မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို သင်ပိုင်သောအဖို့၊ အမွေဥစ္စာ ဖြစ်စေသလား

ယေဟောဝါကို သင်ပိုင်သောအဖို့၊ အမွေဥစ္စာ ဖြစ်စေသလား

ယေဟောဝါကို သင်ပိုင်သောအဖို့၊ အမွေဥစ္စာ ဖြစ်စေသလား

“ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်။” —မ. ၆:၃၃

၁၊ ၂။ (က) ဂလာတိ ၆:၁၆ မှာပါတဲ့ “ဘုရားသခင်၏အစ္စရေးလူမျိုး” က ဘယ်သူတွေကို ရည်ညွှန်းတာလဲ။ (ခ) မဿဲ ၁၉:၂၈ မှာပါတဲ့ “အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်” က ဘယ်သူတွေကို ရည်ညွှန်းတာလဲ။

သမ္မာကျမ်းစာထဲက အစ္စရေးဆိုတဲ့အမည်ကိုဖတ်လိုက်ရတဲ့အခါ သင့်စိတ်ထဲ ဘာပေါ်လာသလဲ။ အစ္စရေးလို့ နာမည်ပြောင်းလိုက်တဲ့ ဣဇာက်သားယာကုပ်ကို သတိရသလား။ ဒါမှမဟုတ် သူ့ရဲ့သားစဉ်မြေးဆက်တွေဖြစ်တဲ့ ရှေးခေတ်အစ္စရေးလူမျိုးကို မြင်ယောင်သလား။ သမ္မာကျမ်းစာထဲမှာ “ဘုရားသခင်၏အစ္စရေးလူမျိုး” အကြောင်းကိုလည်း ဖော်ပြထားတယ်။ သူတို့က သန့်ရှင်းသောစွမ်းအားတော်သွန်းလောင်းခံရတဲ့ ၁၄၄,၀၀၀ ဖြစ်ပြီး ကောင်းကင်မှာ ဘုရင်တွေ၊ ယဇ်ပုရောဟိတ်တွေအဖြစ် စိုးစံမယ့်သူတွေဖြစ်တယ်။ (ဂလ. ၆:၁၆; ဗျာ. ၇:၄; ၂၁:၁၂) ဒါပေမဲ့ အစ္စရေးဆိုတဲ့နာမည်ကို နောက်တစ်မျိုးအနေနဲ့ အထူးသုံးထားတယ်။ ဒါကို မဿဲ ၁၉:၂၈ မှာတွေ့ရတယ်။

ယေရှု ဒီလိုပြောခဲ့တယ်– “အသစ်ပြုပြင်ရာကာလ၌ လူသားသည် . . . ထိုင်တော်မူသောအခါ ငါ့နောက်လိုက်ကြသော သင်တို့သည်လည်း . . . အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်ကို တရားစီရင်ကြလိမ့်မည်။” ဒီအခန်းငယ်မှာပါတဲ့ “အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်” က ယေရှုရဲ့ ခန့်အပ်ခံတပည့် ၁၄၄,၀၀၀ ရဲ့ ယဇ်ပုရောဟိတ်လုပ်ငန်းကနေ အကျိုးခံစားရမယ့်သူတွေ၊ သူတို့ရဲ့တရားစီရင်ခြင်းကို ခံရမယ့်သူတွေ၊ မြေကြီးပရဒိသုမှာ ထာဝရအသက်ရမယ့်သူတွေဖြစ်တယ်။

၃၊ ၄။ ကောင်းကင်အတန်းအစားတွေက ဘယ်ပုံသက်သေကောင်း တင်ပြကြသလဲ။

ရှေးခေတ်ယဇ်ပုရောဟိတ်နဲ့ လေဝိသားတွေလိုပဲ ယနေ့ ကောင်းကင်အတန်းအစားတွေက သူတို့ရဲ့တာဝန်တွေကို အခွင့်ထူးအဖြစ် ယူမှတ်ကြတယ်။ (တော. ၁၈:၂၀) ဒီကောင်းကင်အတန်းအစားတွေက မြေကြီးပေါ်မှာ နယ်မြေ ဒါမှမဟုတ် မြေနေရာပိုင်ဆိုင်ဖို့ မမျှော်လင့်ကြဘူး။ အဲဒီအစား ဗျာ. ၄:၁၀၊ ၁၁ မှာဖော်ပြထားတဲ့အတိုင်း သူတို့က ကောင်းကင်မှာ ယေရှုခရစ်နဲ့အတူ ဘုရင်တွေ၊ ယဇ်ပုရောဟိတ်တွေအဖြစ် ယေဟောဝါကို ဆက်အမှုဆောင်ကြမှာဖြစ်တယ်။—ယေဇ. ၄၄:၂၈

