မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်မိသားစု ပျော်ရွှင်အောင် ဘယ်လိုလုပ်နိုင်မလဲ

သင့်မိသားစု ပျော်ရွှင်အောင် ဘယ်လိုလုပ်နိုင်မလဲ

ဘုရားသခင့်စကားတော်မှ သင်ယူပါ

သင့်မိသားစု ပျော်ရွှင်အောင် ဘယ်လိုလုပ်နိုင်မလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ မိသားစုပျော်ရွှင်မှု ရရှိအောင် တရားဝင်ထိမ်းမြားဖို့ ဘာကြောင့် အရေးကြီးသလဲ။

ပျော်ရွှင်တဲ့ဘုရားသခင် ယေဟောဝါက အိမ်ထောင်ရေးကို အစပြုပေးခဲ့တာဖြစ်တယ်။ မိသားစုပျော်ရွှင်မှုက အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးစေရုံတင်မက သားသမီး မွေးမြူတဲ့အခါ လုံခြုံတဲ့ဝန်းကျင်လည်း ဖြစ်စေလို့ပါပဲ။ အိမ်ထောင်ကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး တရားဝင်လက်ထပ်ထားပြီး ရာသက်ပန် ပေါင်းသင်းသွားဖို့ ဘုရားသခင် အလိုရှိတယ်။ (လုကာ ၂:၁-၅) လင်ယောက်ျားနဲ့ဇနီးသည်ဟာ တစ်ယောက်ကိုတစ်ယောက် သစ္စာရှိဖို့ ဘုရားသခင် မျှော်လင့်တယ်။ (ဟေဗြဲ ၁၃:၄) အိမ်ထောင်ရေးဖောက်ပြန်တဲ့အခါကျမှ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုဖို့ ခရစ်ယာန်တွေကို ဘုရားသခင် ခွင့်ပြုတယ်။—မဿဲ ၁၉:၃-၆၊ ကိုဖတ်ပါ။

၂။ လင်ယောက်ျားနဲ့ဇနီးသည်ဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဆက်ဆံသင့်သလဲ။

ဘုရားသခင်ဟာ လူယောက်ျားနဲ့ လူမိန်းမကို အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်ဆင်းခဲ့တာဖြစ်တယ်။ (ကမ္ဘာဦး ၂:၁၈) အိမ်ထောင်ဦးစီးအနေနဲ့ လင်ယောက်ျားက မိသားစုအတွက် ရုပ်ပိုင်းဆိုင်ရာတွေ ဖြည့်ဆည်းပေးရမယ့်အပြင် ဘာသာရေးအကြောင်းလည်း သွန်သင်ပေးရမှာဖြစ်တယ်။ မိမိရဲ့ဇနီးသည်ကို ကိုယ်ကျိုးစွန့်မေတ္တာပြရမယ်။ လင်ယောက်ျားနဲ့ဇနီးသည်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးပြီး လေးလေးစားစား ဆက်ဆံသင့်တယ်။ ဇနီးမောင်နှံတွေဟာ မစုံလင်ကြတဲ့အတွက် တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ဖို့ အရေးကြီးတယ်။ ဒါမှ သူတို့ရဲ့ အိမ်ထောင်ရေး သာယာမှာဖြစ်တယ်။—ဧဖက် ၄:၃၁၊ ၃၂; ၅:၂၂-၂၅၊ ၃၃; ၁ ပေတရု ၃:၇ တို့ကိုဖတ်ပါ။

၃။ အိမ်ထောင်ရေး မသာယာတာနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို စွန့်လွှတ်သင့်သလား။

အိမ်ထောင်သည်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရမယ်ဆိုရင် မေတ္တာနဲ့ ပူးပေါင်းဖြေရှင်းပါ။ (၁ ကောရိန္သု ၁၃:၄၊ ၅) ခွဲနေခြင်းက အိမ်ထောင်ရေးပြဿနာ ဖြေရှင်းနည်းဖြစ်တယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ အခြေအနေတွေ ဆိုးရွားလာတဲ့အခါ ခွဲနေသင့်၊ မနေသင့်ဆိုတာကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချရမှာဖြစ်တယ်။—၁ ကောရိန္သု ၇:၁၀-၁၃ ကိုဖတ်ပါ။

