မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် ငါပိုင်သောအဖို့၊ အမွေဥစ္စာဖြစ်

ယေဟောဝါသည် ငါပိုင်သောအဖို့၊ အမွေဥစ္စာဖြစ်

ယေဟောဝါသည် ငါပိုင်သောအဖို့၊ အမွေဥစ္စာဖြစ်

‘ငါသည်ကား အစ္စရေးအမျိုးသားတို့တွင် သင်ပိုင်သောအဖို့၊ သင့်အမွေဥစ္စာဖြစ်၏။’—တော. ၁၈:၂၀

၁၊ ၂။ (က) အမွေမြေနဲ့ပတ်သက်ပြီး လေဝိသားတွေရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ (ခ) ယေဟောဝါက လေဝိသားတွေကို ဘယ်အာမခံချက်ပေးခဲ့သလဲ။

ကတိထားရာပြည်​ နယ်မြေအတော်များများကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ယောရှု၊ ယဇ်ပုရောဟိတ်မင်း ဧလာဇာ၊ အမျိုးအနွယ်တို့ရဲ့ခေါင်းဆောင်တွေက အစ္စရေးလူမျိုးကို မြေနေရာခွဲဝေပေးခဲ့တယ်။ (တော. ၃၄:၁၃-၂၉) လေဝိအနွယ်ကတော့ တခြားအနွယ်တွေလို အမွေမြေမရဘူး။ (ယောရှု ၁၄:၁-၅) သူတို့ ဘာကြောင့် ကတိထားရာပြည်မှာ အမွေမြေ၊ ဝေစုမရတာလဲ။ သူတို့ကို မေ့သွားလို့လား။

အစောပိုင်းတုန်းက လေဝိအနွယ်နဲ့ပတ်သက်ပြီး အာရုန်ကို ယေဟောဝါမိန့်တော်မူတဲ့စကားမှာ အဖြေတွေ့ရတယ်။ သူတို့ကိုပစ်မထားဘူးဆိုတဲ့အချက်ကို အလေးပေးတဲ့အနေနဲ့ ယေဟောဝါ ဒီလိုမိန့်တော်မူခဲ့တယ်– “ငါသည်ကား သူတို့တွင် သင်ပိုင်သောအဖို့၊ သင့်အမွေဥစ္စာဖြစ်၏။” (တော. ၁၈:၂၀) ‘ငါသည် သင်ပိုင်သောအဖို့၊ အမွေဥစ္စာဖြစ်၏’ ဆိုတဲ့စကားက နှစ်လိုဖွယ်အာမခံချက်ဖြစ်တယ်။ ယေဟောဝါက သင့်ကို ဒီလိုပြောတယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ။ သင်အလျင်ဆုံး ဒီလိုတုံ့ပြန်မိနိုင်တယ်– ‘အတိုင်းအဆမဲ့တန်ခိုးရှင်ရဲ့အာမခံချက်နဲ့ ငါတကယ် ထိုက်တန်လို့လား။’ ဒီလိုလည်း စဉ်းစားမိနိုင်တယ်– ‘ယေဟောဝါက မစုံလင်တဲ့ခရစ်ယာန်တွေပိုင်ဆိုင်တဲ့ အမွေဥစ္စာဖြစ်နိုင်သလား။’ ဒီမေးခွန်းက သင်ရော၊ သင်ချစ်ရသူတွေနဲ့ပါ သက်ဆိုင်တယ်။ ဒါကြောင့် ဘုရားသခင်မိန့်တော်မူတဲ့ဒီစကားက ဘာကိုဆိုလိုတယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။ ဒါက ယနေ့ခရစ်ယာန်တွေအတွက် ယေဟောဝါက ဘယ်လိုနည်းနဲ့ အမွေဥစ္စာဖြစ်နိုင်တယ်ဆိုတာ နားလည်စေပါလိမ့်မယ်။ ပိုပြီး တိတိကျကျပြောရမယ်ဆိုရင် သင်က ကောင်းကင်မျှော်လင့်ချက်ရှိသည်ဖြစ်စေ၊ မြေကြီးပရဒိသုမှာ အသက်ရှင်ဖို့ မျှော်လင့်သည်ဖြစ်စေ ကိုယ်တော်ဟာ သင်ပိုင်ဆိုင်တဲ့အမွေဥစ္စာဖြစ်နိုင်ပါတယ်။

