မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာမဂေဒုန်ဆိုတာ ဘာလဲ

အာမဂေဒုန်ဆိုတာ ဘာလဲ

စာရှုသူများအမေး

အာမဂေဒုန်ဆိုတာ ဘာလဲ

▪ ခရစ်ယာန်နိုင်ငံတွေက လူအတော်များများဟာ “အာမဂေဒုန်” ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ အစုလိုက်အပြုံလိုက် ပျက်စီးခြင်းမြင်ကွင်းတွေကို မြင်ယောင်လာကြတယ်။ အဲဒီမြင်ကွင်းထဲမှာ နျူကလီးယားစစ်ပွဲ၊ သဘာဝဘေးဒဏ် အကြီးစားတွေအပြင် ကမ္ဘာချီပူနွေးမှုကြောင့် ဖြစ်ရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာဘေးဒဏ်တောင် ပါလိုက်သေးတယ်။ ကျမ်းစာမှာ အာမဂေဒုန်ဆိုတဲ့ စကားလုံးကို အဲလိုသဘောမျိုးနဲ့ မဖော်ပြထားပါဘူး။ ဒါဆိုရင် ကျမ်းစာမှာပါတဲ့ အာမဂေဒုန်ဆိုတာ ဘာလဲ။

“အာမဂေဒုန်” (“ဟာမဂေဒုန်”) ဆိုတဲ့ အသုံးအနှုန်းကို သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းစောင်မှာ တွေ့ရပါတယ်။ အဲဒီအသုံးအနှုန်းက ‘အနှိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏နေ့ကြီးတွင် တိုက်မည့်စစ်ပွဲ’ ကိုပဲ ရည်ညွှန်းနေတာဖြစ်တယ်။ “လူနေထိုင်ရာ မြေတစ်ပြင်လုံးရှိ ဘုရင်” တွေဟာ ဘုရားသခင်နဲ့တိုက်မယ့် နောက်ဆုံးစစ်ပွဲအတွက် စုရုံးရောက်ရှိလာကြမှာဖြစ်တယ်။ ဒီစစ်ပွဲနဲ့ပတ်သက်တဲ့ ကိုးကားချက်ကို တခြားကျမ်းချက်တွေမှာလည်း တွေ့ ရပါတယ်။—ဗျာ. ၁၆:၁၄-၁၆; ယေဇကျေလ ၃၈:၂၂၊ ၂၃; ယောလ ၃:၁၂-၁၄; လုကာ ၂၁:၃၄၊ ၃၅; ၂ ပေတရု ၃:၁၁၊ ၁၂

ဒီစစ်ပွဲမှာ ဘာတွေ ဖြစ်ပျက်မလဲ။ ကျမ်းစာရဲ့နောက်ဆုံးကျမ်းစောင်မှာ ပုံဆောင်အသုံးအနှုန်းတွေနဲ့ ဒီလိုဖော်ပြထားတယ်– “မြေကြီးဘုရင်များနှင့် သူတို့၏တပ်များသည် မြင်းစီးသူနှင့် သူ၏တပ်များကို စစ်တိုက်ရန် စုရုံးကြသည်။” ယေဟောဝါဘုရားသခင်ရဲ့သားတော် ယေရှုခရစ်ဟာ “မြင်းစီးသူ” ဖြစ်ပါတယ်။ ကောင်းကင်တမန်တပ်တွေကို ဦးစီးပြီး ဘုရားသခင်ရဲ့ရန်သူတွေကို အောင်ပွဲခံဖို့ ဘုရားသခင်ကိုယ်တိုင် ခန့်အပ်ထားတဲ့သူ ဖြစ်ပါတယ်။ (ဗျာ. ၁၉:၁၁-၁၆၊ ၁၉-၂၁) လူဆိုးတွေ အများအပြား ဖျက်ဆီးခံရမယ်ဆိုတာကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ထာဝရဘုရားသခင် ကွပ်မျက်တော်မူသောသူတို့၏ အလောင်းများသည် ကမ္ဘာမြေပြင်တစ်လျှောက်လုံးတွင် ပျံ့နှံ့လျက်နေလိမ့်မည်။’—ယေရမိ ၂၅:၃၃ခမ။

