မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဘုရားသခင်ကို သိကျွမ်းခြင်းပညာ’ ကို သင် ရှာတွေ့နိုင်

‘ဘုရားသခင်ကို သိကျွမ်းခြင်းပညာ’ ကို သင် ရှာတွေ့နိုင်

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

‘ဘုရားသခင်ကို သိကျွမ်းခြင်းပညာ’ ကို သင် ရှာတွေ့နိုင်

အရမ်းအဖိုးတန်တဲ့ ဘဏ္ဍာတစ်ခုကို ကျွန်ုပ်တို့ ရှာတွေ့နိုင်အောင် ယေဟောဝါဘုရားသခင် ပြင်ဆင်ပေးထားပါတယ်။ အဲဒီအပြင် အဲဒီဘဏ္ဍာကို ရှာလည်း ရှာတွေ့စေချင်တယ်။ အဲဒီဘဏ္ဍာက ကျွန်ုပ်တို့ကို ရုပ်ပစ္စည်း ချမ်းသာကြွယ်ဝစေမှာ မဟုတ်ပေမဲ့ ဒီလောက,က ငွေကြေးတွေ ပုံအောပြီး ဝယ်ရင်တောင် ဝယ်လို့မရနိုင်တဲ့ စိတ်ငြိမ်သက်မှု၊ ရောင့်ရဲမှုနဲ့ အားရကျေနပ်ဖွယ်ကောင်းတဲ့ ဘဝအသက်တာကို ရရှိစေမှာဖြစ်တယ်။ ဒါဆိုရင် အဲဒီဘဏ္ဍာက ဘာလဲ။ ဒါကို ရှေးခေတ်ပညာရှိဘုရင် ရှောလမုန်က ရှင်းပြပါလိမ့်မယ်။—သု. ၂:၁-၆

ရှောလမုန်က အဲဒီဘဏ္ဍာကို ‘ဘုရားသခင်ကို သိကျွမ်းခြင်းပညာ’ လို့ဖော်ပြတယ်။ အဲဒါက သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေနဲ့ဆိုင်တဲ့ အမှန်တရားဖြစ်တယ်။ (အခန်းငယ် ၅) အဲဒီဘဏ္ဍာရဲ့ အသွင်အပြင်အမျိုးမျိုးကို အောက်မှာ ဖော်ပြထားပါတယ်။

စစ်မှန်တဲ့ သွန်သင်ချက်များ။ ဘုရားသခင့်နာမည်က ဘာလဲ၊ (ယေရမိ ၃၃:၂) သေပြီးတဲ့နောက် ဘာဖြစ်သွားသလဲ၊ (ဆာလံ ၁၄၆:၃၊ ၄) ကျွန်ုပ်တို့ ဘာကြောင့် ဒီကမ္ဘာပေါ် ရောက်ရှိနေရတာလဲ (ကမ္ဘာဦး ၁:၂၆-၂၈; ဆာလံ ၁၁၅:၁၆) အစရှိတဲ့မေးခွန်းတွေကို သမ္မာကျမ်းစာမှာ ဖြေဆိုထားပါတယ်။ အဲလိုအရေးကြီးတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို သင် ဘယ်လောက်နဲ့ တန်ဖိုးဖြတ်မလဲ။

ပညာရှိတဲ့ အကြံဉာဏ်။ အကောင်းဆုံး အသက်ရှင်နေထိုင်နည်းကို ကျမ်းစာမှာ ဖော်ပြထားတယ်။ အိမ်ထောင် တည်တံ့ခိုင်မြဲအောင် သင် ဘယ်လိုလုပ်နိုင်သလဲ။ (ဧဖက် ၅:၂၈၊ ၂၉၊ ၃၃) တာ၀န်ယူတတ်တဲ့ သားသမီးတွေဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲ။ (တရားဟောရာ ၆:၅-၇; ဧဖက် ၆:၄) ဘဝပျော်ရွှင်မှုကို သင် ဘယ်လိုရှာတွေ့နိုင်မလဲ။ (မဿဲ ၅:၃; လုကာ ၁၁:၂၈) အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ အကြံဉာဏ်တွေက ဘယ်လောက် တန်ဖိုးရှိမယ်လို့ သင် ထင်သလဲ။

ဘုရားသခင့်သဘောသဘာဝ၊ ပင်ကိုစရိုက်နဲ့ပတ်သက်တဲ့ ထိုးထွင်းအမြင်။ ဘုရားသခင်နဲ့ပတ်သက်ပြီး တိကျမှန်ကန်တဲ့ အသိပညာကို သမ္မာကျမ်းစာမှာ အဓိကဖော်ပြထားတယ်။ ဘုရားသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ (ယောဟန် ၁:၁၈; ၄:၂၄) ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုစိုက်သလား။ (၁ ပေတရု ၅:၆၊ ၇) ဘုရားသခင်ရဲ့ ထင်ရှားတဲ့ အရည်အသွေးတချို့က ဘာတွေလဲ။ (ထွက်မြောက်ရာ ၃၄:၆၊ ၇; ၁ ယောဟန် ၄:၈) ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားတွေက ဘယ်လောက် အဖိုးထိုက်သလဲဆိုတာကို သင် ပြောပြနိုင်ပါသလား။

