မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် ရွေးချယ်ထားတဲ့ လူမျိုးဘက် သူရပ်တည်ခဲ့

ဘုရားသခင် ရွေးချယ်ထားတဲ့ လူမျိုးဘက် သူရပ်တည်ခဲ့

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ

ဘုရားသခင် ရွေးချယ်ထားတဲ့ လူမျိုးဘက် သူရပ်တည်ခဲ့

ရှုရှန်နန်းတော်ဝင်းနဲ့ နီးသည်ထက်နီးလာလေ ဧသတာဟာ စိတ်တည်ငြိမ်အောင် မနည်းကြိုးစားနေရတယ်။ လွယ်တော့မလွယ်ပါဘူး။ ရှုရှန်နန်းတော်ကြီးကို နှင်းဖုံးနေတဲ့ ဇာဂရော့တောင်တန်းအနားက ညီညာတဲ့ ကုန်းပြင်မြင့်ကြီးပေါ်မှာ တည်ဆောက်ထားပြီး ကြည်လင်နေတဲ့ ခိုအက်စ်ပိဇ်မြစ်ကို အပေါ်စီးကနေ လှမ်းမြင်နေရတယ်။ နန်းတော်ကြီးရဲ့ အုတ်နံရံတွေပေါ်မှာ အတောင်ပံပါတဲ့နွားတွေ၊ လေးသမားတွေ၊ ခြင်္သေ့တွေရဲ့ ရောင်စုံရုပ်ကြွတွေနဲ့ ပုံဖော်ထားတယ်။ အဲဒီအပြင် မျှော့ကြောင်းထိုးထားတဲ့ ကျောက်တိုင်ကြီးတွေ၊ ခံ့ညားထယ်ဝါတဲ့ ကျောက်ဆစ်ရုပ်တုတွေလည်း ရှိတယ်။ အဲဒီနန်းတော်ကြီးဟာ ဧသတာ သွားတွေ့ရမယ့် တန်ခိုးအာဏာရှင် စံမြန်းရာနေရာဖြစ်ပြီး သူ့ဆီ လာခစားတဲ့သူတွေ အမြဲအမှတ်ရနေအောင် ဒီဇိုင်းဖော်ထားပါတယ်။ အဲဒီပုဂ္ဂိုလ်ဟာ ဧသတာရဲ့ခင်ပွန်းသည်လည်း ဖြစ်ပါတယ်။

သူက ဧသတာရဲ့ ခင်ပွန်းသည် ဟုတ်လား။ ဘုရင်အာရွှေရုဟာ သစ္စာရှိ ဂျူးအမျိုးသမီး မျှော်မှန်းထားတဲ့ ခင်ပွန်းသည်မျိုးနဲ့ တစ်ခြားစီပဲ။ * ဇနီးဖြစ်သူ စာရာရဲ့စကားကို နားထောင်ပါဆိုတဲ့ ဘုရားသခင်ရဲ့လမ်းညွှန်ချက်ကို နှိမ့်ချစွာ လက်ခံခဲ့တဲ့ အာဗြဟံလိုမျိုး ခင်ပွန်းသည်တွေရဲ့ စံနမူနာကောင်း သူ့မှာမရှိဘူး။ (ကမ္ဘာဦး ၂၁:၁၂) ဘုရင်အာရွှေရုဟာ ဧသတာ ဝတ်ပြုကိုးကွယ်တဲ့ ယေဟောဝါဘုရားသခင်အကြောင်း ဒါမှမဟုတ် ပညတ်တရားအကြောင်း နကန်းတစ်လုံးမှ မသိဘူး။ ဒါပေမဲ့ ဧသတာ လုပ်တော့မယ့်အရာကို တားမြစ်ထားတဲ့ ဥပဒေအပါအဝင် ပါရှန်းဥပဒေတွေကိုတော့ သူသိထားတယ်။ ဧသတာ လုပ်တော့မယ့်အရာကို တားမြစ်တဲ့ ဥပဒေက ဘာလဲ။ ဘုရင်ရဲ့ဆင့်ခေါ်မှုကို မရသေးဘဲနဲ့ ရှေ့တော်မှောက် လာရောက်ခစားတဲ့ ဘယ်သူ့ကိုမဆို သေဒဏ်အပြစ်ပေးနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။ ဧသတာဟာ ဘုရင်ရဲ့ဆင့်ခေါ်မှုကို မရရှိပေမဲ့လည်း တစ်နည်းနည်းနဲ့ ဘုရင့်ရှေ့တော်မှောက်ကို ခစားရတော့မယ်။ ဘုရင်ထိုင်နေတဲ့နေရာကနေ လှမ်းမြင်နိုင်တဲ့ နန်းတော်အတွင်းတန်တိုင်းနဲ့ နီးသည်ထက်နီးလာတာနဲ့အမျှ ဧသတာဟာ ကိုယ့်သေတွင်းအနားကို လျှောက်သွားရသလိုမျိုး ခံစားရဖွယ်ရှိတယ်။—ဧသတာ ၄:၁၁; ၅:၁

ဧသတာဟာ ဘာဖြစ်လို့ အဲလောက်အန္တရာယ်များတဲ့အလုပ်ကို လုပ်ရတာလဲ။ အတုယူထိုက်တဲ့ အမျိုးသမီးရဲ့ ယုံကြည်ခြင်းကနေ ဘာသင်ခန်းစာရနိုင်သလဲ။ ဧသတာဟာ ပါရှားမိဖုရားအဖြစ်ကို ဘယ်လိုရောက်ရှိသွားသလဲဆိုတာကို အရင်ဆုံး သုံးသပ်ကြည့်ရအောင်။

‘အဆင်းလှ’