မြေကြီးပေါ်ရှိနေစဉ် ကောင်းကင်အတန်းအစားတွေက ယေဟောဝါဟာ သူတို့ပိုင်တဲ့အဖို့၊ အမွေဥစ္စာဖြစ်ကြောင်းဖော်ပြတဲ့နည်းနဲ့ အသက်ရှင်နေထိုင်ကြတယ်။ ဘုရားသခင့်အမှုတော်ကိုဆောင်ခြင်းက သူတို့အတွက် အဓိကအရေးကြီးတဲ့အရာဖြစ်တယ်။ သူတို့က ယေရှုရဲ့ပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြပြီး ယေရှုနောက် အဆက်မပြတ်လိုက်ကြတယ်။ ဒီလိုနည်းနဲ့ သူတို့ကို ‘ခေါ်တော်မူခြင်းနဲ့ ရွေးချယ်ခြင်းတို့ကို သေချာစေ’ ကြတယ်။ (၂ ပေ. ၁:၁၀) သူတို့တစ်ဦးစီရဲ့အခြေအနေနဲ့ အစွမ်းအစက မတူကြပေမဲ့ သူတို့ရဲ့ကန့်သတ်ချက်ကို အကြောင်းပြပြီး ဘုရားသခင့်အမှုတော်မှာ စတိလောက်သာ မပါဝင်ကြဘူး။ အဲဒီအစား သူတို့အစွမ်းအစရှိသမျှနဲ့ လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင့်အမှုတော်ကို ပထမနေရာထားကြတယ်။ သူတို့တွေက မြေကြီးပရဒိသုမှာအသက်ရှင်ဖို့ မျှော်လင့်သူတွေအတွက် ပုံသက်သေကောင်းပြကြတယ်။

၅။ ခရစ်ယာန်တွေက ဘယ်လိုနည်းနဲ့ ယေဟောဝါကို မိမိတို့အဖို့၊ အမွေဥစ္စာဖြစ်စေနိုင်သလဲ၊ ဒီလိုလုပ်ဖို့ ဘာကြောင့်မလွယ်ကူသလဲ။

ကျွန်ုပ်တို့က ကောင်းကင်မျှော်လင့်ချက်ရှိသည်ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသည်ဖြစ်စေ ‘ကိုယ့်ကိုယ်ကိုယ်ငြင်းပယ်၊ ကိုယ့်ညှဉ်းဆဲရာသစ်တိုင်ကိုထမ်းပြီး ခရစ်တော်နောက်လိုက်ရ’ မှာဖြစ်တယ်။ (မ. ၁၆:၂၄) မြေကြီးပရဒိသုမှာ အသက်ရှင်ဖို့မျှော်လင့်တဲ့ သန်းနဲ့ချီတဲ့သူတွေက ဒီနည်းနဲ့ ဘုရားသခင်ကိုကိုးကွယ်ဝတ်ပြုပြီး ခရစ်တော်နောက် လိုက်နေကြတယ်။ ပိုလုပ်နိုင်တယ်ဆိုတာသိလျက်နဲ့ စတိလောက်ပဲလုပ်ပြီး ကျေနပ်မနေကြဘူး။ များစွာသောသူတွေက သူတို့ရဲ့ဘဝကို ရိုးရှင်းအောင်လုပ်ပြီး မှန်မှန်ရှေ့ဆောင်လုပ်ကြတယ်။ တခြားသူတွေကျတော့ နှစ်တိုင်း လအနည်းငယ်ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ကြတယ်။ ရှေ့ဆောင်မလုပ်နိုင်တဲ့ တခြားသူတွေကလည်း အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ကြတယ်။ ဒီလိုလူတွေက ယေရှုကို ဆီမွှေးလောင်းခဲ့တဲ့ မာရိနဲ့တူတယ်။ ကိုယ်တော် ဒီလိုပြောခဲ့တယ်– “သူသည် ငါ၌ကောင်းသောအမှုကိုပြုပြီ။ . . . သူသည် တတ်နိုင်သမျှကိုပြုပြီ။” (မာ. ၁၄:၆-၈) ကျွန်ုပ်တို့ အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ဆိုတာ လွယ်ကူမှာမဟုတ်ဘူး၊ အကြောင်းကတော့ စာတန်လွှမ်းမိုးချုပ်ကိုင်နေတဲ့လောကမှာ အသက်ရှင်နေရလို့ပဲ။ ကျွန်ုပ်တို့က အတတ်နိုင်ဆုံးကြိုးစားအားထုတ်ပြီး ယေဟောဝါကို ယုံကြည်ကိုးစားဖို့လိုတယ်။ ဒီလိုလုပ်နိုင်တဲ့ ကဏ္ဍလေးခုကို သုံးသပ်ကြည့်ကြစို့။

ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာပါ

၆။ (က) ယနေ့လူအများစုက သူတို့ရဲ့အဖို့၊ အမွေဥစ္စာက ဒီဘဝလောက်ပဲဖြစ်ကြောင်း ဘယ်လိုဖော်ပြကြသလဲ။ (ခ) ဒါဝိဒ်ကိုတုပခြင်းက ဘာကြောင့် ပိုကောင်းသလဲ။

