မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခွန် ဆောင်ဖို့ လိုသလား

အခွန် ဆောင်ဖို့ လိုသလား

အခွန် ဆောင်ဖို့ လိုသလား

လူအများစုဟာ အခွန်မဆောင်ချင်ကြပါဘူး။ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့၊ အလွဲသုံးစားလုပ်လို့၊ ဗြောင်လိမ်လည်လို့ သူတို့ရဲ့အခွန်ငွေတွေ အလဟဿဖြစ်သွားတယ်ဆိုပြီး လူအတော်များများ ခံစားနေရတယ်။ အခွန်ငွေကို မရိုးသားတဲ့နည်းနဲ့ အသုံးပြုတဲ့အတွက် တချို့က အခွန်မဆောင်ချင်ကြဘူး။ အရှေ့အလယ်ပိုင်းဒေသတစ်ခုရဲ့ မြို့နေလူထုက အခွန်မဆောင်ချင်ရတဲ့ အကြောင်းရင်းကို ဒီလိုရှင်းပြတယ်– “ကျုပ်တို့ရဲ့ သားသမီးတွေကို ပစ်သတ်မယ့် ကျည်ဆန်တွေထုတ်လုပ်ဖို့ ငွေကြေးထောက်ပံ့မှာ မဟုတ်ဘူး။”

အဲလိုခံယူချက်တွေက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အခွန်ဆောင်ဖို့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်က ခွင့်မပြုတဲ့ အကြောင်းရင်းကို ကွယ်လွန်သူ ဟိန္ဒူခေါင်းဆောင် မိုဟမ်းဒတ်စ် ကေ. ဂန္ဒီက ဒီလိုရှင်းပြတယ်– “စစ်တပ်နဲ့ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ပံ့နေတဲ့သူဟာ အပြစ်ပြုတဲ့အထဲမှာ ကြံရာပါဖြစ်သွားပြီ။ အဲဒီအုပ်ချုပ်ရေးကို အခွန်ငွေဆောင်ပြီးထောက်ပံ့နေတဲ့ လူကြီးလူငယ်မရွေး အပြစ်ကျူးလွန်နေကြပြီ။”

၁၉ ရာစုက အတွေးအခေါ်ပညာရှင် ဟင်နရီ ဒေးဗစ် သောရိုးကလည်း စစ်ထောက်ပံ့ရေးမှာ အသုံးပြုတတ်တဲ့ အခွန်တွေပေးဖို့ သူငြင်းဆိုရတဲ့ အကြောင်းရင်းကို အခိုင်အမာဖော်ပြခဲ့တယ်။ သူက ဒီလိုမေးခဲ့တယ်– “နိုင်ငံသားတစ်ဦးဟာ ဥပဒေထုတ်ပြန်တဲ့သူကို မိမိရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်နဲ့အညီ ချရမယ့် ဆုံးဖြတ်ချက်တွေ ချခွင့်ပြုမလား။ ဒါဆိုရင် လူတိုင်းမှာ ဘာကြောင့် ကိုယ်ကိုယ်ကိုယ်သိသောစိတ်ရှိရတာလဲ။”

