မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖခင်များ၊ သားတွေနဲ့ ဘယ်လို ရင်းရင်းနှီးနှီး နေနိုင်မလဲ

ဖခင်များ၊ သားတွေနဲ့ ဘယ်လို ရင်းရင်းနှီးနှီး နေနိုင်မလဲ

ဖခင်များ၊ သားတွေနဲ့ ဘယ်လို ရင်းရင်းနှီးနှီး နေနိုင်မလဲ

“ဖေဖေ ဘာဖြစ်လို့ ဒီလောက်တောင် သိနေရတာလဲ” ဆိုပြီး သားလေးဆီက တအံ့တဩ အမေးခံရဖူးပါသလား။ အဲဒီအချိန်မှာ အဖေဖြစ်ရတာကို သင် ဂုဏ်ယူမှာဖြစ်တယ်။ သင့်ရဲ့သားလေးက သင့်စကားကို နားထောင်ပြီး အကျိုးခံစားရမယ်ဆိုရင် သင် အရမ်းပျော်မှာ သေချာပါတယ်။ *သု. ၂၃:၁၅၊ ၂၄

ဒါပေမဲ့ နှစ်တွေကုန်လွန်လာတာနဲ့အမျှ သင့်ရဲ့သားလေးဟာ သင့်ကို အရင်ကလို အားကျနေတုန်းပဲလား။ ဒါမှမဟုတ် သူ အရွယ်ရောက်လာပြီဖြစ်လို့ သင့်အပေါ်ထားရှိတဲ့ လေးစားမှုတွေ လျော့နည်းသွားပုံပေါက်နေသလား။ သားလေး တဖြည်းဖြည်း အရွယ်ရောက်လာတာနဲ့အမျှ သားအဖနှစ်ယောက် ဆက်ပြီး ရင်းရင်းနှီးနှီး နေနိုင်အောင် ဘယ်လိုလုပ်မလဲ။ အရင်ဆုံး ဖခင်တွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်တချို့ကို သုံးသပ်ကြည့်ရအောင်။

စိန်ခေါ်ချက်သုံးခု

၁။ အချိန်မရှိဘူး– နိုင်ငံအတော်များများမှာ မိသားစုအတွက် အသုံးစရိတ်အများဆုံး ရှာဖွေနေရသူက ဖခင်တွေပါပဲ။ ဖခင်တွေဟာ အပြင်ထွက် အလုပ်လုပ်နေရတဲ့အတွက် အိမ်မှာရှိတဲ့အချိန် နည်းတယ်။ နိုင်ငံတချို့မှာဆိုရင် ဖခင်တွေဟာ သူတို့ရဲ့ကလေးတွေကို အချိန်မပေးနိုင်ဘူး။ ဥပမာ၊ ပြင်သစ်နိုင်ငံမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ဖခင်တွေဟာ သူတို့ရဲ့ကလေးတွေကို တစ်ရက်မှာ ပျမ်းမျှအားဖြင့် ၁၂ မိနစ်လောက်ပဲ အချိန်ပေးကြတယ်။

စဉ်းစားစရာ– သင့်ရဲ့သားကို သင် ဘယ်လောက်အချိန်ပေးသလဲ။ တစ်ပတ်နှစ်ပတ်ကြာပြီးတဲ့နောက် တစ်ရက်ကို သားအဖနှစ်ယောက် ပေးခဲ့တဲ့ အချိန်စုစုပေါင်းကို ချရေးကြည့်ပါ။ အဖြေကိုကြည့်ပြီး သင် အံ့သြသွားပါလိမ့်မယ်။

