင်သလားဆိုတဲ့အချက်ကို သုံးသပ်ဖို့လိုပါတယ်။ ဘုရားသခင်ဟာ မိမိရဲ့ဖန်ဆင်းရာတွေကို စက်ရုပ်တွေလိုမဟုတ်ဘဲ သူတို့ဘာသာသူတို့ ဆုံးဖြတ်တတ်အောင် လွတ်လပ်စွာရွေးချယ်နိုင်စွမ်း ပေးထားတယ်။ ဒါကြောင့် စုံလင်ပြီး အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ကောင်းမှုကို လုပ်မလား၊ မကောင်းမှုကို လုပ်မလားဆိုတာကို ရွေးချယ်နိုင်ပါတယ်။

ဘုရားသခင်ဟာ လူသားတွေနဲ့ ကောင်းကင်တမန်တွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားပြီး တစ်ချိန်တည်းမှာ မကောင်းမှုပြုဖို့ သူတို့ရွေးချယ်တာကို တားဆီးမယ်ဆိုရင် ယုတ္တိရှိပါ့မလား။ စာတန်ဟာ “အမှန်တရား၌ မတည်မနေ” ဘူးလို့ ယေရှုပြောတဲ့အခါ လွတ်လပ်စွာရွေးချယ်နိုင်စွမ်းကို စာတန် တလွဲအသုံးပြုခဲ့တယ်ဆိုပြီး ရည်ညွှန်းနေတာဖြစ်တယ်။ (ယောဟန် ၈:၄၄) ယေရှုရဲ့ပြောဆိုချက်အရ စာတန်ဖြစ်လာတဲ့ ပုဂ္ဂိုလ်ဟာ အရင်တုန်းက စုံလင်တဲ့ နာမ်ဝိညာဉ်သတ္တဝါတစ်ဦး ဖြစ်ခဲ့ပြီး ‘အမှန်တရား၌ တည်’ ခဲ့ဖူးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိရပါတယ်။ * ဘုရားသခင်ဟာ လူသားတွေနဲ့ ကောင်းကင်တမန်တွေကို ချစ်မြတ်နိုးပြီး ယုံကြည်စိတ်ချတဲ့အတွက် သူတို့ကို လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်းနဲ့ ဖန်ဆင်းခဲ့တာဖြစ်တယ်။—စာမျက်နှာ ၆ က  “စုံလင်တဲ့သတ္တဝါက စုံလင်မှုကို လက်လွှတ်ဆုံးရှုံးနိုင်သလား” လေးထောင့်ကွက်မှာ ဖတ်ကြည့်ပါ။

“စာတန်ဟာ ဘုရားသခင်ရဲ့ အမှုတော်ထမ်းတစ်ဦး ဖြစ်တယ်” ယောဘကျမ်းမှာ အဲဒီလိုဖော်ပြထားပုံရတယ်လို့ တချို့က ယူဆကြတယ်။ စာတန်ဟာ “မြေကြီးပေါ်မှာ လှည့်လည်” နေတယ်ဆိုတဲ့ ဖော်ပြချက်က ရှေးခေတ် ပါရှားသူလျှိုတွေရဲ့ တာဝန်ကို ရည်ညွှန်းနေတာဖြစ်တယ်၊ အဲဒီသူလျှိုတွေဟာ ခရီးလှည့်လည်ပြီး ကိစ္စရပ်တွေကို ဘုရင့်ထံ လျှောက်တင်ရတယ်လို့ ကျမ်းစာအနက်ဖွင့်ကျမ်းတစ်ကျမ်းမှာ ဖော်ပြထားတယ်။ (ယောဘ ၁:၇) စာတန်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့သူလျှို ဖြစ်ခဲ့မယ်ဆိုရင် “မြေကြီးပေါ်မှာ လှည့်လည်” ရာကနေ လာတာပါလို့ ဘုရားသခင်ကို ရှင်းပြနေစရာမလိုဘူး။ စာတန်ကို ဘုရားသခင်ရဲ့အမှုတော်ထမ်းအဖြစ် ဖော်ပြဖို့ နေနေသာသာ သူရဲ့နာမည်ဖြစ်တဲ့ စာတန်က “ခုခံသူ” လို့အဓိပ္ပာယ်ရှိတယ်။ ဒီအချက်ကြောင့် စာတန်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့ အဓိက ရန်သူကြီးဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ (ယောဘ ၁:၆) ဒါဆိုရင် စာတန်ဟာ ဘုရားသခင်ရဲ့ အမှုတော်ထမ်းဖြစ်တယ်ဆိုတဲ့ အယူအဆက ဘယ်ကနေ ပေါ်လာတာလဲ။

