မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ

ဇနီးမောင်နှံအနေနဲ့ ဘုရားသခင့် စံနှုန်းတွေကို လိုက်လျှောက်ဖို့ ကြိုးစားပါ

ဇနီးမောင်နှံအနေနဲ့ ဘုရားသခင့် စံနှုန်းတွေကို လိုက်လျှောက်ဖို့ ကြိုးစားပါ

ဖရက်ဒရစ် *“လီယန်နဲ့ ကျွန်တော် လက်ထပ်ခါစမှာ ကျမ်းစာကို အတူတူလေ့လာဖို့ တိုက်တွန်းနေရတယ်။ လေ့လာနေတဲ့အချိန်မှာ သူ့ကို အာရုံစိုက်စေချင်တယ်။ ဒါပေမဲ့ သူကတော့ ငြိမ်ငြိမ်ကို မထိုင်ဘူး။ ကျွန်တော် မေးခွန်းမေးလိုက်တိုင်း ဟုတ်တယ်၊ မဟုတ်ဘူးလောက်ပဲ ပြန်ဖြေတယ်။ သူ့ရဲ့ဖြေပုံက ကျမ်းစာလေ့လာနေချိန်မှာ ဖြေရမယ့်ပုံမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။”

လီယန်– “ဖရက်ဒရစ်နဲ့ ကျွန်မ လက်ထပ်တုန်းက ကျွန်မအသက် ၁၈ နှစ်ပါ။ ကျွန်မတို့နှစ်ယောက် ကျမ်းစာအတူတူ ပုံမှန်လေ့လာကြတယ်။ ဒါပေမဲ့ လေ့လာနေတဲ့အခါတိုင်းမှာ ကျွန်မရဲ့အမှားတွေ၊ ဇနီးသည်တစ်ယောက်အနေနဲ့ တိုးတက်ဖို့လိုတဲ့ အချက်တွေကိုပဲ ထောက်ပြခဲ့တယ်။ ဒါကြောင့် ကျွန်မ စိတ်ပျက်ပြီး စိတ်ထိခိုက်ခဲ့ရတယ်။”

ဖရက်ဒရစ်နဲ့ လီယန်တို့ရဲ့ ဆက်ဆံရေးမှာ ဘာပြဿနာရှိနေမယ်လို့ သင်ထင်သလဲ။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ သူတို့နှစ်ယောက်စလုံး ဘုရားသခင်ကို ချစ်ကြတယ်။ ဒီအပြင် ကျမ်းစာကို အတူတကွ လေ့လာရမယ်ဆိုတာကိုလည်း သိထားကြတယ်။ ဒါပေမဲ့ သူတို့ကို စည်းလုံးစေမယ့်အရာက ဆန့်ကျင်နေပုံပေါက်တယ်။ ဇနီးမောင်နှံအနေနဲ့ ကျမ်းစာကို အတူလေ့လာပေမဲ့ ဘုရားသခင်ရဲ့ စံနှုန်းတွေကို လိုက်လျှောက်ဖို့ မကြိုးစားခဲ့ကြဘူး။

ဘုရားသခင့်စံနှုန်းကို လိုက်လျှောက်ပါဆိုတာ ဘာကိုပြောတာလဲ။ ဘုရားသခင့်စံနှုန်းတွေကို ဇနီးမောင်နှံတွေ ကြိုးစားလိုက်လျှောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ သူတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေက ဘာတွေလဲ။ အဲဒါတွေကို သူတို့ ဘယ်လိုကျော်လွှားနိုင်မလဲ။