‘ဘုရားသခင်ကို သိကျွမ်းခြင်းပညာ’ က ဘဏ္ဍာတစ်ခုလိုပဲ အဖိုးထိုက်ပါတယ်။ အဲဒါကို သင် ဘယ်လိုရှာတွေ့နိုင်မလဲ။ သဲလွန်စကို အခန်းကြီး ၂ ရဲ့ အခန်းငယ် ၄ မှာ ဖော်ပြထားတယ်။ ရှောလမုန်က အဲဒီသိကျွမ်းခြင်းပညာကို “ဝှက်ထားသောဘဏ္ဍာ” နဲ့ နှိုင်းယှဉ်ထားတယ်။ ဒီအချက်ကို စဉ်းစားကြည့်ပါ– ဘဏ္ဍာတစ်ခုဟာ ဝှက်ထားတဲ့နေရာကနေ သူ့အလိုလို ခုန်ထွက်လာပြီး ပျင်းရိတဲ့သူရဲ့လက်ထဲ ရောက်လာမှာ မဟုတ်ပါဘူး။ အဲဒါကို ရှာတွေ့ဖို့ ကြိုးစားအားထုတ်ရမှာဖြစ်တယ်။ ဘုရားသခင်နဲ့ဆိုင်တဲ့ သိကျွမ်းခြင်းပညာကို ရှာတဲ့အခါမှာလည်း အဲဒီအတိုင်းပါပဲ။ အဲဒီဘဏ္ဍာကို သမ္မာကျမ်းစာထဲမှာ ဝှက်ထားပါတယ်။ အဲဒါကို ရှာတွေ့ဖို့ ကြိုးစားအားထုတ်ရမှာဖြစ်တယ်။

‘ဘုရားသခင်ကို သိကျွမ်းခြင်းပညာ’ ကိုရှာတွေ့နိုင်ဖို့ ကျွန်ုပ်တို့လုပ်ရမယ့်အရာတွေကို ရှောလမုန် ရှင်းပြတယ်။ ‘ငါ့စကားကို လက်ခံ’ ပြီး “စွဲလမ်း” ပါဆိုတဲ့ အချက်က ကျွန်ုပ်တို့မှာ တလိုတလား လက်ခံတတ်တဲ့ နှလုံးသားရှိဖို့ လိုအပ်တယ်ဆိုတာ ဖော်ပြတယ်။ (အခန်းငယ် ၁၊ ၂၊ သမ္မာ) “ဟစ်ခေါ်၊” ‘ရှာဖွေ၊’ နဲ့ “စူးစမ်း” ဆိုတဲ့စကားလုံးတွေက ကိုယ့်ဘက်ကနေ ထက်ထက်သန်သန် အစပြုလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို ဖော်ပြတယ်။ (အခန်းငယ် ၃၊ ၄၊ သမ္မာ) ဒါကြောင့် အဲဒီဘဏ္ဍာကို ရှာတွေ့ဖို့ဆိုရင် သမ္မာကျမ်းစာကို ဝီရိယရှိရှိ လေ့လာပြီး သိရှိလာရာတွေကို စိတ်ရင်းမှန်နဲ့ လုပ်ဆောင်ဖို့လိုအပ်တယ်။—လုကာ ၈:၁၅

ကိုယ့်ဘက်ကနေ အဲဒီလို အစပြုလုပ်ဆောင်မယ်ဆိုရင် အဲဒီဘဏ္ဍာကိုရှာတွေ့အောင် ဘုရားသခင် ကူညီပေးပါလိမ့်မယ်။ ‘ထာဝရဘုရားသခင်သည် ဉာဏ်ပညာကို ပေးတော်မူ၏’ လို့ အခန်းငယ် ၆ မှာဖော်ပြထားတယ်။ ဘုရားသခင့်အကူအညီရမှသာ ကျမ်းစာမှာ တွေ့ရှိရတဲ့ အမှန်တရားတွေကို ကောင်းကောင်း သဘောပေါက်နိုင်မှာပါ။ (ယောဟန် ၆:၄၄; တမန်တော် ၁၆:၁၄) သမ္မာကျမ်းစာကို စိတ်ရင်းမှန်နဲ့ ရှာဖွေလေ့လာမယ်ဆိုရင် ‘ဘုရားသခင်ကို သိကျွမ်းခြင်းပညာ’ ကိုရှာတွေ့ပြီး အဲဒါက သင့်ရဲ့ဘဝကို အတိုင်းထက်အလွန် ကြွယ်ဝပြည့်စုံစေမယ်ဆိုတာ သင် ယုံကြည်စိတ်ချနိုင်ပါတယ်။—သု. ၂:၁၀-၂၁ *

အောက်တိုဘာလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

သုတ္တံ ၁-၂၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ သမ္မာကျမ်းစာကို နားလည်ချင်တဲ့သူတွေကို အခမဲ့ ကျမ်းစာသင်ပေးနေပါတယ်။ သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေနဲ့ ကျေးဇူးပြု၍ ဆက်သွယ်ပါ ဒါမှမဟုတ် စာမျက်နှာ ၄ က သင့်လျော်ရာလိပ်စာကို စာရေးပါ။