မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စောင့်နေကြ” ဖို့ ဘာကြောင့် အလွန်အရေးကြီး

“စောင့်နေကြ” ဖို့ ဘာကြောင့် အလွန်အရေးကြီး

“စောင့်နေကြ” ဖို့ ဘာကြောင့် အလွန်အရေးကြီး

“ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်ရှိတော်မူပါ။” (မ. ၂၄:၃) ဒီမေးခွန်းကို ယေရှု ဖြေဆိုရာမှာ တပည့်တွေကို ရှင်းလင်းပြတ်သားပြီး အသေးစိတ်ကျတဲ့နိမိတ် ပေးခဲ့တယ်၊ ဒါကို မဿဲ အခန်းကြီး ၂၄၊ မာကု အခန်းကြီး ၁၃၊ လုကာ အခန်းကြီး ၂၁ တို့မှာ တွေ့နိုင်တယ်။ ကိုယ်တော်က “စောင့်နေကြလော့” လို့ဆက်ပြောခဲ့တယ်။—မ. ၂၄:၄၂

နိမိတ်က ထင်ထင်ရှားရှားဖြစ်နေတယ်ဆိုရင် ဘာကြောင့် ထပ်သတိပေးဖို့လိုသလဲ။ ဖြစ်နိုင်ခြေနှစ်ခုကို သုံးသပ်ကြည့်ပါ။ ပထမတစ်ခုက တချို့သူတွေဟာ အာရုံပျံ့လွင့်စရာတွေကြောင့် နိမိတ်ကိုလျစ်လျူရှုပြီး ယုံကြည်ခြင်းအားနည်းလာလို့ ဆက်မစောင့်ကြတော့တာ ဖြစ်နိုင်တယ်။ ဒုတိယတစ်ချက်က ခရစ်ယာန်တစ်ဦးဟာ နိမိတ်တွေကို သိပေမဲ့ သူ့ဒေသမှာမဖြစ်သေးလို့ ကိုယ်တိုင်မကြုံရသေးဘူး။ ဒါကြောင့် ယေရှုပရောဖက်ပြုချက်ရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ “ကြီးစွာသောဒုက္ခ” ကလိုသေးတယ်၊ “စောင့်” နေဖို့မလိုသေးဘူးလို့ ယူဆတာဖြစ်နိုင်တယ်။—မ. ၂၄:၂၁

“သတိမဲ့နေကြ”

ယေရှုက တပည့်တွေကို နောဧခေတ်ကလူတွေအကြောင်း ပြောခဲ့တယ်။ နောဧ ဟောပြောတာ၊ သင်္ဘောဆောက်တာ၊ အကြမ်းဖက်မှုတွေတိုးများနေတာကို အဲဒီခေတ်ကလူတွေ တွေ့မြင်ခဲ့ကြပေမဲ့ “သတိမဲ့” နေခဲ့ကြတယ်။ (မ. ၂၄:၃၇-၃၉) ဒီနေ့လူတွေမှာလည်း သတိပေးချက်နဲ့ပတ်သက်ပြီး အလားတူသဘောထားမျိုး ရှိကြတယ်။ ဥပမာ၊ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းဖို့ ရှင်းရှင်းလင်းလင်း သတိပေးထားပေမဲ့ အများစုက ဒါကို အရေးမလုပ်ကြဘူး။ အာဏာပိုင်တွေက အရှိန်လျှော့မောင်းစေဖို့ လမ်းလယ်မှာ ကန့်လန့်ဖြတ်ခုံးလေးတွေကို လုပ်ထားရလေ့ရှိတယ်။ အလားတူပဲ ခရစ်ယာန်တစ်ဦးဟာ နောက်ဆုံးကာလရဲ့နိမိတ်တွေကို မြင်တွေ့ပေမဲ့ အာရုံပျံ့လွင့်စေတဲ့ လုပ်ဆောင်မှုတွေကို ဆက်လုပ်နေနိုင်တယ်။ အနောက်အာဖရိကနိုင်ငံက အာရီးရယ်ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးက အဲဒီအတိုင်းဖြစ်ခဲ့တယ်။