ဘုရားသခင့်စံနှုန်းကို လိုက်လျှောက်ပါဆိုတာ ဘာကိုပြောတာလဲ

လူတွေရဲ့သဘောထားတချို့ကို ရှောင်ဖို့ ကျမ်းစာမှာ သတိပေးထားပါတယ်။ (ယုဒ ၁၈၊ ၁၉) ဥပမာ၊ ကျမ်းရေးသူ ပေါလုက ဘုရားသခင်နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့သူနဲ့ မရှိတဲ့သူစပ်ကြား မတူညီတဲ့သဘောထားကို ပေါ်လွင်အောင် ရေးခဲ့တယ်။ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမရှိတဲ့သူတွေဟာ သူတစ်ပါးထက် ကိုယ့်အတွက်ပဲ အာရုံစိုက်ကြတယ်လို့ ပေါလုဖော်ပြခဲ့တယ်။ ဘုရားသခင့်စံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ကြိုးစားမယ့်အစား သူတို့ မှန်တယ်လို့ထင်တဲ့အရာကိုပဲ ပြုလုပ်ကြတယ်။—၁ ကောရိန္သု ၂:၁၄; ဂလာတိ ၅:၁၉၊ ၂၀

ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့သူကတော့ ကိုယ်တော်ရဲ့ စံနှုန်းတွေကို တန်ဖိုးထားကြတယ်။ သူတို့က ယေဟောဝါဘုရားသခင်ကို မိတ်ဆွေအဖြစ် သဘောထားပြီး ကိုယ်တော်ရဲ့အရည်အသွေးတွေကို တုပဖို့ ကြိုးစားကြတယ်။ (ဧဖက် ၅:၁) ဒါကြောင့် သူတို့က သူတစ်ပါးကို မေတ္တာ၊ ကြင်နာမှု၊ နူးညံ့သိမ်မွေ့မှုနဲ့ ဆက်ဆံကြတယ်။ (ထွက်မြောက်ရာ ၃၄:၆) အဲဒီလိုလုပ်ဖို့ သူတို့စိတ်နဲ့မတွေ့ရင်တောင် ဘုရားသခင်ကို နာခံကြတယ်။ (ဆာလံ ၁၅:၁၊) အိမ်ထောင်သက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ကနေဒါနိုင်ငံက ဒယ်ရင် ဒီလိုပြောပြတယ်– “ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့သူဟာ ကိုယ့်ရဲ့အပြောအဆို၊ လုပ်ရပ်တွေက ဘုရားသခင်နဲ့ ရင်းနှီးမှုကို ဘယ်လိုထိခိုက်နိုင်မလဲဆိုပြီး အမြဲစဉ်းစားတတ်တယ်။” သူ့ဇနီးဖြစ်သူ ဂျိန်းကလည်း ဒီလိုထပ်ပြောပြတယ်– “ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ အမျိုးသမီးတစ်ဦးဟာ သန့်ရှင်းတဲ့စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကို နေ့စဉ်အသက်တာမှာ တင်ပြဖို့ ကြိုးစားတယ်။”—ဂလာတိ ၅:၂၂၊ ၂၃

ဘုရားသခင် နှစ်သက်တဲ့ သဘောထားကို မွေးမြူဖို့ အိမ်ထောင်ပြုစရာ မလိုပါဘူး။ ဘုရားသခင်အကြောင်း သင်ယူပြီး ကိုယ်တော့်ကို တုပဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ သမ္မာကျမ်းစာမှာ သွန်သင်ထားပါတယ်။—တမန်တော် ၁၇:၂၆၊ ၂၇

ဘုရားသခင့်စံနှုန်းတွေကို ဇနီးမောင်နှံတွေ ကြိုးစားလိုက်လျှောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ

ဘုရားသခင့်စံနှုန်းတွေကို ဇနီးမောင်နှံတွေ ဘာကြောင့် ကြိုးစားလိုက်လျှောက်သင့်သလဲ။ ဒီဥပမာကို သုံးသပ်ကြည့်ပါ– ဥယျာဉ်မှူးနှစ်ယောက်က သူတို့ပိုင်ဆိုင်တဲ့ မြေကွက်တစ်ကွက်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးချင်ကြတယ်။ တစ်ယောက်က အပင်တွေကို သူ့ရာသီနဲ့သူ စိုက်ပျိုးချင်ပေမဲ့ နောက်တစ်ယောက်ကတော့ မစိုက်ချင်ဘူး။ တစ်ယောက်က မြေသြဇာကို သုံးချင်ပေမဲ့ နောက်တစ်ယောက်က မသုံးချင်ဘူး။ တစ်ယောက်က နေ့တိုင်း ဥယျာဉ်ထဲမှာ တကုပ်ကုပ်နဲ့ အလုပ်လုပ်ချင်ပေမဲ့ နောက်တစ်ယောက်က မလုပ်ချင်ဘူး။ ဒီအဖြစ်အပျက်မှာ ဥယျာဉ်က ဖြစ်ထွန်းမှုတော့ရှိပေမဲ့ ဒီထက်မကဖြစ်ထွန်းဖို့ဆိုရင် နှစ်ယောက်စလုံးက တက်ညီလက်ညီ လုပ်ဆောင်ရမယ်။

