မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုရရန် ပြေးကြလော့

ဆုရရန် ပြေးကြလော့

ဆုရရန် ပြေးကြလော့

“ဆုရရန် ထိုနည်းအတိုင်း ပြေးကြလော့။”—၁ ကော. ၉:၂၄

၁၊ ၂၊ (က) ဟေဗြဲခရစ်ယာန်တွေကို အားပေးဖို့ ပေါလု ဘာကိုအသုံးပြုခဲ့သလဲ။ (ခ) ဘုရားသခင့်ကျေးကျွန်တွေ ဘာလုပ်ဖို့ တိုက်တွန်းခံရသလဲ။

တမန်တော်​ပေါလုက ပြေးပွဲဥပမာနဲ့ ဟေဗြဲခရစ်ယာန်တွေကို အားပေးခဲ့တယ်။ သူရေးတဲ့စာထဲမှာ ဒီခရစ်ယာန်တွေက ပြိုင်ပွဲဝင်နေတဲ့ အပြေးသမားတွေနဲ့တူတယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ပြေးပွဲမှာ သူတို့ချည်းပဲပြေးနေတာမဟုတ်ဘူးလို့ သတိပေးခဲ့တယ်။ ပြေးပွဲကို အဆုံးထိအောင်မြင်စွာပြေးခဲ့ကြတဲ့ “ကြီးမားသောသက်သေအုပ်စုကြီး” က သူတို့ကို ဝိုင်းရံနေတယ်။ ဒီအပြေးသမားဟောင်းတွေရဲ့ တည်ကြည်တဲ့လုပ်ရပ်နဲ့ အပြင်းအထန်ကြိုးစားအားထုတ်မှုကို သတိရခြင်းက ဟေဗြဲခရစ်ယာန်တွေ ပြေးပွဲမှာ လက်မလျှော့ဘဲဆက်ပြေးဖို့ အားပေးမှုဖြစ်ခဲ့ပါလိမ့်မယ်။

ပြီးခဲ့တဲ့ဆောင်းပါးမှာ “သက်သေအုပ်စု” ထဲမှာ ပါဝင်သူတချို့အကြောင်း လေ့လာခဲ့ကြတယ်။ သူတို့ရဲ့ မယိမ်းယိုင်တဲ့ယုံကြည်ခြင်းကြောင့် ဘုရားသခင်အပေါ် ဆက်တည်ကြည်နိုင်ခဲ့ကြတယ်၊ ဒါက ပြေးပွဲကို ပန်းဝင်တဲ့အထိ ပြေးတာနဲ့တူတယ်။ သူတို့ရဲ့အောင်မြင်မှုကနေ ကျွန်ုပ်တို့ သင်ယူနိုင်ပါတယ်။ ပေါလုက ကျွန်ုပ်တို့အပါအဝင် သူ့ရဲ့ယုံကြည်သူချင်းတွေကို ဒီလိုတိုက်တွန်းခဲ့တယ်– “ဝန်ရှိသမျှနှင့် ငါတို့ကို အလွယ်တကူကျော့မိစေတတ်သော အပြစ်ကို ဖယ်ရှားကြစို့။ ထို့နောက် ငါတို့ရှေ့၌ရှိသော ပြေးပွဲကို ခံနိုင်ရည်ရှိစွာ ပြေးကြစို့။”—ဟေဗြဲ ၁၂:၁

၃။ ဂရိအားကစားပွဲက အပြေးသမားတွေနဲ့ပတ်သက်ပြီး ပေါလုပြောဆိုခဲ့ရာကနေ ခရစ်ယာန်တွေ ဘာသင်ယူနိုင်သလဲ။

