မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အပန်းဖြေမှုက အကျိုးပြုသလား

သင့်အပန်းဖြေမှုက အကျိုးပြုသလား

သင့်အပန်းဖြေမှုက အကျိုးပြုသလား

“သခင်လက်ခံနိုင်ဖွယ်သောအရာသည် အဘယ်အရာ ဖြစ်ကြောင်းကို ဆန်းစစ်လျက်နေကြလော့။” —ဧ. ၅:၁၀

၁၊ ၂။ (က) ယေဟောဝါက ကျွန်ုပ်တို့အသက်တာကို ပျော်ရွှင်စေလိုကြောင်း သမ္မာကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ။ (ခ) အပန်းဖြေအနားယူတဲ့အချိန်ကို ဘုရားသခင်ပေးတဲ့ဆုလက်ဆောင်အဖြစ် ယူမှတ်ခြင်းက ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ လှုံ့ဆော်ပေးမလဲ။

ယေဟောဝါက ကျွန်ုပ်တို့ကို အသက်ရှင်စေရုံသာမက အသက်တာကိုပျော်မွေ့စေလိုကြောင်း သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတာကို တွေ့ရတယ်။ ဥပမာ၊ ဆာလံ ၁၀၄:၁၄၊ ၁၅ မှာ ယေဟောဝါက ‘လူသုံးဖို့စပါးပင်ကို ပေါက်စေတော်မူသဖြင့် မြေကြီးထဲကမုန့်ကို ထုတ်ဖော်တော်မူ၏။ စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း သူတို့နှလုံးကိုထောက်မ၏’ လို့ ဖော်ပြထားတယ်။ ယေဟောဝါက ကျွန်ုပ်တို့အသက်ဆက်ရှင်သန်ဖို့အတွက် မြေကြီးထဲကနေ အသီးအနှံပင်တွေ ပေါက်စေခြင်းအားဖြင့် စပါး၊ ဆီနဲ့ စပျစ်ရည် ဒါမှမဟုတ် ဝိုင်တို့ကို ရရှိစေတယ်။ ဝိုင်က မရှိမဖြစ်လိုအပ်တဲ့အရာ မဟုတ်ပေမဲ့ လူကို “ရွှင်လန်း” စေတယ်။ ဒါက အသက်ဆက်ရှင်စေရုံလောက်သာမကဘဲ အသက်တာကို ပျော်မွေ့စေတယ်။ (ဒေ. ၉:၇; ၁၀:၁၉) အမှန်ပါပဲ၊ ယေဟောဝါက ကျွန်ုပ်တို့ကို ရွှင်လန်းစေလိုပြီး “စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံစေ” လိုတယ်။—တ. ၁၄:၁၆၊ ၁၇

ဒါကြောင့် “မိုးကောင်းကင်ငှက်များ” နဲ့ “တောနှင်းပင်တို့” ကိုလေ့လာကြည့်ရှုဖို့ အချိန်ယူတာ ဒါမှမဟုတ် ကျွန်ုပ်တို့ကို လန်းဆန်းစေ၊ ပျော်ရွှင်စေတဲ့လုပ်ဆောင်မှုတွေမှာပါဝင်တာကို အပြစ်ရှိတယ်လို့ မခံစားသင့်ဘူး။ (မ. ၆:၂၆၊ ၂၈; ဆာ. ၈:၃၊ ၄) ကျန်းမာပျော်ရွှင်တဲ့အသက်တာက “ဘုရားသခင်ပေးသနားတော်မူသော ဆုကျေးဇူး” ဖြစ်တယ်။ (ဒေ. ၃:၁၂၊ ၁၃ခမ) အပန်းဖြေအနားယူတဲ့အချိန်ကို ဘုရားသခင်ပေးတဲ့ဆုလက်ဆောင်အဖြစ် ယူမှတ်ခြင်းက အဲဒီဆုကို ဘုရားသခင်နှစ်သက်တဲ့နည်းအတိုင်း အသုံးပြုစေပါလိမ့်မယ်။