စီအီး ပထမရာစုအစောပိုင်းလောက်က ဂျူးကျမ်းတုကျမ်းယောင်တွေထဲမှာ စာတန်ကို ဘုရားသခင်နဲ့ အပေးအယူလုပ်ပြီး ဘုရားသခင့်အလိုတော်ကို နာခံတဲ့သူအဖြစ် ဖော်ပြထားတယ်။ ရာစုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးသမား မာတင်လူသာက စာတန်ကို “ဥယျာဉ်ခြံစိုက်ပျိုးရေးမှာ အသုံးပြုတဲ့ တူရွင်းပြား ဒါမှမဟုတ် အခက်အလက်ချိုင်တဲ့ ဓား” လိုပဲ ဘုရားသခင့်အသုံးတော်ခံကိရိယာအဖြစ် သဘောထားတယ်လို့ သမိုင်းပညာရှင် ဂျေ. ဘီ. ရပ်စယ်လ်က သူ့ရဲ့စာအုပ် (Mephistopheles) ထဲမှာ ရှင်းပြထားတယ်။ “ပေါင်းပင်တွေကို ရှင်းလင်းရေးမှာ တူရွင်းပြားက အသုံးဝင်” ပေမဲ့ အဲဒီတန်ဆာပလာဟာ ဘုရားသခင်ရဲ့အလိုကျ အသုံးတော်ခံနေရတာပါဆိုတဲ့ လူသာရဲ့အယူအဆကို ရပ်စယ်လ်က ဆက်ပြောပြတယ်။ နောက်ပိုင်းမှာ ဘာသာရေးစူးစမ်းလေ့လာသူ ပြင်သစ်လူမျိုး ဂျွန်ကယ်လ်ဗင် လက်ခံခဲ့တဲ့ လူသာရဲ့သွန်သင်ချက်ကြောင့် ယုံကြည်သူအတော်များများရဲ့ တရားမျှတမှုရှိရမယ်ဆိုတဲ့ အသိစိတ်က ကမောက်ကမ ဖြစ်သွားခဲ့တယ်။ မေတ္တာရှင်ဘုရားသခင်က ဘယ်လိုလုပ် မကောင်းမှုတွေကို ဖြစ်ခွင့်ပြုပြီးတော့ ဖြစ်ပျက်စေတာလဲဆိုတာကို သူတို့နားမလည်နိုင်ကြဘူး။ (ယာကုပ် ၁:၁၃) ဒီအယူဝါဒနဲ့ ၂၀ ရာစုက ဖြစ်ပျက်ခဲ့တဲ့ ထိတ်လန့်ဖွယ်ရာတွေကြောင့် လူအတော်များများဟာ ဘုရားသခင်ကိုရော စာတန်ကိုပါ မယုံကြတော့ဘူး။