အာရီးရယ်က တီဗီမှာပြတဲ့ အမျိုးသမီးလက်ပစ်ဘောလုံးပွဲကို နှစ်သက်သူဖြစ်တယ်။ သူ့ကျောင်းမှာ အဲဒီအသင်းကို ဖွဲ့လိုက်တဲ့အခါ အသင်းမှာပါဝင်ကစားချင်တဲ့ဆန္ဒကြောင့် ဒါက ယေဟောဝါနဲ့သူ့ရဲ့ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို သတိမပြုမိခဲ့ဘူး။ သူက ဂိုးဖမ်းရတယ်။ ဘာတွေဆက်ဖြစ်လာသလဲ။ သူဒီလို ပြောပြတယ်– “ဘောလုံးအသင်းသားတချို့မှာ မူးယစ်ဆေးသုံးပြီး ဆေးလိပ်သောက်တဲ့ရည်းစားတွေရှိတယ်။ ကျွန်မက သူတို့နဲ့မတူတဲ့အတွက် ကျွန်မကို လှောင်ပြောင်ကြပေမဲ့ ဒါက ကျွန်မကိုမထိခိုက်နိုင်ဘူးလို့ ထင်ခဲ့တယ်။ မထင်မှတ်ဘဲ အားကစားကြောင့် ကျွန်မရဲ့ဝတ်ပြုရေး ထိခိုက်လာတယ်။ ကျွန်မစိတ်ထဲမှာ ဘောလုံးပဲရှိတယ်။ အစည်းအဝေးတက်နေရင်လည်း စိတ်က ဘောလုံးကွင်းကိုပဲရောက်နေတယ်။ ကျွန်မရဲ့ ခရစ်ယာန်အရည်အသွေးတွေကိုလည်း ထိခိုက်လာတယ်။ ကစားတာကိုနှစ်သက်ရာကနေ အနိုင်ရလိုစိတ်ဝင်လာတယ်။ အနိုင်ရလိုစိတ်ကြောင့် အပြင်းအထန်လေ့ကျင့်ခဲ့တယ်။ ဖိစီးမှုတွေများလာတယ်။ ဒီဘောလုံးကြောင့် မိတ်ဆွေသူငယ်ချင်းတွေ ဆုံးရှုံးခဲ့တယ်။

“ကစားပွဲတစ်ပွဲမှာ ပြိုင်ဘက်အသင်းက ပြစ်ဒဏ်ဘောသွင်းရတဲ့အချိန်မှာ ကျွန်မရဲ့အနေအထားကို ပြန်သုံးသပ်စေတဲ့ အခြေအနေတစ်ခုပေါ်လာခဲ့တယ်။ ကျွန်မ ဂိုးဖမ်းဖို့ အသင့်ဖြစ်နေပြီ။ ဒီလိုသတိမထားမိခင်မှာ ဘောလုံးကိုဖမ်းမိဖို့ ကူညီပေးပါလို့ ယေဟောဝါထံ ကျွန်မဆုတောင်းခဲ့တယ်။ ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေး ဘယ်လောက်တောင်ထိခိုက်နေပြီဆိုတာ ဒီအခြေအနေကနေ သိလိုက်ရတယ်။ ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေးပြန်ကောင်းအောင် ဘယ်လိုလုပ်ခဲ့သလဲ။

လူငယ်များအမေး—ငါ့အသက်တာကို ဘယ်လိုအသုံးပြုမလဲ * ဒီဗီဒီကို ကျွန်မကြည့်ဖူးတယ်။ ဒါကို အသေအချာပြန်ကြည့်ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ ကျွန်မရဲ့အခြေအနေက ဇာတ်လမ်းထဲကလူငယ် အဲန်ဒရေနဲ့ တစ်ထပ်တည်းဖြစ်နေတယ်။ အကြီးအကဲတစ်ဦးက အဲန်ဒရေကို ဖိလိပ္ပိ ၃:၈ ကိုဖတ်ပြီး ပြန်စဉ်းစားဖို့ အကြံပေးခဲ့တာကို ကျွန်မသတိပြုမိတယ်။ အဲဒီအတိုင်း ကျွန်မလုပ်ခဲ့တယ်။ ကျွန်မ ဘောလုံးအသင်းကနေ ထွက်လိုက်တယ်။