အမျိုးမျိုးရှိ၊ အကန့်အသတ်ရှိ

၃။ အပန်းဖြေမှုရွေးချယ်ရာမှာ ဘာကြောင့် တစ်ယောက်နဲ့တစ်ယောက်မတူကြတာလဲ။

အပန်းဖြေမှုအပေါ် မျှတတဲ့အမြင်ရှိသူတွေက အပန်းဖြေမှုကို မိမိတို့စိတ်ကြိုက်ရွေးချယ်ခွင့်ရှိကြောင်းနဲ့ ရွေးချယ်ရာမှာ ကန့်သတ်ချက်ထားဖို့လိုကြောင်း နားလည်ထားကြတယ်။ ဘာကြောင့် အမျိုးမျိုးရွေးချယ်ကြတာလဲ။ အဖြေရဖို့ အပန်းဖြေမှုကို အစားအစာနဲ့ နှိုင်းယှဉ်ကြည့်ကြစို့။ ကမ္ဘာ့ဒေသအသီးသီးက လူတွေဟာ အစားအစာအမျိုးမျိုးကို နှစ်သက်ကြတယ်။ ဒေသတစ်ခုကလူတွေ ခံတွင်းတွေ့တဲ့အစားအစာကို နောက်ဒေသတစ်ခုကလူတွေ ကြိုက်ချင်မှကြိုက်မယ်။ အလားတူပဲ ဒေသတစ်ခုက ခရစ်ယာန်တွေနှစ်သက်တဲ့ အပန်းဖြေမှုတစ်ခုကို နောက်ဒေသတစ်ခုကခရစ်ယာန်တွေ ကြိုက်ချင်မှကြိုက်မယ်။ တစ်နေရာတည်းမှာ နေထိုင်တဲ့သူတွေတောင်မှ အကြိုက်ချင်းမတူကြဘူး။ တစ်ယောက်က စာအုပ်ကောင်းတစ်အုပ်ဖတ်ရတာကို အပန်းဖြေတယ်လို့ ယူမှတ်ပေမဲ့ နောက်တစ်ယောက်က ပျင်းစရာကောင်းတယ်လို့ ယူမှတ်နိုင်တယ်။ တစ်ယောက်က စက်ဘီးစီးပြီး ရှုခင်းတွေလိုက်ကြည့်တာက လန်းဆန်းစေတယ်လို့ ယူမှတ်ပေမဲ့ နောက်တစ်ယောက်က ဒါကို ပင်ပန်းတဲ့အလုပ်လို့ ယူမှတ်နိုင်တယ်။ ဒါပေမဲ့ လူတစ်ကိုယ်အကြိုက်တစ်မျိုးစီဖြစ်တဲ့အတွက် အစားအစာ၊ အပန်းဖြေမှုက လူတစ်ဦးစီရဲ့အကြိုက်ပေါ်မှာ မူတည်တယ်လို့ ကျွန်ုပ်တို့လက်ခံထားကြတယ်။—ရော. ၁၄:၂-၄

၄။ ကျွန်ုပ်တို့ရွေးချယ်တဲ့အပန်းဖြေမှုကို ဘာကြောင့် ကန့်သတ်ထားဖို့လိုသလဲ။ ဥပမာပေးပါ။

အပန်းဖြေမှုကို ကိုယ်ကြိုက်ရာ ရွေးချယ်ခွင့်ရှိပေမဲ့ ကိုယ့်သဘောအတိုင်း အားလုံးစိတ်ကြိုက် လုပ်လို့ရတယ်လို့ ဆိုလိုတာမဟုတ်ဘူး။ အစားအစာဥပမာကိုပဲ ပြန်စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့က အစားအစာအမျိုးမျိုးကိုစားချင်ပေမဲ့ ပုပ်သိုးနေတဲ့အစားအစာကိုတော့ တမင်တကာစားမှာမဟုတ်ဘူး။ ပုပ်နေတာကိုစားတာက ပုံမှန်အသိဉာဏ်မရှိတာနဲ့တူသလို ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်။ အလားတူပဲ ကျွန်ုပ်တို့က အကျိုးပြုတဲ့အပန်းဖြေမှုအမျိုးမျိုးကို နှစ်သက်မှာဖြစ်ပေမဲ့ အသက်အန္တရာယ်ရှိတဲ့၊ အကြမ်းဖက်တဲ့၊ ကိုယ်ကျင့်တရားပျက်ပြားတဲ့အရာတွေနဲ့ အပန်းဖြေမှာတော့မဟုတ်ဘူး။ ဒီအပန်းဖြေမှုတွေက သမ္မာကျမ်းစာမူနဲ့ဆန့်ကျင်တဲ့အပြင် ကျွန်ုပ်တို့ရဲ့ကျန်းမာရေးကိုထိခိုက်နိုင်ပြီး ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကိုလည်း ပျက်စီးစေနိုင်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ရွေးချယ်တဲ့အပန်းဖြေမှုကို ကန့်သတ်ထားရမယ်။ ကျွန်ုပ်တို့ ဘယ်လိုအပန်းဖြေချင်တယ်ဆိုတာကို သေချာသိအောင်လုပ်ပြီးနောက် ကျွန်ုပ်တို့ကို အကျိုးပြုမယ့်၊ ဘုရားသခင်နှစ်သက်မယ့်အပန်းဖြေမှုကို ရွေးချယ်မှာဖြစ်တယ်။ (ဧ. ၅:၁၀) ဘယ်လိုရွေးချယ်ကြမလဲ။