ဇနီးမောင်နှံဟာ အဲဒီဥယျာဉ်မှူးတွေနဲ့ တူတယ်။ အိမ်ထောင်ဖက်တစ်ယောက်ကပဲ ဘုရားသခင့်စံနှုန်းတွေကို ကြိုးစားလိုက်လျှောက်မယ်ဆိုရင် ဆက်ဆံရေးကောင်း ရှိတော့ရှိနိုင်တယ်။ (၁ ပေတရု ၃:၁၊ ၂) ဒါပေမဲ့ နှစ်ယောက်စလုံးက ဘုရားသခင့်စံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ သဘောတူပြီး ဘုရားသခင့်အမှုတော်ကို တစ်ယောက်နဲ့တစ်ယောက် ဖေးမလုပ်ဆောင်သွားမယ်ဆိုရင် ဒီထက်မက ဆက်ဆံရေးကောင်း ရှိလာမယ်မဟုတ်လား။ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏” လို့ ရှေးခေတ်ပညာရှိဘုရင် ရှောလမုန် ရေးသားခဲ့တယ်။ ဘာကြောင့်လဲ။ “ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကို ရတတ်၏။ တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။”—ဒေ. ၄:၉၊ ၁၀

သင်ဟာ အိမ်ထောင်ဖက်နဲ့အတူ ဘုရားသခင့်စံနှုန်းတွေကို လိုက်လျှောက်ဖို့ ကြိုးစားချင်မှာ သေချာတယ်။ ဥယျာဉ်စိုက်ပျိုးသလိုပါပဲ၊ အလုပ်မလုပ်ဘဲ စိတ်ဆန္ဒရှိရုံနဲ့တော့ သီးနှံဖြစ်ထွန်းမှာ မဟုတ်ဘူး။ သင်ကြုံတွေ့ရဖွယ်ရှိတဲ့ စိန်ခေါ်ချက်နှစ်ခု၊ အဲဒါတွေကို သင် ဘယ်လို အောင်မြင်ကျော်လွှားနိုင်မလဲ ဆိုတာကို သုံးသပ်ကြည့်ပါ။

စိန်ခေါ်ချက် ၁- အချိန်မရှိဘူး။

အိမ်ထောင်ကျခါစရှိသေးတဲ့ စုစုက ဒီလိုပြောပြတယ်– “ကျွန်မခင်ပွန်းက ညနေ ၇ နာရီဆိုရင် ကျွန်မကို ရုံးလာကြိုတယ်။ ကျွန်မတို့ အိမ်လည်းရောက်ရော အိမ်အလုပ်တွေက တန်းစီနေတာပဲ။ ကျမ်းစာကို အတူတကွလေ့လာဖို့ အချိန်ပေးရမယ်ဆိုတာ ကျွန်မတို့ သိကြပေမဲ့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူး။ အိပ်ချင်နေကြပြီ။”