“တကယ့်အပြောင်းအလဲဖြစ်ခဲ့တယ်။ ကျွန်မရဲ့အပြိုင်အဆိုင်စိတ်ဓာတ်နဲ့ ဖိစီးမှုတွေ ပျောက်သွားတယ်။ ကျွန်မ ပိုပျော်ရွှင်လာပြီး ညီအစ်ကိုညီအစ်မတွေနဲ့ ပိုရင်းနှီးလာတယ်။ အသင်းတော်လုပ်ဆောင်မှုတွေက ကျွန်မအတွက် ပိုအရေးကြီးလာတယ်။ အစည်းအဝေးမှာ အာရုံစိုက်နားထောင်လာပြီး အစည်းအဝေးတက်ရတာကို ပျော်လာတယ်။ အမှုဆောင်လုပ်ငန်းမှာလည်း တိုးတက်လာတယ်။ အခု ကျွန်မ အရန်ရှေ့ဆောင်လုပ်နေတယ်။”

အာရုံပျံ့လွင့်စရာကြောင့် ယေရှုပေးခဲ့တဲ့နိမိတ်ကို သင် လျစ်လျူရှုမိနေတယ်ဆိုရင် အာရီးရယ်လို လုပ်ပါ။ အောက်မှာပါတဲ့အချက်တချို့ကို လုပ်ဆောင်နိုင်တယ်။ အဖွဲ့အစည်းထုတ်စာပေတွေမှာ ရှာဖွေလေ့လာပါ။ အဲဒီမှာ အကြံဉာဏ်ကောင်းတွေနဲ့ သင်နဲ့အခြေအနေချင်းတူတဲ့ တခြားသူတွေရဲ့တွေ့ကြုံမှုတွေကို တွေ့ရမှာဖြစ်တယ်။ ကောင်းစွာပြင်ဆင်ခြင်း၊ မှတ်စုယူခြင်းအားဖြင့် ခရစ်ယာန်အစည်းအဝေးတွေကနေ အကျိုးအပြည့်အဝ ရယူပါ။ ရှေ့တန်းတွေမှာထိုင်တာက အာရုံစိုက်ဖို့ ပိုလွယ်တယ်လို့ တချို့သူတွေ တွေ့ရှိခဲ့ကြတယ်။ ပရိသတ်ပါဝင်ရတဲ့အပိုင်းတွေမှာ စောစောစီးစီး မှတ်ချက်တစ်ခုပေးဖို့ ကြိုးစားပါ။ ဒါ့အပြင် ကမ္ဘာ့အဖြစ်အပျက်တွေကို ယေရှုပြောခဲ့တဲ့ နိမိတ်တွေ၊ “နောက်ဆုံးသောနေ့ရက်များ” မှာ တွေ့ရမယ့်စရိုက်လက္ခဏာတွေနဲ့ တိုက်ကြည့်ခြင်းအားဖြင့် နိုးနိုးကြားကြားစောင့်နေပါ။—၂ တိ. ၃:၁-၅; ၂ ပေ. ၃:၃၊ ၄; ဗျာ. ၆:၁-၈

“အသင့်ရှိနေကြလော့”