‘ဝန်ရှိသမျှကိုဖယ်ရှား’ ဖို့ ပေါလု ဘာကြောင့်ပြောခဲ့တာလဲ။ ပေါလုခေတ်က ခရစ်ယာန်တွေအကြောင်း ရေးသားထားတဲ့စာအုပ်တစ်အုပ် (Backgrounds of Early Christianity) မှာ အဲဒီအချိန်က အပြေးသမားတွေဟာ “ဝတ်လစ်စားလစ်နဲ့ အပြေးလေ့ကျင့်ပြီး အဲဒီအတိုင်း ပြိုင်ပွဲဝင်ကြတယ်” * လို့ဖော်ပြထားတယ်။ ဒါက အခုခေတ်အတွက်တော့ မသင့်တော်ပုံပေါက်နိုင်ပါတယ်။ ဒါပေမဲ့ အပြေးသမားတွေ အဝတ်အစားမဝတ်ဘဲ ပြေးရတဲ့အကြောင်းက ဆုရဖို့အတွက် ဘယ်အရာကြောင့်မှ အတားအဆီး၊ အနှောင့်အယှက် အဖြစ်မခံလိုတဲ့အတွက်ပဲ။ ဒါကြောင့် ‘ဝန်ရှိသမျှကို ဖယ်ရှား’ ဖို့ ဟေဗြဲခရစ်ယာန်တွေကို ပေါလုပြောတဲ့အခါ ထာဝရအသက်ဆုရဖို့ အတားအဆီးဖြစ်စေတဲ့အရာမှန်သမျှကို သူတို့ရဲ့အသက်တာကနေ ဖယ်ရှားပါလို့ ဆိုလိုခြင်းဖြစ်တယ်။ ဒါက ဟေဗြဲခရစ်ယာန်တွေအတွက်ကော ကျွန်ုပ်တို့အတွက်ပါ ကောင်းတဲ့အကြံပြုချက်ပဲ။ ကျွန်ုပ်တို့အသက်တာမှာ ပြေးပွဲကိုပန်းဝင်ဖို့ အခက်တွေ့စေတဲ့ “ဝန်” နဲ့ တူတဲ့အရာတွေက ဘာတွေလဲ။

‘ဝန်ရှိသမျှကိုဖယ်ရှား’ ပါ

၄။ နောဧခေတ်ကလူတွေ ဘာတွေနဲ့ပဲ အလုပ်များနေကြသလဲ။

ပေါလုက ‘ဝန်ရှိသမျှကိုဖယ်ရှား’ ဖို့အကြံပေးခဲ့တယ်။ အဲဒီအထဲမှာ ကျွန်ုပ်တို့ပြေးနေတဲ့ပြေးပွဲကို အပြည့်အဝ အာရုံမစိုက်နိုင်အောင် တားဆီးတဲ့အရာမှန်သမျှ ပါဝင်တယ်။ ဒီဝန်တွေက ဘာတွေလဲ။ ပေါလု ကိုးကားဖော်ပြခဲ့တဲ့ နောဧကိုကြည့်ပါ၊ သူ့ခေတ်နဲ့ပတ်သက်ပြီး ယေရှု ဒီလိုမိန့်ဆိုခဲ့တယ်– “နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။” (လု. ၁၇:၂၆) ယေရှုက ရောက်လာတော့မယ့် ဖျက်ဆီးခြင်းဘေးအကြောင်း အဓိကထားမပြောဘဲ လူတွေရဲ့အသက်ရှင်နေထိုင်ပုံအကြောင်း ပြောခဲ့တယ်။ (မဿဲ ၂၄:၃၇-၃၉ ကိုဖတ်ပါ။) နောဧခေတ်ကလူတွေဟာ ဘုရားသခင်အကြောင်း မလေ့လာချင်ကြသလို ကိုယ်တော်နှစ်သက်တဲ့လမ်းစဉ်အတိုင်းလည်း အသက်မရှင်ကြဘူး။ ဘာက သူတို့ကို အာရုံထွေပြားစေတာလဲ။ ထွေထွေထူးထူးတော့မဟုတ်ဘူး။ စားသောက်၊ ထိမ်းမြားပေးစားခြင်းစတဲ့ လုပ်ရိုးလုပ်စဉ်တွေပဲဖြစ်တယ်။ တကယ့်ပြဿနာက ယေရှုပြောခဲ့သလို သူတို့ “သတိမဲ့နေကြ” ခြင်းဖြစ်တယ်။