ယေရှုက မိမိရဲ့နောက်လိုက်တွေကို ဘုရားသခင့်နိုင်ငံတော်နဲ့ ကိုယ်တော့်ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာဖို့ သွန်သင်ပေးခဲ့တယ်။ လောကသားတွေကတော့ “ယခုဘဝမှာ မိမိတို့အဖို့ကိုခံရ” ဖို့အတွက် ကိုယ်ကျိုးကိုပဲရှာကြတယ်။ (ဆာလံ ၁၇:၁၊ ၁၃-၁၅ ကိုဖတ်ပါ။) လူများစွာက ဖန်ဆင်းရှင်ကိုထည့်မတွက်ဘဲ ဇိမ်ကျကျနေရဖို့၊ မိသားစုတည်ဆောက်ဖို့၊ သားသမီးတွေအတွက် အမွေဥစ္စာတွေချန်ထားဖို့ လုံးပန်းနေကြတယ်။ သူတို့ရဲ့အဖို့၊ အမွေဥစ္စာက ဒီဘဝလောက်ပဲဖြစ်တယ်။ ဒါပေမဲ့ ဒါဝိဒ်ကတော့ ယေဟောဝါရှေ့ “ကောင်းသောအသရေ” ဖြစ်တဲ့ နာမည်ကောင်းရလိုခဲ့တယ်။ နောက်ပိုင်း သူ့ရဲ့သား ရှောလမုန်ကလည်း ကျွန်ုပ်တို့အားလုံး အဲဒီအတိုင်းလုပ်သင့်တယ်လို့ တိုက်တွန်းခဲ့တယ်။ (ဒေ. ၇:၁) အာသပ်လိုပဲ ဒါဝိဒ်လည်း ယေဟောဝါရဲ့မိတ်ဆွေဖြစ်ရခြင်းက ဘဝမှာအရေးအကြီးဆုံးအချက်ဖြစ်တယ်ဆိုတာ သိမြင်ခဲ့တယ်။ ဒါက ဒါဝိဒ်ကို ပျော်ရွှင်စေခဲ့တယ်။ ကျွန်ုပ်တို့အချိန်မှာလည်း ခရစ်ယာန်များစွာက လောကအလုပ်ထက် ယေဟောဝါရဲ့အမှုတော်ကိုဆောင်ခြင်းက ပိုအရေးကြီးကြောင်း ဖော်ပြကြတယ်။

၇။ ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာတဲ့အတွက် ညီအစ်ကိုတစ်ဦး ဘာကောင်းချီးခံစားခဲ့ရသလဲ။

ဗဟိုအာဖရိကသမ္မတနိုင်ငံမှာနေတဲ့ ရုန်းကလော့ဒ် အကြောင်းသုံးသပ်ကြည့်ပါ။ သူက ကလေးသုံးယောက်ရှိတဲ့ အကြီးအကဲတစ်ဦးဖြစ်တယ်။ အဲဒီနိုင်ငံမှာ အလုပ်ရဖို့ခက်ခဲတဲ့အတွက် လူအများစုက အလုပ်မြဲဖို့ ဘာမဆိုလုပ်ကြမှာဖြစ်တယ်။ တစ်နေ့မှာ မန်နေဂျာက ရုန်းကလော့ဒ်ကို ည ၆:၃၀ နာရီကစပြီး တစ်ပတ်ခုနစ်ရက် ညဆိုင်းအလုပ်စလုပ်ရမယ်လို့ပြောတယ်။ မိသားစုရဲ့စားဝတ်နေရေးက အရေးကြီးသလို မိသားစုရဲ့ဝတ်ပြုရေးကလည်း အရေးကြီးကြောင်း ရုန်းကလော့ဒ် ရှင်းပြတယ်။ အဲဒီအပြင် သူ့မှာ အသင်းတော်တာဝန်တွေလည်းရှိတယ်လို့ ပြောပြတယ်။ မန်နေဂျာက ဒီလိုပြန်ပြောတယ်– “မင်း အလုပ်မပြုတ်ချင်ဘူးဆိုရင် မိန်းမ၊ ကလေး၊ ပြဿနာအပါအဝင် ကျန်တာတွေအားလုံးကို မေ့ထားရမယ်။ အလုပ်ကလွဲလို့ ဘာကိုမှ အာရုံမစိုက်နဲ့။ အလုပ်ကိုရွေးမလား၊ ဝတ်ပြုရေးကိုရွေးမလားဆိုတာ ဆုံးဖြတ်ပါ။” သင်သာဆိုရင် ဘာလုပ်မလဲ။ ရုန်းကလော့ဒ်က သူ အလုပ်ပြုတ်ခဲ့မယ်ဆိုရင် ဘုရားသခင် သူ့ကို ဂရုစိုက်ကြည့်ရှုမယ်ဆိုတာကို သိထားတယ်။ ဘုရားသခင့်အမှုတော်မှာ သူလုပ်စရာအလုပ်များစွာရှိပြီး ယေဟောဝါက သူ့မိသားစုရဲ့ရုပ်ပစ္စည်း လိုအပ်ရာကို ကူညီထောက်မမှာဖြစ်တယ်။ ဒါကြောင့် အသင်းတော်အစည်းအဝေးကို သွားတက်လိုက်တယ်။ အဲဒီနောက် အလုပ်လုပ်ရဦးမလားဆိုတာမသေချာဘဲ အလုပ်သွားဖို့ပြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ မန်နေဂျာအလုပ်ပြုတ်သွားပြီဆိုပြီး သူ့ဆီဖုန်းဝင်လာတယ်။ ညီအစ်ကိုကတော့ ဆက်အလုပ်လုပ်ခွင့်ရခဲ့တယ်။