ဖြေရှင်းနိုင်တဲ့နည်း– ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ပါ။ စုစုက ဒီလိုပြောပြတယ်– “ကျွန်မတို့နှစ်ယောက်စလုံး အိပ်ရာစောစောထဖို့၊ အလုပ်မသွားခင် ကျမ်းစာအပိုဒ်အနည်းငယ်ကို အတူဖတ်ရှုပြီး ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ခင်ပွန်းနဲ့အတူ ကျွန်မ ကျမ်းစာဖတ်နိုင်ဖို့ အိမ်အလုပ်တချို့ကို သူ ဝိုင်းကူပေးတယ်။” ပိုပြီးကြိုးစားအားထုတ်လိုက်တဲ့အတွက် ဘာအကျိုးကျေးဇူးရသလဲ။ စုစုရဲ့ခင်ပွန်း ကျော်ကျော်က ဒီလိုပြောပြတယ်– “စုစုနဲ့အတူ ကျမ်းစာကို မှန်မှန်လေ့လာ ဆွေးနွေးတဲ့အခါ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရတာ ပိုလွယ်ကူလာပြီး စိုးရိမ်စိတ်တွေ လျော့ကျသွားတယ်။”

အချင်းချင်း ရင်ဖွင့်စကားပြောရမယ့်အပြင် နေ့တိုင်း မိနစ်အနည်းငယ် အချိန်ယူပြီး အတူတူ ဆုတောင်းဖို့လည်း အရေးကြီးတယ်။ ဆုတောင်းခြင်းက ဘယ်လိုအကူအညီဖြစ်စေမလဲ။ အိမ်ထောင်သက် ၁၆ နှစ်ရှိပြီဖြစ်တဲ့ ကိုရန်နိုင်က ဒီလိုပြောပြတယ်– “ကျွန်တော့်အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေရှိခဲ့တယ်။ ဒါပေမဲ့ ဇနီးနဲ့အတူ ညတိုင်း ဆုတောင်းပြီး ဘုရားသခင်ကို ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေ ပြောပြတယ်။ အဲဒီလို နှစ်ယောက်အတူ ဆုတောင်းတဲ့အတွက် ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပြီး အိမ်ထောင်ရေးကလည်း သာယာလာတယ်။”

ဒီနည်းကို စမ်းကြည့်ပါ– ဇနီးမောင်နှံအနေနဲ့ သင်တို့ရရှိတဲ့ ဆုကျေးဇူးတွေ၊ ဘုရားသခင်ကို ကျေးဇူးတင်နိုင်တဲ့အရာတွေကို ညတိုင်း အချိန်ယူပြီး ပြောဆိုဆွေးနွေးပါ။ သင်တို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေအပြင် ဘုရားသခင့်အကူအညီနဲ့ ဖြေရှင်းဖို့လိုတဲ့အကြောင်းလည်း ပြောဆိုကြပါ။ သတိပြုရမယ့်အချက်က အဲဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အပြစ်မဖို့ကြပါနဲ့။ အဲဒီအစား၊ ဆုတောင်းတဲ့အခါ နှစ်ယောက်အတူတူ လုပ်ဆောင်ဖို့လိုတဲ့ စိန်ခေါ်ချက်တွေကို ထည့်တောင်းပါ။ နောက်တစ်နေ့မှာ သင်တို့ဆုတောင်းထားတဲ့အတိုင်း ကြိုးစားလုပ်ဆောင်ပါ။

စိန်ခေါ်ချက် ၂- စွမ်းရည်ချင်း မတူကြဘူး။

ကိုတိုးက ဒီလိုပြောပြတယ်– “ကျွန်တော် တစ်ခါမှ စာအုပ်တစ်အုပ်ကို ထိုင်မဖတ်ဖူးဘူး။” ကိုတိုးရဲ့ဇနီးဖြစ်သူ မနွယ်နီက ဒီလိုပြောပြတယ်– “ကျွန်မက စာဖတ် ဝါသနာပါတယ်။ ကျွန်မ ဖတ်ထားတွေကို ပြောပြချင်တယ်။ တစ်ခါတလေ ကျွန်မတို့ လေ့လာနေတဲ့ ကျမ်းစာအကြောင်းအရာတွေကို ဆွေးနွေးတဲ့အခါ ကိုတိုးက မဝံ့မရဲဖြစ်နေတယ်လို့ ကျွန်မထင်တယ်။”

