မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

သင် သိပါသလား

ဂျေရုဆလင် ဝတ်ပြုရာအိမ်တော်မှာ ငွေလဲလှယ်တဲ့သူတွေ ဘာကြောင့် ရှိနေရတာလဲ။

ဝတ်ပြုရာအိမ်တော်မှာ တရားလွန် ဖြစ်ပျက်နေတဲ့ မတရားမှုကို ယေရှု မသေဆုံးခင်လေးမှာ ဖော်ထုတ်ခဲ့တယ်။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ယေရှုသည် ဝတ်ပြုရာအိမ်တော်၌ ရောင်းဝယ်နေကြသောသူအပေါင်းတို့ကို နှင်ထုတ်၍ ငွေလဲလှယ်သူတို့၏ စားပွဲများနှင့် ချိုးငှက်ရောင်းသူတို့၏ ခုံများကို မှောက်လှန်တော်မူပြီးလျှင်၊ “‘ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ကြလိမ့်မည်’ ဟုကျမ်းစာ၌ရေးထားသော်လည်း သင်တို့သည် ထိုအိမ်ကို ဓားပြခိုအောင်းရာ ဖြစ်စေကြပြီ” ဟုမိန့်တော်မူ၏။’—မဿဲ ၂၁:၁၂၊ ၁၃

ပထမရာစုတုန်းက နိုင်ငံအသီးသီးမှာ နေထိုင်တဲ့ ဂျူးတွေနဲ့ ဂျူးဘာသာပြောင်းဝင်လာသူတွေဟာ ဂျေရုဆလင်မြို့မှာရှိတဲ့ ဝတ်ပြုရာအိမ်တော်ကို လာလည်ပတ်တဲ့အခါ သူတို့နဲ့အတူ ငွေကြေးတွေလည်း ယူဆောင်လာကြတယ်။ ဒါပေမဲ့ နှစ်စဉ် ဝတ်ပြုရာအိမ်တော်အခွန်ဆောင်ဖို့၊ ယဇ်ပူဇော်ရာမှာ အသုံးပြုတဲ့ တိရစ္ဆာန်တွေဝယ်ဖို့၊ စေတနာအလျောက် ပေးလှူမယ့် ယဇ်တွေဝယ်ဖို့ ဒေသသုံးငွေကြေးနဲ့ လဲလှယ်ပြီး သုံးစွဲရပါတယ်။ ဒါကြောင့် ငွေလဲလှယ်သူတွေဟာ နိုင်ငံအသီးသီးက ရောက်လာတဲ့သူတွေရဲ့ ငွေတွေကို ဒေသသုံးငွေကြေးနဲ့ လဲလှယ်ပေးပေမဲ့ ၀န်ဆောင်ခလည်း ယူကြတယ်။ ဂျူးပွဲတော်ရက်တွေ နီးကပ်လာတဲ့အခါ ငွေလဲလှယ်သူတွေဟာ ဝတ်ပြုရာအိမ်တော်ရှိ လူမျိုးခြားရင်ပြင်မှာ ငွေလဲလှယ်ဖို့ စားပွဲခုံတွေ ချထားတတ်ကြတယ်။

ငွေလဲလှယ်သူတွေဟာ ဝတ်ပြုရာအိမ်တော်ကို “ဓားပြခိုအောင်းရာ” ဖြစ်စေတယ်ဆိုပြီး ယေရှု ပြစ်တင်ပြောဆိုတာကိုကြည့်ရင် သူတို့ဟာ လူတွေဆီကနေ ဝန်ဆောင်ခကို အဆမတန် တောင်းယူပြီး ငွေလဲလှယ်ပေးနေကြတယ်ဆိုတာ ထင်ရှားတယ်။

ကျမ်းစာခေတ်မှာ သံလွင်ပင်တွေကို ဘာကြောင့် အထူးတလည် တန်ဖိုးထားကြတာလဲ။

ဘုရားသခင်ကို သစ္စာရှိရှိ ဝတ်ပြုကိုးကွယ်တဲ့သူတွေကို ဘုရားသခင်ပေးမယ်လို့ ကတိပြုထားတဲ့ ဆုကျေးဇူးတွေထဲမှာ သံလွင်ပင်တွေနဲ့ စပျစ်ခြံတွေလည်း ပါတယ်။ (တရားဟောရာ ၆:၁၀၊ ၁၁) ကနေ့အချိန်အထိ သံလွင်ပင် ရှင်သန်ပေါက်ရောက်တဲ့ နိုင်ငံတွေမှာ အဲဒီအပင်တွေကို အလွန်တန်ဖိုးထားနေတုန်းပါပဲ။ သံလွင်ပင်ကို အတော်လေး ဂရုစိုက်ပေးလိုက်မယ်ဆိုရင် နှစ်ပေါင်းရာနဲ့ချီပြီး အသီးလှိုင်လှိုင် သီးနိုင်တယ်။ ကောင်းကောင်းပြုစုထားတဲ့ အပင်တစ်ပင်ဆိုရင် ကျောက်ပေါတဲ့ မြေမှာတောင် အသီးကောင်းကောင်း ထွက်ရှိပြီး မိုးခေါင်ရေရှားတဲ့အချိန်မှာလည်း ရှင်သန်နိုင်တယ်။ အပင်ကို ခုတ်လှဲလိုက်မယ်ဆိုရင် အငုတ်ကနေ အတက်အသစ်တွေ အများကြီးထွက်လာပြီး ပင်စည်အသစ်တွေအဖြစ် ကြီးထွားလာနိုင်တယ်။

သံလွင်ပင်ရဲ့အခေါက်နဲ့ အရွက်တွေမှာ အဖျားကျစေနိုင်တဲ့အစွမ်း ရှိတဲ့အတွက် ကျမ်းစာခေတ်မှာ ဆေးဝါးအဖြစ် သုံးစွဲကြတယ်။ သံလွင်ပင်ကိုင်းဟောင်းတွေကနေ ထွက်ရှိလာတဲ့ သစ်စေးတွေမှာ သစ်ခွနံ့သင်းတဲ့အတွက် ရေမွှေးထုတ်လုပ်ရာမှာ အသုံးပြုကြတယ်။ ဒါပေမဲ့ သံလွင်ပင်မှာ အဓိက တန်ဖိုးထားခံရတဲ့ အပိုင်းကတော့ အသီး၊ အထူးသဖြင့် သူ့ရဲ့အဆီကိုပါ။ ရင့်မှည့်နေတဲ့အသီးရဲ့ အသားတစ်ဝက်လောက်က အဆီတွေချည်းပဲ။

အပင်ကောင်းတစ်ပင်ကနေ တစ်နှစ်ကို ဆီ ၁၅ ဂါလံလောက် ထွက်ရှိနိုင်တယ်။ သံလွင်ဆီကို အိမ်မှာ၊ အခမ်းအနားနဲ့ ဘာသာရေးပွဲတွေမှာ ဆီမီးထွန်းဖို့ အသုံးပြုကြပါတယ်။ ကိုယ်ခန္ဓာနဲ့ဆံပင်တွေကို လိမ်းကျံဖို့ အလှကုန်အဖြစ်နဲ့ရော ထိခိုက်ဒဏ်ရာရတဲ့အခါ အနာသက်သာစေတဲ့ ဆေးအဖြစ်နဲ့ရော အသုံးပြုနိုင်ပါသေးတယ်။—ထွက်မြောက်ရာ ၂၇:၂၀; ဝတ်ပြုရာ ၂:၁-၇; ၈:၁-၁၂; ရုသ ၃:၃; လုကာ ၁၀:၃၃၊ ၃၄