မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၅ စိတ်ရင်းမှန်တဲ့ ဝတ်ပြုကိုးကွယ်သူအားလုံးကို ဘုရားသခင် လက်ခံ—မှန်ပါသလား

၅ စိတ်ရင်းမှန်တဲ့ ဝတ်ပြုကိုးကွယ်သူအားလုံးကို ဘုရားသခင် လက်ခံ—မှန်ပါသလား

၅ စိတ်ရင်းမှန်တဲ့ ဝတ်ပြုကိုးကွယ်သူအားလုံးကို ဘုရားသခင် လက်ခံ—မှန်ပါသလား

သင် ကြားသိထားရာ– “ခရီးပန်းတိုင်တစ်ခုကို ဘယ်လမ်းကြောင်းကပဲ သွားသွား နောက်ဆုံးတော့ အဲဒီကို ရောက်သွားတယ်။ ဘုရားသခင်နဲ့ပတ်သက်ရင်လည်း အဲဒီအတိုင်းပဲ။ ဘုရားသခင်ဆီကို ကိုယ့်နည်းကိုယ်ဟန်နဲ့ သွားလို့ရပါတယ်။”

ကျမ်းစာသွန်သင်ရာ– ကျွန်ုပ်တို့ဟာ စိတ်ရင်းမှန်နဲ့ ဝတ်ပြုကိုးကွယ်ရမှာဖြစ်ပြီး ဟန်ဆောင်မှုနဲ့ အရေခြုံမှုကို ရှောင်ရမှာဖြစ်တယ်။ ယေရှုခေတ်က ဘာသာရေးခေါင်းဆောင်တွေကို ဘုရားသခင် ဘာကြောင့် လက်မခံသလဲဆိုတာ ယေရှု ဒီလိုပြောပြတယ်– “အချင်းကြောင်သူတော်တို့၊ ဟေရှာယသည် သင်တို့အကြောင်းကို လျောက်ပတ်စွာ ဤသို့ပရောဖက်ပြု၍ ရေးသားထားလေပြီ။ ‘ဤလူများသည် နှုတ်ဖြင့်သာ ငါ့ကို ရိုသေကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။’” (မာကု ၇:၆) ဒါပေမဲ့ စိတ်နှလုံးရိုးဖြောင့်တာနဲ့ ကျွန်ုပ်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင် လက်ခံလိမ့်မယ်လို့ အာမ,မခံနိုင်ပါဘူး။

ဘာသာရေးခေါင်းဆောင်တွေနဲ့ သူတို့ရဲ့နောက်လိုက်တွေရဲ့ ဝတ်ပြုကိုးကွယ်မှုမှာ အဓိကကျတဲ့ ချွတ်ယွင်းချက်ကို ဖော်ထုတ်ခြင်းအားဖြင့် အဲဒီအချက်ကို ယေရှု ရှင်းရှင်းလင်းလင်း ဖြစ်စေခဲ့တယ်။ ကြိုပြောထားတဲ့ ဒီကျမ်းစကားက သူတို့နဲ့သက်ဆိုင်တယ်ဆိုပြီး ယေရှု ထောက်ပြခဲ့တယ်– “သူတို့သည် လူတို့၏အယူဝါဒများကို သွန်သင်သောကြောင့် ငါ့ကို ကိုးကွယ်နေခြင်းမှာ အချည်းနှီးသာဖြစ်၏။” (မာကု ၇:၇) ဘုရားသခင် တောင်းဆိုတော်မူရာတွေထက် သူတို့ရဲ့ဘာသာရေး ထုံးတမ်းစဉ်လာတွေကို ရှေ့တန်းတင်နေတဲ့အတွက် သူတို့ရဲ့ဝတ်ပြုမှုက “အချည်းနှီး” ပါပဲ။