ဖြေရှင်းနိုင်တဲ့နည်း– ဆန့်ကျင်တာ ဒါမှမဟုတ် ဝေဖန်ပြစ်တင်တာမလုပ်ဘဲ ဖေးမပေးပါ။ သင့်အိမ်ထောင်ဖက် အားတက်လာအောင် ဖြည့်ဆည်းပေးပြီး အားပေးပါ။ ကိုတိုးက ဒီလိုပြောပြတယ်– “ကျမ်းစာအကြောင်းအရာတွေ ဆွေးနွေးတဲ့အခါ ကျွန်တော့်ဇနီးရဲ့ စိတ်ထက်သန်မှုက တစ်ခါတလေ ပိုလွန်းတယ်။ အရင်တုန်းကဆိုရင် ကျမ်းစာအကြောင်းအရာတွေကို သူနဲ့ ဆွေးနွေးဖို့ အရမ်းဝန်လေးတာပဲ။ ဒါပေမဲ့ မနွယ်နီက ကျွန်တော့်ကို ဖေးမပေးတယ်။ အခုဆိုရင် ကျွန်တော်တို့နှစ်ယောက် ကျမ်းစာအကြောင်းအရာတွေ မှန်မှန်ဆွေးနွေးနေကြပြီ။ အဲလိုဆွေးနွေးတာ ဝန်လေးစရာအကြောင်း ဘာမှမရှိဘူးဆိုတာလည်း ကျွန်တော် သိလာပါပြီ။ သူနဲ့အတူ ဆွေးနွေးရတာ ကျွန်တော် ပျော်လာတယ်။ ကျွန်တော်တို့ဇနီးမောင်နှံဟာ သက်သောင့်သက်သာ ပိုရှိလာပြီး သင့်မြတ်လာကြတယ်။”

ဇနီးမောင်နှံ အတော်များများဟာ အပတ်တိုင်း အချိန်ယူပြီး အတူတကွ ကျမ်းစာကို ဖတ်ရှုလေ့လာတဲ့အခါ သူတို့ရဲ့အိမ်ထောင်ရေး သာယာလာတာကို သိမြင်ခဲ့ကြတယ်။ ဒါပေမဲ့ သတိပြုရမယ့်အချက်က ကျမ်းစာဆုံးမစကားတွေကို သင့်ကြင်ဖော်မဟုတ်ဘဲ သင်ကိုယ်တိုင် ဘယ်လိုကျင့်သုံးရမလဲဆိုတာ ဆွေးနွေးပါ။ (ဂလာတိ ၆:၄) ကျမ်းစာလေ့လာနေတဲ့အချိန်မှာမဟုတ်ဘဲ တခြားအချိန်မှာ လင်မယား အချေအတင်ပြောရမယ့် အကြောင်းတွေကို ဆွေးနွေးပါ။ ဘာကြောင့်လဲ။

ဒီအချက်ကို သုံးသပ်ကြည့်ပါ– မိသားစုနဲ့အတူ သင် ထမင်းစားနေတုန်း အနာက ပြည်တွေညှစ်ထုတ်ပြီး ဆေးထည့်ပတ်တီးစည်းမှာလား။ အဲလိုလုပ်မှာ မဟုတ်ပါဘူး။ သင့်ကြောင့် မိသားစုဝင်တွေ ထမင်းစားချင်စိတ် ရှိတော့မှာမဟုတ်ဘူး။ ဘုရားသခင့်အလိုတော်ကို သင်ယူပြီး ထမ်းဆောင်တာကို အစာစားတာနဲ့ ယေရှု နှိုင်းယှဉ်ခဲ့တယ်။ (မဿဲ ၄:၄; ယောဟန် ၄:၃၄) သင်က ကျမ်းစာကို လေ့လာတဲ့အခါတိုင်း စိတ်နာကြည်းချက်တွေကို ပြောနေမယ်ဆိုရင် သင့်ကြောင့် အိမ်ထောင်ဖက်က ကျမ်းစာလေ့လာချင်စိတ် ပျောက်သွားနိုင်တယ်။ ပြဿနာတွေကို ဆွေးနွေးတိုင်ပင်ဖို့ လိုတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အချိန်သတ်သတ်ဖယ်ထားပါ။—သု. ၁၀:၁၉; ၁၅:၂၃