လေဝိသားတွေကို ယေဟောဝါထောက်မ

၃။ လေဝိသားတွေ ဘုရားသခင်အမှုဆောင်ဖို့ ဘယ်လိုဖြစ်လာသလဲ။

အစ္စရေးလူမျိုးကို ယေဟောဝါပညတ်တရားမပေးခင်မှာ အိမ်ထောင်ဦးစီးတွေက မိသားစုအတွက် ယဇ်ပုရောဟိတ်အဖြစ် လုပ်ဆောင်ပေးရတယ်။ ဘုရားသခင် ပညတ်တရားပေးပြီးတဲ့နောက်မှာတော့ ကိုယ်တော်က လေဝိသားတွေထဲကတချို့ကို ယဇ်ပုရောဟိတ်တာဝန် အချိန်ပြည့်ထမ်းဆောင်ဖို့နဲ့ သူတို့ကိုကူညီဖို့ စီစဉ်ပေးခဲ့တယ်။ ဒီအစီအစဉ် ဘယ်လိုဖြစ်လာသလဲ။ အီဂျစ်သားဦးတွေကို ဘုရားသခင်ကွပ်မျက်ပြီးတဲ့နောက်မှာ ကိုယ်တော်က အစ္စရေးသားဦးတွေကို သန့်ရှင်းစေပြီး မိမိပိုင်ဆိုင်ရာအဖြစ် သီးသန့်ထားခဲ့တယ်။ အဲဒီနောက် ဒီထူးခြားတဲ့ပြုပြင်ပြောင်းလဲမှုကို ကြေညာခဲ့တယ်– ‘အစ္စရေးအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို ငါ့အဖို့ယူလော့။’ စာရင်းကောက်လိုက်တဲ့အခါ အစ္စရေးသားဦးတွေက လေဝိသားအမျိုးသားအရေအတွက်ထက် ပိုနေတဲ့အတွက် ပိုနေတဲ့အရေအတွက်ကို ငွေနဲ့ရွေးဖို့ ယေဟောဝါ မိန့်တော်မူခဲ့တယ်။ (တော. ၃:၁၁-၁၃၊ ၄၁၊ ၄၆၊ ၄၇) ဒီလိုနည်းနဲ့ လေဝိသားတွေက အစ္စရေးလူမျိုးရဲ့ဘုရားသခင်အတွက် အမှုဆောင်နိုင်ခဲ့ကြတယ်။

၄၊ ၅။ (က) ဘယ်လိုနည်းနဲ့ ယေဟောဝါက လေဝိသားတွေအတွက် အမွေဥစ္စာ ဖြစ်သလဲ။ (ခ) လေဝိသားတွေကို ဘုရားသခင် ဘယ်လိုထောက်မသလဲ။

လေဝိသားတွေကို ယေဟောဝါ ရွေးချယ်လိုက်တဲ့အခါ ကိုယ်တော်က ဘယ်လိုနည်းနဲ့ သူတို့ရဲ့အမွေဥစ္စာ ဖြစ်သွားသလဲ။ သူတို့တွေက အမွေမြေအစား တန်ဖိုးမဖြတ်နိုင်တဲ့ အမှုဆောင်ရတဲ့အခွင့်အရေး အပ်နှင်းခံရခြင်းအားဖြင့် ယေဟောဝါက သူတို့ရဲ့အမွေဥစ္စာဖြစ်လာခဲ့တယ်။ ‘ယေဟောဝါ၏ယဇ်ပုရောဟိတ်’ ဖြစ်ရခြင်းက သူတို့အတွက် အမွေဥစ္စာပဲ။ (ယောရှု ၁၈:၇) တောလည်ရာ ၁၈:၂၀ ရဲ့အထက်အောက်စကားအရ သူတို့က ရုပ်ပိုင်းဆိုင်ရာမှာ ချို့တဲ့မနေဘူးဆိုတာသိရတယ်။ (တောလည်ရာ ၁၈:၁၉၊ ၂၁၊ ၂၄ ကိုဖတ်ပါ။) လေဝိသားတွေက ‘ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်သောကြောင့် သူတို့အမွေခံစရာ အစ္စရေးအမျိုးသားတို့၏ဥစ္စာ ဆယ်ဖို့တစ်ဖို့ကို’ ရကြမှာဖြစ်တယ်။ အစ္စရေးလူမျိုးရဲ့ လယ်ယာထွက်သီးနှံနဲ့ အိမ်မွေးတိရစ္ဆာန်တွေထဲက ဆယ်ရာခိုင်နှုန်းကို ရရှိကြမှာဖြစ်တယ်။ လေဝိသားတွေကလည်း သူတို့ရရှိတဲ့အထဲက ဆယ်ဖို့တစ်ဖို့ဖြစ်တဲ့ “အကောင်းဆုံးသောအဖို့” ကို ယဇ်ပုရောဟိတ်တွေအတွက် ပြန်ပေးရတယ်။ * (တော. ၁၈:၂၅-၂၉) ယဇ်ပုရောဟိတ်တွေက ‘အစ္စရေးအမျိုးသားတို့ သန့်ရှင်းစေ၍ ယေဟောဝါအားဆောင်ခဲ့သော ပူဇော်ရာရှိသမျှ’ ကိုလည်း ရရှိကြတယ်။ ယေဟောဝါ သူတို့ကိုထောက်မမယ်ဆိုတာ ယဇ်ပုရောဟိတ်တွေ ယုံကြည်စိတ်ချနိုင်တယ်။