ဧသတာဟာ မိဘမဲ့ကလေးပါ။ သူ့ကို ဟဒဿလို့ နာမည်ပေးခဲ့တဲ့ မိဘတွေရဲ့အကြောင်းကိုတော့ မသိရပါဘူး။ ဟေဗြဲစကားလုံး ဟဒဿရဲ့ အဓိပ္ပာယ်က “မုရတု” ဖြစ်ပြီး မွှေးကြိုင်တဲ့အပွင့်ဖြူတွေ ပွင့်တဲ့ အမြဲစိမ်း ချုံပင်တစ်မျိုးဖြစ်ပါတယ်။ ဧသတာရဲ့မိဘတွေက ကွယ်လွန်သွားလို့ ကြင်နာတတ်တဲ့ ဆွေမျိုးတစ်ယောက်ဖြစ်တဲ့ မော်ဒကဲက သူ့ကို သနားပြီး မွေးစားလိုက်တယ်။ သူတို့နှစ်ယောက်က ဝမ်းကွဲတွေဖြစ်ပေမဲ့ မော်ဒကဲက အသက်ပိုကြီးတယ်။ မော်ဒကဲဟာ ဧသတာကို အိမ်ခေါ်သွားပြီး သမီးအရင်းလို ကျွေးမွေးစောင့်ရှောက်ထားတယ်။—ဧသတာ ၂:၅-၇၊ ၁၅

မော်ဒကဲနဲ့ဧသတာတို့ဟာ ပါရှားအင်ပါယာရဲ့မြို့တော် ရှုရှန်မှာ ပြည်နှင်ခံအဖြစ် နေထိုင်တဲ့ ဂျူးတွေဖြစ်တယ်။ အဲဒီမြို့တော်မှာ သူတို့ရဲ့ဝတ်ပြုကိုးကွယ်မှုနဲ့ သူတို့လိုက်လျှောက်နေတဲ့ ပညတ်တရားကို အထင်သေးတဲ့ လူတွေနဲ့ ဆက်ဆံခဲ့ရမှာဖြစ်တယ်။ ဒါပေမဲ့ မော်ဒကဲဟာ အတိတ်တုန်းက အစ္စရေးလူမျိုးကို အခက်အခဲတွေကနေ အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့တဲ့အပြင် အခုလည်း ကယ်တင်ပေးမယ့် သနားကြင်နာတတ်တဲ့ ဘုရားသခင် ယေဟောဝါအကြောင်း ဧသတာကို သွန်သင်ပေးခဲ့တယ်။ ဒါကြောင့် သူတို့နှစ်ယောက် အရမ်းကို ရင်းနှီးကြမှာသေချာတယ်။ (ဝတ်ပြုရာ ၂၆:၄၄၊ ၄၅) ဧသတာနဲ့မော်ဒကဲတို့အကြားမှာရှိတဲ့ မေတ္တာနဲ့သစ္စာရှိမှုက ခိုင်မြဲသည်ထက် ခိုင်မြဲလာတယ်ဆိုတာ သိသာပါတယ်။

မော်ဒကဲဟာ ရှုရှန်နန်းတော်ရဲ့ ဂိတ်တံခါးမှာ တခြားဘုရင့်အစေအပါးတွေနဲ့အတူ တံခါးမှူးအဖြစ် အမှုထမ်းပုံရတယ်။ (ဧသတာ ၂:၁၉၊ ၂၁; ၃:၃) ဧသတာ ငယ်ငယ်တုန်းက ဘယ်လိုကြီးပြင်းလာတယ်ဆိုတာ မသိရပေမဲ့ ဝမ်းကွဲအစ်ကိုဖြစ်တဲ့ မော်ဒကဲကိုရော အိမ်ကိုပါ ကောင်းကောင်း ကြည့်ရှုပေးခဲ့တယ်ဆိုတာကိုတော့ ပြောနိုင်တယ်။ သူတို့နေထိုင်တဲ့အိမ်က ဆင်းရဲသားရပ်ကွက်ထဲမှာ ရှိနိုင်ပြီး နန်းတော်ကနေ မြစ်ကိုဖြတ်ကူးရင် ရောက်သွားပြီ။ ရွှေပန်းထိမ်သမား၊ ငွေပန်းထိမ်သမားတွေရဲ့ ရွှေထည်ငွေထည်တွေ၊ တခြားကုန်သည်တွေရဲ့ ကုန်ပစ္စည်းတွေ ခင်းကျင်းရောင်းချတဲ့ ရှုရှန်ဈေးထဲ လျှောက်ပတ်ကြည့်ရတာကို ဧသတာ နှစ်သက်ခဲ့မှာဖြစ်တယ်။ အဲဒီတန်ဖိုးကြီးတဲ့ ပစ္စည်းတွေက နောက်ပိုင်းမှာ သူ့အတွက် ဘာမှမထူးဆန်းတော့တဲ့ အရာတွေဖြစ်လာမယ်ဆိုတာ သူကြိုတွေးမိမှာမဟုတ်ဘူး။ အနာဂတ်မှာ သူ့အခြေအနေ ဘယ်လိုပြောင်းလဲတော့မယ်ဆိုတာကိုလည်း တစ်ခါမှ မစဉ်းစားခဲ့မိဘူး။