၅။ ကျွန်ုပ်တို့ရွေးချယ်တဲ့အပန်းဖြေမှုက ကျမ်းစာစံနှုန်းတွေနဲ့ ကိုက်ညီသလားဆိုတာ ဘယ်လိုသိနိုင်သလဲ။

ကျွန်ုပ်တို့ကို အကျိုးပြုပြီး ယေဟောဝါနှစ်သက်တဲ့အပန်းဖြေမှုမျိုးဖြစ်ဖို့ သမ္မာကျမ်းစာမှာဖော်ပြထားတဲ့စံနှုန်းတွေနဲ့ ကိုက်ညီရမှာဖြစ်တယ်။ (ဆာ. ၈၆:၁၁) သင်အပန်းဖြေမှုရွေးချယ်ရာမှာ အထောက်အကူဖြစ်စေဖို့ ရိုးရှင်းတဲ့မေးခွန်းသုံးခု မေးနိုင်ပါတယ်။ ဘာတွေပါဝင်သလဲ၊ အချိန်ဘယ်လောက်သုံးမလဲ၊ ဘယ်သူတွေနဲ့လဲ ဆိုတဲ့မေးခွန်းတွေဖြစ်တယ်။ မေးခွန်းတစ်ခုစီကို သုံးသပ်ကြည့်ကြစို့။

ဘာတွေပါဝင်သလဲ

၆။ ဘယ်လိုဖျော်ဖြေရေးတွေကို ရှောင်သင့်သလဲ။ ဘာကြောင့်လဲ။

ဖျော်ဖြေမှုတစ်ခုကို မရွေးချယ်ခင် ကိုယ့်ကိုယ်ကိုယ်မေးရမယ့် ဦးဆုံးမေးခွန်းက ဘာတွေပါဝင်သလဲ ဖြစ်တယ်၊ ဒါက ‘ငါနှစ်သက်တဲ့အပန်းဖြေမှုက ဘာအမျိုးအစားလဲ’ ဆိုတဲ့မေးခွန်းဖြစ်တယ်။ အဖြေရဖို့ အခြေခံအားဖြင့် အပန်းဖြေမှု နှစ်မျိုးရှိတယ်ဆိုတာ သတိရပါ။ ပထမတစ်မျိုးကတော့ လုံးလုံးရှောင်ရမယ့်အရာဖြစ်ပြီး ဒုတိယတစ်မျိုးက သင်ကိုယ်တိုင် သေချာဆန်းစစ်ပြီး ရွေးချယ်ရမယ့်အရာဖြစ်တယ်။ ပထမအမျိုးအစားထဲမှာ ဘာတွေပါဝင်သလဲ။ ဒီဆိုးညစ်တဲ့လောကမှာ ဖျော်ဖြေရေးအများစုက သမ္မာကျမ်းစာမူတွေကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်တဲ့အရာ ဒါမှမဟုတ် ဘုရားသခင့်ပညတ်တွေကို ချိုးဖောက်တဲ့လုပ်ရပ်တွေဖြစ်တယ်။ (၁ ယော. ၅:၁၉) ခရစ်ယာန်စစ်တွေက ဒီလိုဖျော်ဖြေရေးတွေကို လုံးဝမရွေးချယ်ကြဘူး။ ဒီဖျော်ဖြေရေးထဲမှာ ရက်စက်တဲ့လုပ်ရပ်တွေကိုကြည့်ပြီး အရသာခံတာ၊ ဝိညာဉ်ဆိုးတွေနဲ့ပတ်သက်တာ၊ လိင်တူမေထုန်၊ ညစ်ညမ်းရုပ်ပုံစာပေနဲ့ ကြမ်းတမ်းရမ်းကားမှုတွေ ဒါမှမဟုတ် ယုတ်ညံ့တဲ့အရာ၊ လိင်အကျင့်ပျက်တဲ့အရာတွေကို အမွှမ်းတင်ထားတာတွေ ပါဝင်တယ်။ (၁ ကော. ၆:၉၊ ၁၀; ဗျာ. ၂၁:၈ ကိုဖတ်ပါ။) တစ်ဦးတည်းရှိနေချိန်ဖြစ်စေ၊ တခြားသူတွေနဲ့အတူ ရှိနေချိန်ဖြစ်စေ ဒီဖျော်ဖြေရေးတွေကို ရှောင်ကြဉ်ခြင်းအားဖြင့် ကျွန်ုပ်တို့က “ဆိုးညစ်သောအရာကို စက်ဆုပ်ရွံရှာ” ကြောင်း ယေဟောဝါကို ဖော်ပြနေခြင်းဖြစ်တယ်။—ရော. ၁၂:၉; ၁ ယော. ၁:၅၊ ၆