“စာတန်ဆိုတာ မကောင်းတဲ့စိတ်ထားလောက်ပါပဲ” တချို့နိုင်ငံတွေမှာ စာတန်ကို မကောင်းတဲ့စိတ်ထားလို့ပဲ ယူမှတ်ကြတယ်။ အဲလိုယူမှတ်မယ်ဆိုရင် တချို့ကျမ်းချက်တွေကို လုံးဝနီးပါး နားလည်ရခက်စေပါလိမ့်မယ်။ ဥပမာ၊ ယောဘ ၂:၃-၆ မှာဖော်ပြထားချက်အရ ဘုရားသခင်ဟာ ဘယ်သူနဲ့ စကားပြောနေတာလဲ။ ယောဘကိုယ်ထဲက အကောင်အထည်မဲ့ မကောင်းတဲ့စိတ်ထားနဲ့ ပြောနေတာလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ပြောနေတာလား။ ဘုရားသခင်ဟာ ယောဘရဲ့ အရည်အသွေးကောင်းတွေကို တစ်ဖက်မှာ ချီးမွမ်းပေးပြီး တစ်ဖက်မှာ မကောင်းတဲ့စိတ်ထားနဲ့ ဆင်းရဲဝေဒနာတွေ ကြုံစေတယ်ဆိုရင် ဘုရားသခင်က “မဖြောင့်မှန်ခြင်းနှင့်ကင်းလွတ်” တဲ့အရှင်မဟုတ်ဘဲ လှည့်ဖြားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့သဘော သက်ရောက်သွားပါလိမ့်မယ်။ (ဆာလံ ၉၂:၁၅သမ္မာ) ဘုရားသခင်ဟာ ယောဘကို ထိခိုက်နစ်နာအောင် မလုပ်ခဲ့ဘူး။ စာတန်ဟာ မကောင်းတဲ့စိတ်ထား ဒါမှမဟုတ် ဘုရားသခင်ရဲ့ မကောင်းတဲ့ စရိုက်တစ်ခုမဟုတ်ဘဲ သူ့ကိုယ်သူ ဘုရားသခင်ရဲ့ ရန်သူဖြစ်စေတဲ့ နာမ်ဝိညာဉ်သားတစ်ဦး ဖြစ်တယ်ဆိုတာ ရှင်းနေပါတယ်။

ကမ္ဘာလောကကို တကယ်အုပ်ချုပ်နေတဲ့သူက ဘယ်သူလဲ

ကနေ့ လူအများက စာတန်ရှိတယ်ဆိုတာကို မယုံကြတော့ဘူး။ မကောင်းမှုတွေမှာ စာတန် ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ လူတွေ ကြိုးစားရှင်းပြပေမဲ့လည်း စိတ်ကျေနပ်ဖွယ် အဖြေမရခဲ့ကြပါဘူး။ တကယ်ဆိုရင် စာတန်ရှိတယ်ဆိုတဲ့ အယူအဆကို ဖယ်ရှားဖို့ ကြိုးပမ်းလိုက်တဲ့အတွက် လူအတော်များများဟာ ဘုရားသခင်ကိုလည်း လက်မခံတော့ဘူး၊ ကိုယ်ကျင့်တရားစံနှုန်းတွေကိုလည်း မလိုက်လျှောက်ကြတော့ဘူး။

“စာတန်ရဲ့ အထိရောက်ဆုံး လှည့်ဖြားမှုက သူတကယ်မရှိဘူးဆိုပြီး လူတွေကို အယုံသွင်းတာဖြစ်တယ်” လို့ ၁၉ ရာစုက ကဗျာဆရာ ရှားလ်-ပိုင်ယာ ဘော်ဒီလိုင်ရာက ရေးသားခဲ့တယ်။ စာတန်ဟာ မိမိဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားခြင်းအားဖြင့် ဘုရားသခင်ရဲ့တည်ရှိမှုနဲ့ပတ်သက်ပြီး သံသယတွေ ဖြစ်ပေါ်စေခဲ့တယ်။ တကယ်လို့ စာတန် မရှိဘူးဆိုရင် မကောင်းမှုမှန်သမျှအတွက် ဘုရားသခင်မှာ တာဝန်ရှိတယ်လို့ လူအများက ယူမှတ်ပြီး ဘုရားသခင်ကို ယုံကြည်ကိုးစားမှု ရှိတော့မှာ မဟုတ်ဘူး။ စာတန်က အဲဒီလို ဖြစ်စေချင်တာပါ။