နောက်ဆုံးသောနေ့ရက်တွေရဲ့နိမိတ်က “လူနေရာမြေတစ်ပြင်လုံး” မှာ ဖြစ်ပျက်နေတယ်။ (မ. ၂၄:၇၊ ၁၄) သန်းပေါင်းများစွာသောသူတွေက ကပ်ရောဂါ၊ အစာခေါင်းပါးမှု၊ မြေငလျင်နဲ့ ကြိုဟောထားတဲ့တခြားအဖြစ်အပျက်တွေကို ကြုံတွေ့နေကြရတယ်။ ဒါပေမဲ့ အဲဒါနဲ့နှိုင်းယှဉ်ရင် တခြားသူတွေကတော့ ငြိမ်သက်အေးဆေးစွာ နေထိုင်ကြရတယ်။ နိမိတ်မှာပါတဲ့တချို့အခြေအနေတွေကို ကိုယ်တိုင်မကြုံတွေ့ရတဲ့အတွက် ကြီးစွာသောဒုက္ခက အဝေးကြီးလိုသေးတယ်လို့ ယူဆသင့်သလား။ ဒီလိုယူဆရင် ပညာမဲ့ရာကျတယ်။

ဥပမာ၊ “ကပ်ရောဂါများ၊ အစာခေါင်းပါးခြင်းများ” အကြောင်း ယေရှုကြိုဟောခဲ့တာကို သုံးသပ်ကြည့်ပါ။ (လု. ၂၁:၁၁) ပထမအချက်အနေနဲ့ နေရာဒေသအားလုံးမှာ ဒီအရာတွေ တစ်ချိန်တည်း၊ တစ်ပုံစံတည်းဖြစ်လာမယ်လို့ ကိုယ်တော်မပြောခဲ့ဘူး။ အဲဒီအစား “တစ်နေရာပြီး တစ်နေရာ၌ဖြစ်လိမ့်မည်” လို့ပြောခဲ့တယ်။ ဒါကြောင့် နေရာအားလုံးမှာ ဒီအဖြစ်အပျက်တွေ တစ်ပြိုင်တည်းဖြစ်မယ်လို့ မမျှော်လင့်နိုင်ဘူး။ ဒုတိယအချက်အနေနဲ့ အစာခေါင်းပါးခြင်းအကြောင်း ပြောပြီးတဲ့နောက်မှာ ‘အစားအသောက်လွန်ကြူးခြင်းနှင့် ဘဝ၏စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံးပင်ပန်းလျက်’ မနေဖို့လည်း ယေရှုသတိပေးခဲ့တယ်။ (လု. ၂၁:၃၄) ဒါကြောင့် နိမိတ်မှာပါတဲ့အချက်တိုင်းကို ကိုယ်တိုင်ကြုံတွေ့ရဖို့ ခရစ်ယာန်တွေ မမျှော်လင့်သင့်ဘူး။ အဲဒီအစား ယေရှု ဒီလိုပြောခဲ့တယ်– “ထိုအခြင်းအရာများ ဖြစ်ပျက်သည်ကို သင်တို့မြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော် နီးပြီဖြစ်ကြောင်း သိမှတ်ကြလော့။” (လု. ၂၁:၃၁) ကိုယ့်ဒေသမှာမဖြစ်ပေမဲ့ ခေတ်မီဆက်သွယ်ရေးစနစ်ကြောင့် ဒီနိမိတ်အားလုံးပြည့်စုံနေတာကို မြင်နေရတယ်။

ကြီးစွာသောဒုက္ခစတင်မယ့် “နေ့ရက်နှင့်အချိန်နာရီ” ကို ယေဟောဝါသတ်မှတ်ပြီးသားဖြစ်တယ်ဆိုတာကိုလည်း သတိရပါ။ (မ. ၂၄:၃၆) ဘယ်ကမ္ဘာ့အဖြစ်အပျက်တွေကမှ အဲဒီအချိန်ကို မပြောင်းလဲနိုင်ဘူး။

နေရာတိုင်းမှာရှိတဲ့ခရစ်ယာန်တွေကို “အသင့်ရှိနေကြလော့” လို့ ယေရှု သတိပေးခဲ့တယ်။ (မ. ၂၄:၄၄) ကျွန်ုပ်တို့က အမြဲအသင့်ရှိနေသင့်တယ်။ အသင်းတော်လုပ်ငန်းမှာ ကျွန်ုပ်တို့ တစ်ချိန်လုံး မပါဝင်နိုင်တာတော့မှန်ပါတယ်။ ဒါ့အပြင် ကြီးစွာသောဒုက္ခစတင်ချိန်မှာ ကျွန်ုပ်တို့ ဘာလုပ်နေမယ်ဆိုတာကိုလည်း မသိနိုင်ဘူး။ တချို့က လုပ်ငန်းခွင်မှာရှိနေပြီး တချို့က အိမ်အလုပ်လုပ်နေတာ ဖြစ်နိုင်တယ်။ (မ. ၂၄: ၄၀၊ ၄၁) ဒါကြောင့် ကျွန်ုပ်တို့ အသင့်ရှိနေကြောင်း ဘယ်လိုပြသနိုင်သလဲ။