၇၊ ၈။ အပန်းဖြေမှုတစ်ခုနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ ဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလဲ။ ဥပမာပေးပါ။

ဒုတိယအမျိုးအစား အပန်းဖြေမှုမှာပါ၀င်တဲ့အရာတွေက သမ္မာကျမ်းစာမှာ တိတိကျကျတားမြစ်ထားတဲ့အရာတွေတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအမျိုးအစားကို မရွေးချယ်ခင် ဒါက အမှားအမှန်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့အမြင်နဲ့ မဆန့်ကျင်ကြောင်း၊ ကျမ်းစာမူနဲ့မဆန့်ကျင်ကြောင်း သေချာစေသင့်တယ်။ (သု. ၄:၁၀၊ ၁၁) အဲဒီနောက် ကျွန်ုပ်တို့ရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို မထိခိုက်စေတဲ့ ဆုံးဖြတ်ချက်မျိုး ချဖို့လိုတယ်။ (ဂလ. ၆:၅; ၁ တိ. ၁:၁၉) ကျွန်ုပ်တို့ ဘယ်လိုလုပ်နိုင်သလဲ။ ဒီအချက်ကို စဉ်းစားကြည့်ပါ– တစ်ခါမှမစားဖူးတဲ့ဟင်းကို မမြည်းကြည့်ခင် ဒီဟင်းကို ဘာနဲ့ချက်ထားတာလဲလို့ မေးမှာပဲ။ အလားတူပဲ အပန်းဖြေမှုတစ်ခုကို မရွေးခင် ဒီအပန်းဖြေမှုမှာ အဓိကအသားပေးတဲ့အချက်က ဘာလဲဆိုတာ ဆန်းစစ်ဖို့လိုတယ်။—ဧ. ၅:၁၇

ဥပမာ၊ သင်က အားကစားကို ကြိုက်နှစ်သက်နိုင်တယ်။ တခြားသူတွေလည်း ကြိုက်နှစ်သက်ကြတယ်။ အားကစားက ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစေတယ်။ ဒါပေမဲ့ သင်နှစ်သက်တဲ့အားကစားတစ်ခုက အပြိုင်အဆိုင်စိတ်ဓာတ်ပြင်းထန်တယ်၊ အသက်အန္တရာယ်ရှိတယ်၊ ထိခိုက်ဒဏ်ရာရစေနိုင်တယ်၊ အမျိုးသားရေးစိတ်ဓာတ် ပါဝင်ပတ်သက်တယ်ဆိုရင်ကော။ ဒီအားကစားမှာ ပါဝင်ပတ်သက်တဲ့အချက်တွေကို စဉ်းစားသုံးသပ်ပြီးတဲ့နောက် ဒီအပန်းဖြေမှုမျိုးက ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ မကိုက်ညီဘူး၊ ကျွန်ုပ်တို့ဟောပြောနေတဲ့ ငြိမ်သက်ခြင်း၊ ချစ်ခြင်းမေတ္တာ သတင်းတရားနဲ့ မကိုက်ညီဘူးလို့ သင် ဆုံးဖြတ်ကောင်းဆုံးဖြတ်ပါလိမ့်မယ်။ (ဟေရှာ. ၆၁:၁; ဂလ. ၅:၁၉-၂၁) ဒါပေမဲ့ အပန်းဖြေမှုတစ်ခုက ယေဟောဝါချမှတ်ထားတဲ့မူတွေနဲ့ ကိုက်ညီတယ်ဆိုရင် ဒါက သင့်ကို အကျိုးပြုပြီး လန်းဆန်းစေပါလိမ့်မယ်။—ဂလ. ၅:၂၂၊ ၂၃; ဖိလိပ္ပိ ၄:၈ ကိုဖတ်ပါ။