မိဖုရားတစ်ဦး ဖယ်ရှားခံရ

တစ်ရက်မှာ နန်းတွင်းကိစ္စနဲ့ပတ်သက်ပြီး ရှုရှန်တစ်မြို့လုံး ပွက်လောရိုက်နေတယ်။ ကြီးကျယ်ခမ်းနားတဲ့ စားသောက်ပွဲတစ်ခုမှာ ဘုရင်အာရွှေရုက သူ့ရဲ့ မှူးမတ်တွေနဲ့အတူ စားသောက်နေတုန်း ချောမောလှပတဲ့ မိဖုရား ဝါရှတိကို ဆင့်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ မိဖုရားကလည်း သူ့ရဲ့အပေါင်းအပါ အမျိုးသမီးတွေနဲ့အတူ သီးခြားအဆောင်မှာ စားသောက်နေကြတယ်။ ဒါပေမဲ့ ဘုရင့်ရဲ့ဆင့်ခေါ်မှုကို မိဖုရားက ငြင်းလိုက်တယ်။ အရှက်ခွဲခံလိုက်ရလို့ ဒေါသထွက်နေတဲ့ ဘုရင်ဟာ မိဖုရားဝါရှတိကို ဘယ်လိုအပြစ်ပေးရမလဲဆိုပြီး မှူးမတ်တွေဆီကနေ အကြံဉာဏ်တောင်းလိုက်တယ်။ အကြံဉာဏ်ကတော့ ဝါရှတိကို မိဖုရားအဖြစ်ကနေ ဖယ်ရှားပြီး နောက်တစ်ယောက်နဲ့ အစားထိုးဖို့ဖြစ်တယ်။ ဘုရင့်အစေအပါးတွေဟာ ချောမောလှပတဲ့ အပျိုကညာတွေကို တိုင်းပြည်အနှံ့ ရှာဖွေကြတော့တယ်။ အဲဒီအထဲကနေ မိဖုရားအသစ်ကို ဘုရင်က ရွေးမှာဖြစ်တယ်။—ဧသတာ ၁:၁-၂:၄

ဝမ်းကွဲညီမ ဧသတာကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေပြီး တစ်နေ့တခြား ချောမောလှပလာတဲ့အပြင် အပျိုကြီးဖားဖားဖြစ်လာနေတဲ့ ညီမချောလေးအတွက် ဂုဏ်လည်း ယူနေသလို စိုးလည်း စိုးရိမ်နေတဲ့ မော်ဒကဲကို မြင်ယောင်ကြည့်လိုက်ပါ။ ဧသတာဟာ “ယဉ်ကျေး၍ အဆင်းလည်းလှ၏” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဧသတာ ၂:၇သမ္မာ) ရုပ်ရည် လှပတာက နှစ်သက်စရာကောင်းပေမဲ့ ဉာဏ်ပညာနဲ့ နှိမ့်ချမှုရှိဖို့လည်း လိုအပ်တယ်။ အဲလိုမှမဟုတ်ရင် ဝင့်ဝါပြီး မာန်တက်စေတဲ့အပြင် တခြားဉာဉ်ဆိုးတွေလည်း ရှိလာနိုင်တယ်။ (သု. ၁၁:၂၂) အဲဒါ မှန်တယ်ဆိုတာ သင် ကြုံဖူးပါသလား။ ဧသတာရဲ့အလှက သူ့ကို ကောင်းကျိုးပြုသလား၊ ဆိုးကျိုးပြုသလားဆိုတာကိုတော့ အချိန်က ပြောပြပါလိမ့်မယ်။

ဘုရင်ရဲ့အစေအပါးတွေက ဧသတာကို သတိပြုမိကြတယ်။ သူတို့ရှာဖွေနေတဲ့ အပျိုချောလေးတွေထဲမှာ ဧသတာလည်းပါတယ်။ သူတို့ဟာ ဧသတာကို မော်ဒကဲဆီကနေ ခေါ်ထုတ်သွားပြီး မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ နန်းတော်ကို ဆောင်ယူသွားကြတယ်။ (ဧသတာ ၂:၈) သားအဖလို နေလာခဲ့ကြတဲ့ သူတို့မောင်နှမဟာ အဲဒီလို ခွဲခွာလိုက်ရတဲ့အတွက် တော်တော် ခံရခက်မှာပဲ။ မော်ဒကဲဟာ သူ့ရဲ့မွေးစားသမီးကို ဘုရင်ပဲဖြစ်နေပါစေ ဘာသာခြားတစ်ယောက်နဲ့ လက်မထပ်စေချင်ဘူး။ ဒါပေမဲ့ သူ ဘာမှ မတတ်နိုင်တော့ပါဘူး။ ဧသတာဟာ အိမ်ကနေ ထွက်မသွားခင် မော်ဒကဲရဲ့ဆုံးမစကားတွေကို မြေဝယ်မကျ နားထောင်ခဲ့မှာပါ။ ရှုရှန်နန်းတော်ကို ရှေးရှုသွားနေတုန်း ဧသတာအတွက် စဉ်းစားစရာတွေက တသီတတန်းကြီးပါပဲ။ ရှေ့ဆက် သူဘာတွေ ကြုံတွေ့ရဦးမှာလဲ။

“တွေ့မြင်သမျှသောသူတို့ရှေ့၌ မျက်နှာရ”

ဧသတာဟာ သူ့အတွက် ဘာမဆို အသစ်အဆန်းဖြစ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုထဲကို ရောက်သွားတယ်။ ပါရှားအင်ပါယာတစ်ခွင်ကနေ ခေါ်ဆောင်လာတဲ့ “အပျိုများစွာ” ထဲမှာ သူလည်းပါတယ်။ သူတို့ရဲ့ ဓလေ့ထုံးစံတွေ၊ ဘာသာစကားတွေနဲ့ စိတ်ထားတွေက လုံးဝမတူကြဘူး။ ဟေဂဲလို့ခေါ်တဲ့ အပျိုတော်ထိန်းရဲ့ အုပ်စိုးမှုအောက်မှာ နေထိုင်ရတဲ့ အပျိုလေးတွေဟာ နဂိုထက် ပိုပြီးလှပလာအောင် အသားအရေကို ပြုပြင်ထိန်းသိမ်းတဲ့ အစီအစဉ်ကို တစ်နှစ် ခံယူရမှာဖြစ်တယ်။ အဲဒီအစီအစဉ်ထဲမှာ တစ်ကိုယ်လုံးကို အမွှေးနံ့သာတွေနဲ့ နှိပ်နယ်တာလည်း ပါတယ်။ (ဧသတာ ၂:၈၊ ၁၂) အဲလိုဝန်းကျင်နဲ့ ဘဝပုံစံကြောင့် အပျိုလေးတွေဟာ ကိုယ့်ရဲ့ရုပ်ရည်ကိုပဲ အလွန်အကျွံ အာရုံစိုက်လာပြီး အလှမာန်တွေ တက်လာတဲ့အပြင် ပြိုင်ဆိုင်မှုတွေ ဖြစ်လာနိုင်တယ်။ ဧသတာကော အဲလိုဖြစ်ခဲ့သလား။