ဒီကိစ္စက ခရစ်ယာန်တွေနဲ့လည်း ပတ်သက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်ယာန်တွေဟာ ကိစ္စရပ်တိုင်းမှာ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကြည်လင်နေရမယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားလို့ပဲ။ (၂ တိမောသေ ၁:၃) အစိုးရအာဏာပိုင်တွေမှာ အခွန်ကောက်ခံခွင့် ရှိတယ်ဆိုတာကိုလည်း ကျမ်းစာမှာ အသိအမှတ်ပြုထားပါသေးတယ်။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “အထက်မင်းအာဏာစက်ကို လူတိုင်း လက်အောက်ခံလျက်နေစေ။ အကြောင်းမူကား ဘုရားသခင်၏အခွင့်မရှိလျှင် မင်းအာဏာစက်မရှိ။ မင်းအာဏာစက်တို့သည် ဘုရားသခင်၏အခွင့်နှင့် အသီးအသီး တည်ရှိကြ၏။ သို့ဖြစ်၍ ထိုအမျက်တော်ကြောင့်သာမဟုတ်၊ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကိုထောက်၍လည်း မင်းအာဏာစက်၏အုပ်စိုးခြင်းကို လက်အောက်ခံရမည့်အကြောင်းရှိ၏။ ထိုအကြောင်းကြောင့် သင်တို့သည် အခွန်ပေးရ၏။ မင်းအာဏာစက်တို့သည် ဘုရားသခင်၏အမှုထမ်းများဖြစ်၍ ထိုတာဝန်ကို မပြတ်ထမ်းဆောင်ကြ၏။ လူအသီးသီးတို့အား ပေးဆောင်ထိုက်သည့်အတိုင်း ပေးဆောင်ကြလော့။ အခွန်ကိုခံထိုက်သူအား အခွန်ကို ပေးကြလော့။”—ရောမ ၁၃:၁၊ ၅-၇

ဒါကြောင့် အခွန်ငွေ အတော်များများကို စစ်ထောက်ပံ့ရေးမှာ အသုံးပြုနေရင်တောင် ပေးသင့်ပေးထိုက်တဲ့ အခွန်တွေကို ပထမရာစု ခရစ်ယာန်တွေ တလိုတလား ပေးဆောင်ကြတာကို လူတွေ သိထားတယ်။ ကနေ့ခေတ် ယေဟောဝါသက်သေတွေလည်း အဲဒီအတိုင်းပဲ။ * ခရစ်ယာန်တစ်ဦး ထောက်ပံ့လို့မရတဲ့ လုပ်ရပ်တွေမှာ အခွန်ငွေတွေကို အသုံးပြုနေရင်လည်း အခွန်ပေးဆောင်ရတဲ့ အကြောင်းရင်းက ဘာလဲ။ အခွန်ပေးဆောင်ရတဲ့အချိန်မှာ ခရစ်ယာန်တစ်ဦးဟာ ကိုယ့်ရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို လျစ်လျူရှုသင့်သလား။

အခွန်နဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်

ပထမရာစု ခရစ်ယာန်တွေ ပေးဆောင်တဲ့ အခွန်ငွေတချို့ကို စစ်မှုရေးရာတွေမှာ အသုံးပြုခဲ့တယ်ဆိုတာ ထင်ရှားတယ်။ ဒါပေမဲ့ သူတို့ဟာ ကိုယ်ကိုယ်ကိုယ်သိသောစိတ် ကြည်လင်နေဖို့ အခွန်ဆောင်ခဲ့ကြတယ်။ ဂန္ဒီ​နဲ့သောရိုးတို့ကတော့ ကိုယ်ကိုယ်ကိုယ်သိသောစိတ် ကြည်လင်နေဖို့ စစ်ထောက်ပံ့ရေးအတွက် အခွန်မဆောင်ဖို့ စဉ်းစားခဲ့ကြတယ်။

ခရစ်ယာန်တွေဟာ အပြစ်ဒဏ်မခံရဖို့လောက်အတွက်သာ မဟုတ်ဘဲ “[မိမိတို့၏] ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကိုထောက်၍” လည်း ရောမ အခန်းကြီး ၁၃ မှာပါတဲ့ မိန့်မှာချက်ကို နာခံကြတာဖြစ်တယ်ဆိုတာ သတိပြုပါ။ (ရောမ ၁၃:၅) အခွန်ငွေတွေကို ခရစ်ယာန်တစ်ဦး လက်မခံတဲ့ လုပ်ဆောင်မှုတွေမှာ အသုံးပြုနေတယ်ဆိုရင်တောင် အခွန်ပေးဆောင်ဖို့ သူ့ရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်က သူ့ကို ခွင့်ပြုတယ်။ ဆန့်ကျင်ကွဲလွဲနေပုံရတဲ့ ဒီအချက်ကို နားလည်နိုင်ဖို့ ကိုယ့်ရဲ့လုပ်ရပ်တွေက မှန်တယ်၊ မှားတယ်ဆိုတာကို သတိပေးနေတဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်နဲ့ပတ်သက်တဲ့ အဓိကအချက်တစ်ချက်ကို လက်ခံရပါမယ်။