ဘာကြောင့် အာမဂေဒုန် ဖြစ်ဖို့လိုတာလဲ။ တိုင်းနိုင်ငံတွေက ဘုရားသခင်ရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အသိအမှတ်မပြုဘဲ သူတို့ရဲ့ အခွင့်အာဏာကို ကြေညာနေကြလို့ဖြစ်တယ်။ (ဆာလံ ၂၄:၁) ဘုရားသခင်ရဲ့ အုပ်စိုးမှုကို သူတို့ ဖီဆန်တာကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘လောကရှင်ဘုရင်တို့သည် ထကြ၍ မှူးမတ်အရာရှိတို့လည်း ထာဝရဘုရားသခင်နှင့် ခရစ်တော်ကို ရန်ဘက်ပြုကြ၏။’—ဆာလံ ၂:၂

ဖီဆန်တဲ့သူတွေက ကမ္ဘာမြေကို သူတို့ရဲ့ပိုင်ဆိုင်ရာအဖြစ် ကြေညာရုံသာမက ကမ္ဘာမြေကို တလွဲအသုံးပြုပြီး ဖျက်ဆီးနေကြတယ်။ ယနေ့ခေတ် လူတွေက ကမ္ဘာမြေကို ဖျက်ဆီးပြီး ပတ်ဝန်းကျင် ညစ်ညမ်းအောင် ပြုလုပ်နေကြတယ်။ ထိတ်လန့်ဖွယ်အခြေအနေကို ကျမ်းစာမှာ ဒီလိုကြိုဟောထားတယ်– “လူမျိုးတို့သည် အမျက်ထွက်ကြ၏။ ကိုယ်တော်တိုင်လည်း အမျက်ထွက်တော်မူ၏။” အဲဒီနောက်မှာ ယေဟောဝါဘုရားသခင်က “မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” ပစ်လိမ့်မယ်။ (ဗျာ. ၁၁:၁၈) လူသားတွေအပေါ် အုပ်ချုပ်ပိုင်ခွင့် ဘယ်သူ့ဆီမှာရှိလဲဆိုတဲ့ အရေးကိစ္စကို အာမဂေဒုန်အားဖြင့်ဖြေရှင်းဖို့ ဘုရားသခင် စိတ်ပိုင်းဖြတ်ထားတယ်။—ဆာလံ ၈၃:၁၈

ဘယ်အချိန်မှာ အာမဂေဒုန်ဖြစ်မှာလဲ။ ယေရှု ဒီလိုရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်– ‘ထိုနေ့ရက်နှင့် အချိန်နာရီကိုကား မည်သူမျှမသိ။ ကောင်းကင်တမန်တို့လည်းမသိ။ သားတော်လည်းမသိ။ ဖခင်တစ်ပါးတည်းသာ သိတော်မူ၏။’ (မဿဲ ၂၄:၃၆) အချိန်နာရီကို ဘယ်သူမှ မသိတာမှန်ပေမဲ့ စစ်သူကြီးဘုရင်ယေရှုခရစ်က အာမဂေဒုန်အကြောင်း ပြောတဲ့အခါမှာ ဒီလိုထပ်မံသတိပေးခဲ့တယ်– ‘ငါသည် သူခိုးကဲ့သို့ လာမည်။ နိုးနိုးကြားကြားနေသူသည် ပျော်ရွှင်၏။’ (ဗျာ. ၁၆:၁၅) ဒါကြောင့် ကမ္ဘာချီဖြစ်မယ့် ဒီစစ်ပွဲက ကျမ်းစာကြိုဟောချက်တွေမှာ ဖော်ပြထားတဲ့ ခရစ်တော်ရောက်ရှိခြင်းနဲ့ ဆက်စပ်နေပါတယ်။ ခရစ်တော်ရောက်ရှိချိန်ဟာ အခုအချိန်ပါပဲ။

အာမဂေဒုန်မှာ ဆိုးသွမ်းမှုကို တမင်တကာ ဆက်လုပ်ဆောင်နေတဲ့ သူတွေကိုပဲ ဖျက်ဆီးမှာဖြစ်ပြီး ကပ်ကျော်လွတ်မြောက်သွားမယ့် “လူအုပ်ကြီး” လည်းရှိမှာဖြစ်တယ်။ (ဗျာ. ၇:၉-၁၄) ဒီကျမ်းစကားတွေ အမှန်တကယ် ပြည့်စုံလာမှာကို သူတို့ တွေ့မြင်ရပါလိမ့်မယ်– “ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁

[စာမျက်နှာ ၁၀ ပါ အကျဉ်းဖော်ပြချက်]

“စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကို အမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်”