အစ္စရေးလူမျိုးတွေက ဆယ်ဖို့တစ်ဖို့နောက်တစ်မျိုးကိုလည်း ဖယ်ထားရပုံပေါက်တယ်။ အစ္စရေးမိသားစုတွေက နှစ်စဉ်ကျင်းပတဲ့ပွဲတော်နေ့တွေမှာ စားသောက်၊ ပျော်မွေ့ဖို့ ဒါတွေကို အသုံးပြုကြတယ်။ (တရား. ၁၄:၂၂-၂၇) ဒါပေမဲ့ ဒါတွေကို နောက်တစ်နေရာမှာလည်း အသုံးပြုတယ်။ အစ္စရေးလူမျိုးက ခုနစ်နှစ်မြောက်တိုင်း သတ္တမနှစ်စောင့်ထိန်းခြင်း အစီအစဉ်ရှိတယ်။ ဒီနှစ်မရောက်ခင် တတိယနှစ်နဲ့ ဆဋ္ဌမနှစ်မှာ အစ္စရေးလူမျိုးက ဒီဆယ်ဖို့တစ်ဖို့ကို ဆင်းရဲသားတွေနဲ့ လေဝိသားတွေကို ဝေမျှပေးတယ်။ လေဝိသားတွေ ဘာကြောင့် ထပ်ရတာလဲ။ အကြောင်းကတော့ သူတို့က အစ္စရေးလူမျိုးနဲ့အတူ “အမွေမခံရ” ကြလို့ပဲ။—တရား. ၁၄:၂၈၊ ၂၉

၆။ လေဝိသားတွေက အမွေမြေမရပေမဲ့ သူတို့ဘယ်မှာနေကြသလဲ။

သင် ဒီလိုစဉ်းစားမိနိုင်တယ်– ‘လေဝိသားတွေ အမွေမြေမရဘူးဆိုတော့ ဘယ်မှာနေကြသလဲ။’ ဘုရားသခင် စီစဉ်ပေးထားတယ်။ ကိုယ်တော်က သူတို့ကို လယ်မြေနဲ့တကွ မြို့ ၄၈ မြို့ပေးထားပြီး ဒီအထဲမှာ ခိုလှုံရာမြို့ ခြောက်မြို့လည်းပါတယ်။ (တော. ၃၅:၆-၈) ဒါကြောင့် လေဝိသားတွေက သန့်ရှင်းရာဌာနမှာ အမှုမဆောင်တဲ့အချိန်မှာ နေစရာနေရာရှိကြတယ်။ ယေဟောဝါက မိမိအတွက် အမှုဆောင်သူတွေကို အလျှံပယ်ပြင်ဆင်ပေးခဲ့တယ်။ ယေဟောဝါက သူတို့ရဲ့အမွေဥစ္စာဖြစ်ကြောင်း လေဝိသားတွေ ဘယ်လိုပြသနိုင်ကြသလဲ။ သူတို့လိုအပ်ရာတွေကို ယေဟောဝါဖြည့်ဆည်းပေးနိုင်စွမ်းရှိကြောင်းနဲ့ သူတို့ကို ကိုယ်တော်ထောက်မပေးလိုကြောင်း ယုံကြည်စိတ်ချခြင်းအားဖြင့်ဖြစ်တယ်။

၇။ ယေဟောဝါကို မိမိတို့ရဲ့အမွေဥစ္စာဖြစ်စေဖို့ လေဝိသားတွေမှာ ဘာရှိဖို့လိုသလဲ။

ဆယ်ဖို့တစ်ဖို့ပေးဖို့ပျက်ကွက်တဲ့ အစ္စရေးလူအတွက် အပြစ်ဒဏ်ကို ပညတ်တရားမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ လူတွေ ဆယ်ဖို့တစ်ဖို့ပညတ်ကိုလျစ်လျူရှုတဲ့အခါ ယဇ်ပုရောဟိတ်တွေနဲ့ လေဝိသားတွေ အခက်တွေ့ကြတယ်။ နေဟမိခေတ်မှာ အဲဒီလိုဖြစ်ပျက်ခဲ့တယ်။ ရလဒ်ကတော့ လေဝိသားတွေက သူတို့ရဲ့အလုပ်ကိုပစ်ပြီး လယ်ယာထဲဆင်း အလုပ်လုပ်ခဲ့ကြရတယ်။ (နေဟမိ ၁၃:၁၀ ကိုဖတ်ပါ။) လေဝိသားတွေရဲ့ စားဝတ်နေရေးက အစ္စရေးလူမျိုးတွေ ဘုရားသခင့်ပညတ်ကို နားထောင်ခြင်းအပေါ် မူတည်နေတယ်။ ဒါ့အပြင် ယဇ်ပုရောဟိတ်တွေနဲ့ လေဝိသားတွေက ယေဟောဝါနဲ့ မိမိတို့ကို ဘုရားသခင်ထောက်မပေးတဲ့နည်းလမ်းတွေကို ယုံကြည်ဖို့လိုတယ်။

ယေဟောဝါကို မိမိတို့အဖို့ဖြစ်စေခဲ့တဲ့ လေဝိသားများ

၈။ လေဝိသားအာသပ်ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒုက္ခကို ဖော်ပြပါ။

