မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတွေကို သွန်သင်ပေးပါ

နိုးနိုးကြားကြား ရှိနေရမယ့်အချိန်

နိုးနိုးကြားကြား ရှိနေရမယ့်အချိန်

ကျောင်းတက်နေချိန်မှာ နိုးနိုးကြားကြားရှိဖို့ အရေးကြီးတယ်ဆိုတာကို ကလေးတို့ သဘောတူကြမှာပါ။ ကျောင်းသားအတော်များများက စာသင်ချိန်တွေမှာ ငိုက်မျဉ်းနေကြပေမဲ့ သင်ယူလေ့လာဖို့ဆိုရင် ကလေးတို့အနေနဲ့ နိုးနိုးကြားကြား ရှိနေရမှာလေ။ နောက်ထပ် နိုးနိုးကြားကြား ရှိနေရမယ့် အချိန်ကတော့ ဘုရားသခင်နဲ့ သမ္မာကျမ်းစာအကြောင်း သွန်သင်ခံရချိန်ဖြစ်တယ်။ ကျမ်းစာသင်ယူလေ့လာတဲ့ နေရာဖြစ်တဲ့ အစည်းအဝေးတွေကို ကလေးတို့ သွားတက်ကြမှာဖြစ်ပါတယ်။

နိုးနိုးကြားကြားရှိနေအောင် ကလေးတို့ ဘာတွေလုပ်နိုင်တယ်လို့ ထင်သလဲ။ * အကြံဉာဏ်ကောင်းတစ်ခုကတော့ ညမှာ စောစောအိပ်ဖို့ ဖြစ်ပါတယ်။ နေ့ခင်း တစ်ရေးတစ်မော အိပ်တာကလည်း အထောက်အကူပေးမှာဖြစ်တယ်။ တမန်တော် ပေါလု ဟောပြောချက်ပေးနေတဲ့ ညသန်းခေါင်အချိန်မှာ အိပ်ပျော်သွားတဲ့ လူငယ်တစ်ယောက်ရဲ့ အဖြစ်အပျက်ကနေ ဘာတွေ သင်ယူနိုင်သလဲဆိုတာကို ကြည့်ကြရအောင်။ သမ္မာကျမ်းစာရဲ့ တမန်တော် အခန်းကြီး ၂၀၊ အခန်းငယ် ၇ ကနေ ၁၂ အထိကို ဖတ်ပြီး အဖြစ်အပျက်ကို လေ့လာကြည့်ရအောင်။

တရောလို့ခေါ်တဲ့ ပင်လယ်ဆိပ်ကမ်းမြို့က အသင်းတော်ကို တမန်တော် ပေါလု လည်ပတ်နေပါတယ်။ ပေါလုဟာ ပင်လယ်ခရီးနဲ့ “နောက်တစ်နေ့တွင် ထွက်သွား” တော့မယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် သူဟာ “သန်းခေါင်အချိန်တိုင်အောင် ဟောပြော” နေတယ်လေ။ “ပေါလုသည် ဆက်ဟောပြောနေစဉ် ဥတုခုအမည်ရှိသော လုလင်တစ်ဦးသည် ပြတင်းပေါက်ဘောင်တွင် ထိုင်လျက် အိပ်ပျော်သွား” တယ်လို့ ကျမ်းစာမှာ ဆက်ဖော်ပြထားတယ်။ ဘာဆက်ဖြစ်သလဲ။

ဥတုခုဟာ “တတိယအထပ်” ပြတင်းပေါက်ကနေ အောက်ကို ပြုတ်ကျသွားတယ်လေ။ ပေါလုနဲ့ တခြားသူတွေက မြန်နိုင်သမျှ မြန်မြန် အောက်ကို ပြေးဆင်းသွားကြတယ်။ အောက်လည်းရောက်ရော ဥတုခုက သေနေပါပြီ။ သူတို့တွေ ဘယ်လောက် ဝမ်းနည်းလိုက်မလဲဆိုတာကို ကလေးတို့ စဉ်းစားကြည့်နိုင်မလား။— ပေါလုဟာ ဥတုခုကို ပွေ့ချီလိုက်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ မကြာပါဘူး၊ ပေါလုက ‘မစိုးရိမ်ကြနဲ့၊ သူ အသက်ပြန်ရှင်လာပြီ’ လို့ဝမ်းသာအားရနဲ့ ပြောလိုက်တယ်။ ဘုရားသခင်က ဥတုခုကို အသက်ပြန်ရှင်လာအောင် လုပ်ပေးလိုက်တယ်လေ။

