မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သာယာစိုပြည်တဲ့ တိုင်းပြည်က “ထွက်ကုန် ခုနစ်မျိုး”

သာယာစိုပြည်တဲ့ တိုင်းပြည်က “ထွက်ကုန် ခုနစ်မျိုး”

သာယာစိုပြည်တဲ့ တိုင်းပြည်က “ထွက်ကုန် ခုနစ်မျိုး”

သမ္မာကျမ်းစာမှာ အစ္စရေးပြည်ကို တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေ၊ ကမ်းရိုးတန်းလွင်ပြင်တွေ၊ ကုန်းပြင်မြင့်တွေ၊ မြစ်ချောင်းအင်းအိုင်တွေ ပေါများတဲ့ ပြည်လို့ ဖော်ပြထားတယ်။ တောင်ဘက်မှာ ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရ၊ မြောက်ဘက်မှာ နှင်းဖုံးနေတဲ့ တောင်တန်းတွေအပါအဝင် မြေဆီလွှာအမျိုးမျိုး၊ ရာသီဥတုအမျိုးမျိုးရှိတဲ့အတွက် အဲဒီတိုင်းပြည်မှာ အံ့ဩစရာကောင်းလောက်အောင် သီးနှံအမျိုးမျိုး ဖြစ်ထွန်းလို့နေပါတယ်။ အစ္စရေးလူတွေ သွားရောက်နေထိုင်မယ့် သာယာစိုပြည်တဲ့ တိုင်းပြည်နဲ့ပတ်သက်ပြီး သူတို့ရဲ့မျှော်လင့်ချက်ရောင်ခြည်ကို ပိုပြီးတောက်ပစေတဲ့အနေနဲ့ အဲဒီတိုင်းပြည်ကို “ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့်ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့်ပြည့်စုံသောပြည်” ဆိုပြီး မောရှေက ပြောပြခဲ့တယ်။—တရားဟောရာ ၈:၇၊ ၈

ကနေ့ထက်ထိ အဲဒီတိုင်းပြည်မှာ “ထွက်ကုန် ခုနစ်မျိုး” ထွက်နေတုန်းပါပဲ။ အဲဒီတိုင်းပြည်ရဲ့ မြေသြဇာကောင်းမှုကို ပေါ်လွင်စေချင်တဲ့ အထိမ်းအမှတ်အနေနဲ့ ခေတ်အသီးသီးက ဒ င်္ဂါးပြားတွေ၊ တံဆိပ်ခေါင်းတွေမှာ သီးနှံပုံတွေ ရိုက်နှိပ်ထားတယ်။ ရှေးခေတ်က အစ္စရေးပြည်မှာ အဲဒီသီးနှံတွေကို ဘယ်လိုစိုက်ပျိုးခဲ့ကြသလဲ။ အဲဒီသီးနှံတွေက အစ္စရေးလူတွေရဲ့ ဘဝအသက်တာအပေါ် ဘယ်လိုသက်ရောက်မှုရှိခဲ့သလဲ။ လေ့လာကြည့်ကြရအောင်။

“ဂျုံ၊ မုယော” ဂျုံနဲ့မုယောကို ဆောင်းဦးရာသီမှာ စိုက်ပျိုးပေမဲ့ မုယောက တစ်လစောပြီး ရင့်မှည့်လာတယ်။ မုယောကို ရိတ်သိမ်းတဲ့အခါ ပထမဆုံး ရိတ်သိမ်းတဲ့ ကောက်လှိုင်းတစ်စည်းကို မတ်လ ဒါမှမဟုတ် ဧပြီလမှာ ကျရောက်တဲ့ တဆေးမဲ့မုန့်ပွဲအတွင်း ယေဟောဝါဘုရားသခင်ကိုပူဇော်ဖို့ ဝတ်ပြုရာအိမ်တော်ကို ယူဆောင်သွားရတယ်။ ဂျုံနဲ့လုပ်ထားတဲ့ မုန့်တွေကိုတော့ မေလမှာကျရောက်တဲ့ ပင်တေကုတ္တေပွဲ ဒါမှမဟုတ် ခုနစ်သီတင်းပွဲတော်အတွင်းမှာ ပူဇော်ရတယ်။—ဝတ်ပြုရာ ၂၃:၁၀၊ ၁၁၊ ၁၅-၁၇