သောရိုး သတိပြုမိတဲ့အတိုင်း လူတိုင်းမှာ သတိပေးနေတဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ရှိပေမဲ့ အဲဒါကို ယုံကြည်စိတ်ချလို့မရပါဘူး။ ဘုရားသခင့်မျက်နှာသာ ရချင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်က ကိုယ်တော်ရဲ့စံနှုန်းတွေနဲ့ ညီညွတ်ရမယ်။ ကျွန်ုပ်တို့အနေနဲ့ ဘုရားသခင်တွေးခေါ်သလို တွေးခေါ်တတ်အောင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ရဲ့ အတွေးအခေါ်က ကျွန်ုပ်တို့ရဲ့အတွေးအခေါ်ထက် သာလွန်မြင့်မြတ်လို့ပါပဲ။ (ဆာလံ ၁၉:၇) အုပ်စိုးရှင်တွေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ရှုမြင်ချက်ကို နားလည်သဘောပေါက်ဖို့ ကျွန်ုပ်တို့ ကြိုးစားသင့်တယ်။ သူတို့ကို ဘုရားသခင် ဘယ်လိုရှုမြင်ပါသလဲ။

လူ့အုပ်စိုးရှင်တွေကို “ဘုရားသခင်၏အမှုထမ်းများ” အဖြစ် တမန်တော်ပေါလု ခေါ်ဆိုထားတာကို သတိပြုရပါမယ်။ (ရောမ ၁၃:၆) အဲဒါက ဘာကို ဆိုလိုတာလဲ။ အခြေခံအားဖြင့် လူ့အုပ်စိုးရှင်တွေဟာ လူ့အဖွဲ့အစည်းအတွက် အမိန့်တွေထုတ်ပြန်ပြီး အရေးပါတဲ့တာဝန်တွေ ထမ်းဆောင်ကြတာကို ဆိုလိုတယ်။ မကောင်းတဲ့ လူ့အုပ်စိုးရှင်တွေတောင် စာတိုက်၊ စာသင်ကျောင်း၊ မီးသတ်ဌာနစတဲ့ ဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးတဲ့အပြင် ဥပဒေတွေလည်း ထုတ်ပြန်ပေးတယ်။ လူ့အုပ်စိုးရှင်တွေရဲ့ အားနည်းချက်တွေကို ဘုရားသခင် ကောင်းကောင်း သိထားပေမဲ့ သူတို့ကို အချိန်အတိုင်းအတာတစ်ခုအထိ တည်ရှိခွင့်ပြုထားတယ်။ ဘုရားသခင်က သူတို့ကို လူတွေအပေါ် အုပ်ချုပ်ခွင့်ပေးထားတဲ့အတွက် ကျွန်ုပ်တို့ အခွန်ပေးဆောင်ကြတာဖြစ်တယ်။

ဒါပေမဲ့ ဘုရားသခင်က လူ့အုပ်စိုးရှင်တွေကို တစ်ခဏပဲ အုပ်ချုပ်ခွင့်ပြုထားတာပါ။ လူ့အုပ်စိုးရှင်တွေရဲ့နေရာမှာ ကောင်းကင်အစိုးရနဲ့ အစားထိုးပြီး လူ့အုပ်ချုပ်မှုတွေကြောင့် ရာစုနှစ်များစွာတစ်လျှောက် လူသားတွေ ခံစားခဲ့ရတဲ့ ဆင်းရဲခက်ခဲမှုတွေအားလုံးကို အပြီးအပိုင် ဖယ်ရှားပစ်ဖို့ ဘုရားသခင် ရည်ရွယ်ထားတယ်။ (ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၁၀) ဒါပေမဲ့ ဒီအတောအတွင်း အခွန်မပေးခြင်းအားဖြင့် ဒါမှမဟုတ် တခြားနည်းလမ်းအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေထဲမှာ ခရစ်ယာန်တွေကို ပါဝင်ခွင့် ဘုရားသခင် မပေးထားဘူး။