ဘုရားသခင်နဲ့ပတ်သက်ပြီး ဥတုခုရဲ့အဖြစ်အပျက်ကနေ တို့တတွေ ဘာသင်ယူနိုင်ပါသလဲ။— သင်ယူနိုင်တဲ့အချက် တစ်ချက်ကတော့ တို့တွေရဲ့ ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်ဟာ သေဆုံးသွားတဲ့ လူကြီးလူငယ်မရွေး အားလုံးကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်တယ်ဆိုတာပဲ။ ဘုရားသခင်က ကလေးတို့ကို မိဘတွေထက် ပိုပြီးတော့တောင် နားလည်ပေးပြီး ချစ်မြတ်နိုးတယ်။ ယေရှု မြေကြီးပေါ်မှာ နေထိုင်ခဲ့တုန်းက ကလေးငယ်တွေကို ပွေ့ချီပြီး ကောင်းချီးပေးခြင်းအားဖြင့် ဘုရားသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ်ဆိုတာ ပြသခဲ့တယ်။ ဒါ့အပြင် သေဆုံးသွားတဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူတချို့ကိုလည်း အသက်ပြန်ရှင်လာအောင် ပြုလုပ်ပေးခဲ့တယ်။

ကလေးတို့ကို ဘုရားသခင် ချစ်မြတ်နိုးတယ်လို့ သိရှိရခြင်းက ကလေးတို့ကို ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။— ယေဟောဝါဘုရားသခင်ကို ပြန်ချစ်မြတ်နိုးဖို့နဲ့ ကိုယ်တော့်စကားကို နားထောင်ဖို့ လှုံ့ဆော်ပေးတယ်။ ဘုရားသခင်ကို ချစ်မြတ်နိုးကြောင်း ဘယ်လိုနည်းနဲ့ ဖော်ပြရမယ်ဆိုတာကို ကလေးတို့ သိကြပါသလား။— တစ်နည်းကတော့ ဘုရားသခင်ကိုချစ်ကြောင်း ထုတ်ဖော်ပြောဆိုရမယ်။ ယေရှုက ‘ငါသည် ခမည်းတော်ကို ချစ်၏’ လို့ပြောခဲ့တယ်။ ဒါပေမဲ့ ယေရှုဟာ ပြောရုံပြောခဲ့တာမဟုတ်ဘဲ အလုပ်နဲ့ သက်သေထူခဲ့ပါတယ်။

ဘုရားသခင့်စကားကို ယေရှု နားထောင်ခဲ့တယ်။ “အရှင်နှစ်သက်တော်မူရာများကို အစဉ်မပြတ် ငါပြု၏” လို့ယေရှု ပြောခဲ့တယ်။ တို့တတွေလည်း အဲဒီအတိုင်း လုပ်ပြီး ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော့်သားတော် ယေရှုတို့ရဲ့ စိတ်ကို ရွှင်လန်းစေမယ်ဆိုရင် နိုးနိုးကြားကြား ရှိရမယ့်အချိန်တွေမှာ အတတ်နိုင်ဆုံး အသင့်ဖြစ်နေကြမှာဖြစ်တယ်။

သမ္မာကျမ်းစာထဲမှာ ဖတ်ကြည့်ပါ

^ အပိုဒ်၊ 4 ကလေးနဲ့အတူ ဖတ်နေတယ်ဆိုရင် မျဉ်းရှည် (—) က ခေတ္တရပ်တန့်ပြီး ကလေးကို ဖြေဆိုစေပါဆိုတဲ့ သတိပေးချက်ဖြစ်ပါတယ်။