လေဝိသားတွေက အမျိုးအနွယ်လိုက် ယေဟောဝါကို မိမိတို့ရဲ့အဖို့၊ အမွေဥစ္စာဖြစ်စေခဲ့ကြတယ်။ လေဝိသားတစ်ဦးစီအနေနဲ့ ‘ယေဟောဝါသည် ငါ၏အဖို့ဖြစ်တော်မူ၏’ လို့ပြောပြီး ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိကြောင်း၊ ယုံကြည်ကိုးစားကြောင်း တင်ပြခဲ့ကြတာက မှတ်သားစရာဖြစ်တယ်။ (မြည်. ၃:၂၄) ဒီလေဝိသားတွေထဲကတစ်ဦးက သီချင်းသည်လည်းဖြစ်၊ သီချင်းရေးစပ်သူလည်းဖြစ်တယ်။ သူက ဒါဝိဒ်ခေတ်မှာ သီချင်းသည်တွေကို ဦးဆောင်တဲ့လေဝိသားတစ်ဦးဖြစ်တယ်။ သူက အာသပ်လား ဒါမှမဟုတ် အာသပ်မိသားစုဝင်တစ်ဦးလားဆိုတာ မသိရပေမဲ့ သူ့ကို အာသပ်လို့ ခေါ်ပါမယ်။ (၅ ရာ. ၆:၃၁-၄၃) ဆာလံ ၇၃ မှာ အာသပ် (ဒါမှမဟုတ် အာသပ်မိသားစုဝင်တစ်ဦး) က ကြီးပွားကောင်းစားနေတဲ့ လူဆိုးတွေကိုမြင်ပြီး စိတ်ရှုပ်ထွေးစွာနဲ့ ငြူစူခဲ့တဲ့အကြောင်း ဖတ်ရတယ်။ သူ ဒီလိုတောင် ပြောခဲ့တယ်– “အကယ်စင်စစ် ငါ့နှလုံးကိုငါသန့်ရှင်းစေသော်လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကိုဆေးကြောသော်လည်း အကျိုးမရှိ။” သူရထားတဲ့အမှုဆောင်ခွင့်ကို မျက်ခြည်ပြတ်ခဲ့ပုံရတယ်၊ ယေဟောဝါက သူ့ရဲ့အဖို့၊ အမွေဥစ္စာဖြစ်တယ်ဆိုတာကို မမြင်တော့ဘူး။ “ဘုရားသခင်၏သန့်ရှင်းရာဌာနထဲသို့” မဝင်သေးခင်အထိ သူစိတ်ဒုက္ခရောက်ခဲ့တယ်။—ဆာ. ၇၃:၂၊ ၃၊ ၁၂၊ ၁၃၊ ၁၇

၉၊ ၁၀။ ဘုရားသခင်က အာသပ်ရဲ့ “အစဉ်အမြဲ ခံစားရာအဖို့၊” အမွေဥစ္စာဖြစ်တယ်လို့ ဘာကြောင့် သူပြောနိုင်ခဲ့တာလဲ။

အာသပ်က သန့်ရှင်းရာဌာနကိုရောက်တဲ့အခါ ကိစ္စရပ်တွေကို ဘုရားသခင်ရှုမြင်သလို စတင်ရှုမြင်လာခဲ့တယ်။ သင်လည်း အဲဒီလို ဖြစ်ဖူးပါလိမ့်မယ်။ သင်ရရှိထားတဲ့ အမှုဆောင်အခွင့်ထူးကို တစ်ခဏမေ့လျော့ပြီး သင်ရှာဖွေရရှိနိုင်တယ်လို့ထင်တဲ့ ရုပ်ပစ္စည်းတွေကို စတင်စဉ်းစားလာနိုင်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာလေ့လာခြင်း၊ အသင်းတော်အစည်းအဝေးတွေကို တက်ရောက်ခြင်းအားဖြင့် ကိစ္စရပ်တွေကို ဘုရားသခင့်နည်းလမ်းအတိုင်း ပြန်တွေးတောစေနိုင်တယ်။ အာသပ်က လူဆိုးတွေရဲ့ဇာတ်သိမ်းကိုသိမြင်ပြီး ဘုရားသခင့်ကျေးကျွန်တစ်ဦးဖြစ်ရတဲ့ အခွင့်ထူးကို စတင်တွေးတောလာနိုင်ခဲ့တယ်။ ဘုရားသခင်က သူ့ရဲ့လက်ယာလက်ကိုကိုင်ပြီး လမ်းပြခေါ်သွားတယ်ဆိုတာကို သိမြင်လာတယ်။ ယေဟောဝါကို သူဒီလိုပြောခဲ့တယ်– ‘ကိုယ်တော်မှတစ်ပါး မြေကြီးပေါ်မှာ အကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။’ (ဆာ. ၇၃:၂၃၊ ၂၅) အဲဒီနောက် ဘုရားသခင်ဟာ သူ့ရဲ့အဖို့၊ အမွေဥစ္စာဖြစ်တယ်လို့ ပြောခဲ့တယ်။ (ဆာလံ ၇၃:၂၆ ကိုဖတ်ပါ။) ဆာလံဆရာအာသပ်ရဲ့ ‘အသားနဲ့နှလုံးပျက်’ သွားနိုင်ပေမဲ့ ဘုရားသခင်က သူ့အတွက် “အစဉ်အမြဲ ခံစားရာအဖို့ဖြစ်” ပါလိမ့်မယ်။ ယေဟောဝါက သူ့ကို မိတ်ဆွေတစ်ဦးအနေနဲ့ သတိရနေမယ်ဆိုတာ သူယုံကြည်စိတ်ချခဲ့တယ်။ သူ့ရဲ့သစ္စာရှိရှိအမှုဆောင်ခြင်းကို ကိုယ်တော်မေ့လျော့မှာ မဟုတ်ဘူး။ (ဒေ. ၇:၁) ဒါက အာသပ်အတွက် နှစ်သိမ့်မှုဖြစ်ခဲ့မှာ သေချာတယ်။ သူဒီလို စပ်ဆိုခဲ့တယ်– ‘အကျွန်ုပ်မူကား ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြောခြင်းအလိုငှာ အရှင်ယေဟောဝါ၌ ခိုလှုံလျက်နေပါ၏။’—ဆာ. ၇၃:၂၈