၄။ သားသမီးတွေကို ဘုရားသခင် ဘာဖြစ်စေချင်ပါသလဲ။

ယေဟောဝါဘုရားသခင်က သားသမီးတွေကို ပျော်ရွှင်စေချင်တယ်။ လူငယ်ဘဝကို ဘယ်လိုမွေ့လျော်နိုင်တဲ့အကြောင်း အကောင်းဆုံး အကြံပြုချက်တွေ ဘုရားသခင် ပေးထားတယ်။ မိဘတွေရဲ့ ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေကနေ အကျိုးကျေးဇူးရစေချင်တယ်။ (ကောလောသဲ ၃:၂၀) သားသမီးတွေ ဘုရားသခင်ကို ဘယ်လိုနည်းနဲ့ပဲ ချီးမွမ်းပါစေ ကိုယ်တော် တန်ဖိုးထားတယ်။—ဒေ. ၁၁:၉-၁၂:၁; မဿဲ ၁၉:၁၃-၁၅; ၂၁:၁၅၊ ၁၆ တို့ကိုဖတ်ပါ။

၅။ ပျော်ရွှင်တဲ့ဘဝကို သားသမီးတွေ ပိုင်ဆိုင်နိုင်ဖို့ မိဘတွေ ဘယ်လိုဖြည့်ဆည်းပေးမလဲ။

သားသမီးတွေအတွက် စားဝတ်နေရေး ဖြည့်ဆည်းပေးဖို့ မိဘတွေ အလုပ်ကြိုးစားသင့်တယ်။ (၁ တိမောသေ ၅:၈) ဒါပေမဲ့ သားသမီးတွေ ပျော်ရွှင်မှုရဖို့ ဘုရားသခင်ကိုချစ်တတ်လာအောင်၊ ကိုယ်တော့်အကြောင်း သိရှိလာအောင် သွန်သင်ပေးဖို့လည်း လိုအပ်တယ်။ (ဧဖက် ၆:၄) ဘုရားသခင်ကို ချစ်တဲ့နေရာမှာ မိဘတွေ စံနမူနာပြမယ်ဆိုရင် သားသမီးတွေရဲ့ နှလုံးထဲ စွဲမှတ်သွားပါလိမ့်မယ်။ ကျမ်းစာကို အခြေခံပြီး သွန်သင်တဲ့အခါ ကလေးရဲ့ အတွေးအခေါ်ကို အပြုသဘောနဲ့ ပုံသွင်းပေးနိုင်မှာဖြစ်တယ်။—တရားဟောရာ ၆:၄-၇; သု. ၂၂:၆ တို့ကိုဖတ်ပါ။

သားသမီးတွေကို အားပေးစကားပြောပြီး ချီးမွမ်းပေးခြင်းကလည်း အကျိုးဖြစ်ထွန်းစေပါတယ်။ ဒါ့အပြင် သားသမီးတွေကို ဆုံးမပဲ့ပြင်ပေးဖို့လည်း လိုအပ်တယ်။ သူတို့ကို ဆုံးမပဲ့ပြင်တာက သူတို့ကို ဝမ်းနည်းစေနိုင်တဲ့ အမူအကျင့်တွေ မလုပ်မိအောင် ကာကွယ်ပေးတာဖြစ်တယ်။ (သု. ၂၂:၁၅) ဒါပေမဲ့ ကြမ်းကြမ်းတမ်းတမ်း ဒါမှမဟုတ် မညှာမတာ ဆုံးမတာမျိုး ဘယ်တော့မှ မလုပ်သင့်ဘူး။—ကောလောသဲ ၃:၂၁ ကိုဖတ်ပါ။

မိဘတွေနဲ့ သားသမီးတွေအတွက် အထူးသဖြင့် ရေးသားထားတဲ့ စာပေအတော်များများကို ယေဟောဝါသက်သေတွေ ထုတ်ဝေထားပါတယ်။ အဲဒီစာပေတွေကို ကျမ်းစာအပေါ် အခြေခံပြီး ရေးသားထားတာဖြစ်တယ်။—ဆာလံ ၁၉:၇၊ ၁၁ ကိုဖတ်ပါ။

ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့အခန်း ၁၄ မှာ ဖတ်ကြည့်နိုင်ပါတယ်။