စစ်ကို ထောက်ပံ့ဖို့ အခွန်ဆောင်တာကို အပြစ်ရှိတယ်လို့ ဂန္ဒီလို သင် ခံစားနေရတုန်းပဲ ဆိုရင်ကော။ အဲဒါက လူ့ရှုထောင့်ဘက်ကနေ ရှုမြင်တာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်မှာ လူတွေနဲ့မတူတဲ့ ရှုမြင်ချက်ရှိတယ်ဆိုတာ သတိရပါ။ ဘုရားသခင်ရဲ့ရှုမြင်ချက်က လူတွေရဲ့ရှုမြင်ချက်ထက် ပိုပြီးသာလွန်တယ်ဆိုတာကို စဉ်းစားဆင်ခြင်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့အတွေးအခေါ်တွေကို ဘုရားသခင်ရဲ့အတွေးအခေါ်နဲ့ ကိုက်ညီအောင် တစ်ခါတလေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ပရောဖက် (ကြိုဟောသူ) ဟေရှာယကနေတစ်ဆင့် ဘုရားသခင် ဒီလိုပြောခဲ့တယ်– “မိုးကောင်းကင်သည် မြေကြီးထက် သာ၍မြင့်သကဲ့သို့ ငါ၏နည်းလမ်းသည် သင်တို့၏နည်းလမ်းထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။”—ဟေရှာယ ၅၅:၈၊ ၉သမ္မာ။

အကြွင်းမဲ့အာဏာဆိုတာ ရှိသလား

အခွန်ပေးဆောင်ပါလို့ ကျမ်းစာက သွန်သင်တဲ့အခါ လူ့အုပ်စိုးရှင်တွေမှာ အကြွင်းမဲ့အာဏာရှိတယ်ဆိုတဲ့ သဘောမျိုး မသက်ရောက်ပါဘူး။ ဘုရားသခင်ဟာ လူ့အုပ်စိုးရှင်တွေကို အခွင့်အာဏာ အပြည့်အဝ မပေးထားဘူးလို့ ယေရှု သွန်သင်ခဲ့တယ်။ ယေရှုခေတ်မှာ အုပ်စိုးနေတဲ့ ရောမအစိုးရကို အခွန်ပေးတာက ဘုရားသခင့်အမြင်အရ သင့်လျော်မသင့်လျော် အမေးခံရတဲ့အခါ ယေရှုက ပြတ်ပြတ်သားသား ဒီလိုပြန်ဖြေခဲ့တယ်– “ကဲသာ [ဧကရာဇ်မင်း] ၏ဥစ္စာကို ကဲသာအား ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ပေးကြလော့။”—မာကု ၁၂:၁၃-၁၇

“ကဲသာ” ကိုကိုယ်စားပြုတဲ့ လူ့အုပ်စိုးရှင်တွေဟာ ငွေကြေးတွေ ထုတ်ဝေပြီး တန်ဖိုးသတ်မှတ်ထားကြတယ်။ ဒါကြောင့် ဘုရားသခင့်အမြင်အရ သူတို့ထုတ်ဝေထားတဲ့ ငွေကြေးကို အခွန်အဖြစ် ပေးဆောင်ဖို့ သူတို့မှာ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ “ဘုရားသခင်၏ဥစ္စာ” ဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့ အသက်နဲ့ဝတ်ပြုမှုကို ဘယ်လူ့အုပ်စိုးရှင်ကမှ တောင်းဆိုပိုင်ခွင့်မရှိဘူးလို့ ယေရှု ဖော်ပြခဲ့တယ်။ လူ့ဥပဒေ ဒါမှမဟုတ် လူ့တောင်းဆိုချက်တွေက ဘုရားသခင့်ပညတ်စကားနဲ့ ဆန့်ကျင်လာတဲ့အခါ ခရစ်ယာန်တွေဟာ “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်” ကြတယ်။—တမန်တော် ၅:၂၉