ဘုရားသခင်ဆီရောက်နိုင်တဲ့ လက်ခံနိုင်ဖွယ်နည်းတွေ အများကြီးရှိတယ်ဆိုတဲ့ အယူအဆကို ကျမ်းစာက ထောက်ခံမယ့်အစား နည်းတစ်နည်းပဲရှိတယ်လို့ သွန်သင်ထားတယ်။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ကျဉ်းသောဂိတ်တံခါးမှ ဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သောလမ်းသည် ကျယ်ဝန်းသောကြောင့် ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် ဂိတ်တံခါးမူကား ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့မြင်သောသူ နည်းကြ၏။”—မဿဲ ၇:၁၃၊ ၁၄

အမှန်တရား သိရှိခြင်းမှ အကူအညီရနိုင်ပုံ– မာရသွန်ပြေးပွဲမှာ ဝင်ပြိုင်ဖို့ လပေါင်းများစွာ သင် လေ့ကျင့်ခံရပြီး ပြိုင်ပွဲရောက်တော့ ဦးဆုံးပန်းဝင်ပေမဲ့ သင် မသိလိုက်တဲ့ စည်းမျဉ်းတစ်ခုကို ချိုးဖောက်မိတဲ့အတွက် သင့်ကို ပထမဆု မပေးနိုင်ဘူးလို့ ပြောလာတဲ့အခါ သင် ဘယ်လိုခံစားရမလဲ။ သင့်ရဲ့ ကြိုးစားအားထုတ်မှုက သဲထဲရေသွန်သလို ဖြစ်သွားပြီလို့ သင် ခံစားမိနိုင်တယ်။ ကျွန်ုပ်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုကလည်း အဲဒီလိုဖြစ်နိုင်ပါသလား။

ကျွန်ုပ်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုကို အားကစားပြိုင်ပွဲနဲ့နှိုင်းယှဉ်ပြီး တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “ပြိုင်ပွဲ၌ ယှဉ်ပြိုင်သောသူသည် စည်းမျဉ်းအတိုင်း မယှဉ်ပြိုင်လျှင် သရဖူဆောင်းရမည်မဟုတ်။” (၂ တိမောသေ ၂:၅) “စည်းမျဉ်းအတိုင်း၊” တစ်နည်းအားဖြင့် ဘုရားသခင် နှစ်သက်တဲ့အတိုင်း ဝတ်ပြုကိုးကွယ်မှပဲ ကိုယ်တော်ရဲ့မျက်နှာသာကို ရရှိမှာဖြစ်တယ်။ အပြေးသမားတစ်ယောက်ဟာ ပြိုင်ပွဲမှာ ပြေးချင်သလိုပြေးရင် ဆုရဖို့ မမျှော်လင့်နိုင်သလို ကျွန်ုပ်တို့လည်း ဘုရားသခင်ဆီကို ကိုယ့်နည်းကိုယ်ဟန်နဲ့ သွားရင် ရောက်နိုင်မှာမဟုတ်ပါဘူး။

ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရချင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ဘုရားသခင်အကြောင်း မမှန်မကန် ပြောဆိုတာမျိုး လုံးဝမရှိရဘူး။ ယေရှု ဒီလိုပြောခဲ့တယ်– ‘စစ်မှန်သောကိုးကွယ်သူတို့သည် စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ ခမည်းတော်ကို ကိုးကွယ်ရမည်။’ (ယောဟန် ၄:၂၃) ဘုရားသခင်ဆီရောက်နိုင်တဲ့ လမ်းကြောင်းအမှန်ကို သမ္မာကျမ်းစာကနေ ကျွန်ုပ်တို့ သိရှိရပါတယ်။—ယောဟန် ၁၇:၁၇ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ဘုရားသခင် နှစ်သက်လက်ခံတဲ့ ဝတ်ပြုကိုးကွယ်မှုအကြောင်း ပိုပြီးသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၁၅ မှာဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင် နှစ်သက်လက်ခံ တဲ့နည်းနဲ့ ဝတ်ပြုကိုးကွယ်ဖို့ လူတွေကို ဝတ်ပြုကိုးကွယ် မှုအားလုံးက သွန်သင် ပေးသလား