ဧသတာအပေါ် မော်ဒကဲလောက် စိုးရိမ်ပူပန်ပေးမယ့်သူ ဘယ်သူမှ ရှိမှာမဟုတ်ပါဘူး။ ဧသတာ ဘယ်လိုများ ဖြစ်နေမလဲဆိုပြီး သိချင်ဇောနဲ့ မော်ဒကဲဟာ နေ့တိုင်း အပျိုတော်နန်းဝင်းရှေ့အနား နီးနိုင်သမျှနီးအောင် သွားဖို့ ကြိုးပမ်းခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဧသတာ ၂:၁၁) အပျိုတော်နန်းဝင်းထဲက အစေအပါးတွေကနေတစ်ဆင့် သတင်းအစအန ရတဲ့အခါ ဧသတာအတွက် မော်ဒကဲ ဂုဏ်ယူခဲ့မှာဖြစ်တယ်။ ဘာကြောင့်လဲ။

အပျိုတော်ထိန်း ဟေဂဲဟာ ဧသတာကို အရမ်းချစ်တဲ့အတွက် အစေခံမိန်းကလေး ခုနစ်ယောက်နဲ့အတူ အပျိုတော်နန်းဆောင်ထဲက အကောင်းဆုံးနေရာမှာ နေခိုင်းတယ်။ အဲဒီအတွက် ဟေဂဲကို ဧသတာ အရမ်းလေးစားခဲ့တယ်။ ကျမ်းစာမှာ ဒီလိုလည်း ပြောထားတယ်– “ဧသတာသည်လည်း တွေ့မြင်သမျှသော သူတို့ရှေ့၌ မျက်နှာရသတည်း။” (ဧသတာ ၂:၉၊ ၁၅သမ္မာ) ရုပ်ရည်လှပမှုတစ်ခုတည်းက လူတိုင်းရဲ့ရင်ကို လှုပ်ခတ်သွားစေနိုင်ပါသလား။ မလှုပ်ခတ်နိုင်ပါဘူး။ ဧသတာဆီမှာ ရုပ်ရည်လှပမှုအပြင် တခြားအရည်အသွေးတွေ အများကြီးရှိနေပါသေးတယ်။

ဥပမာ၊ ကျမ်းစာထဲမှာ ဒီလိုဖတ်ရပါတယ်– “ဧသတာသည် မိမိအမျိုးနှင့် ဆွေမျိုးညာတကာကို မဖော်မပြမည်အကြောင်း မော်ဒကဲ သတိပေးသည်အတိုင်း မဖော်မပြဘဲနေ၏။” (ဧသတာ ၂:၁၀သမ္မာ) မော်ဒကဲဟာ ဧသတာကို ဂျူးမှန်းမသိအောင် သတိရှိရှိနဲ့နေထိုင်ဖို့ ညွှန်ကြားခဲ့တယ်။ ပါရှန်းနန်းတော်မှာ ဂျူးတွေကို အကြောင်းမဲ့မုန်းတီးနေတာကို သူသိထားမှာ သေချာတယ်။ ဧသတာဟာ သူ့မျက်စိအောက်မှာ မရှိတော့ပေမဲ့ သတိပညာရှိရှိနဲ့နေထိုင်ပြီး သူ့စကားနားထောင်နေတုန်းပဲဆိုတာ သိလိုက်ရတော့ မော်ဒကဲ ဘယ်လောက် ဝမ်းသာလိုက်မလဲ။

ကနေ့ လူငယ်တွေလည်း မိဘတွေနဲ့ အုပ်ထိန်းသူတွေ ပျော်ရွှင်အောင် အဲဒီအတိုင်းလုပ်နိုင်ပါတယ်။ မိဘတွေရဲ့ မျက်စိအောက်မှာ မရှိတော့ဘဲ ဘဝကို အလေးအနက်မထားတဲ့သူတွေ၊ အကျင့်ယိုယွင်းတဲ့သူတွေ ဒါမှမဟုတ် ရက်စက်ကြမ်းတမ်းတဲ့သူတွေရဲ့ ဝန်းကျင်မှာ ရှိနေရင်တောင် မကောင်းတဲ့သြဇာတွေကို တွန်းလှန်နိုင်ပြီး မှန်တယ်လို့ မိမိတို့သိထားတဲ့ စံနှုန်းတွေနဲ့အညီ နေထိုင်နိုင်မှာဖြစ်တယ်။ ဧသတာလို သူတို့လုပ်ဆောင်တဲ့အခါ ယေဟောဝါဘုရားသခင်ရဲ့စိတ်ကို ရွှင်လန်းစေပါတယ်။—သု. ၂၇:၁၁

ဘုရင့်ထံ အခစားဝင်ဖို့ ဧသတာရဲ့အလှည့် ရောက်လာတဲ့အခါ အလှဆုံးဖြစ်အောင် ခြယ်သဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ကြိုက်သလောက် အသုံးပြုခွင့်ရထားတယ်။ ဒါပေမဲ့ ဧသတာဟာ ဟေဂဲ ဆင်မြန်းပေးတာကလွဲရင် ဘာမှ ထပ်မတောင်းဆိုခဲ့ပါဘူး။ (ဧသတာ ၂:၁၅) ရုပ်ရည်လှပမှုတစ်ခုတည်းနဲ့ ဘုရင့်ရဲ့စိတ်ကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူးဆိုတာ ဧသတာ သိထားပုံရတယ်။ ဣန္ဒြေရှိပြီး နှိမ့်ချတဲ့သဘောထားတွေက နန်းတော်ထဲမှာ အလွန်ရှားပါးတဲ့အရာ ဖြစ်နေတာကိုလည်း သူသိထားတယ်။ သူသိထားတဲ့အရာက မှန်ပါသလား။