၈၊ ၉။ ယေဟောဝါကို မိမိတို့ရဲ့အဖို့ဖြစ်စေတဲ့ ယဇ်ပုရောဟိတ်တွေ၊ လေဝိသားတွေကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

အလုပ်ပြုတ်တော့မယ့်အခြေအနေနဲ့ ကြုံရတဲ့အခါ တချို့က ‘ငါ့မိသားစုကို ကျွေးမွေးထောက်ပံ့ရမယ့်တာဝန်ကို ငါဘယ်လိုကျေနိုင်တော့မလဲ’ လို့ စဉ်းစားမိနိုင်တယ်။ (၁ တိ. ၅:၈) သင် အလားတူအခြေအနေနဲ့ ကြုံရသည်ဖြစ်စေ၊ မကြုံရသည်ဖြစ်စေ သင်ရရှိထားတဲ့အမှုဆောင်ခွင့်ကို တန်ဖိုးထားပြီး ဘုရားသခင်ကို သင်ပိုင်တဲ့အဖို့ဖြစ်စေမယ်ဆိုရင် ဘယ်တော့မှ စိတ်ပျက်ရမှာမဟုတ်ဘူးဆိုတာ သင့်ကိုယ်ပိုင်အတွေ့အကြုံကနေ သိထားမှာဖြစ်တယ်။ ဘုရားသခင်၏နိုင်ငံတော်ကို ဦးစွာရှာဖို့ တပည့်တွေကို ယေရှုပြောပြီး “နောက်မှထိုအရာအားလုံး” ဖြစ်တဲ့ စားဖို့၊ သောက်ဖို့၊ ဝတ်ဖို့ကို “ထပ်၍ပေးတော်မူမည်” လို့ သူတို့ကို အာမခံခဲ့တယ်။—မ. ၆:၃၃

အမွေမြေမရတဲ့ လေဝိသားတွေကို စဉ်းစားကြည့်ပါ။ သူတို့က စင်ကြယ်တဲ့ဝတ်ပြုရေးအတွက် အဓိကလုပ်ဆောင်နေရလို့ သူတို့ရဲ့စားဝတ်နေရေးအတွက် ‘ငါသည် သင်ပိုင်သောအဖို့၊ သင့်အမွေဥစ္စာဖြစ်၏’ လို့မိန့်တော်မူခဲ့တဲ့ ယေဟောဝါကို အားကိုးခဲ့ကြရတယ်။ (တော. ၁၈:၂၀) ကျွန်ုပ်တို့က ယဇ်ပုရောဟိတ်တွေ၊ လေဝိသားတွေလို ပကတိဝတ်ပြုရာအိမ်တော်မှာ အမှုမဆောင်ကြပေမဲ့ ယေဟောဝါ ကျွန်ုပ်တို့ကို ကူညီထောက်မမယ်ဆိုတာကို ယုံကြည်စိတ်ချကြခြင်းအားဖြင့် သူတို့ရဲ့စိတ်သဘောထားကို တုပနိုင်ကြတယ်။ နောက်ဆုံးကာလရဲ့ အဆုံးပိုင်းကို ရောက်လာတာနဲ့အမျှ သားရဲရဲ့ “အမှတ်တံဆိပ်” ကိုငြင်းဆန်ပြီး လောကနဲ့သီးခြားနေဖို့ ပိုခက်လာမှာဖြစ်တယ်။ ဒါကြောင့် ထောက်မပေးနိုင်တဲ့ ဘုရားသခင့်အစွမ်းကို ကိုးစားဖို့ ပိုအရေးကြီးလာတယ်။—ဗျာ. ၁၃:၁၇

ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာပါ

၁၀၊ ၁၁။ တချို့သူတွေ အလုပ်အကိုင်ရွေးချယ်တဲ့အခါ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဘယ်လိုတင်ပြခဲ့ကြသလဲ။ ဥပမာပေးပါ။