၅။ ပြေးပွဲကိုအဆုံးထိပြေးနိုင်ဖို့ ဘာကကူညီပေးနိုင်သလဲ။

နောဧနဲ့ သူ့မိသားစုလိုပဲ ကျွန်ုပ်တို့လည်း နေ့စဉ်လုပ်စရာတွေများစွာရှိတယ်။ ကျွန်ုပ်တို့ကိုယ်တိုင်နဲ့ မိသားစု စားဝတ်နေရေးအတွက် လုံးပန်းရတယ်။ ဒါက ကျွန်ုပ်တို့ရဲ့ အချိန်၊ ခွန်အားနဲ့ ငွေကြေးများစွာ လိုအပ်စေတယ်။ အထူးသဖြင့် စီးပွားရေးခက်ခဲတဲ့အချိန်မှာ ဘဝလိုအပ်ရာတွေအတွက် အလွယ်တကူ စိုးရိမ်လာနိုင်တယ်။ ဘုရားသခင်ထံအပ်နှံထားတဲ့ ခရစ်ယာန်တွေအနေနဲ့ ကျွန်ုပ်တို့မှာ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ အရေးကြီးတဲ့တာဝန်တွေလည်း ရှိသေးတယ်။ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ကြတယ်၊ အစည်းအဝေးတွေတက်ဖို့ ပြင်ဆင်ရတယ်၊ ကိုယ်ပိုင်လေ့လာမှုနဲ့ မိသားစုဝတ်ပြုမှုလည်း လုပ်ရတယ်။ နောဧမှာ လုပ်စရာတွေများစွာရှိပေမဲ့ “မှာထားတော်မူသည်အတိုင်း” လုပ်ခဲ့တယ်။ (က. ၆:၂၂) ကျွန်ုပ်တို့က ခရစ်ယာန်ပြေးပွဲကို ပန်းတိုင်ရောက်တဲ့အထိ ပြေးလိုတယ်ဆိုရင် ဝန်တွေကို အနည်းဆုံးဖြစ်အောင်လျှော့ချဖို့၊ မလိုအပ်တဲ့ဝန်တွေကိုမထမ်းဖို့ အရေးကြီးတယ်။

၆၊ ၇။ ယေရှုရဲ့ဘယ်အကြံပြုချက်ကို ကျွန်ုပ်တို့ နှလုံးသွင်းသင့်သလဲ။

“ဝန်ရှိသမျှ” ကိုဖယ်ရှားပါလို့ ပေါလုပြောတဲ့အခါ ဘာကိုဆိုလိုသလဲ။ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်စရာတာဝန်အားလုံးကို လုံးလုံးဖယ်ရှားလိုက်ဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ယေရှုရဲ့ဒီစကားတွေကိုလည်း နှလုံးသွင်းသင့်တယ်– “‘အဘယ်သို့ စားရမည်နည်း။ အဘယ်သို့ သောက်ရမည်နည်း။ အဘယ်သို့ ဝတ်ရမည်နည်း’ ဟုဆို၍ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ ဤအရာများကို လူမျိုးခြားတို့သည် ကြိုးစား၍ ရှာဖွေတတ်ကြ၏။ ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏။” (မ. ၆:၃၁၊ ၃၂) စားဝတ်နေရေးလို ပုံမှန်လုပ်ရိုးလုပ်စဉ်အရာတွေကို နေရာမှန်မှာမထားဘူးဆိုရင် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ကြောင်း ယေရှု ဆိုလိုတာဖြစ်တယ်။

“ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏” ဆိုတဲ့ ယေရှုရဲ့စကားကို သတိပြုပါ။ ဒါက ကျွန်ုပ်တို့ရဲ့ကောင်းကင်ခမည်းတော် ယေဟောဝါဟာ ကျွန်ုပ်တို့လိုအပ်ရာကိုထောက်မမယ်ဆိုတဲ့ ကိုယ်တော့်အပိုင်းကို လုပ်ဆောင်မယ်ဆိုတာ ဖော်ပြတယ်။ “ဤအရာအားလုံးကို” ရမယ်ဆိုတာက ကျွန်ုပ်တို့လိုချင်ရာအားလုံးကိုရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ‘လူမျိုးခြားတို့ ကြိုးစား၍ ရှာဖွေတတ်ကြ’ တဲ့ ကျွန်ုပ်တို့လိုအပ်ရာတွေအတွက်တောင် မစိုးရိမ်ဖို့ ပြောခဲ့တာဖြစ်တယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ နောက်ပိုင်း ယေရှုက ကိုယ်တော့်စကားနားထောင်နေတဲ့သူတွေကို ဒီလိုအကြံပေးခဲ့တယ်– “သင်တို့သည် အစားအသောက်လွန်ကြူးခြင်းနှင့် ဘဝ၏စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် ရုတ်တရက် သင်တို့အပေါ်သို့ မကျရောက်စေရန် ကိုယ့်ကိုယ်ကိုယ် သတိပြုကြလော့။ အကြောင်းမူကား ထိုနေ့ရက်သည် . . . ထောင်ချောက်သဖွယ် ကျရောက်လိမ့်မည်။”—လု. ၂၁:၃၄၊ ၃၅