အချိန်ဘယ်လောက် သုံးမလဲ

၉။ ‘အပန်းဖြေဖို့ အချိန်ဘယ်လောက်သုံးမလဲ’ ဆိုတဲ့မေးခွန်းရဲ့အဖြေက ဘာကိုဖော်ပြသလဲ။

မိမိကိုယ်ကိုမေးသင့်တဲ့ ဒုတိယမေးခွန်းက အချိန်ဘယ်လောက်သုံးမလဲဖြစ်တယ်၊ ဒါက ‘အပန်းဖြေဖို့ ငါ အချိန်ဘယ်လောက်ယူမလဲ’ ဆိုတဲ့ မေးခွန်းဖြစ်တယ်။ ဘာတွေပါဝင်သလဲဆိုတဲ့ ပထမမေးခွန်းရဲ့အဖြေက ဘယ်အရာကိုလက်ခံမယ်၊ ဘယ်အရာကိုလက်မခံဘူးဆိုတဲ့ ကျွန်ုပ်တို့ရဲ့ သဘောထားကို ဖော်ပြတယ်။ ဒါပေမဲ့ အချိန်ဘယ်လောက်သုံးမလဲဆိုတဲ့ မေးခွန်းရဲ့အဖြေက ကျွန်ုပ်တို့ ဘယ်အရာကိုဦးစားထားတယ်၊ ဘယ်အရာကို ဦးစားမထားဘူးဆိုတာကို ဖော်ပြတယ်။ ဒါဆိုရင် အပန်းဖြေမှုကို ကျွန်ုပ်တို့ ဘယ်လောက်ဦးစားထားသလဲဆိုတာ သိနိုင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၀၊ ၁၁။ မဿဲ ၆:၃၃ မှာပါတဲ့ ယေရှုရဲ့စကားတွေက အပန်းဖြေမှုအတွက် အချိန်ဘယ်လောက်သုံးမယ်ဆိုတာ ဆုံးဖြတ်ဖို့ ဘယ်လိုအကူအညီပေးသလဲ။

၁၀ ယေရှုခရစ် ဒီလိုပြောခဲ့တယ်– “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။” (မာ. ၁၂:၃၀) ဒါကြောင့် ယေဟောဝါကိုချစ်တာက ကျွန်ုပ်တို့ဘဝရဲ့ ပထမဦးစားပေးဖြစ်တယ်။ ဒါကို ယေရှုရဲ့ဒီစကားကို လိုက်လျှောက်ခြင်းအားဖြင့် တင်ပြကြတယ်– “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်။” (မ. ၆:၃၃) ဒီစကားတွေက အပန်းဖြေမှုကို ကျွန်ုပ်တို့ ဘယ်လောက်အလေးထားသင့်သလဲ၊ ဒီအတွက် အချိန်ဘယ်လောက်ပေးသင့်သလဲဆိုတာ သတ်မှတ်ဖို့ ကူညီပေးတယ်။

၁၁ ဒီကျမ်းချက်ကို အသေးစိတ်သုံးသပ်ကြည့်ပါ– ယေရှုက ‘ဘုရားသခင်၏နိုင်ငံတော်ကို ဦးစွာရှာလျက်နေကြလော့’ လို့တိုက်တွန်းခဲ့တယ်။ ‘ဘုရားသခင်၏နိုင်ငံတော် တစ်ခုတည်းကိုသာ ရှာပါ’ လို့ ကိုယ်တော်မပြောခဲ့ဘူး။ ကျွန်ုပ်တို့ဘဝမှာ ဘုရားသခင့်နိုင်ငံတော်အပြင် တခြားအရာများစွာကို ရှာဖို့လိုတယ်ဆိုတာ ယေရှုသိတယ်။ စားဝတ်နေရေး၊ အခြေခံပညာရေး၊ အလုပ်အကိုင်၊ အပန်းဖြေမှုနဲ့ တခြားအရာတွေကို ရှာဖို့လိုတယ်။ ဒါပေမဲ့ ဒီအရာတွေအားလုံးထဲမှာ ကျွန်ုပ်တို့ ဦးစားထားရမယ့်တစ်ခုတည်းသောအရာက ဘုရားသခင့်နိုင်ငံတော်ဖြစ်တယ်။ (၁ ကော. ၇:၂၉-၃၁) ဘယ်အရာကို ဦးစားထားရမယ်ဆိုတာ သိထားတဲ့အတွက် အပန်းဖြေမှုအပါအဝင် တခြားလုပ်ဆောင်စရာတွေကို ဒုတိယနေရာမှာထားပြီး ဘုရားသခင့်နိုင်ငံတော်ကို ပထမနေရာမှာထားမှာဖြစ်တယ်။ ဒီလိုလုပ်မယ်ဆိုရင် အပန်းဖြေမှုကနေ အကျိုးခံစားရပါလိမ့်မယ်။