၁၀ ယေရှုက တပည့်တွေကို ‘ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာလျက်နေပါ’ လို့လည်း တိုက်တွန်းခဲ့တယ်။ (မ. ၆:၃၃) ဒါက အမှားအမှန်နဲ့ပတ်သက်လာရင် လူ့စံနှုန်းထက် ဘုရားသခင့်စံနှုန်းကို ဦးစားထားရမှာကို ဆိုလိုတယ်။ (ဟေရှာယ ၅၅:၈၊ ၉ ကိုဖတ်ပါ။) တချို့သူတွေဟာ အရင်က ဆေးရွက်ကြီးစိုက်ပျိုးရောင်းချတဲ့သူတွေ၊ စစ်မှုရေးရာမှာပါဝင်ပတ်သက်တဲ့သူတွေ၊ စစ်လက်နက်ထုတ်လုပ်ရောင်းချတဲ့သူတွေ ဖြစ်ခဲ့တယ်။ အမှန်တရားကိုသိရှိလာပြီးတဲ့နောက် သူတို့ရဲ့အလုပ်ကို ပြောင်းခဲ့ကြပြီး နှစ်ခြင်းခံဖို့အရည်အချင်းပြည့်မီလာတယ်။—ဟေရှာ. ၂:၄; ၂ ကော. ၇:၁; ဂလ. ၅:၁၄

၁၁ အင်ဒရူးကို ဥပမာအဖြစ် ပြောနိုင်တယ်။ သူနဲ့သူ့ဇနီး ယေဟောဝါအကြောင်းသိလာတဲ့အခါ ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အင်ဒရူးက သူ့အလုပ်အတွက်ဂုဏ်ယူခဲ့ပေမဲ့ အဲဒီအလုပ်ကနေ ထွက်ခဲ့တယ်။ အကြောင်းကတော့ သူ့အလုပ်က စစ်နဲ့ဆက်စပ်နေတဲ့အပြင် သူက ဘုရားသခင့်ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာလိုခဲ့တယ်။ အင်ဒရူးအလုပ်ထွက်လိုက်တဲ့အချိန်မှာ သူ့မှာ ကလေးနှစ်ယောက်ရှိပြီး ဝင်ငွေလည်းမရှိဘူး၊ လက်ကျန်ငွေကလည်း လအနည်းငယ်အတွက်ပဲလုံလောက်တယ်။ လူ့ရှုထောင့်ကကြည့်ရင် သူ့မှာ ဘာ ‘အမွေဥစ္စာ’ မှမရှိပုံပေါက်နေတယ်။ ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး အလုပ်တစ်ခုရှာခဲ့တယ်။ သူနဲ့ သူ့မိသားစု နောက်ကြောင်းကို ပြန်စဉ်းစားတဲ့အခါ ယေဟောဝါရဲ့လက်တော်မတိုဘူးဆိုတာ သူတို့သိရှိခဲ့ကြတယ်။ (ဟေရှာ. ၅၉:၁) ရိုးရှင်းစွာနေထိုင်ကြတဲ့အတွက် အင်ဒရူးနဲ့ သူ့ဇနီးက အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခွင့်ရခဲ့ကြတယ်။ “ငွေရေးကြေးရေး၊ နေရေးထိုင်ရေး၊ ကျန်းမာရေးနဲ့ အသက်အရွယ်ကြီးလာလို့ စိုးရိမ်စိတ်ဝင်လာတဲ့အချိန်တွေတော့ ရှိတယ်။ ဒါပေမဲ့ ယေဟောဝါက ကျွန်တော်တို့ဘေးမှာ အမြဲရှိခဲ့တယ်။ . . . ယေဟောဝါရဲ့အမှုတော်ကိုဆောင်ခြင်းက ဂုဏ်အရှိဆုံး၊ အကျိုးအရှိဆုံးဖြစ်တယ်ဆိုတာ သံသယမရှိဘဲ ပြောနိုင်တယ်” လို့ အင်ဒရူးပြောခဲ့တယ်။ *ဒေ. ၁၂:၁၃

၁၂။ ဘုရားသခင့်စံနှုန်းကို အဓိကထားဖို့ ဘယ်အရည်အသွေးလိုအပ်သလဲ။ ဒေသခံဥပမာကို ဖော်ပြပါ။

၁၂ ယေရှုက တပည့်တွေကို ဒီလိုပြောခဲ့တယ်– “သင်တို့၌ မုန်ညှင်းစေ့မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ဤတောင်ကို ‘ဤနေရာမှ ထိုအရပ်သို့ ရွေ့လော့’ ဟုဆိုလျှင် ရွေ့လိမ့်မည်။ သင်တို့ မတတ်နိုင်သောအရာမရှိ။” (မ. ၁၇:၂၀) သင့်ကိုအခက်တွေ့စေတယ်ဆိုရင်တောင် ဘုရားသခင့်စံနှုန်းကို အဓိကထားမလား။ သင် မတတ်နိုင်ဘူးလို့ထင်ရင် အသင်းတော်က တခြားသူတွေနဲ့ စကားပြောကြည့်ပါ။ သူတို့ရဲ့တွေ့ကြုံမှုတွေကို နားထောင်ခြင်းက သင့်ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေမှာ သေချာတယ်။