အခွန်ငွေတချို့ သုံးစွဲပုံနဲ့ပတ်သက်ပြီး ကနေ့ ခရစ်ယာန်တွေ စိတ်အနှောင့်အယှက်ဖြစ်နေနိုင်ပေမဲ့ လူ့အုပ်စိုးရှင်တွေကို ဆန့်ကျင်ခြင်းအားဖြင့် ဒါမှမဟုတ် အခွန်မဆောင်ခြင်းအားဖြင့် သူတို့ရဲ့လုပ်ဆောင်မှုတွေကို ဝင်စွက်ဖက်ဖို့ မကြိုးပမ်းကြဘူး။ အဲလိုကြိုးပမ်းမယ်ဆိုရင် လူ့ပြဿနာတွေကို ဘုရားသခင် ဖြေရှင်းပေးမယ်ဆိုတဲ့ အာမခံချက်ကို မယုံကြည်ရာကျတယ်။ အဲဒီအစား ဘုရားသခင့်သားတော် ယေရှုရဲ့ အုပ်ချုပ်မှုအားဖြင့် လူ့အရေးကိစ္စတွေကို ဘုရားသခင် ကြားဝင်ဖြေရှင်းပေးမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေကြတယ်။ ယေရှုက ဒီလိုပြောခဲ့တယ်– “ငါ၏နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်။”—ယောဟန် ၁၈:၃၆

ကျမ်းစာသွန်သင်ချက်တွေကို လိုက်လျှောက်ခြင်းက အကျိုးရှိ

အခွန်ပေးဆောင်တာနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်ကို လိုက်လျှောက်ခြင်းက အကျိုးများစွာ ရရှိစေနိုင်ပါတယ်။ ဥပဒေချိုးဖောက်လို့ ပြစ်ဒဏ်ခံရတာမျိုး၊ ဘယ်တော့များ အဖမ်းခံရမလဲဆိုပြီး စိုးရိမ်စိတ်ဝင်နေတာမျိုး ရှိမှာမဟုတ်ဘူး။ (ရောမ ၁၃:၃-၅) အဲဒါတွေထက် သင် ဥပဒေလိုက်နာတဲ့အတွက် ဘုရားသခင်ကို ဂုဏ်တင်ရာရောက်ပြီး ကိုယ်တော်ရှေ့မှာ ကြည်လင်တဲ့ကိုယ်ကိုယ်ကိုယ်သိသောစိတ် ရှိမှာဖြစ်တယ်။ အခွန်မဆောင်တဲ့သူတွေ ဒါမှမဟုတ် အခွန်ကို လိမ်လည်ပြီး ပေးဆောင်တဲ့သူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ကိုယ့်ရဲ့ဝင်ငွေ နည်းသွားရင်တောင် သစ္စာရှိတဲ့ ဝတ်ပြုကိုးကွယ်သူတွေကို ဘုရားသခင် ကြည့်ရှုစောင့်ရှောက်မယ်ဆိုတဲ့ ကတိစကားကို ယုံကြည်ကိုးစားနိုင်ပါတယ်။ အဲဒီကတိစကားကို ဒါဝိဒ်လို့ခေါ်တဲ့ ကျမ်းရေးသူက ဒီလိုဖော်ပြခဲ့တယ်– “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကို ခံရသည်အကြောင်း သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး။”—ဆာလံ ၃၇:၂၅