၁၀ ယေဟောဝါက အာသပ်ရဲ့အဖို့၊ အမွေဥစ္စာဖြစ်တယ်ဆိုတာ လေဝိသားတစ်ဦးအနေနဲ့ သူရရှိတဲ့ ရုပ်ပစ္စည်းတွေကိုပဲ ဆိုလိုတာမဟုတ်ဘူး။ အဓိကအနေနဲ့ ဘုရားသခင့်အမှုဆောင်ခွင့်၊ အမြင့်မြတ်ဆုံးအရှင်နဲ့ မိတ်ဆွေဖြစ်ခွင့်၊ ကိုယ်တော်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရရှိခွင့်ကို ဆိုလိုတယ်။ (ယာ. ၂:၂၁-၂၃) ဒီဆက်ဆံရေးကိုထိန်းသိမ်းဖို့ ဆာလံဆရာက ယေဟောဝါကို ဆက်ပြီးယုံကြည်၊ ကိုးစားနေရမှာဖြစ်တယ်။ ဘုရားသခင်ရဲ့စံနှုန်းအတိုင်း ဆက်နေထိုင်မယ်ဆိုရင် ယေဟောဝါက သူ့ကို ပျော်ရွှင်တဲ့အနာဂတ်နဲ့ ဆုချမယ်ဆိုတာကို အာသပ် စိတ်ချရမယ်။ သင့်ကိုလည်း ယေဟောဝါ အလားတူဆုချမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

၁၁။ ယေရမိ ဘယ်မေးခွန်းမေးခဲ့သလဲ၊ ယေဟောဝါ ဘယ်လို အဖြေပေးခဲ့သလဲ။

၁၁ ယေဟောဝါကို မိမိရဲ့ “အဖို့၊ အမွေဥစ္စာ” ဖြစ်တယ်လို့ပြောခဲ့တဲ့ နောက်လေဝိသားတစ်ဦးက ပရောဖက်ယေရမိဖြစ်တယ်။ ဒီစကားကို သူဘယ်လိုအဓိပ္ပာယ်နဲ့ပြောခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။ ယေရမိက ဂျေရုဆလင်မြို့အနီးက လေဝိမြို့တစ်မြို့ဖြစ်တဲ့ အာနသုတ်မှာ နေထိုင်ခဲ့တယ်။ (ယေ. ၁:၃) တစ်ကြိမ်မှာ ယေရမိလည်း လူကောင်းတွေဒုက္ခရောက်နေချိန်မှာ လူဆိုးတွေ ဘာကြောင့်ကြီးပွားနေသလဲဆိုပြီး ယေဟောဝါကိုမေးခဲ့တယ်။ (ယေ. ၁၂:၁) ဂျေရုဆလင်နဲ့ ယုဒပြည်မှာဖြစ်နေတာတွေကိုတွေ့မြင်ပြီး ယေဟောဝါကို သူမေးခွန်းထုတ်ခဲ့တာဖြစ်တယ်။ ယေဟောဝါက ဖြောင့်မတ်တယ်ဆိုတာ ယေရမိသိထားတယ်။ ယေဟောဝါက ယေရမိပရောဖက်ပြုရမယ့်စကားတွေကို ထုတ်ဆင့်ခဲ့ပြီး အဲဒီစကားတွေကို ပြည့်စုံစေခြင်းအားဖြင့် ယေရမိကို အဖြေပေးခဲ့တယ်။ ယေဟောဝါရဲ့စကားကိုနားထောင်တဲ့သူတွေက “လုယူရသောဥစ္စာကဲ့သို့ ကိုယ်အသက်ကိုရ” ခဲ့ကြပေမဲ့ သတိပေးချက်ကို ဂရုမစိုက်ခဲ့တဲ့ ကြီးပွားနေတဲ့လူဆိုးတွေကတော့ ဖျက်ဆီးခံခဲ့ရတယ်။—ယေ. ၂၁:၉