ရာစုနှစ်ပေါင်းများစွာကစပြီး မကြာသေးခင်အချိန်အထိ အစ္စရေးလယ်သမားတွေဟာ မျိုးစေ့တွေကို လက်နဲ့ကြဲကြတယ်။ အဲဒီမျိုးစေ့တွေကို သူတို့ရဲ့အပေါ်ဝတ်ရုံထဲမှာ ထည့်ထားတတ်ကြတယ်။ မုယောမျိုးစေ့တွေကို မြေပေါ်မှာပဲ ကြဲပက်လိုက်ကြတယ်။ ဂျုံမျိုးစေ့တွေကိုတော့ မြေကြီးနဲ့ ပြန်ဖုံးပေးဖို့ လိုအပ်တယ်။ ဒါကြောင့် တိရစ္ဆာန်တွေကို မြေကြီးပေါ် နင်းခိုင်းရတယ် ဒါမှမဟုတ် ထယ်ပြန်ထိုးပေးရတယ်။

ပျိုးကြဲခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေခြင်း၊ လှေ့ခြင်းနဲ့ ကြိတ်ခြင်းအကြောင်းတွေကို ကျမ်းစာမှာ ဖော်ပြပေးလေ့ရှိတယ်။ ဘယ်အဆင့်ကိုပဲလုပ်လုပ် အတော်အတန် ခွန်အားစိုက်ထုတ်ဖို့တော့ လိုအပ်ပါတယ်။ အိမ်မှာ နေ့စဉ် မိသားစုစားဖို့အတွက် ရရှိလာတဲ့ ဂျုံစေ့၊ မုယောစေ့တွေကို အမှုန့်ဖြစ်အောင် ကြိတ်လိုက်ပြီး မုန့်ဖုတ်ရပါတယ်။ ဒီလုပ်ရိုးလုပ်စဉ်က “နေ့စဉ် လိုအပ်သော အစားအစာ” အတွက် ဆုတောင်းကြပါဆိုတဲ့ ယေရှုရဲ့ ညွှန်ကြားချက်နဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။ (မဿဲ ၆:၁၁ကက်သလစ်ကျမ်းစာတော်မြတ်) ရှေးအချိန်က လူတွေရဲ့အဓိက အစားအစာဟာ ဂျုံမှုန့် ဒါမှမဟုတ် မုယောမှုန့်နဲ့လုပ်ထားတဲ့ မုန့်ဖြစ်ပါတယ်။—ဟေရှာယ ၅၅:၁၀

“စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်” တောကန္တာရမှာ အစ္စရေးလူတွေ အနှစ် ၄၀ ကြာအောင် လှည့်လည်သွားလာပြီးတဲ့နောက် မကြာခင်မှာ ခါနာန်ပြည်ထွက် အသီးအနှံတွေကို စားသုံးရတော့မယ်လို့ သူတို့ကို မောရှေ ပြောခဲ့တယ်။ အနှစ်လေးဆယ်မတိုင်ခင် စောစောပိုင်းက ခါနာန်ပြည်ဟာ သီးနှံဖြစ်ထွန်းတဲ့ တိုင်းပြည်ဖြစ်ကြောင်း အထောက်အထားအနေနဲ့ တောကန္တာရမှာ စခန်းချနေတဲ့ အစ္စရေးလူတွေဆီကို သူလျှိုဆယ်ဦးက ဘာတွေ သယ်ဆောင်လာခဲ့ကြသလဲ။ “အသီးတစ်ပြွတ်ပါသော စပျစ်နွယ်ပင် အခက်တစ်ခက်” က အရမ်းလေးတဲ့အတွက် “လူနှစ်ယောက်တို့သည် ထမ်းပိုးနှင့် ထမ်း” ခဲ့ရတယ်။ သလဲသီးနဲ့ သင်္ဘောသဖန်းသီးတွေကိုလည်း ထမ်းလာခဲ့ကြတယ်။ တောကန္တာရမှာ လှည့်လည်သွားလာနေသူတွေဟာ အဲဒီအသီးတွေကိုတွေ့တော့ သွားရည်ကျမှာ သေချာတယ်။ အရသာရှိလှတဲ့ သစ်သီးတွေကို သူတို့စားရချည်သေးရဲ့။—တောလည်ရာ ၁၃:၂၀၊ ၂၃

စပျစ်ပင်တွေကို ကောင်းကောင်း ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အသီးလှိုင်လှိုင်သီးဖို့ အကိုင်းအခက်တွေ ချိုင်ပေးတာ၊ ရေသွင်းပေးတာ၊ ဆွတ်ခူးပေးတာတွေ လုပ်ပေးရပါတယ်။ တောင်စောင်းတွေမှာ ကောင်းကောင်း ပြုစုပျိုးထောင်ထားတဲ့ စပျစ်ခြံတစ်ခြံမှာ အကာအရံ၊ သေသေချာချာ အကွက်ဖော်ထားတဲ့ စပျစ်ပင်တန်းတွေနဲ့ ခြံစောင့်တဲတွေရှိတယ်။ စပျစ်ခြံတစ်ခြံကို ဘယ်လိုပြုစုပျိုးထောင်ရမယ်၊ မပြုစုဘဲ ပစ်ထားမယ်ဆိုရင် ဘာဖြစ်သွားနိုင်မယ်ဆိုတာကို အစ္စရေးလူတွေ ကောင်းကောင်း သိထားပါတယ်။—ဟေရှာယ ၅:၁-၇