၁၂။ အပန်းဖြေမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရာမှာ လုကာ ၁၄:၂၈ မှာပါတဲ့မူက ဘယ်လိုကူညီပေးနိုင်သလဲ။

၁၂ အပန်းဖြေမှုအတွက် အချိန်ပေးတော့မယ်ဆိုရင် “အကုန်အကျ” ကို အသေအချာစဉ်းစားဖို့လိုတယ်။ (လု. ၁၄:၂၈) အပန်းဖြေမှုတစ်ခုအတွက် အချိန်ဘယ်လောက်သုံးမယ်ဆိုတာ သတ်မှတ်ထားဖို့လိုတယ်။ ပြီးတဲ့နောက် အချိန်ဒီလောက်သုံးသင့်သလား ဆိုတာကိုလည်း ထည့်စဉ်းစားရမယ်။ ကိုယ်ပိုင်ကျမ်းစာလေ့လာမှု၊ မိသားစုဝတ်ပြုမှု၊ အစည်းအဝေးတက်တာ၊ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တာစတဲ့ အရေးကြီးတဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်တဲ့အထိ အပန်းဖြေမှုအတွက် အချိန်မပေးသင့်ဘူး။ (မာ. ၈:၃၆) ဒါပေမဲ့ ဘုရားသခင့်လုပ်ငန်းတော်မှာ ဆက်ပါဝင်ဖို့ ခွန်အားရှိစေတယ်ဆိုရင် ဒီအပန်းဖြေမှုအတွက်သုံးတဲ့အချိန်က အကျိုးရှိတယ်လို့ သတ်မှတ်နိုင်တယ်။

ဘယ်သူတွေနဲ့လဲ

၁၃။ ဘယ်သူတွေနဲ့အပန်းဖြေမယ်ဆိုတာ ဘာကြောင့် အသေအချာစဉ်းစားသင့်သလဲ။

၁၃ မိမိကိုယ်ကိုမေးရမယ့် တတိယမေးခွန်းက ဘယ်သူတွေနဲ့လဲ ဖြစ်တယ်၊ ဒါက ‘ငါ ဘယ်သူတွေနဲ့အတူ အပန်းဖြေချင်သလဲ’ ဆိုတဲ့ မေးခွန်းဖြစ်တယ်။ အပန်းဖြေခြင်းနဲ့ပတ်သက်ပြီး ဒီအချက်ကိုထည့်စဉ်းစားဖို့ အရေးကြီးတယ်။ အကြောင်းကတော့ ကျွန်ုပ်တို့ရဲ့အပေါင်းအသင်းတွေက အပန်းဖြေမှုရွေးချယ်ခြင်းအပေါ် များစွာအကျိုးသက်ရောက်လို့ပဲ။ မိတ်ဆွေကောင်းတွေနဲ့အတူ စားသောက်ရတာက ပိုပျော်ရွှင်စေသလို အပေါင်းအသင်းကောင်းတွေနဲ့အတူ အပန်းဖြေရတာက ပိုပြီးပျော်စရာကောင်းလေ့ရှိတယ်။ ဒါကြောင့် ကျွန်ုပ်တို့အများစု၊ အထူးသဖြင့် လူငယ်တွေက တခြားသူတွေနဲ့အတူ အပန်းဖြေရတာကို နှစ်သက်ကြတယ်။ ဒါပေမဲ့ အကျိုးပြုတဲ့အပန်းဖြေမှုဖြစ်ဖို့ ဘယ်လိုလူတွေကို အပေါင်းအသင်းအဖြစ်ရွေးချယ်မယ်၊ ဘယ်လိုလူတွေကိုရှောင်မယ်ဆိုတာ ကြိုတင်ဆုံးဖြတ်ဖို့လိုတယ်။—၆ ရာ. ၁၉:၂; သု. ၁၃:၂၀ ကိုဖတ်ပါ; ယာ. ၄:၄