ကျမ်းစာမှာ ဒီလိုအဖြေပေးထားတယ်– “အခြားသောသမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကို နူးညွတ်စေ၍ အထံတော်၌ မျက်နှာရသဖြင့် ရှင်ဘုရင်သည် အခြားသောမိန်းမတကာတို့ကို ချစ်သည်ထက် ဧသတာကို သာ၍ချစ်သောကြောင့် သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍ မိဖုရားဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။” (ဧသတာ ၂:၁၇) အဲဒီအချိန်တုန်းက ကမ္ဘာပေါ်မှာ တန်ခိုးအာဏာအရှိဆုံး ပုဂ္ဂိုလ်ရဲ့ မိဖုရားအသစ်စက်စက် ဖြစ်လာတဲ့ ဘဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ဖို့ နိမ့်ကျတဲ့ ဂျူးအမျိုးသမီးအတွက် အတော့်ကိုခက်ခဲမှာဖြစ်တယ်။ သူ့ဘဝအခြေအနေ ပြောင်းသွားလို့ သွေးနားထင်ရောက်သွားခဲ့သလား။

ဝေးပါသေးတယ်။ ဧသတာဟာ သူ့ရဲ့ဘဝကို မမေ့ဘဲ မွေးစားဖခင် မော်ဒကဲရဲ့စကားကို နားထောင်နေတုန်းပါပဲ။ သူဟာ ဂျူးလူမျိုးဖြစ်တယ်ဆိုတာကို လျှို့ဝှက်ထားတုန်းပါပဲ။ အဲဒီအပြင် ဘုရင်အာရွှေရုကို လုပ်ကြံဖို့ လျှို့ဝှက်ကြံစည်နေကြတာကို မော်ဒကဲက ဧသတာကို ပြောပြတဲ့အခါ ဧသတာက နာခံမှုရှိရှိနဲ့ ဘုရင့်ဆီ လျှောက်တင်လိုက်တဲ့အတွက် အကြံသမားတွေ အသတ်ခံလိုက်ရတယ်။ (ဧသတာ ၂:၂၀-၂၃) ဧသတာဟာ နှိမ့်ချပြီး နာခံမှုပြခြင်းအားဖြင့် ဘုရားသခင်ကို ယုံကြည်ကြောင်း ဖော်ပြနေတုန်းပါပဲ။ ကနေ့ခေတ်မှာ နာခံမှုကို အကျင့်ကောင်းတစ်ခုအဖြစ် သဘောမထားတော့ဘဲ နာခံမှုမရှိခြင်းနဲ့ အာခံခြင်းကို သာမန်လို သဘောထားလာကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိသူတွေက နာခံခြင်းကို ဧသတာ တန်ဖိုးထားသလိုပဲ တန်ဖိုးထားကြတယ်။

ဧသတာရဲ့ယုံကြည်ခြင်း စမ်းသပ်ခံရ

ဘုရင်အာရွှေရုရဲ့ နန်းတော်မှာ ဟာမန်လို့ခေါ်တဲ့ လူတစ်ယောက် ထင်ပေါ်လာခဲ့တယ်။ သူဟာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီး ဘုရင့်အကြံပေးအမတ်ချုပ်နဲ့ အင်ပါယာရဲ့ ဒုတိယအကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာတယ်။ သူ့ကို တွေ့တဲ့သူတိုင်း ဦးချရမယ်လို့တောင် ဘုရင်က အမိန့်ထုတ်ထားတယ်။ (ဧသတာ ၃:၁-၄) အဲဒီအမိန့်ကြောင့် မော်ဒကဲ အခက်တွေ့သွားတယ်။ ဘုရင့်အမိန့်ကို နာခံခြင်းဆိုတာ ဘုရားသခင်ကို မလေးမစားပြုတဲ့အထိတော့ မဟုတ်ဘူးလို့ သူယုံကြည်ထားတယ်။ ဟာမန်က “အာဂတ်လူမျိုး” ဖြစ်တယ်။ သူဟာ ပရောဖက် (ကြိုဟောသူ) ရှမွေလ ကွပ်မျက်ခဲ့တဲ့ အာမလက်ဘုရင် အာဂတ်ကနေ ဆင်းသက်လာသူဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ (၁ ရာ. ၁၅:၃၃) အာမလက်လူတွေဟာ အရမ်းဆိုးသွမ်းတဲ့အတွက် ဘုရားသခင်နဲ့ အစ္စရေးလူတွေရဲ့ ရန်သူတွေ ဖြစ်လာကြတယ်။ အာမလက်လူတွေကို လူမျိုးအလိုက် သုတ်သင်ပယ်ရှင်းဖို့ ဘုရားသခင် မိန့်မှာထားပြီးဖြစ်တယ်။ * (တရားဟောရာ ၂၅:၁၉) ဘုရားသခင်ကို သစ္စာရှိရှိ ဝတ်ပြုနေတဲ့ ဂျူးတစ်ယောက်က မင်းမျိုးမင်းနွယ် အာမလက်လူတစ်ယောက်ကို ဘယ်လိုဦးချနိုင်မလဲ။ မော်ဒကဲအတွက် ဦးချလို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တယ်။ ကနေ့ထက်ထိ “ငါတို့သည် လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်ရမည်” ဆိုတဲ့မူကို လိုက်လျှောက်တဲ့ သစ္စာရှိအမျိုးသား အမျိုးသမီးတွေဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတုန်းပဲ။—တမန်တော် ၅:၂၉