၈။ အခုအချိန်က ဘာကြောင့် အထူးသဖြင့် ‘ဝန်ရှိသမျှကိုဖယ်ရှား’ ရမယ့်အချိန်ဖြစ်သလဲ။

ပန်းတိုင်က ရှေ့နားမှာရှိနေတယ်။ ကျွန်ုပ်တို့က ပန်းတိုင်ရောက်ခါနီးမှာ မလိုအပ်တဲ့ဝန်တွေကြောင့် အားလျော့သွားမယ်ဆိုရင် ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်သလဲ။ ဒါကြောင့် တမန်တော်ပေါလုရဲ့ ဒီအကြံပေးချက်က တကယ့်ကိုပညာရှိတယ်– ‘ကျေနပ်ရောင့်ရဲမှုဖြင့် ဘုရားသခင်ကို အကြွင်းမဲ့ဝတ်ပြုခြင်းသည် များစွာအကျိုးပေး၏။’ (၁ တိ. ၆:၆) ပေါလုရဲ့စကားကို နှလုံးသွင်းမယ်ဆိုရင် ဆက်ပြေးနိုင်ပြီး ဆုရမှာဖြစ်တယ်။

“အလွယ်တကူ ကျော့မိစေတတ်သောအပြစ်”

၉၊ ၁၀။ (က) “အလွယ်တကူကျော့မိစေတတ်သောအပြစ်” ဆိုတဲ့ အသုံးအနှုန်းက ဘာကိုရည်ညွှန်းသလဲ။ (ခ) ကျွန်ုပ်တို့ ဘယ်လို ကျော့မိသွားနိုင်သလဲ။

“ဝန်ရှိသမျှ” အပြင် “အလွယ်တကူကျော့မိစေတတ်သောအပြစ်” ဖြစ်တဲ့ ယုံကြည်ခြင်းအားနည်း၊ ပျောက်ဆုံးသွားတဲ့အဖြစ်မျိုးကို ရှောင်ဖို့လည်း ပေါလုပြောခဲ့တယ်။ “အလွယ်တကူကျော့မိ” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးကို သမ္မာကျမ်းစာရဲ့ ဒီအခန်းငယ်မှာပဲ တွေ့ရတယ်၊ စာသားအရ ရစ်ပတ်မိ၊ တုပ်နှောင်မိလို့ အဓိပ္ပာယ်ရတယ်။ “အပြေးသမားတစ်ဦးဟာ အဝတ်ကြောင့် ခြေထောက်တုပ်မိပြီး ပြေးရခက်တာမျိုး အဖြစ်မခံဘူး။ အလားတူပဲ ခရစ်ယာန်တစ်ဦးက ပြေးပွဲမှာ ပြေးရခက်စေတဲ့အရာတွေကို ခွင့်မပြုသင့်ဘူး” လို့ ကျမ်းပညာရှင် အဲလ်ဘတ် ဘားန်စ်ကပြောတယ်။ ခရစ်ယာန်တစ်ဦးက ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်းအားနည်းသွားနိုင်သလဲ။

၁၀ ခရစ်ယာန်တစ်ဦးရဲ့ ယုံကြည်ခြင်းက တစ်ညတည်းနဲ့ ပျောက်ဆုံးမသွားနိုင်ဘူး။ တဖြည်းဖြည်း၊ မသိမသာဖြစ်နိုင်တယ်။ ပေါလုက သူ့ရဲ့စာအစပိုင်းမှာ “ယုံကြည်ခြင်းကင်းမဲ့၍ ဆိုးညစ်သောစိတ်နှလုံး” နဲ့ဆုတ်ခွာသွားခြင်း၊ “ရွေ့မျော” သွားခြင်းအန္တရာယ်ကို သတိပေးခဲ့တယ်။ (ဟေဗြဲ ၂:၁; ၃:၁၂) အပြေးသမားတစ်ယောက်ရဲ့ ခြေထောက်မှာ သူဝတ်ထားတဲ့အဝတ် ပတ်မိသွားမယ်ဆိုရင် လဲသွားမှာပဲ။ ဒါကြောင့် အပြေးသမားက မသင့်လျော်တဲ့အဝတ် ဝတ်မိရင် လဲသွားနိုင်တယ်ဆိုတာ သိရမှာဖြစ်တယ်။ ဒီအန္တရာယ်ကို သူသိလျက်နဲ့ ဘာကြောင့်ဂရုမစိုက်တာလဲ။ ပေါ့ဆတာ၊ မိမိကိုယ်ကို ယုံကြည်စိတ်ချလွန်းတာ ဒါမှမဟုတ် အာရုံထွေပြားတာကြောင့် ဖြစ်နိုင်တယ်။ ပေါလုရဲ့အကြံပြုချက်ကနေ ဘာသင်ခန်းစာယူနိုင်သလဲ။