၁၄၊ ၁၅။ (က) မိတ်ဆွေကောင်းရွေးချယ်ရာမှာ ဘယ်ပုံသက်သေကို ယေရှုချမှတ်ခဲ့သလဲ။ (ခ) အပေါင်းအသင်းနဲ့ပတ်သက်ပြီး မိမိကိုယ်ကို ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

၁၄ အပေါင်းအသင်းရွေးချယ်ရာမှာ ယေရှုရဲ့ပုံသက်သေကိုလိုက်လျှောက်မယ်ဆိုရင် အထောက်အကူများစွာရပါလိမ့်မယ်။ ဖန်ဆင်းချိန်ကစပြီး ယေရှုဟာ လူသားတွေကို ချစ်မြတ်နိုးခဲ့တယ်။ (သု. ၈:၃၁) ကိုယ်တော် မြေကြီးပေါ်ရှိနေချိန်မှာ လူတန်းစားမျိုးစုံကို မေတ္တာပါပါ ထောက်ထားစာနာမှုပြခဲ့တယ်။ (မ. ၁၅:၂၉-၃၇) ဒါပေမဲ့ ဖော်ရွေမှုပြတာနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းတာ မတူဘူးဆိုတာ ယေရှုသိတယ်။ လူတွေကို ဖော်ရွေမှုပြခဲ့ပေမဲ့ သတ်သတ်မှတ်မှတ်တောင်းဆိုချက်တွေ ပြည့်မီသူတွေကိုသာ ရင်းနှီးတဲ့မိတ်ဆွေတွေအဖြစ် ကိုယ်တော်ပေါင်းသင်းခဲ့တယ်။ တည်ကြည်တဲ့တမန်တော် ၁၁ ယောက်ကို ယေရှု ဒီလိုပြောခဲ့တယ်– “သင်တို့သည် ငါပညတ်သောအရာများကို ကျင့်ကြံလျှင် ငါ၏မိတ်ဆွေဖြစ်ကြ၏။” (ယော. ၁၅:၁၄; ယောဟန် ၁၃:၂၇၊ ၃၀ ကိုလည်းကြည့်ပါ။) ယေရှုက မိမိနောက်လိုက်ပြီး ယေဟောဝါရဲ့ အမှုတော်ကိုဆောင်တဲ့သူတွေကိုသာ ရင်းနှီးတဲ့မိတ်ဆွေအဖြစ် သတ်မှတ်ခဲ့တယ်။

၁၅ ဒါကြောင့် တစ်ယောက်ယောက်ကို သင့်ရဲ့ရင်းနှီးတဲ့မိတ်ဆွေအဖြစ် ပေါင်းသင့်၊ မသင့် ဆုံးဖြတ်ရာမှာ ယေရှုရဲ့စကားတွေကို စိတ်စွဲမှတ်ထားခြင်းက ပညာရှိရာရောက်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေမေးပါ– ‘ဒီလူရဲ့အပြောအဆို၊ အပြုအမူက ယေဟောဝါနဲ့ ယေရှုရဲ့ပညတ်တွေကို လိုက်လျှောက်နေကြောင်း ဖော်ပြသလား။ သူ့မှာ ငါ့လို ကျမ်းစာအခြေခံစံနှုန်းတွေ၊ ကိုယ်ကျင့်တရားစံနှုန်းတွေရှိသလား။ သူနဲ့ပေါင်းသင်းခြင်းက ငါ့ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ပထမနေရာထားဖို့နဲ့ ယေဟောဝါရဲ့တည်ကြည်တဲ့ကျေးကျွန်တစ်ဦးဖြစ်ဖို့ ထောက်ကူပေးမလား။’ ဒီမေးခွန်းတွေကို ဟုတ်ပါတယ်လို့ ဖြေနိုင်တယ်ဆိုရင် သင်နဲ့အတူ အပန်းဖြေနိုင်တဲ့ မိတ်ဆွေကောင်းကို တွေ့ပြီဖြစ်တယ်။—ဆာလံ ၁၁၉:၆၃ ကိုဖတ်ပါ; ၂ ကော. ၆:၁၄; ၂ တိ. ၂:၂၂