၂။ စံနမူနာကောင်း မပြဘူး– အမျိုးသားတချို့ဟာ သူတို့ရဲ့ဖခင်တွေနဲ့ ရင်းရင်းနှီးနှီး မရှိကြဘူး။ “ကျွန်တော့်အဖေနဲ့ အဆက်အသွယ် သိပ်မလုပ်ဘူး” လို့ ပြင်သစ်နိုင်ငံက ဇန်-မရီ ကပြောတယ်။ အဲဒီအတွက် ဇန်-မရီကို ဘယ်လိုထိခိုက်ခဲ့သလဲ။ “ကျွန်တော် တစ်ခါမှ မျှော်လင့်မထားတဲ့ ပြဿနာတွေ တက်ကုန်တော့တာပဲ။ ဥပမာ၊ ကျွန်တော့်သားနဲ့ အဓိပ္ပာယ်ရှိရှိ စကားပြောလို့မရဘူး” ဆိုပြီး သူ ပြောပြတယ်။ အမျိုးသားတချို့ကျတော့ သူတို့ဖခင်အကြောင်းကို ကောင်းကောင်း သိထားပေမဲ့ ရင်းရင်းနှီးနှီး မရှိကြဘူး။ အသက် ၄၃ နှစ်ရှိတဲ့ ဖိလစ်က ဒီလိုပြောတယ်– “ကျွန်တော့်အဖေက ကျွန်တော့်ကို ချစ်ခင်တွယ်တာမှု မပြတတ်ဘူး။ ဒါကြောင့် ကျွန်တော့်သားကို ချစ်ခင်တွယ်တာမှုပြဖို့ ကြိုးစားအားထုတ်ခဲ့ရတယ်။”

စဉ်းစားစရာ– သင့်ဖခင်နဲ့ ရှိထားတဲ့ ဆက်ဆံရေးက သင့်သားလေးကို ပြုမူဆက်ဆံပုံအပေါ် သက်ရောက်မှုရှိတယ်လို့ သင် ခံစားရသလား။ သင့်ဖခင်ရဲ့ အကျင့်ကောင်း ဒါမှမဟုတ် အကျင့်ဆိုးတွေအတိုင်း သင်လည်း လိုက်လုပ်နေတယ်ဆိုတာကို သတိပြုမိသလား။ ဘယ်လိုနည်းနဲ့လဲ။

၃။ မျှမျှတတ အကြံမပေးတတ်ဘူး– သားသမီးပြုစုပျိုးထောင်ရေးမှာ ဖခင်တွေ တာဝန်ယူစရာမလိုဘူးလို့ ယဉ်ကျေးမှုတချို့က ရှုမြင်ထားကြတယ်။ “ကလေးတွေကို ပြုစုစောင့်ရှောက်တာက ဇနီးသည်တွေရဲ့အလုပ်လို့ ကျွန်တော် ကြီးပြင်းလာတဲ့နိုင်ငံက လူတွေ ရှုမြင်ထားကြတယ်” ဆိုပြီး အနောက်ဥရောပနိုင်ငံတစ်နိုင်ငံက လူကာအမည်ရှိ အမျိုးသားတစ်ယောက်က ပြောတယ်။ ယဉ်ကျေးမှုတချို့မှာဆိုရင် ဖခင်တွေဟာ စည်းကမ်းတင်းကြပ်တဲ့သူတွေ ဖြစ်ရမယ်ဆိုပြီး အားပေးခံရတယ်။ ဥပမာ၊ အာဖရိကနိုင်ငံတစ်နိုင်ငံမှာ ကြီးပြင်းလာတဲ့ ဂျော့ရှ်ဆိုတဲ့ အမျိုးသားတစ်ယောက်က ဒီလိုပြောပြတယ်– “ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအရ ဖခင်တွေဟာ သူတို့ရဲ့ကလေးတွေနဲ့ အတူမကစားကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖခင်တွေရဲ့အခွင့်အာဏာ ယုတ်လျော့သွားမှာစိုးလို့လေ။ ဒါကြောင့် ကျွန်တော့်သားနဲ့ အတူကစားဖို့ အမြဲ အခက်တွေ့ခဲ့ရတယ်။”

စဉ်းစားစရာ– သင့်ဒေသမှာ ဖခင်တွေဟာ ဘာတာဝန်တွေ ထမ်းဆောင်ဖို့ မျှော်လင့်ခံရသလဲ။ ကလေးပြုစုပျိုးထောင်ရေးက အမျိုးသမီးတွေရဲ့အလုပ်ဆိုပြီး ရှုမြင်ဖို့ သွန်သင်ခံနေရသလား။ ကိုယ့်သားကို ချစ်ခင်တွယ်တာတယ်ဆိုတာ ထုတ်ဖော်ပြောဆိုဖို့ ဖခင်တွေ အားပေးခံရသလား။ ဒါမှမဟုတ် အဲလိုမပြောဆိုဖို့ တားမြစ်ထားသလား။