၁၁။ ဘယ်အရာတွေက ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ပျောက်ဆုံးသွားစေနိုင်သလဲ။

၁၁ ခရစ်ယာန်တစ်ဦး ယုံကြည်ခြင်းပျောက်ဆုံးသွားတာက သူရွေးချယ်တဲ့အရာကြောင့်ဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ သတိရသင့်တယ်။ နောက်ကျမ်းပညာရှင်တစ်ဦးကလည်း “အလွယ်တကူကျော့မိစေတတ်သောအပြစ်” အကြောင်း ပြောခဲ့တယ်။ ကျွန်ုပ်တို့ရဲ့လက်ရှိအခြေအနေ၊ ကျွန်ုပ်တို့ရဲ့အပေါင်းအသင်းနဲ့ ကျွန်ုပ်တို့ရဲ့မှားယွင်းတဲ့စိတ်ဆန္ဒက ကျွန်ုပ်တို့အပေါ် အလွန်သြဇာလွှမ်းမိုးနိုင်ကြောင်း သူရှင်းပြခဲ့တယ်။ ဒါတွေက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို အားနည်းသွားစေ၊ ပျောက်ဆုံးသွားစေနိုင်တယ်။—မ. ၁၃:၃-၉

၁၂။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း မပျောက်ဆုံးသွားစေဖို့ ဘယ်သတိပေးချက်ကို နာခံဖို့လိုသလဲ။

၁၂ နှစ်တွေတစ်လျှောက်မှာ သစ္စာနဲ့သတိပညာရှိကျွန်က ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးကိုပုံသွင်းနိုင်တဲ့ ကျွန်ုပ်တို့ကြည့်တဲ့အရာ၊ နားထောင်တဲ့အရာတွေကို သတိပြုဖို့ သတိပေးခဲ့တယ်။ ငွေနဲ့ရုပ်စ္စည်းတွေကို လိုက်စားခြင်းကြောင့် ကျော့မိနိုင်တဲ့ အန္တရာယ်တွေနဲ့ အပျော်အပါးကို မက်မောလာပြီး တစ်မျိုးပြီးတစ်မျိုး အဆက်မပြတ်ထွက်နေတဲ့ ပစ္စည်းအသစ်တွေကြောင့် ကျွန်ုပ်တို့ လမ်းလွဲသွားနိုင်တယ်ဆိုတာကိုလည်း သတိပေးခဲ့တယ်။ ဒီသတိပေးချက်တွေက တင်းကျပ်လွန်းတယ်လို့ခံစားရခြင်း၊ မိမိရဲ့ယုံကြည်ခြင်း ခိုင်ခံ့တယ်လို့ယူဆပြီး ဒီသတိပေးချက်တွေက တခြားသူတွေနဲ့ပဲဆိုင်တယ်လို့ ထင်ခြင်းက အမှားကြီးမှားသွားစေနိုင်တယ်။ ကျွန်ုပ်တို့ရဲ့လမ်းမှာ စာတန့်လောက,ကချထားတဲ့ ကျော့မိစေနိုင်တဲ့အရာတွေဟာ မမြင်သာတဲ့အရာတွေ၊ ကျွန်ုပ်တို့ကို လှည့်စားနိုင်တဲ့အရာတွေဖြစ်တယ်။ ပေါ့ဆခြင်း၊ မိမိကိုယ်ကိုယုံကြည်စိတ်ချလွန်းခြင်း၊ အာရုံထွေပြားခြင်းကြောင့် တချို့သူတွေ ယုံကြည်ခြင်းပျောက်ဆုံးသွားကြတယ်၊ ဒါတွေက အသက်ဆုရမယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်ကိုလည်း ထိခိုက်နိုင်ပါတယ်။—၁ ယော. ၂:၁၅-၁၇

၁၃။ အန္တရာယ်ရှိတဲ့သြဇာလွှမ်းမိုးမှုကနေ ကျွန်ုပ်တို့ကိုယ်ကို ဘယ်လိုကာကွယ်နိုင်သလဲ။