၁၂၊ ၁၃။ (က) ‘ယေဟောဝါသည် ငါ၏အဖို့ဖြစ်တော်မူ၏’ လို့ ကြေညာဖို့ ယေရမိကို ဘာကလှုံ့ဆော်ပေးခဲ့တာလဲ၊ သူ့မှာ ဘယ်သဘောထားမျိုးရှိခဲ့သလဲ။ (ခ) အစ္စရေးအနွယ်အားလုံးက စောင့်မျှော်တတ်တဲ့ သဘောထားတင်ပြဖို့ ဘာကြောင့် လိုအပ်ရသလဲ။

၁၂ နောက်ပိုင်း ယေရမိက ပျက်စီးနေတဲ့ပြည်တော်ကိုကြည့်ပြီး ယေဟောဝါက သူ့ကို ‘ကြာမြင့်စွာသေနေသောသူတို့ကဲ့သို့ မှောင်မိုက်ထဲမှာနေစေတော်မူ’ တယ်လို့ ခံစားခဲ့ရတယ်။ (မြည်တမ်း. ၁:၁၊ ၁၆; ၃:၆သမ္မာ) ယေရမိက ခေါင်းမာတဲ့လူမျိုးကို ကောင်းကင်ခမည်းတော်ထံပြန်လာဖို့ ပြောခဲ့ပေမဲ့ သူတို့ရဲ့ဆိုးသွမ်းတဲ့လုပ်ရပ်တွေက ဂျေရုဆလင်နဲ့ ယုဒပြည်ကိုဖျက်ဆီးဖို့ ဘုရားသခင်ခွင့်ပြုရတဲ့အထိ ဖြစ်ခဲ့တယ်။ ယေရမိက အပြစ်မလုပ်ခဲ့ပေမဲ့ ဒီဖြစ်ရပ်တွေကြောင့် ဝမ်းနည်းခဲ့တယ်။ ပရောဖက်က ဝမ်းနည်းနေပေမယ့် ဘုရားသခင်ရဲ့ ကြင်နာမှုကို သတိရခဲ့တယ်။ “ငါတို့သည် ဆုံးရှုံးခြင်းသို့မရောက်” ရကြလို့ သူပြောခဲ့တယ်။ အမှန်တကယ်ပဲ နံနက်တိုင်း ယေဟောဝါရဲ့ကြင်နာမှုအသစ်ကို ခံစားရတယ်။ ဒါကြောင့် ‘ယေဟောဝါသည် ငါ၏အဖို့ဖြစ်တော်မူ၏’ လို့ ယေရမိပြောနိုင်ခဲ့တယ်။ ယေဟောဝါရဲ့ပရောဖက်အနေနဲ့ သူဆက်အမှုဆောင်ခွင့် ရခဲ့တယ်။—မြည်တမ်းစကား ၃:၂၂-၂၄ ကိုဖတ်ပါ။

၁၃ အနှစ် ၇၀ လုံးလုံး အစ္စရေးလူမျိုးတွေရဲ့ပြည်က ပျက်စီးယိုယွင်းပြီး လူသူဆိတ်ညံရာ ဖြစ်လိမ့်မယ်။ (ယေ. ၂၅:၁၁) ဒါပေမဲ့ ‘ယေဟောဝါသည် ငါ၏အဖို့ဖြစ်တော်မူ၏’ ဆိုတဲ့ ယေရမိရဲ့စကားက ဘုရားသခင့်ကြင်နာမှုကို သူယုံကြည်စိတ်ချကြောင်း ဖော်ပြပြီး ယေဟောဝါအရေးယူလုပ်ဆောင်ဖို့အတွက် စိတ်ရှည်စွာနဲ့ ‘စောင့်မျှော်’ တဲ့သဘောထား တင်ပြစေခဲ့တယ်။ အစ္စရေးအမျိုးအနွယ်အားလုံးက မိမိတို့ရဲ့အမွေခံရာမြေ ဆုံးရှုံးသွားလို့ ပရောဖက်လိုသဘောထားမျိုး မွေးမြူဖို့လိုတယ်။ ယေဟောဝါသာလျှင် သူတို့ရဲ့မျှော်လင့်ရာဖြစ်တယ်။ အနှစ် ၇၀ ပြီးတဲ့နောက် ဘုရားသခင့်လူမျိုးတွေ ပြည်တော်ကိုပြန်တည်ထောင်တဲ့အခါ အဲဒီမှာ ကိုယ်တော့်ကို ပြန်အမှုဆောင်ခွင့်ရရှိခဲ့ကြတယ်။—၆ ရာ. ၃၆:၂၀ဧဇ. ၁:၂