မော်ဒကဲရဲ့ အပြုအမူကြောင့် ဟာမန် ဒေါသထွက်ခဲ့တယ်။ မော်ဒကဲတစ်ယောက်တည်းကိုပဲ သတ်ဖို့ နည်းလမ်းရှာရုံလောက်နဲ့ သူမကျေနပ်နိုင်ဘူး။ အစ္စရေးတစ်မျိုးလုံးကို လက်စတုံးပစ်လိုက်ရမှ သူ ကျေနပ်နိုင်မှာဖြစ်တယ်။ ဒါနဲ့ ဟာမန်ဟာ ဘုရင့်ဆီကိုသွားပြီး အစ္စရေးလူတွေအပေါ် အမြင်စောင်းအောင် ကုန်းတိုက်လိုက်တယ်။ အစ္စရေးလူတွေလို့ အမည်မဖော်ဘဲ သူတို့ဟာ “အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုး” ဖြစ်ပြီး တိုင်းပြည်အတွက် အသုံးမကျတဲ့ ဆန်ကုန်မြေလေးတွေဖြစ်တယ်လို့ သွယ်ဝိုက်ပြောလိုက်တယ်။ ပိုဆိုးတာက သူတို့ဟာ ဘုရင့်ဥပဒေတွေကို မနာခံတဲ့အတွက် အန္တရာယ်ရှိတဲ့ သူပုန်တွေဖြစ်တယ်လို့တောင် ပြောလိုက်သေးတယ်။ အင်ပါယာအတွင်းမှာနေထိုင်တဲ့ ဂျူးအားလုံးကို ကွပ်မျက်မယ့်စရိတ် ကာမိဖို့ ဘုရင့်ဘဏ္ဍာတိုက်ထဲကို ငွေအမြောက်အမြား သွင်းပေးမယ်လို့လည်း အဆိုပြုခဲ့တယ်။ * ဘုရင်ကလည်း ဟာမန်ရဲ့ဆန္ဒအတိုင်း အမိန့်ထုတ်ပြီး တံဆိပ်ခတ်နိုင်ဖို့ မိမိရဲ့တံဆိပ်ပါလက်စွပ်ကို ပေးလိုက်တယ်။—ဧသတာ ၃:၅-၁၀

မကြာခင်မှာပဲ မြင်းစီးစေတမန်တွေဟာ အင်ပါယာတစ်ခွင်ရှိ မြို့ရွာဇနပုဒ်မကျန် သွားရောက်ပြီး ဂျူးတွေကို သေဒဏ်စီရင်တဲ့အမိန့် ကြားသိစေခဲ့တယ်။ အဲဒီအမိန့်ကို အရမ်းဝေးလံတဲ့ ဂျေရုဆလင်မြို့မှာနေထိုင်တဲ့ ဗာဗုလုန်နယ်နှင်ခံ ဂျူးအကြွင်းအကျန်တွေ ကြားတဲ့အခါ ဘယ်လိုခံစားရမလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။ သူတို့ဟာ ဂျေရုဆလင်မြို့ရိုးကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေတဲ့သူတွေ ဖြစ်တယ်။ အဲဒီသတင်းဆိုးကို မော်ဒကဲ ကြားသိသွားတဲ့အခါ ဂျေရုဆလင်မှာရှိတဲ့သူတွေအပြင် ရှုရှန်မှာရှိတဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေအတွက်ပါ စိုးရိမ်မိမှာဖြစ်တယ်။ စိတ်ကယောက်ကယက်ဖြစ်နေတဲ့ မော်ဒကဲဟာ သူ့ကိုယ်ပေါ်က အဝတ်တွေကို ဆွဲဖြဲ၊ လျှော်တေအဝတ်ကိုဝတ်၊ ခေါင်းပေါ် ပြာတွေလူးပြီး မြို့လယ်ခေါင်မှာ အသံကျယ်ကျယ်နဲ့ ငိုကြွေးနေလိုက်တယ်။ ဟာမန်ကတော့ သူ့ရဲ့ခလောက်ဆန်မှုကြောင့် ဂျူးတွေ ပူဆွေးသောကရောက်နေတာကို မမှုဘဲ ဘုရင်နဲ့အတူ သောက်စားနေတယ်။—ဧသတာ ၃:၁၂-၄:၁

ကြားဝင်လုပ်ဆောင်ရတော့မယ်ဆိုတာကို မော်ဒကဲ သိထားတယ်။ ဒါပေမဲ့ သူ ဘာတတ်နိုင်မှာလဲ။ မော်ဒကဲ စိတ်သောကရောက်နေတာကို ဧသတာ သိသွားတဲ့အခါ အဝတ်အစားတွေ ပို့ပေးပြီး နှစ်သိမ့်ပေမဲ့ မော်ဒကဲ လက်မခံခဲ့ပါဘူး။ ယေဟောဝါဘုရားသခင်ဟာ ဘာကြောင့် ချစ်ရတဲ့ ဧသတာကို သူ့ဆီကနေ ခေါ်ထုတ်သွားပြီး ကိုယ်တော်ကိုမကိုးကွယ်တဲ့ အုပ်စိုးရှင်ရဲ့ မိဖုရားဖြစ်ခွင့်ပြုတာလဲဆိုတာကို သူသိချင်နေတာ ကြာပါပြီ။ အခုတော့ ခွင့်ပြုရတဲ့အကြောင်းရင်းက တဖြည်းဖြည်း ပေါ်လာပုံရတယ်။ မော်ဒကဲဟာ မိဖုရားဧသတာဆီ လူလွှတ်ပြီး “မိမိလူမျိုး” အတွက် ဘုရင်ဆီ အသနားခံပေးပါဆိုပြီး မေတ္တာရပ်ခံလိုက်တယ်။—ဧသတာ ၄:၄-၈