စပျစ်သီးဆွတ်ခူးချိန်ရောက်တော့ ဝိုင်ဖောက်ဖို့ စတင်ပါတော့တယ်။ စပျစ်ခိုင်တွေကို စည်တစ်ခုထဲထည့်ပြီး နင်းချေရတယ် ဒါမှမဟုတ် စက်နဲ့ညှစ်ရတယ်။ ထွက်ရှိလာတဲ့ သစ်သီးရည်တွေကို ဖျော်ရည်အဆီဖြစ်အောင် ကျိုချက်ကြတယ် ဒါမှမဟုတ် ဝိုင်ဖြစ်လာအောင် အချဉ်ဖောက်ကြတယ်။ အစ္စရေးပြည်ဟာ ရာသီဥတု သာယာပြီး မြေဆီလွှာလည်း ကောင်းတဲ့အတွက် စပျစ်ပင်စိုက်ပျိုးပြီး ဝိုင်ထုတ်လုပ်နိုင်တာဖြစ်တယ်။ *

သင်္ဘောသဖန်းပင် မဖြစ်ထွန်းတဲ့ တိုင်းပြည်တွေမှာ နေထိုင်တဲ့သူတွေဟာ သင်္ဘောသဖန်းသီးခြောက်နဲ့ အရည်တွေကိုပဲ မြင်ဖူးကြမှာဖြစ်တယ်။ အပင်ပေါ်ကနေ လတ်လတ်ဆတ်ဆတ် ခူးလိုက်တဲ့အသီးက သဖန်းသီးခြောက်နဲ့ အရသာချင်းမတူဘူး။ ချိုမြမြနဲ့ အရည်ရွှမ်းနေတာပဲ။ အသီးတွေ တာရှည်ခံဖို့အတွက် အခြောက်လှမ်းပြီး ထုပ်ပိုးထားကြတယ်။ ကျမ်းစာမှာ “သင်္ဘောသဖန်းသီးပျဉ်” တွေအကြောင်းလည်း ဖော်ပြတတ်တယ်။—၁ ရာ. ၂၅:၁၈

ရင့်မှည့်နေတဲ့ သလဲသီးရဲ့ မာတောင့်နေတဲ့ အခွံကို ခွာလိုက်တဲ့အခါ စားဖို့ ဒါမှမဟုတ် အရည်ဖျော်သောက်ဖို့ အသင့်ဖြစ်နေတဲ့ အရည်ရွှမ်းတဲ့ အစေ့လေးတွေ ရာနဲ့ချီပြီး ပူးပူးကပ်ကပ် စီစီရီရီ ရှိနေတာကို တွေ့ရတယ်။ အဲဒီအသီးကိုစားလိုက်ရင် လန်းဆန်းအမောပြေပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင် အာဟာရလည်းရှိတယ်။ ယဇ်ပုရောဟိတ်မင်းကြီးဝတ်တဲ့ အပေါ်ဝတ်ရုံရဲ့ အောက်အနားကို သလဲသီးပုံလေးတွေနဲ့ တန်ဆာဆင်ထားတဲ့အပြင် ဘုရင်ရှောလမုန်တည်ဆောက်ခဲ့တဲ့ ဝတ်ပြုရာအိမ်တော်က တိုင်တွေမှာလည်း သလဲသီးပုံတွေနဲ့ တန်ဆာဆင်ထားတာကို ကြည့်ခြင်းအားဖြင့် သလဲသီးကို တန်ဖိုးထားကြတယ်ဆိုတာ သိနိုင်ပါတယ်။—ထွက်မြောက်ရာ ၃၉:၂၄; ၃ ရာ. ၇:၂၀