ဒီနည်းကို စမ်းကြည့်ပါ– အိမ်ထောင်ဖက်ရဲ့ အရည်အသွေးတွေထဲက သင် တန်ဖိုးအထားဆုံး အရည်အသွေး နှစ်ခု၊ သုံးခုကို ချရေးပါ။ နောက်တစ်ခါ ဆွေးနွေးမှုမှာ အဲဒီအရည်အသွေးတွေနဲ့ ဆက်စပ်တဲ့ ကျမ်းစာအကြောင်းအရာတွေပါလာရင် သင့်အိမ်ထောင်ဖက် တင်ပြတဲ့ အရည်အသွေးတွေကို ဘယ်လောက်ထိ သင် တန်ဖိုးထားတယ်ဆိုတာ ပြောပြပါ။

လုပ်ဆောင်တဲ့အတိုင်း အကျိုးရရှိ

ဇနီးမောင်နှံအနေနဲ့ ဘုရားသခင့်စံနှုန်းတွေအတိုင်း လုပ်ဆောင်မယ် ဒါမှမဟုတ် လိုက်လျှောက်မယ်ဆိုရင် နောက်ဆုံးမှာ အိမ်ထောင်ရေးဟာ ဒီထက်မက သာယာပြီး ပျော်ရွှင်လာမှာဖြစ်တယ်။ “လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်” လို့ ကျမ်းစာမှာ အာမခံထားတယ်။—ဂလာတိ ၆:၇

ကျမ်းစာမူက မှန်ကန်တယ်ဆိုတာကို ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ ဖရက်ဒရစ်နဲ့ လီယန်တို့ သိရှိလာကြတယ်။ အခုဆို သူတို့ရဲ့အိမ်ထောင်သက်က ၄၅ နှစ်တောင် ရှိနေပြီ၊ ဘုရားသခင့်စံနှုန်းတွေ ကြိုးစားလိုက်လျှောက်ခဲ့လို့လည်း အကျိုးကျေးဇူးတွေ ရရှိခဲ့တယ်။ ဖရက်ဒရစ်က ဒီလိုပြောပြတယ်– “တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတော့ဘူးဆိုရင် ကျွန်တော့်ဇနီးကိုပဲ အပြစ်တင်ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်ကလည်း ကြိုးစားအားထုတ်ရမယ်ဆိုတာ သဘောပေါက်လာတယ်။” လီယန်ကလည်း ဒီလိုပြောပြတယ်– “ပြဿနာတက်နေတဲ့အချိန်မှာ ကျွန်မတို့ကို အကူအညီဖြစ်စေတဲ့အရာက ယေဟောဝါဘုရားသခင်ကို ကျွန်မတို့နှစ်ယောက်စလုံး ချစ်တဲ့မေတ္တာပါပဲ။ နှစ်တွေတစ်လျှောက် ကျွန်မတို့နှစ်ယောက် မှန်မှန် ကျမ်းစာလေ့လာပြီး ဆုတောင်းခဲ့ကြတယ်။ ဖရက်ဒရစ်က ခရစ်ယာန်အရည်အသွေးတွေ ပြသဖို့ ကြိုးစားတာကို ကျွန်မမြင်တဲ့အခါ သူ့ကို မေတ္တာပြဖို့ ပိုပြီးလွယ်ကူလာတာပေါ့။”

^ အပိုဒ်၊ 3 နာမည်တွေကို ပြောင်းထားတယ်။

သင့်ကိုယ်သင် ဒီလိုမေးပါ

  • ဇနီးမောင်နှံအနေနဲ့ ကျွန်ုပ်တို့အတူတကွ နောက်ဆုံး ဆုတောင်းခဲ့တဲ့အချိန်က ဘယ်အချိန်လဲ။

  • ကျမ်းစာအကြောင်းအရာတွေကို ကျွန်ုပ်နဲ့အတူ ဒီထက်မက ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ အိမ်ထောင်ဖက်ကို ဘယ်လိုအားပေးနိုင်မလဲ။