အဲဒီမေတ္တာရပ်ခံချက်ကို ဧသတာ ကြားသိတော့ တုန်လှုပ်သွားတယ်။ ဒါက သူ့အတွက် အကြီးမားဆုံး ယုံကြည်ခြင်းစမ်းသပ်မှုပဲ။ မော်ဒကဲကို အကြောင်းပြန်လိုက်ချိန်မှာ ဧသတာ စိုးရိမ်နေတယ်ဆိုတာကို ကျွန်ုပ်တို့ ခံစားမိနိုင်ပါတယ်။ ဘုရင့်ဥပဒေကိုလည်း အသိပေးလိုက်တယ်။ အဲဒါကတော့ ဘုရင့်ဆင့်ခေါ်မှုမရှိဘဲ ရှေ့တော်မှောက်ဝင်ရင် သေဒဏ်ပေးခံရမှာဖြစ်တယ်။ ဘုရင်ဟာ သူ့ရဲ့ရွှေရာဇလှံတံကို ကမ်းပေးမှသာ ဥပဒေချိုးဖောက်သူက အသက်ချမ်းသာရာရမှာဖြစ်တယ်။ အထူးသဖြင့် ဘုရင့်ဆင့်ခေါ်မှုကို ငြင်းပယ်ခဲ့တဲ့ ဝါရှတိရဲ့အဖြစ်အပျက်ကို အကြောင်းပြုပြီး ဧသတာလည်း ရှင်ဘုရင်ရဲ့ သက်ညှာမှုကိုခံရဖို့ မျှော်လင့်နိုင်စရာအကြောင်းရှိသလား။ သူလည်း ရက်ပေါင်း ၃၀ အတွင်း ဘုရင်နဲ့ တွေ့ခွင့်မရဘူးလို့ မော်ဒကဲကို ပြောပြတယ်။ အဲလောက်အချိန်ကြာကြာ တွေ့ခွင့်မပေးထားတဲ့အတွက် ဘုရင်က သူ့ကို မျက်နှာသာမပေးတော့ဘူးလားလို့ ဧသတာ စဉ်းစားမိနိုင်တယ်။ *ဧသတာ ၄:၉-၁၁

ဧသတာဟာ မိမိရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့အောင်လုပ်ဖို့ မော်ဒကဲက ပြတ်ပြတ်သားသား အကြောင်းပြန်လိုက်တယ်။ ဂျူးတွေကိုကယ်ဖို့ ဧသတာ မလှုပ်ရှားရင်လည်း တစ်ယောက်ယောက်ကတော့ လှုပ်ရှားလိမ့်မယ်ဆိုပြီး အားပေးလိုက်တယ်။ ဒါပေမဲ့ နှိပ်စက်ညှဉ်းပန်းမှုက ပြင်းထန်နေတော့ အသက်ချမ်းသာရာရဖို့ ဧသတာ ဘယ်လိုလုပ် မျှော်လင့်နိုင်ပါတော့မလဲ။ ဘုရားသခင်ဟာ မိမိကိုကိုးကွယ်တဲ့သူတွေကို မျိုးပြုတ်သွားစေမှာမဟုတ်သလို မိမိရဲ့ကတိတွေကိုလည်း မပြည့်စုံဘဲ မနေစေဘူးဆိုတာကို မော်ဒကဲ အခိုင်အမာ ယုံကြည်ထားတယ်။ (ယောရှု ၂၃:၁၄) အဲဒီနောက် ဧသတာကို မော်ဒကဲ ဒီလိုမေးလိုက်တယ်– “ဤသို့သောကာလအဖို့ မိဖုရားဖြစ်ရသည်ကို မည်သူသိနိုင်မည်နည်း။” (ဧသတာ ၄:၁၂-၁၄သမ္မာ) ယေဟောဝါဘုရားသခင်ကို မော်ဒကဲ အပြည့်အဝ ယုံကြည်ကိုးစားတယ်။ ကျွန်ုပ်တို့ကော။—သု. ၃:၅၊ ၆

ယုံကြည်ခြင်းက သေရမှာကို ကြောက်တဲ့စိတ်ထက် ပိုအားသာ

ဧသတာအတွက် ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်ဖို့ အချိန်တန်ပါပြီ။ သူနဲ့အတူ သုံးရက်အစာရှောင်ကြဖို့ ဂျူးအမျိုးသားတွေကို စုလိုက်ပါဆိုပြီး မော်ဒကဲကို မှာလိုက်တယ်။ အဲလိုမှာလိုက်တဲ့စကားထဲမှာ “သေလျှင် အသေခံပါမည်” ဆိုပြီး ယုံကြည်ချက်အပြည့်နဲ့ သတ္တိရှိရှိပြောထားတယ်။ အဲဒီစကားကို နှစ်ပေါင်းများစွာ အမှတ်ရနေကြမှာပါ။ (ဧသတာ ၄:၁၅-၁၇) ဧသတာဟာ သုံးရက်အတွင်းမှာ ခါတိုင်းထက် ပိုပြီးတော့ ထက်ထက်သန်သန် ဆုတောင်းခဲ့မှာဖြစ်တယ်။ နောက်ဆုံးတော့ အချိန်တန်လာပါပြီ။ ဧသတာဟာအလှပဆုံးဖြစ်အောင် ဝတ်စားဆင်ယင်လိုက်ပြီး အဲဒါက ဘုရင့်ဆီ အသနားခံဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်လိုက်တာဖြစ်တယ်။ ပြီးတော့ နန်းတော်ကို ထွက်သွားလိုက်တယ်။

ဒီဆောင်းပါးရဲ့အစမှာ ဖော်ပြထားတဲ့အတိုင်း ဘုရင့်နန်းတော်ထဲကိုဝင်ဖို့ နည်းလမ်းရှာခဲ့တယ်။ သူဟာ တစ်ဖက်မှာ စိုးရိမ်နေပြီး တစ်ဖက်မှာလည်း အသည်းအသန် ဆုတောင်းနေမယ်ဆိုတာ မြင်ယောင်ကြည့်နိုင်တယ်။ ဧသတာဟာ ဘုရင်အာရွှေရု မြင်သာတဲ့နေရာနားအထိကို ဝင်သွားလိုက်တယ်။ ဘုရင်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး သူ့စိတ်အခြေအနေကို ဧသတာ ခန့်မှန်းနိုင်ဖွယ်ရှိတယ်။ ဧသတာ စောင့်ရမယ်ဆိုရင် ကမ္ဘာအသင်္ချေတမျှ စောင့်ရသလိုဖြစ်သွားမယ်။ ဒါပေမဲ့ မကြာပါဘူး ခင်ပွန်းသည်က သူ့ကို မြင်သွားတယ်။ သူ အံ့သြသွားပေမဲ့ မျက်နှာထားက ပျော့သွားတယ်။ ပြီးတော့ သူ့ရဲ့ ရွှေရာဇလှံတံကို ကမ်းပေးလိုက်တယ်။—ဧသတာ ၅:၁၊ ၂