သင်ဟာ အဲဒီစိန်ခေါ်ချက်တွေကို ရင်ဆိုင်နေရတဲ့ ဖခင်တစ်ဦးဖြစ်မယ်ဆိုရင် ဘယ်လိုအောင်မြင်ကျော်လွှားနိုင်မလဲ။ အောက်မှာဖော်ပြထားတဲ့ အကြံပြုချက်တွေကို သုံးသပ်ကြည့်ပါ။

ကလေးငယ်ရွယ်တုန်း အစပြုပါ

သားတွေမှာ သူတို့ရဲ့ဖခင်ကို အတုယူလိုတဲ့ဆန္ဒ မွေးကတည်းက ပါလာကြတဲ့ပုံပဲ။ ဒါကြောင့် သင့်ရဲ့သားလေး ငယ်ရွယ်တုန်း သူ့ရဲ့ဆန္ဒကို ကောင်းစွာ အသုံးချပါ။ အဲဒါကို သင် ဘယ်လိုလုပ်နိုင်မလဲ။ ဘယ်လိုအခါမျိုးမှာ သူ့ကို အချိန်ပေးမလဲ။

ဖြစ်နိုင်တဲ့အခါတိုင်း သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ သားလေးကို ပါဝင်စေပါ။ ဥပမာ၊ အိမ်မှုကိစ္စတွေ လုပ်နေမယ်ဆိုရင် သားရဲ့အကူအညီကို ရယူပါ။ သင် တံမြက်စည်း လှည်းနေတယ်ဆိုရင် သားကိုလည်း တံမြက်စည်းအသေးတစ်ချောင်း ပေးထားပြီး လှည်းခိုင်းပါ။ သင် မြေကြီးတူးနေတယ်ဆိုရင် သားကိုလည်း ပေါက်ပြားအသေးတစ်လက် ပေးထားပြီး တူးခိုင်းပါ။ အဲဒီလိုဆိုရင် သားလေးက သူ့ဖေဖေကြီးရဲ့အနားမှာ အလုပ်လုပ်ရတာကို ပျော်မွေ့လာပါလိမ့်မယ်။ အဲဒီလိုလုပ်တဲ့အတွက် အလုပ်တွင်ကျယ်မှာမဟုတ်ပေမဲ့ သင်တို့ သားအဖနှစ်ယောက်ရဲ့ နှောင်ကြိုးက ပိုခိုင်ခံ့လာမှာဖြစ်တဲ့အပြင် ကလေးကိုလည်း အလုပ်ကျင့်ဝတ် သင်ပေးရာရောက်ပါလိမ့်မယ်။ သမ္မာကျမ်းစာခေတ်တုန်းက ဖခင်တွေဟာ မိမိတို့ရဲ့သားသမီးတွေကို နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ပါဝင်စေဖို့၊ အလုပ်လုပ်ရင်းနဲ့ ကလေးတွေကို စကားပြောဆိုဖို့၊ သွန်သင်ပေးဖို့ အားပေးခံရကြတယ်။ (တရားဟောရာ ၆:၆-၉) အဲဒီအကြံပြုချက်က ကနေ့ထက်ထိ သက်ဆိုင်နေတုန်းပါပဲ။

သားလေးကို အလုပ်ကြီးပဲ ခေါ်ခိုင်းနေမယ့်အစား သူနဲ့အတူ ကစားဖို့လည်း အချိန်ပေးပါ။ ကစားတာက သားအဖနှစ်ယောက်ကို ပျော်ရွှင်စေရုံတင်မကဘူး၊ တခြားအခွင့်အရေးတွေလည်း ရရှိစေပါတယ်။ ဖခင်တွေက သားသမီးတွေနဲ့အတူ ကစားတဲ့အခါ သူတို့လေးတွေမှာ ဆန်းသစ်တီထွင်လိုတဲ့စိတ်၊ လုပ်ရဲကိုင်ရဲတဲ့စိတ်ပေါ်လာအောင် အားပေးရာရောက်တယ်လို့ လေ့လာမှုက ဖော်ပြတယ်။

