မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ဘယ်လိုရရှိနိုင်မလဲ

ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ဘယ်လိုရရှိနိုင်မလဲ

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ဘယ်လိုရရှိနိုင်မလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုပါတယ်။

၁။ ဆုတောင်းချက်အားလုံးကို ဘုရားသခင် နားထောင်သလား။

ယေဟောဝါဘုရားသခင်ဟာ မိမိနဲ့ရင်းနှီးမှုရရှိအောင် ဆုတောင်းကြဖို့ လူမျိုးအပေါင်းက လူတွေကို ဖိတ်ခေါ်နေပါတယ်။ (ဆာလံ ၆၅:၂) ဒါပေမဲ့ ဆုတောင်းချက်အားလုံးကို ကိုယ်တော် နားမထောင်ပါဘူး။ ဥပမာ၊ လူတွေဟာ မကောင်းမှုကို ဆက်လုပ်နေတဲ့အခါ သူတို့ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် နားမထောင်ခဲ့ဘူး။ (ဟေရှာယ ၁:၁၅) ဇနီးသည်ကို မတရားပြုမူဆက်ဆံတဲ့ ခင်ပွန်းသည်ရဲ့ ဆုတောင်းချက်ကိုလည်း နားထောင်မှာမဟုတ်ဘူး။ (၁ ပေတရု ၃:၇) ဒါပေမဲ့ ကြီးလေးတဲ့ အပြစ်ပြုသူတွေ နောင်တယူမယ်ဆိုရင်တော့ သူတို့ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်ပေးပါလိမ့်မယ်။—၆ ရာ. ၃၃:၉-၁၃ ကိုဖတ်ပါ။

၂။ ဘယ်လိုဆုတောင်းသင့်သလဲ။

ဘုရားသခင်ဆီ ဆုတောင်းခြင်းက အခွင့်ထူးဖြစ်တဲ့အပြင် ဘုရားသခင်ကို ဝတ်ပြုတဲ့ နည်းတစ်နည်းလည်း ဖြစ်တယ်။ ဒါကြောင့် ယေဟောဝါဘုရားသခင် တစ်ဦးတည်းဆီကိုပဲ ဆုတောင်းသင့်ပါတယ်။ (မဿဲ ၄:၁၀; ၆:၉) ဒါပေမဲ့ ကျွန်ုပ်တို့ဟာ မစုံလင်ကြတဲ့အတွက် ကိုယ့်ဘာသာကိုယ် ဘုရားသခင်ဆီ တိုက်ရိုက်ဆုတောင်းလို့ မရဘူး။ ဒါကြောင့် “လမ်းခရီး” ဖြစ်တဲ့ ယေရှုရဲ့အမည်နဲ့ ဆုတောင်းသင့်တယ်။ (ယောဟန် ၁၄:၆) အလွတ်ကျက်ထားတဲ့ ဒါမှမဟုတ် ရေးမှတ်ထားတဲ့ ဆုတောင်းစာတွေကို ထပ်ခါတလဲလဲ ရွတ်ဆိုပြီး ဆုတောင်းတာကိုလည်း ဘုရားသခင်မလိုလားဘူး။ ကိုယ်ပိုင်စကားနဲ့ လှိုက်လှိုက်လှဲလှဲ ရင်ဖွင့်ဆုတောင်းတာကိုပဲ လိုလားပါတယ်။—မဿဲ ၆:၇; ဖိလိပ္ပိ ၄:၆၊ ၇ တို့ကိုဖတ်ပါ။

အသံတိတ်ဆုတောင်းတာကိုတောင် ဘုရားသခင်ကြားနိုင်ပါတယ်။ (၁ ရာ. ၁:၁၂၊ ၁၃) ဘုရားသခင်ဆီ အချိန်အခါမရွေး ဆုတောင်းနိုင်တယ်။ ဥပမာ၊ မနက်အိပ်ရာထချိန်၊ ညအိပ်ရာဝင်ချိန်၊ ထမင်းစားချိန်နဲ့ ပြဿနာတွေ ကြုံတွေ့နေရတဲ့ အချိန်တွေမှာ ဆုတောင်းနိုင်ပါတယ်။—ဆာလံ ၅၅:၂၂; မဿဲ ၁၅:၃၆ တို့ကိုဖတ်ပါ။