ဆုံးဖြတ်ချက်ကောင်းချပါ

၁၆။ အပန်းဖြေမှုနဲ့ပတ်သက်ပြီး ဘယ်အချက်တွေကို စဉ်းစားသုံးသပ်ဖို့လိုသလဲ။

၁၆ အပန်းဖြေမှုနဲ့ပတ်သက်ပြီး အမျိုးအစား၊ အချိန်ပမာဏ၊ အပေါင်းအသင်း စတဲ့အချက်သုံးချက်ကို အတိုချုပ်ဆွေးနွေးခဲ့ကြပြီ။ အပန်းဖြေမှုကနေ အကျိုးခံစားရဖို့ ဒီအချက်တစ်ချက်စီက ကျမ်းစာစံနှုန်းတွေနဲ့ ကိုက်ညီဖို့လိုတယ်။ ဒါကြောင့် အပန်းဖြေမှုတစ်မျိုးမျိုးမှာ မပါဝင်ခင် သင့်တော်မတော်ဆိုတာ စဉ်းစားဖို့လိုတယ်။ အမျိုးအစားနဲ့ပတ်သက်ပြီး ‘ဒီအပန်းဖြေမှုမှာ ဘာတွေပါဝင်သလဲ။ ဒါက အကျိုးပြုသလား၊ အကျိုးယုတ်သလား’ ဆိုတာ သိရမယ်။ (သု. ၄:၂၀-၂၇) အချိန်ပမာဏနဲ့ပတ်သက်ပြီး ‘အပန်းဖြေမှုအတွက် ငါအချိန်ဘယ်လောက်သုံးမလဲ။ ဒီအချိန်ပမာဏက သင့်တော်သလား၊ မသင့်တော်ဘူးလား’ ဆိုတာ သုံးသပ်ရမယ်။ (၁ တိ. ၄:၈) အပေါင်းအသင်းနဲ့ပတ်သက်ပြီး ‘ဘယ်သူတွေနဲ့အတူ အပန်းဖြေမလဲ။ ဒီအပေါင်းအသင်းတွေက ကောင်းသလား၊ ဆိုးသလား’ ဆိုတာ ပိုင်းဖြတ်ရမယ်။—ဒေ. ၉:၁၈; ၁ ကော. ၁၅:၃၃

၁၇၊ ၁၈။ (က) ကျွန်ုပ်တို့ရဲ့အပန်းဖြေမှုက ကျမ်းစာစံနှုန်းနဲ့ ကိုက်ညီမညီဆိုတာ ဘယ်လိုသိနိုင်သလဲ။ (ခ) အပန်းဖြေမှုရွေးချယ်ရာမှာ သင့်စိတ်ပိုင်းဖြတ်ချက်က ဘာလဲ။

၁၇ ဒီအချက်သုံးချက်ထဲက တစ်ချက်ချက်က ကျမ်းစာစံနှုန်းနဲ့မကိုက်ညီဘူးဆိုရင် ဒီအပန်းဖြေမှုက မသင့်တော်ဘူး။ ဒါပေမဲ့ ဒီအချက်သုံးချက်စလုံးက ကျမ်းစာစံနှုန်းနဲ့ကိုက်ညီတယ်ဆိုရင်တော့ ကျွန်ုပ်တို့ရဲ့အပန်းဖြေမှုက ယေဟောဝါကိုဂုဏ်တင်ပြီး ကျွန်ုပ်တို့ကိုလည်း အကျိုးပြုမှာဖြစ်တယ်။—ဆာ. ၁၁၉:၃၃-၃၅

၁၈ ဒါကြောင့် အပန်းဖြေမှုနဲ့ပတ်သက်လာရင် သင့်တော်တဲ့အမျိုးအစား၊ သင့်တော်တဲ့အချိန်၊ သင့်တော်တဲ့အပေါင်းအသင်းဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြစို့။ ‘သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဂုဏ်အတွက် အရာခပ်သိမ်းကို ပြု’ ပါဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာမယ်ဆိုတာက ကျွန်ုပ်တစ်ဦးစီရဲ့ဆန္ဒဖြစ်ပါစေ။—၁ ကော. ၁၀:၃၁

သင်ရှင်းပြနိုင်သလား

အပန်းဖြေမှုနဲ့ပတ်သက်ပြီး အောက်ပါကျမ်းချက်မှာပါတဲ့ မူတွေကို သင် ဘယ်လိုကျင့်သုံးနိုင်သလဲ–

ဖိလိပ္ပိ ၄:၈

မဿဲ ၆:၃၃

သု. ၁၃:၂၀

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဘာတွေပါဝင်သလဲ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အချိန် ဘယ်လောက် သုံးမလဲ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဘယ်သူတွေနဲ့လဲ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အပေါင်းအသင်းနဲ့ အပန်းဖြေမှုရွေးချယ်ရာမှာ ယေရှုရဲ့ပုံသက်သေကို ဘယ်လိုလိုက်လျှောက်နိုင်သလဲ