‘သံလွင်နှင့် ပျားရည်’ သံလွင်ပင်နဲ့ပတ်သက်ပြီး ကျမ်းစာထဲမှာ အကြိမ်ပေါင်း ၆၀ နီးပါး ဖော်ပြထားတယ်။ သံလွင်ပင်ကနေ အဖိုးတန်အစားအစာနဲ့ အဆီကို ထုတ်ယူရရှိနိုင်တယ်။ အစ္စရေးပြည်ရဲ့ ဒေသအများစုမှာ သံလွင်ပင်တောအုပ်တွေ အများအပြား ရှင်သန်ပေါက်ရောက်နေတုန်းပါပဲ။ (တရားဟောရာ ၂၈:၄၀) ကနေ့အချိန်အထိ အောက်တိုဘာလရောက်ရင် ဒေသအတော်များများမှာရှိတဲ့ မိသားစုတွေဟာ သံလွင်သီးတွေကို ခြွေယူကြတယ်။ သံလွင်ကိုင်းမှာရှိတဲ့ အသီးတွေကို တုတ်နဲ့ရိုက်ပြီး ကြွေကျလာတဲ့အသီးတွေကို ကောက်သိမ်းကြတယ်။ သံလွင်သီးတွေကို မိသားစုတစ်နှစ်စာ စားဖို့ တာရှည်ခံအောင် လုပ်ထားကြတယ် ဒါမှမဟုတ် ဆီဆုံမှာ ဆီသွားကြိတ်တယ်။ ရှေးခေတ်က ပုံစံအမျိုးမျိုးရှိတဲ့ ဆီဆုံတွေကို ရှေးဟောင်းသုတေသန တူးဖော်တဲ့နေရာတွေမှာ ရာနဲ့ချီပြီး တွေ့ရှိခဲ့ကြတယ်။ ကနေ့ခေတ်မှာ မိသားစု တစ်နှစ်စာ စားသုံးဖို့ ဒါမှမဟုတ် ဈေးမှာရောင်းဖို့ ဆီဆုံထဲကနေ အစိမ်းဖျော့ရောင် သံလွင်ဆီတွေ အိုးတွေထဲ စီးကျလာတာကို တွေ့မြင်ရတာ စိတ်ဝင်စားစရာပါပဲ။ သံလွင်ဆီကို အစားအစာအဖြစ် အသုံးပြုတဲ့အပြင် အလှကုန်ပစ္စည်းအဖြစ်နဲ့ရော မီးထွန်းဆီအဖြစ်နဲ့ပါ အသုံးပြုကြပါသေးတယ်။

ရှံဆုန်နဲ့ယောနသန်တို့ရဲ့ ကျမ်းစာမှတ်တမ်းတွေမှာ ဖတ်ရတဲ့ ပျားရည်ဆိုတာက ပျားလပို့ကနေရရှိတဲ့ သဘာဝပျားရည်ဖြစ်ပါတယ်။ (တရားသူကြီး ၁၄:၈၊ ၉; ၁ ရာ. ၁၄:၂၇) မကြာသေးခင်က အစ္စရေးနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တဲလ်ရီဟိုဗ်မြို့မှာ ပျားအုံ ၃၀ ကျော်ပါရှိတဲ့ ပျားမွေးမြူရေးဌာနတစ်ခုကို တွေ့ရှိခဲ့တဲ့အတွက် ပျားမွေးမြူခြင်းဟာ ဘုရင်ရှောလမုန်ခေတ်ကတည်းက ထွန်းကားခဲ့တယ်ဆိုတာ သိရတယ်။

ကနေ့ခေတ်အစ္စရေးနိုင်ငံက မုန့်ဆိုင်၊ သစ်သီးဆိုင်နဲ့ ဟင်းသီးဟင်းရွက်ဆိုင် အစုံရှိတဲ့ ဈေးတန်းထဲကို ဖြတ်လျှောက်လိုက်မယ်ဆိုရင် “ထွက်ကုန် ခုနစ်မျိုး” ထဲက တစ်မျိုးမဟုတ်တစ်မျိုးကို ပေါများစွာ ခင်းကျင်းရောင်းချနေတာကို တွေ့ရမှာဖြစ်တယ်။ အဲဒီထွက်ကုန်ခုနစ်မျိုးဟာ ဒေသထွက်ကုန် အမျိုးမျိုးထဲက အနည်းငယ်ပဲဖြစ်ပါတယ်။ ဒေသထွက်အပင်တွေကို တခြားနိုင်ငံတွေမှာ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်တွေနဲ့ စိုက်ပျိုးလို့ရနိုင်ပါပြီ။ ရှည်ရှည်မျောမျော တိုင်းပြည်ငယ်လေးဟာ တကယ့်ကို သာယာစိုပြည်လှတယ်ဆိုတာကို ပေါများကြွယ်ဝမှုက ဖော်ပြနေပါတယ်။—တောလည်ရာ ၁၄:၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 စပျစ်သီးတွေကို အခြောက်လည်းခံသလို စပျစ်ပျဉ်လုပ်ပြီးတော့လည်း စားသုံးကြပါတယ်။—တောလည်ရာ ၆:၃; ၂ ရာ. ၆:၁၉

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဂျုံ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

မုယော

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

စပျစ်

[စာမျက်နှာ ၁၂၊ ၁၃ ပါ ရုပ်ပုံ]

သင်္ဘောသဖန်း

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

သလဲ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ပျားရည်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

သံလွင်