၁၃ ကျွန်ုပ်တို့ဟာ နေ့စဉ်နဲ့အမျှ လောကရဲ့ပန်းတိုင်၊ စံနှုန်း၊ အတွေးအခေါ်တွေကို လိုက်စားနေတဲ့လူတွေနဲ့ ထိတွေ့နေရတယ်။ (ဧဖက် ၂:၁၊ ၂ ကိုဖတ်ပါ။) ကျွန်ုပ်တို့ ဘယ်လောက်ထိခိုက်ခံရတယ်ဆိုတာက ကျွန်ုပ်တို့ကိုယ်တိုင်နဲ့ အဲဒီအရာတွေကိုတုံ့ပြန်ပုံအပေါ် များစွာမူတည်တယ်။ ပေါလုပြောခဲ့တဲ့ “လေ” က သေစေနိုင်တဲ့လေဖြစ်တယ်။ အဲဒီလေကိုရှုမိပြီး အသက်ရှုရပ်သွားရင် ပြေးပွဲမှာဆက်ပြေးနိုင်တော့မှာမဟုတ်လို့ အဲဒီလေကိုမရှုမိဖို့ မပြတ်သတိပြုရမှာဖြစ်တယ်။ ပြေးလမ်းပေါ်မှာဆက်ရှိနေနိုင်ဖို့ ကျွန်ုပ်တို့ကို ဘာကအကူအညီပေးသလဲ။ ယေရှုက ကျွန်ုပ်တို့ရဲ့ စုံလင်တဲ့ခေါင်းဆောင် အပြေးသမားဖြစ်တယ်။ (ဟေဗြဲ ၁၂:၂) ဒါ့အပြင် မိမိကိုယ်ကို ခရစ်ယာန်ပြေးပွဲမှာ ပါဝင်ပြေးနေသူအဖြစ် ဖော်ပြခဲ့တဲ့ ပေါလုရဲ့ပုံသက်သေလည်း ကျွန်ုပ်တို့မှာရှိတယ်၊ ပေါလုက သူ့ကိုတုပဖို့ ယုံကြည်သူချင်းတွေကို တိုက်တွန်းခဲ့တယ်။—၁ ကော. ၁၁:၁; ဖိ. ၃:၁၄

ဆုရနိုင်တဲ့နည်း

၁၄။ ပြေးပွဲမှာ သူကိုယ်တိုင်ပါဝင်ပြေးနေတာကို ပေါလု ဘယ်လိုယူမှတ်ခဲ့သလဲ။

၁၄ ပြေးပွဲမှာ သူကိုယ်တိုင်ပါဝင်ပြေးနေတာကို ပေါလု ဘယ်လိုယူမှတ်ခဲ့သလဲ။ ဧဖက်အကြီးအကဲတွေကို ပြောခဲ့တဲ့နောက်ဆုံးစကားမှာ သူ့သဘောထားကို တွေ့နိုင်တယ်၊ သူ ဒီလိုပြောခဲ့တယ်– ‘သခင်ယေရှုထံမှ ငါရရှိထားသော တာဝန်နှင့် ခရစ်ယာန်ဓမ္မအမှုကို အပြီးအစီးဆောင်ရွက်ခွင့် ရမည်ဆိုလျှင် ငါသည် ကိုယ့်အသက်ကို ပမာဏမပြု၊ နှမြောခြင်းမရှိ။’ (တ. ၂၀:၂၄) ပြေးပွဲကိုအဆုံးတိုင်ပြေးနိုင်ဖို့ သူ့အသက်အပါအဝင် အရာအားလုံးကိုစွန့်လွှတ်ဖို့ ပေါလု တလိုတလားရှိခဲ့တယ်။ သူသာ ပြေးပွဲကိုအဆုံးထိမပြေးနိုင်ခဲ့ရင် သတင်းကောင်းအတွက် သူကြိုးစားအားထုတ်ခဲ့သမျှ၊ အပင်ပန်းခံခဲ့သမျှအရာအားလုံးက သဲထဲရေသွန်သလို အချည်းနှီးဖြစ်သွားပါလိမ့်မယ်။ သူဟာ ပြေးပွဲမှာဆုကျိန်းသေပေါက်ရနေပြီလို့ သူ့ကိုယ်သူ ယုံကြည်စိတ်ချလွန်းခြင်း မရှိခဲ့ဘူး။ (ဖိလိပ္ပိ ၃:၁၂၊ ၁၃ ကိုဖတ်ပါ။) သူ့အသက်တာကုန်ဆုံးခါနီးအချိန်ကျမှပဲ “ငါသည် တိုက်ပွဲကို ကောင်းစွာတိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့ပြီ” လို့ ပြောနိုင်ခဲ့တယ်။—၂ တိ. ၄:၇