တခြားသူတွေလည်း ယေဟောဝါကို မိမိတို့အဖို့ဖြစ်စေနိုင်

၁၄၊ ၁၅။ လေဝိသားတွေအပြင် ဘယ်သူက ယေဟောဝါကို မိမိရဲ့အဖို့ဖြစ်စေခဲ့သလဲ၊ ဘာကြောင့်လဲ။

၁၄ အာသပ်နဲ့ ယေရမိနှစ်ဦးစလုံးက လေဝိသားတွေဖြစ်လို့ လေဝိသားတွေပဲ ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်ခွင့်ရတာလား။ မဟုတ်ပါဘူး။ အစ္စရေးမင်းလောင်း လူငယ်ဒါဝိဒ်က ယေဟောဝါဟာ “ကျွန်ုပ်ခံစားရာအဖို့ ဖြစ်တော်မူ၏” လို့ ပြောခဲ့တယ်။ (ဆာလံ ၁၄၂:၁၊ ကိုဖတ်ပါ။) ဒီဆာလံကို ဒါဝိဒ်စပ်ဆိုနေချိန်မှာ သူဟာ နန်းတော် ဒါမှမဟုတ် အိမ်မှာတောင် ရှိနေတာမဟုတ်ဘူး။ ရန်သူတွေကို ပုန်းရှောင်ဖို့ ဂူထဲရောက်နေတယ်။ အဒုလံနားကဂူနဲ့ အင်္ဂေဒိတောထဲကဂူမှာ အနည်းဆုံးနှစ်ကြိမ် ပုန်းခိုခဲ့ရတယ်။ အဲဒီဂူတစ်ခုခုမှာ ဆာလံ ၁၄၂ ကို စပ်ဆိုခဲ့တာဖြစ်နိုင်တယ်။

၁၅ ဒီဆာလံကို အဲဒီလိုအခြေအနေမှာသာစပ်ဆိုခဲ့တယ်ဆိုရင် ဘုရင်ရှောလုရဲ့ရန်ကိုရှောင်ဖို့ ထွက်ပြေးနေချိန်ဖြစ်တယ်။ ဒါဝိဒ်က ရှာတွေ့ဖို့ခက်တဲ့ဂူတစ်ခုမှာ ရှောင်ပုန်းနေခဲ့တယ်။ (၁ ရာ. ၂၂:၁၊) ဒီလောက်ဝေးလံတဲ့နေရာမှာ ဒါဝိဒ်ဘက်ကနေပြီး ကာကွယ်ပေးမယ့် မိတ်ဆွေတစ်ယောက်မှ မရှိဘူးလို့ သူခံစားခဲ့ရမှာပဲ။ (ဆာ. ၁၄၂:၄) ဒါကြောင့် ဒါဝိဒ်က ဘုရားသခင်ထံ အကူအညီတောင်းခဲ့တာဖြစ်တယ်။

၁၆၊ ၁၇။ (က) အကူအညီမဲ့နေတယ်လို့ ဒါဝိဒ်ခံစားရတဲ့အကြောင်းရင်းတွေက ဘာတွေလဲ။ (ခ) အကူအညီအတွက် ဘယ်သူ့ကို ဒါဝိဒ်အားကိုးခဲ့သလဲ။

၁၆ ဆာလံ ၁၄၂ ကို ဒါဝိဒ်စပ်ဆိုနေချိန်မှာ သူ့ကိုအမှတ်တမဲ့ကူညီပေးခဲ့တဲ့ ယဇ်ပုရောဟိတ်မင်း အဟိမလက်ရဲ့သတင်းကို ကြားသိပြီးဖြစ်ပုံရတယ်။ ရှောလုရန်ကြောင့် သူထွက်ပြေးနေရချိန်မှာ အဟိမလက်က သူ့ကို ကူညီပေးခဲ့တယ်။ ရန်လိုတဲ့ဘုရင်ရှောလုက အဟိမလက်နဲ့ သူ့အိမ်သားတွေကို သတ်ပစ်လိုက်တယ်။ (၁ ရာ. ၂၂:၁၁၊ ၁၈၊ ၁၉) ဒီလိုဖြစ်တာ သူ့မှာတာဝန်မကင်းဘူးလို့ ဒါဝိဒ်ခံစားခဲ့ရတယ်။ သူ့ကိုကူညီခဲ့တဲ့ ယဇ်ပုရောဟိတ်ကို သူသတ်လိုက်သလို ခံစားခဲ့ရတယ်။ သင်သာ ဒါဝိဒ်နေရာမှာဆိုရင် သင်လည်း တာဝန်မကင်းဘူးလို့ ခံစားရမယ်မဟုတ်လား။ ပိုဆိုးတာက ရှောလု သူ့နောက် သဲကြီးမဲကြီးလိုက်နေတဲ့အတွက် သူ စိတ်အေးလက်အေးမနေနိုင်ခဲ့ဘူး။