အီမန်နူဝယ်၊ ဗစ်တိုရင်းနဲ့ သမီးခြောက်ယောက်တို့ဟာ နောက်ဆုံးကာလမှာဖြစ်ပျက်တဲ့နိမိတ်တွေအားလုံးကို မကြုံတွေ့ရတဲ့ အာဖရိကတစ်နေရာမှာ နေထိုင်ကြတယ်။ ဒါကြောင့် အသင့်ရှိနေချင်တဲ့အတွက် နေ့တိုင်းကျမ်းစာဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အီမန်နူဝယ် ဒီလိုပြောပြတယ်– “အားလုံးအတွက် အဆင်ပြေမယ့်အချိန်ကိုညှိရတာ ခက်တယ်။ နောက်ဆုံးတော့ နံနက်ခြောက်နာရီကနေ ခြောက်နာရီခွဲအထိ ဆွေးနွေးဖို့ သတ်မှတ်လိုက်တယ်။ နေ့စဉ်ကျမ်းချက်ဖတ်ပြီးတဲ့နောက်မှာ အဲဒီအပတ် အသင်းတော်မှာလေ့လာမယ့်အကြောင်းအရာထဲက စာပိုဒ်အနည်းငယ် ပြင်ဆင်ကြတယ်။” ဒီလိုလုပ်တာက သူတို့ကို နိုးနိုးကြားကြား ရှိစေသလား။ ရှိစေပါတယ်။ အီမန်နူဝယ်က အသင်းတော်အကြီးအကဲအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးဖြစ်နေတယ်။ ဗစ်တိုရင်းက မကြာမကြာအရန်ရှေ့ဆောင်လုပ်ပြီး လူများစွာ အမှန်တရားသိလာအောင် ကူညီပေးတယ်။ သမီးတွေကလည်း အသင်းတော်မှာ တက်တက်ကြွကြွ ပါဝင်နေတယ်။

ယေရှုက “စောင့်နေကြလော့။ နိုးကြားလျက်နေကြလော့” လို့ တိုက်တွန်းတယ်။ (မာ. ၁၃:၃၃) ဘယ်အရာကြောင့်မှ အာရုံမလွဲစေဘဲ ဆက်နိုးကြားလျက်နေပါ။ အာရီးရယ်လုပ်သလို အသင်းတော်အစည်းအဝေးအပါအဝင် အဖွဲ့အစည်းရဲ့ပြင်ဆင်ပေးချက်တွေကနေရရှိတဲ့ သွန်သင်ချက်တွေကို လိုက်နာပါ။ အီမန်နူဝယ်မိသားစုလို အသင့်ရှိနေကြောင်းနဲ့ “စောင့်နေ” ကြောင်း ဖော်ပြတဲ့လုပ်ရပ်တစ်ခုခုကို နေ့တိုင်းလုပ်ဆောင်ဖို့ ကြိုးစားပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ယေဟောဝါရှေ့ မှန်ရာကိုပြုလုပ်ဖို့ ကြိုးစားတိုက်လှန်နေတဲ့ ခရစ်ယာန်လူငယ်တစ်ဦးအကြောင်း ခေတ်သစ်ဇာတ်လမ်းဖြစ်။

[စာမျက်နှာ ၄ ပါရုပ်ပုံ]

အီမန်နူဝယ်မိသားစုဟာ နေ့တိုင်း ကျမ်းစာဆွေးနွေးခြင်းအားဖြင့် “အသင့်ရှိနေကြ”