ဧသတာဟာ အခစားဝင်ခွင့်ရပြီး ဘုရင်ကို လျှောက်တင်လိုက်တယ်။ ဘုရားသခင်နဲ့ သူ့လူမျိုးဘက် ဧသတာ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တယ်။ ကနေ့အချိန်အထိ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေအတွက် တကယ်ကောင်းတဲ့ ယုံကြည်ခြင်းစံနမူနာကို သူပြသခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ရပ်က အစပဲရှိပါသေးတယ်။ ဘုရင် မျက်နှာသာပေးနေတဲ့ အကြံပေးပုဂ္ဂိုလ် ဟာမန်ဟာ ယုတ်မာတဲ့ အကြံအစည်သမားဖြစ်ကြောင်း ဘုရင်နားဝင်အောင် ဧသတာ ဘယ်လိုပြောမလဲ။ သူ့ရဲ့လူမျိုး အသက်လွတ်အောင် သူ ဘယ်လိုကူညီပေးမလဲ။ ဒီမေးခွန်းတွေကို လာမယ့်ဆောင်းပါးမှာ သုံးသပ်ကြမှာဖြစ်တယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 အာရွှေရုဟာ ဘီစီအီး ငါးရာစုအစောပိုင်းမှာ ပါရှားအင်ပါယာကို အုပ်ချုပ်ခဲ့တဲ့ ဇခ်စိဇ် ၁ ဖြစ်တယ်လို့ လူအများက ယူမှတ်ထားကြတယ်။

^ အပိုဒ်၊ 24 အာမလက်လူ “အကျန်အကြွင်း” တွေဟာ ဘုရင်ဟေဇကိလက်ထက်မှာ ဖျက်ဆီးခံလိုက်ရတဲ့အတွက် နောက်ဆုံးကျန်ရစ်ခဲ့တဲ့ အာမလက်လူနည်းစုထဲမှာ ဟာမန်လည်း ပါနိုင်တယ်။—၅ ရာ. ၄:၄၃

^ အပိုဒ်၊ 25 ဟာမန် ပေးလှူတဲ့ ငွေတဲလင့် ၁၀,၀၀၀ ဟာ ကနေ့ခေတ်ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ သန်းပေါင်းရာနဲ့ချီတန်တယ်။ အာရွှေရုဟာ ဇခ်စိဇ် ၁ ဖြစ်မယ်ဆိုရင် ဟာမန်ရဲ့အလှူငွေကို ကျေနပ်မှာဖြစ်တယ်။ ဇခ်စိဇ်ဟာ ဧသတာနဲ့လက်မထပ်ခင်က ဂရိလူတွေနဲ့ အကြီးအကျယ် စစ်ဆင်နွှဲချိန်မှာ ငွေအမြောက်အမြား ဆုံးရှုံးခဲ့တယ်။

^ အပိုဒ်၊ 28 ဇခ်စိဇ် ၁ ဟာ ဒေါသကြီးပြီး စိတ်အပြောင်းအလဲမြန်သူအဖြစ် နာမည်ကြီးတယ်။ ဇခ်စိဇ်နဲ့ ဂရိတို့ရဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး သာဓကတချို့ကို ဂရိသမိုင်းပညာရှင် ဟဲရိုဒိုတပ်စ်က မှတ်တမ်းတင်ခဲ့တယ်။ ဟယ်လက်စ်ပွန်ရေလက်ကြားကိုဖြတ်ပြီး ဆိပ်ခံဗောတံတားဆောက်ဖို့ ဘုရင်က အမိန့်ပေးခဲ့တယ်။ လေမုန်တိုင်းကြောင့် တံတားပျက်စီးသွားတဲ့အခါ တံတားဆောက်လုပ်တဲ့သူတွေကို ခေါင်းဖြတ်သတ်ဖို့ အမိန့်ပေးလိုက်တယ်။ သူ့ရဲ့လူတွေကို ကျိန်စာ ကျယ်ကျယ်ဖတ်ခိုင်းပြီး ရေကို ကြာပွတ်နဲ့ရိုက်ခြင်းအားဖြင့် ဟယ်လက်စ်ပွန်ရေလက်ကြားကိုတောင် ကျိန်စာတိုက်ခဲ့တယ်။ အဲဒီတိုက်ပွဲမှာပဲ သူကြွယ်တစ်ယောက်က သူ့သားကို စစ်တပ်ထဲ မဝင်စေဖို့ တောင်းပန်တဲ့အခါ ဇခ်စိဇ်က သူ့သားကို ထက်ပိုင်းပိုင်းလိုက်ပြီး အသေကောင်ကို သတိပေးချက်တစ်ခုအဖြစ် ချိတ်ဆွဲပြထားတယ်။

[စာမျက်နှာ ၁၉ ပါရုပ်ပုံ]

မွေးစားသမီးအတွက် ဂုဏ်ယူဝင့်ကြွားဖို့ မော်ဒကဲမှာ အကြောင်းကောင်းရှိ

[စာမျက်နှာ ၂၀ ပါရုပ်ပုံ]

နှိမ့်ချမှုနဲ့ ဉာဏ်ပညာက ရုပ်ရည်ရူပကာထက် ပိုပြီးအရေးပါတယ်ဆိုတာကို ဧသတာ သိထား

[စာမျက်နှာ ၂၂၊ ၂၃ ပါရုပ်ပုံ]

ဘုရားသခင်ကိုဝတ်ပြုတဲ့သူတွေကို ကာကွယ်ဖို့ ဧသတာ အသက်နဲ့ရင်းပြီး စွန့်စားခဲ့