၁၅။ ပြေးပွဲမှာ သူနဲ့အတူပြေးနေသူတွေကို ပေါလု ဘယ်လိုအားပေးခဲ့သလဲ။

၁၅ ဒါ့အပြင် ပေါလုက ခရစ်ယာန်ချင်းတွေ ပြေးပွဲမှာတစ်ဝက်တစ်ပျက်နဲ့ လက်လျှော့လိုက်တာမျိုးမဟုတ်ဘဲ အဆုံးတိုင်ပြေးတာကို အလွန်မြင်တွေ့လိုခဲ့တယ်။ ဥပမာ၊ ဖိလိပ္ပိမြို့ကခရစ်ယာန်တွေကို မိမိတို့ကိုယ်တိုင်ရဲ့ကယ်တင်ခြင်းအတွက် ကြိုးစားအားထုတ်ဖို့ တိုက်တွန်းခဲ့တယ်။ သူတို့တွေက “တရားစကားတော်ကို ဆုပ်ကိုင်ထား” ဖို့ လိုအပ်တယ်။ သူ ဒီလိုဆက်ပြောတယ်– “ငါသည် အချည်းနှီးပြေးခဲ့ခြင်း၊ အချည်းနှီးကြိုးစားခဲ့ခြင်း မဟုတ်သောကြောင့် ခရစ်တော်၏နေ့ရက်တွင် ဂုဏ်ယူဝမ်းမြောက်စရာအကြောင်း ရှိနိုင်မည်။” (ဖိ. ၂:၁၆) အလားတူပဲ ကောရိန္သုမြို့မှာရှိတဲ့ ခရစ်ယာန်တွေကိုလည်း “ဆုရရန်ထိုနည်းအတိုင်း ပြေးကြလော့” ဆိုပြီး တိုက်တွန်းခဲ့တယ်။—၁ ကော. ၉:၂၄

၁၆။ ပန်းတိုင် ဒါမှမဟုတ် ဆုကို ဘာကြောင့် တကယ်ရှိတဲ့အရာအဖြစ် ရှုမြင်ဖို့လိုသလဲ။

၁၆ မာရသွန်လိုမျိုး တာဝေးပြေးပွဲမှာ ပန်းဝင်မျဉ်းကို စပြေးပြေးချင်းမှာ မမြင်ရဘူး။ ဒါပေမဲ့ အပြေးသမားတွေက ပြေးပွဲတစ်လျှောက် ပန်းဝင်ဖို့ကိုအာရုံစိုက်ပြီး ပြေးကြတယ်။ ပန်းဝင်ဖို့နီးပြီဆိုတာသိတဲ့အခါ အဆုံးထိပြေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ပိုခိုင်မာလာတယ်။ ကျွန်ုပ်တို့ရဲ့ပြေးပွဲမှာလည်း အလားတူပဲဖြစ်သင့်တယ်။ ကျွန်ုပ်တို့ရဲ့ ပန်းတိုင် ဒါမှမဟုတ် ဆုက ကျွန်ုပ်တို့အတွက် တကယ်ရှိတဲ့အရာဖြစ်သင့်တယ်။ ဒါက ဆုရဖို့ အထောက်အကူပြုမှာဖြစ်တယ်။

၁၇။ ဆုရဖို့အာရုံစူးစိုက်ရာမှာ ယုံကြည်ခြင်းက ဘယ်လိုကူညီပေးနိုင်သလဲ။

၁၇ “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း၊ မမြင်ရသေးသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏” လို့ ပေါလုရေးခဲ့တယ်။ (ဟေဗြဲ ၁၁:၁) အာဗြဟံနဲ့ စာရာက သက်သောင့်သက်သာနဲ့ ဇိမ်ရှိတဲ့ဘဝကို တလိုတလားစွန့်ပြီး “သူစိမ်းများ၊ ခေတ္တနေထိုင်သူများ” အဖြစ် အသက်ရှင်ခဲ့ကြတယ်။ ဒီလိုနေထိုင်ဖို့ သူတို့ကို ဘယ်အရာက ကူညီပေးခဲ့သလဲ။ ဘုရားသခင့်ကတိထားရာများ ပြည့်စုံခြင်းကို “အဝေးမှမြော်မြင်” ခဲ့ကြတဲ့အတွက်ဖြစ်တယ်။ မောရှေက “အပြစ်နှင့်ဆိုင်သောပျော်မွေ့ခြင်းကို ခဏခံစားခြင်း” နဲ့ “အီဂျစ်ပြည်၏ဘဏ္ဍာ” ကို စွန့်လွှတ်ခဲ့တယ်။ ဒီလိုလုပ်နိုင်တဲ့ ယုံကြည်ခြင်းနဲ့ ခွန်အားကို သူဘယ်လိုရရှိခဲ့သလဲ။ “ရရှိမည့်ဆုကျေးဇူးကို စေ့စေ့ကြည့်ရှု” ခဲ့တဲ့အတွက် ဖြစ်တယ်။ (ဟေဗြဲ ၁၁:၈-၁၃၊ ၂၄-၂၆) သူတို့တွေဟာ “ယုံကြည်ခြင်းအားဖြင့်” လုပ်ဆောင်ခဲ့ကြတယ်လို့ ပေါလုဖော်ပြခဲ့တယ်။ ယုံကြည်ခြင်းက သူတို့လက်ရှိကြုံနေရတဲ့ စမ်းသပ်မှု၊ အခက်အခဲတွေထက် ကျော်မြင်စေနိုင်ခဲ့ပြီး သူတို့အတွက် ဘုရားသခင်လုပ်ပေးနေတာတွေ၊ လုပ်ပေးဦးမယ့်အရာတွေကို မြင်တွေ့စေခဲ့တယ်။