အခွန်ပေးဆောင်ပါဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို နားလည်ပြီး လိုက်လျှောက်မယ်ဆိုရင် စိတ်ငြိမ်သက်မှု ရရှိနိုင်ပါတယ်။ အိမ်ငှားတစ်ဦး ပေးလိုက်တဲ့ငွေနဲ့ အိမ်ရှင်ရဲ့ လုပ်ဆောင်မှုအတွက် အိမ်ငှားမှာ တာဝန်ရှိတယ်လို့ ဥပဒေက မသတ်မှတ်သလို သင် ပေးဆောင်တဲ့အခွန်နဲ့ အစိုးရရဲ့လုပ်ဆောင်မှုအတွက် သင့်မှာ တာဝန်ရှိတယ်လို့ ဘုရားသခင် မသတ်မှတ်ဘူး။ ဥရောပတောင်ပိုင်းမှာနေထိုင်တဲ့ စတီလ်ဗီအိုဆိုတဲ့ အမျိုးသားတစ်ဦးဟာ ကျမ်းစာအမှန်တရား မလေ့လာခင်က နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ရဲ့ကြိုးပမ်းမှုတွေကို စွန့်လွှတ်လိုက်ရတဲ့အကြောင်းရင်းကို သူဒီလိုပြောပြခဲ့တယ်– “ကမ္ဘာပေါ်မှာ တရားမျှတမှုရှိလာအောင်၊ ငြိမ်းချမ်းလာအောင်၊ ညီအစ်ကိုအသင်းအပင်း စိတ်ဓာတ်ရှိလာအောင် လူတွေ မလုပ်နိုင်ဘူးဆိုတာကို ကျွန်တော် အသိအမှတ်ပြုခဲ့ရတယ်။ ဘုရားသခင့်နိုင်ငံတော်တစ်ခုတည်းကပဲ ထူးခြားကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို အမှန်တကယ် ပြုလုပ်ပေးနိုင်တာပါ။”

စတီလ်ဗီအိုလိုပဲ သင်လည်း ‘ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အား’ သစ္စာရှိရှိ ပေးမယ်ဆိုရင် ကမ္ဘာကို ဘုရားသခင် ဖြောင့်မတ်စွာအုပ်ချုပ်ပြီး လူ့အုပ်စိုးရှင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးယိုယွင်းမှုတွေနဲ့ တရားမမျှတမှုတွေကို ဖယ်ရှားပေးမယ့်အချိန်ကို သင် တွေ့မြင်ရမယ်ဆိုတာကို ယုံကြည်စိတ်ချနိုင်ပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 အခွန်ပေးဆောင်သူများဖြစ်တဲ့ ယေဟောဝါသက်သေတွေအကြောင်း သိချင်တယ်ဆိုရင် ၂၀၀၂၊ နိုဝင်ဘာ ၁ ရက်၊ ကင်းမျှော်စင် စာမျက်နှာ ၁၂-၁၃၊ အပိုဒ် ၁၅ နဲ့ ၁၉၉၆၊ မေ ၁ ရက်၊ ကင်းမျှော်စင် စာမျက်နှာ ၁၆-၁၇၊ အပိုဒ် ၇ မှာဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင်ရဲ့ အတွေးအခေါ်တွေက ကျွန်ုပ်တို့ရဲ့အတွေးအခေါ်တွေထက် သာလွန် မြင့်မြတ်တဲ့အတွက် ဘုရားသခင်တွေးခေါ်သလို တွေးခေါ်တတ်အောင် ပြုပြင်ပြောင်းလဲဖို့လို

[စာမျက်နှာ ၂၃ ပါ အကျဉ်းဖော်ပြချက်]

အခွန်ကို နာခံမှုရှိရှိ ပေးဆောင်ခြင်းအားဖြင့် ခရစ်ယာန်တွေဟာ ဘုရားသခင်ရှေ့မှာ ကိုယ်ကိုယ် ကိုယ်သိသောစိတ်ကြည်လင်ပြီး မိမိတို့လိုအပ်ရာတွေကို ကိုယ်တော် ဖြည့်ဆည်းပေးမယ်ဆိုတာကို ယုံကြည်ကြောင်း ဖော်ပြရာရောက်

[စာမျက်နှာ ၂၂ ပါရုပ်ပုံ]

“ကဲသာ၏ဥစ္စာကို ကဲသာအား ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ပေးကြလော့”

[Credit Line]

Copyright British Museum