ယေဟောဝါပြင်ဆင်ပေးရာတွေကို တန်ဖိုးထားပါ

၁၃။ ယေဟောဝါရဲ့အမှုတော်မှာ ကြိုးစားပါဝင်တဲ့အခါ ကျွန်ုပ်တို့ ဘာကိုယုံကြည်စိတ်ချနိုင်သလဲ။

၁၃ ယေဟောဝါရဲ့အမှုတော် ထမ်းဆောင်ရတာကို အခွင့်ထူးအဖြစ် ယူမှတ်တယ်ဆိုရင် လေဝိသားတွေရဲ့ လိုအပ်ချက်ကို ကိုယ်တော်ထောက်မပေးခဲ့သလို သင့်ရဲ့ကာယရေး၊ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လိုအပ်ချက်တွေကိုလည်း ကိုယ်တော်ထောက်မပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ဒါဝိဒ်အကြောင်း စဉ်းစားကြည့်ပါ။ ဂူထဲမှာပုန်းအောင်းနေရပေမဲ့ ဘုရားသခင် သူ့ကိုကူညီမယ်ဆိုတာ ယုံကြည်စိတ်ချခဲ့တယ်။ ကျွန်ုပ်တို့လည်း ကြံရာမရဖြစ်နေတယ်ဆိုရင် ယေဟောဝါကို အားကိုးနိုင်ပါတယ်။ အာသပ်က “ဘုရားသခင်၏ သန့်ရှင်းရာဌာနထဲ” ဝင်တဲ့အခါ သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို သိနားလည်လာတယ်။ (ဆာ. ၇၃:၁၇) အလားတူပဲ၊ ကျွန်ုပ်တို့လည်း ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ခိုင်မြဲနေစေဖို့ ကိုယ်တော့်ကို အားကိုးဖို့လိုတယ်။ ဒါက ကျွန်ုပ်တို့ ဘယ်လိုအခြေအနေပဲကြုံရပါစေ ဘုရားသခင့်အမှုဆောင်ရတဲ့အခွင့်ထူးအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းဖြစ်တယ်။ ဒီလိုနည်းအားဖြင့် ယေဟောဝါကို ကျွန်ုပ်တို့ပိုင်တဲ့အဖို့၊ အမွေဥစ္စာဖြစ်စေကြတယ်။

၁၄၊ ၁၅။ တချို့ကျမ်းချက်တွေရဲ့ အဓိပ္ပာယ်ရှင်းပြချက်ကို ပြုပြင်ပြောင်းလဲလိုက်တဲ့အခါ ကျွန်ုပ်တို့ ဘယ်လိုတုံ့ပြန်သင့်သလဲ၊ ဘာကြောင့်လဲ။

၁၄ အမှန်တရားအလင်းရဲ့ရင်းမြစ်ဖြစ်တဲ့ ယေဟောဝါက သမ္မာကျမ်းစာမှာပါတဲ့ “ဘုရားသခင်၏နက်နဲရာ” တွေရဲ့အဓိပ္ပာယ်ကို ရှင်းပြတဲ့အခါ သင် ဘယ်လိုတုံ့ပြန်သလဲ။ (၁ ကော. ၂:၁၀-၁၃) “လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌ အသက်မရှိ” လို့ တပည့်တွေကို ယေရှုပြောတဲ့အခါ တမန်တော်ပေတရုရဲ့တုံ့ပြန်ပုံက ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းဖြစ်တယ်။ တပည့်များစွာက စာသားအတိုင်းကောက်ပြီး “ထိုစကားကို လက်ခံရန် ခက်လှ၏။ မည်သူနာယူနိုင်မည်နည်း” လို့ ပြောခဲ့ကြတယ်။ ဒါနဲ့ သူတို့က “ဆုတ်ခွာ၍ နောက်တော်သို့ မလိုက်ကြတော့” ဘူး။ ဒါပေမဲ့ ပေတရုက “သခင်၊ မည်သူ့ထံ ကျွန်ုပ်တို့ သွားရပါမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သော စကားသည် ကိုယ်တော်၌ ရှိပါ၏” လို့ ပြောခဲ့တယ်။—ယော. ၆:၅၃၊ ၆၀၊ ၆၆၊ ၆၈