ရာဇဝတ်ခေါင်းဆောင်တစ်ဦးလိုပဲ စာတန်ဟာ သူ့ရဲ့အကြံအစည်တွေ အထမြောက်ဖို့ သူဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားတယ်။ သူ့ရဲ့အကြံအစည်တွေက ဘာတွေလဲ။ ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– ‘ဘုရားသခင်၏ ပုံသဏ္ဌာန်တည်းဟူသော ခရစ်တော်နှင့်ဆိုင်သည့် သတင်းကောင်း၏ဘုန်းသည် မထွန်းလင်းနိုင်ရန် ဤလောကစနစ်၏ဘုရားသခင်သည် မယုံကြည်သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ၏။’—၂ ကောရိန္သု ၄:၄

အရေးကြီးတဲ့မေးခွန်းတစ်ခု မေးဖို့ ကျန်ပါသေးတယ်။ မကောင်းမှုတွေနဲ့ ဆင်းရဲခက်ခဲမှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်နေသူကို ဘုရားသခင် ဘယ်လိုအရေးယူမလဲ။ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးသုံးသပ်ထားပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 စာတန်ရဲ့ပုန်ကန်မှုကို ဘုရားသခင် ချက်ချင်း အရေးမယူခဲ့ရတဲ့ အကြောင်းရင်းကို နားလည်နိုင်ဖို့ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၁ မှာ ဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၅ ပါအကျဉ်းဖော်ပြချက်]

စာတန်ဟာ ဘုရားသခင်ရဲ့ အမှုတော်ထမ်းလား ဒါမှမဟုတ် ဘုရားသခင်ကို ခုခံသူလား

[စာမျက်နှာ ၆ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]

 စုံလင်တဲ့သတ္တဝါက စုံလင်မှုကို လက်လွှတ်ဆုံးရှုံးနိုင်သလား

အသိဉာဏ်ရှိသတ္တဝါတွေကို ဘုရားသခင် ပေးထားတဲ့ စုံလင်မှုက အလိုအလျောက် တည်ရှိမယ့်အစား အခြားအရာတစ်ခုခုနဲ့ ဆက်စပ်နေပါတယ်။ အာဒံဟာ စုံလင်စွာ ဖန်ဆင်းခံရပေမဲ့ ဘုရားသခင် သတ်မှတ်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို လိုက်နာဖို့တော့လိုပါတယ်။ ဥပမာ၊ အာဒံဟာ မြေကြီး၊ ကျောက်စရစ်ခဲ ဒါမှမဟုတ် သစ်သားကို စားလို့မရပါဘူး။ စားလိုက်မယ်ဆိုရင် ဆိုးကျိုးခံစားရမှာဖြစ်တယ်။ သူဟာ ဒြပ်ဆွဲအားနိယာမကို ဆန့်ကျင်ပြီး တောင်ထိပ်ကနေ ခုန်ချလိုက်မယ်ဆိုရင် သေရင်သေ၊ မသေရင်လည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသွားမှာဖြစ်တယ်။

အဲဒီလိုပါပဲ။ စုံလင်တဲ့သတ္တဝါတွေဟာ ဘုရားသခင် ပေးထားတဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရဲ့ ဘောင်ကိုကျော်ပြီး လုပ်လို့မရပါဘူး။ လုပ်မယ်ဆိုရင် ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အသိဉာဏ်ရှိသတ္တဝါတစ်ဦးဟာ သူ့ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို တလွဲအသုံးပြုလိုက်တဲ့အခါ အမှားနဲ့အပြစ်ကို အလွယ်တကူ ကျူးလွန်ပါတော့တယ်။—ကမ္ဘာဦး ၁:၂၉; မဿဲ ၄:၄