၁၈။ “အလွယ်တကူကျော့မိစေတတ်သောအပြစ်” ကို ဖယ်ရှားဖို့ ဘာတွေလုပ်နိုင်သလဲ။

၁၈ ဟေဗြဲအခန်းကြီး ၁၁ မှာပါတဲ့ ယုံကြည်ခြင်းရှိသူ အမျိုးသား၊ အမျိုးသမီးတွေအကြောင်း တွေးတောဆင်ခြင်ပြီး သူတို့ရဲ့ပုံသက်သေကိုတုပခြင်းက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး “အလွယ်တကူကျော့မိစေတတ်သောအပြစ်” ကို ဖယ်ရှားစေနိုင်ပါတယ်။ (ဟေဗြဲ ၁၂:၁) ယုံကြည်ခြင်းကို ကြိုးစားတည်ဆောက်နေကြတဲ့သူတွေနဲ့ အတူတကွစုဝေးခြင်းအားဖြင့် “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်” မှာ ဖြစ်တယ်။—ဟေဗြဲ ၁၀:၂၄

၁၉။ အခုအချိန်မှာ ဆက်ပြေးနေဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၉ ကျွန်ုပ်တို့ ပန်းဝင်ဖို့အလွန်နီးနေပြီ။ ပန်းဝင်မျဉ်းကို တွေ့နေရသလို ဖြစ်နေပြီ။ ယုံကြည်ခြင်း၊ ယေဟောဝါရဲ့အကူအညီနဲ့ ကျွန်ုပ်တို့လည်း “ဝန်ရှိသမျှနှင့် ငါတို့ကို အလွယ်တကူကျော့မိစေတတ်သောအပြစ်ကို ဖယ်ရှား” နိုင်ပါတယ်။ အဲဒီအပြင် ကျွန်ုပ်တို့ ဆက်ပြေးနိုင်ကြမှာဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ဘုရားသခင်၊ ဖခင် ယေဟောဝါကတိပြုထားတဲ့ ဆု၊ ကောင်းချီးတွေကိုရရှိကြမှာဖြစ်တယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ရှေးခေတ်ဂျူးတွေအတွက် ဒါက မနှစ်မြို့စရာဖြစ်တယ်။ အယူဖောက်ပြန်တဲ့ ယဇ်ပုရောဟိတ် ဂျေဆင်က ဂျေရုဆလင်မှာ ဂရိအားကစားရုံဆောက်ဖို့ကြိုးစားတဲ့အခါ ဂျူးတွေ ဒေါသထွက်ခဲ့ကြောင်း မက္ကဘီးကျမ်းပိုမှာ ဖော်ပြထားတယ်။—၂ မက္ကဘီး ၄:၇-၁၇။

သင် မှတ်မိသလား

• “ဝန်ရှိသမျှ” ကို ဘယ်လိုဖယ်ရှားနိုင်သလဲ။

• ဘယ်အရာက ခရစ်ယာန်တစ်ဦးကို ယုံကြည်ခြင်းပျောက်ဆုံးသွားစေနိုင်သလဲ။

• ဘာကြောင့် ဆုကို အာရုံစိုက်နေဖို့လိုသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

“အလွယ်တကူကျော့မိစေတတ်သောအပြစ်” ဆိုတာ ဘာလဲ၊ ဒါက ကျွန်ုပ်တို့ကို ဘယ်လိုကျော့မိစေနိုင်သလဲ