၁၅ လူသား၏အသားကိုစား၊ အသွေးကိုသောက်ပါလို့ ယေရှုပြောတဲ့အခါ ဘာကိုဆိုလိုတယ်ဆိုတာ ပေတရု အပြည့်အဝနားမလည်ခဲ့ဘူး။ ဒါပေမဲ့ လူတွေအမှန်တရားသိနားလည်ဖို့ ဘုရားသခင်က ယေရှုကိုအသုံးပြုနေတယ်ဆိုတဲ့အချက်ကို တမန်တော် ယုံကြည်စိတ်ချခဲ့တယ်။ ကျမ်းစာအမှန်တရားနဲ့ပတ်သက်ပြီး သိနားလည်မှုအသစ်ကို ရှင်းပြလာတဲ့အခါ ပြုပြင်ပြောင်းလဲရတဲ့အကြောင်းရင်းကို နားလည်ဖို့ သင်ကြိုးစားသလား။ (သု. ၄:၁၈) ပထမရာစုဗေရိမြို့သားတွေက “အလွန်ကြည်ဖြူလိုလားသောစိတ်နှင့် တရားစကားတော်ကိုခံယူ” ခဲ့ကြတယ်။ (တ. ၁၇:၁၁) သူတို့ကိုတုပမယ်ဆိုရင် ယေဟောဝါကို အမှုဆောင်ရတဲ့အခွင့်ထူးနဲ့ ယေဟောဝါက သင်ပိုင်တဲ့အဖို့ဖြစ်တယ်ဆိုတဲ့အချက်ကို ပိုတန်ဖိုးထားလာပါလိမ့်မယ်။

သခင်၌ရှိသောသူကိုသာ ထိမ်းမြားပါ

၁၆။ ဘုရားသခင်ကို ကျွန်ုပ်တို့ပိုင်တဲ့အဖို့ဖြစ်စေရာမှာ ၁ ကောရိန္သု ၇:၃၉ မှာပါတဲ့ ပညတ်ကို ဘယ်လိုကျင့်သုံးနိုင်သလဲ။

၁၆ ဘုရားသခင့်ရည်ရွယ်ချက်တွေကို စိတ်စွဲမှတ်ထားရမယ့် နောက်ကဏ္ဍတစ်ခုက “သခင်၌ရှိသောသူကိုသာ” ထိမ်းမြားပါဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို လိုက်လျှောက်ခြင်းဖြစ်တယ်။ (၁ ကော. ၇:၃၉) လူများစွာက ဘုရားသခင့်ပညတ်ကို ချိုးဖောက်မယ့်အစား တစ်ကိုယ်ရေနေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီလိုဆုံးဖြတ်သူတွေကို ဘုရားသခင်က ကြင်နာစွာကူညီပေးတယ်။ အထီးကျန်ပြီး အကူအညီမဲ့နေပုံပေါက်တဲ့အချိန်မှာ ဒါဝိဒ် ဘာလုပ်ခဲ့သလဲ။ “ရှေ့တော်၌မြည်တမ်းသောစကားကိုမြွက်၍ ခံရသောဆင်းရဲဒုက္ခကို ကြားလျှောက်ရ၏” လို့ သူပြောခဲ့တယ်။ (ဆာ. ၁၄၂:၁-၃) ဘုရားသခင်ကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ တစ်ကိုယ်ရေဘဝနဲ့အမှုဆောင်ခဲ့တဲ့ ပရောဖက်ယေရမိလည်း အလားတူခံစားခဲ့ရမှာဖြစ်တယ်။ ယေရမိကတစ်ဆင့် ဘုရားသခင်မိန့်ဆိုတဲ့စကားစာအုပ်၊ အခန်း ၈ မှာပါတဲ့ သူ့ရဲ့ပုံသက်သေကို သင်လေ့လာလိုမှာဖြစ်တယ်။