၁၇ သိပ်မကြာမီမှာ သူ့ကို မင်းလောင်းအဖြစ်ဆီလောင်းပြီး ခန့်အပ်ခဲ့တဲ့ ပရောဖက်ရှမွေလလည်း သေဆုံးသွားတယ်။ (၁ ရာ. ၂၅:၁) ဒါကြောင့် အကူအညီမဲ့နေတယ်ဆိုတဲ့ ဒါဝိဒ်ရဲ့ခံစားချက် ပိုပြင်းထန်ခဲ့မှာပဲ။ ဒါပေမဲ့ အကူအညီအတွက် ယေဟောဝါကို အားကိုးရမယ်ဆိုတာ ဒါဝိဒ်သိတယ်။ ဒါဝိဒ်က လေဝိသားတွေလို ဘုရားသခင့်အမှုဆောင်ခွင့်မရပေမဲ့ နောက်တစ်နည်းဖြစ်တဲ့ ဘုရားသခင့်လူမျိုးရဲ့ဘုရင်အဖြစ် အမှုဆောင်ဖို့ ခန့်အပ်ခံရပြီးဖြစ်တယ်။ (၁ ရာ. ၁၆:၁၊ ၁၃) ဒါကြောင့် ဒါဝိဒ်က ယေဟောဝါကို ရင်ဖွင့်ဆုတောင်းပြီး လမ်းညွှန်မှုအတွက် ကိုယ်တော့်ကို ဆက်မျှော်ကိုးခဲ့တယ်။ သင်လည်း ဘုရားသခင့်အမှုတော်မှာ ကြိုးစားလုပ်ဆောင်တဲ့အခါ ယေဟောဝါကို သင့်ရဲ့အဖို့၊ သင့်ခိုလှုံရာ ဖြစ်စေနိုင်ပါတယ်။

၁၈။ ဒီဆောင်းပါးမှာ ကျွန်ုပ်တို့လေ့လာခဲ့တဲ့သူတွေက ယေဟောဝါဟာ မိမိတို့အဖို့ဖြစ်ကြောင်း ဘယ်လိုနည်းနဲ့ တင်ပြခဲ့ကြသလဲ။

၁၈ ဒီဆောင်းပါးမှာ ကျွန်ုပ်တို့လေ့လာခဲ့ကြသူတွေက ဘုရားသခင့်အမှုတော်မှာ တာဝန်တွေရရှိခြင်း၊ လိုအပ်ရာတွေအတွက် ဘုရားသခင်ကို မှီခိုအားကိုးခြင်းအားဖြင့် ယေဟောဝါကို မိမိတို့အဖို့ဖြစ်စေခဲ့ကြတယ်။ လေဝိသားတွေနဲ့ တခြားအစ္စရေးအနွယ်တွေထဲက ဒါဝိဒ်လိုလူတွေဟာ ဘုရားသခင်ကို မိမိတို့အဖို့ဖြစ်စေခဲ့ကြတယ်။ သင်လည်း ဘယ်လိုနည်းနဲ့ ယေဟောဝါကို သင့်ရဲ့အဖို့ဖြစ်စေနိုင်သလဲ။ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ သုံးသပ်ကြမယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ယဇ်ပုရောဟိတ်တွေကို ဘုရားသခင်ဘယ်လိုထောက်မတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်အတွက် Insight on the Scriptures (အင်္ဂလိပ်)၊ အတွဲ ၂၊ စာမျက်နှာ ၆၈၄ နဲ့ ကင်းမျှော်စင် ၁၉၉၁ ဒီဇင်ဘာ ၁၊ စာမျက်နှာ ၂၈ ကိုကြည့်ပါ။

သင် ဘယ်လိုဖြေဆိုမလဲ

• ယေဟောဝါက ဘယ်လိုသဘောနဲ့ လေဝိသားတွေရဲ့ အဖို့၊ အမွေဥစ္စာဖြစ်သလဲ။

• ယေဟောဝါက မိမိတို့ရဲ့အဖို့၊ အမွေဥစ္စာဖြစ်ကြောင်း အာသပ်၊ ယေရမိနဲ့ ဒါဝိဒ်တို့ ဘယ်လိုပြသကြသလဲ။

• ဘုရားသခင်ကို သင့်အဖို့၊ အမွေဥစ္စာဖြစ်စေလိုတယ်ဆိုရင် ဘယ်အရည်အသွေးရှိဖို့လိုသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

လေဝိသားတွေက အမွေမြေမရကြဘူး။ အဲဒီအစား တန်ဖိုးမဖြတ်နိုင်တဲ့ အမှုဆောင်ရတဲ့ အခွင့်ထူး ရရှိခြင်းအားဖြင့် ယေဟောဝါက သူတို့ရဲ့အဖို့၊ အမွေဥစ္စာဖြစ်

[စာမျက်နှာ ၇ ပါရုပ်ပုံ]

ယေဟောဝါက ဘယ်လိုနည်းနဲ့ ယဇ်ပုရောဟိတ်နဲ့ လေဝိသားတွေရဲ့ အဖို့၊ အမွေဥစ္စာဖြစ်ခဲ့သလဲ

[စာမျက်နှာ ၉ ပါရုပ်ပုံ]

ယေဟောဝါကို မိမိရဲ့အဖို့၊ အမွေဥစ္စာဆက်ဖြစ်နေစေဖို့ အာသပ်ကို ဘာက ကူညီပေးခဲ့သလဲ