၃။ ခရစ်ယာန်တွေ ဘာကြောင့် အတူတကွ စုဝေးရတာလဲ။

ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရရှိနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ကို မယုံကြည်တဲ့သူတွေ၊ ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာသစ်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိတော်တွေကို လှောင်ပြောင်တဲ့သူတွေကြားမှာ နေထိုင်နေရလို့ပါ။ (၂ တိမောသေ ၃:၁၊ ၄; ၂ ပေတရု ၃:၃၊ ၁၃) ဒါကြောင့် ယုံကြည်သူအချင်းချင်း ပေါင်းသင်းပြီး အပြန်အလှန် ခွန်အားရယူဖို့ လိုအပ်ပါတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။

ဘုရားသခင်ကို ချစ်တဲ့သူတွေနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေဖွဲ့မယ်ဆိုရင် ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရရှိနိုင်ပါတယ်။ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုစည်းဝေးပွဲတွေမှာ အချင်းချင်းရဲ့ ယုံကြည်ခြင်းကို တွေ့မြင်ခြင်းကနေ အကျိုးရယူနိုင်တဲ့ အခွင့်အရေးတွေရှိပါတယ်။—ရောမ ၁:၁၁၊ ၁၂ ကိုဖတ်ပါ။

၄။ တွေးတောဆင်ခြင်ခြင်းက ဘုရားသခင်နဲ့ ဘယ်လို ရင်းနှီးစေနိုင်မလဲ။

သမ္မာကျမ်းစာကနေ သင်ယူသိရှိခဲ့ရာတွေကို တွေးတောဆင်ခြင်ခြင်းအားဖြင့် ဘုရားသခင်နဲ့ ရင်းနှီးနိုင်ပါတယ်။ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေ၊ ညွှန်ကြားချက်တွေနဲ့ ကတိတော်တွေကို လေးလေးနက်နက် စဉ်းစားဆင်ခြင်ပါ။ ဆုတောင်းပြီး တွေးတောဆင်ခြင်ခြင်းက ဘုရားသခင့်မေတ္တာတော်နဲ့ ဉာဏ်ပညာတော်ကို လေးမြတ်တန်ဖိုးထားတတ်လာစေပါတယ်။—ယောရှု ၁:၈; ဆာလံ ၁:၁-၃ တို့ကိုဖတ်ပါ။

ဘုရားသခင်ကို သင် ယုံကြည်ကိုးစားမှသာ ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရရှိနိုင်မှာဖြစ်တယ်။ ဒါပေမဲ့ ယုံကြည်ခြင်းက သက်ရှိအရာတစ်ခုနဲ့တူပြီး ထောက်မပေးဖို့ လိုအပ်ပါတယ်။ သင်ယူသိရှိခဲ့ရာတွေကို ပြန်လည်တွေးတောဆင်ခြင်ခြင်းအားဖြင့် သင့်ရဲ့ယုံကြည်ခြင်းကို မပြတ် ထောက်မပေးရမှာဖြစ်တယ်။—၁ သက်သာလောနိတ် ၅:၂၁; ဟေဗြဲ ၁၁:၁၊ တို့ကိုဖတ်ပါ။

၅။ ဘုရားသခင်နဲ့ရင်းနှီးခြင်းက သင့်ကို ဘယ်လိုအကျိုးပြုမလဲ။

ဘုရားသခင်ဟာ မိမိကိုချစ်တဲ့သူတွေကို ဂရုစိုက်တယ်။ သူတို့ရဲ့ယုံကြည်ခြင်းနဲ့ ထာဝရအသက်မျှော်လင့်ချက်ကို ပျက်ပြားစေနိုင်မယ့် အရာမှန်သမျှကနေ ကာကွယ်ပေးတယ်။ (ဆာလံ ၉၁:၁၊ ၂၊ ၇-၁၀) ကျွန်ုပ်တို့ရဲ့ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ထိခိုက်စေမယ့် ဘဝလမ်းစဉ်ကို မလိုက်လျှောက်ဖို့ သတိပေးတယ်။ ကျွန်ုပ်တို့ကို အကောင်းဆုံးဘဝလမ်းစဉ်အကြောင်း သွန်သင်ပေးတယ်။—ဆာလံ ၇၃:၂၇၊ ၂၈; ယာကုပ် ၄:၄၊ တို့ကိုဖတ်ပါ။

ပိုမိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၇ မှာဖတ်ကြည့်နိုင်ပါတယ်။