၁၇။ တစ်ခါတလေ အထီးကျန်တယ်လို့ခံစားရတာကို တစ်ကိုယ်ရေညီအစ်မတစ်ဦး ဘယ်လိုဖြေရှင်းသလဲ။

၁၇ အမေရိကန်ပြည်ထောင်စုမှာနေတဲ့ ညီအစ်မတစ်ဦးက ဒီလိုပြောတယ်– “ကျွန်မ အပျိုကြီးဘဝနဲ့အရိုးထုတ်ဖို့ စိတ်မကူးဖူးဘူး။ သင့်တော်တဲ့သူတွေ့ရင်တော့ အိမ်ထောင်ပြုမယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းမတူတဲ့မိခင်က ကျွန်မကို တစ်ယောက်ယောက်နဲ့ အိမ်ထောင်ပြုလိုက်စေချင်တယ်။ ကျွန်မရဲ့အိမ်ထောင်မသာယာရင် အမေ တာဝန်ယူမလားလို့ ကျွန်မမေးလိုက်တယ်။ နောက်တော့ ကျွန်မမှာ အလုပ်ကောင်းကောင်းရှိပြီး ကိုယ့်ကိုယ်ကိုယ်လည်း ကောင်းကောင်းစောင့်ရှောက်နိုင်တယ်၊ ကျွန်မ ပျော်နေတယ်ဆိုတာကို အမေတွေ့တဲ့အခါ နောက်ထပ်မတိုက်တွန်းတော့ဘူး။” ဒီညီအစ်မက တစ်ခါတလေမှာ အထီးကျန်တယ်လို့ ခံစားရတယ်။ အဲဒါနဲ့ပတ်သက်ပြီး သူ ဒီလိုပြောတယ်– “အဲဒီလိုအချိန်တွေမှာ ယေဟောဝါကို ကျွန်မရဲ့ကိုးစားရာဖြစ်စေခဲ့တယ်။ ကိုယ်တော် ကျွန်မကို ဘယ်တော့မှ မစွန့်ပစ်ခဲ့ဘူး။” ယေဟောဝါကို ယုံကြည်ကိုးစားဖို့ သူ့ကို ဘာကကူညီပေးတာလဲ။ “ဆုတောင်းခြင်းကြောင့် ဘုရားသခင်ဟာ ကျွန်မအတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်လာပြီး ကျွန်မတစ်ယောက်တည်းမဟုတ်ဘူးလို့ ခံစားရတယ်။ စကြဝဠာမှာ အကြီးမြတ်ဆုံးအရှင်က ကျွန်မရဲ့စကားတွေကို နားထောင်နေမှတော့ ကျွန်မ ဂုဏ်မယူဘဲ၊ မပျော်ဘဲနေပါ့မလား။ ခံယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်ဆိုတဲ့အတွက် ပြန်ရဖို့မမျှော်လင့်ဘဲ တခြားသူတွေကိုကူညီဖို့ ကျွန်မကြိုးစားခဲ့တယ်။ ‘ဒီလူကို ငါ ဘယ်လိုကူညီပေးနိုင်မလဲ’ လို့ စဉ်းစားလိုက်တဲ့အခါ ကျွန်မ တကယ်ပျော်ရွှင်မှုခံစားရတယ်” လို့ သူပြောခဲ့တယ်။ (တ. ၂၀:၃၅) သူမက ယေဟောဝါကို သူပိုင်တဲ့အဖို့ဖြစ်စေပြီး ကိုယ်တော်ရဲ့အမှုတော်မှာ ပျော်ရွှင်စွာပါဝင်နေတယ်။

၁၈။ သင် ဘယ်လိုနည်းနဲ့ ယေဟောဝါရဲ့ ပိုင်ဆိုင်ရာဖြစ်နိုင်သလဲ။

၁၈ သင့်အခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ၊ ဘုရားသခင်ကို သင်ပိုင်တဲ့အဖို့ ဖြစ်စေနိုင်ပါတယ်။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် သင်လည်း ကိုယ်တော့်ရဲ့ပျော်ရွှင်တဲ့လူမျိုးအဝင် ဖြစ်နိုင်ပါတယ်။ (၂ ကော. ၆:၁၆၊ ၁၇) အတိတ်က ဘုရားသခင့်ကျေးကျွန်တွေလိုပဲ သင်လည်း ယေဟောဝါရဲ့အဖို့၊ ပိုင်ဆိုင်ရာဖြစ်နိုင်ပါတယ်။ (တရားဟောရာ ၃၂:၉၊ ၁၀ ကိုဖတ်ပါ။) တခြားလူမျိုးတွေအလယ်မှာ အစ္စရေးလူမျိုးက ဘုရားသခင့်အဖို့၊ ပိုင်ဆိုင်ရာဖြစ်ခဲ့သလို ယေဟောဝါက သင့်ကိုလည်း ကိုယ်တော့်အဖို့၊ ပိုင်ဆိုင်ရာအဖြစ်သတ်မှတ်ပြီး မေတ္တာပါစွာစောင့်ရှောက်နိုင်ပါတယ်။—ဆာ. ၁၇:၈၊ ၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 နိုးလော့! နိုဝင်ဘာ ၂၀၀၉၊ စာမျက်နှာ ၁၂-၁၄ [အင်္ဂလိပ်] ကိုကြည့်ပါ။

သင် ဘယ်လိုဖြေဆိုမလဲ

အောက်ပါကဏ္ဍတွေမှာ ယေဟောဝါကို သင်ပိုင်တဲ့အဖို့၊ အမွေဥစ္စာ ဘယ်လိုဖြစ်စေနိုင်သလဲ-

• ဘုရားသခင့်နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာခြင်း

• သင့်ကို ယေဟောဝါပေးအပ်ထားရာတွေအတွက် ကျေးဇူးတင်လေးမြတ်ခြင်း

• သခင်၌ရှိသောသူကိုသာ ထိမ်းမြားပါဆိုတဲ့ ဘုရားသခင့်ပညတ်ကို နာခံခြင်း

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

ကျွန်ုပ်တို့အသက်တာမှာ ယေဟောဝါရဲ့ အမှုတော်ကို အဓိကထားလုပ်ဆောင်တဲ့အခါ ကိုယ်တော်ဟာ ကျွန်ုပ်တို့ရဲ့အဖို့၊ အမွေဥစ္စာဖြစ်လာ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေရမိရဲ့ပုံသက်သေက အားရှိစရာဖြစ်