သားအဖနှစ်ယောက် အတူတူကစားတာက ပိုအရေးကြီးတဲ့ လုပ်ဆောင်မှုတစ်ခုကို လုပ်နေရာရောက်တယ်။ “သားအဖနှစ်ယောက် အကောင်းဆုံး ဆက်သွယ်နိုင်တဲ့နည်းက အတူတူကစားခြင်းပဲ” လို့ သုတေသီ မီရှဲလ် ဖိဇ်က ပြောပြတယ်။ ဖခင်ဖြစ်သူဟာ ကစားနေစဉ်အတွင်းမှာ သားလေးကို ချစ်ခင်တွယ်တာကြောင်း အပြောနဲ့ရော လုပ်ရပ်နဲ့ပါ သက်သေပြနိုင်ပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် သားကိုလည်း ချစ်ခင်တွယ်တာမှု ဘယ်လိုပြသရမယ်ဆိုတာကို သင်ပေးရာရောက်တယ်။ “ကျွန်တော့်သား ငယ်ငယ်တုန်းက ကျွန်တော်တို့ မကြာခဏ အတူတူ ကစားကြတယ်။ သူ့ကို ကျွန်တော် ပွေ့ဖက်တယ်။ သားလေးကလည်း ကျွန်တော့်ရဲ့မေတ္တာကို တုံ့ပြန်ဖို့ သင်ယူခဲ့တယ်” ဆိုပြီး ဂျာမနီနိုင်ငံက အန်ဒရေဆိုတဲ့ ဖခင်က ပြောပြတယ်။

သားအဖနှစ်ယောက်ရဲ့ နှောင်ကြိုးကို ခိုင်ခံ့စေနိုင်တဲ့ နောက်အချိန်တစ်ချိန်က အိပ်ရာဝင်ချိန်ပဲ ဖြစ်ပါတယ်။ သားလေး အိပ်ရာဝင်ချိန်မှာ ပုံပြင်စာအုပ် မှန်မှန် ဖတ်ပြပါ။ သားလေးက သူ့ရဲ့တစ်နေ့တာအတွင်း ကြုံခဲ့ရတဲ့ ပျော်ရွှင်စရာတွေ၊ စိုးရိမ်စရာတွေ ပြောပြတဲ့အခါ နားထောင်ပေးပါ။ အဲလိုလုပ်မယ်ဆိုရင် သားလေး ကြီးပြင်းလာတဲ့အခါ သင်နဲ့ မပြတ်ဆက်သွယ်နေဖို့ သူ့အတွက် ပိုလွယ်ကူသွားပါလိမ့်မယ်။

နှစ်ဦးနှစ်ဖက် စိတ်ဝင်စားရာကို မပြတ် လုပ်ဆောင်ပါ

ဆယ်ကျော်သက်အရွယ် သားယောက်ျားလေးတချို့ဟာ သူတို့ဖခင်တွေ စကားပြောတာကို စိတ်ဝင်စားပုံမရကြဘူး။ သင့်ရဲ့သားလေးက သင့်အမေးကို ဝေ့လည်ကြောင်ပတ် ဖြေဆိုနေမယ်ဆိုရင် သင်နဲ့စကားပြောချင်တဲ့စိတ် မရှိဘူးလို့ မထင်လိုက်ပါနဲ့။ သင့်အနေနဲ့ ဆက်သွယ်ပြောဆိုပုံကို အလိုက်သင့်ပြောင်းလဲပေးမယ်ဆိုရင် သူ့ဘက်က ပွင့်ပွင့်လင်းလင်း ပြောဆိုချင်လာပါလိမ့်မယ်။

ပြင်သစ်နိုင်ငံက ဇာက်ခ်လို့ခေါ်တဲ့ ဖခင်တစ်ဦးဟာ သူ့ရဲ့သား ဇာရုမ်းနဲ့ စကားပြောဆိုဖို့ တစ်ခါတလေ အခက်တွေ့ခဲ့ရတယ်။ ဒါပေမဲ့ သားကို အတင်းအကြပ် စကားပြောခိုင်းမယ့်အစား သူ့ရဲ့ချဉ်းကပ်ပုံကို ပြောင်းလဲလိုက်တယ်။ အဲဒါကတော့ သားနဲ့အတူ ဘောလုံးကန်တာပဲ။ “ဘောလုံးကန်ပြီးတဲ့နောက် မြက်ခင်းပြင်ပေါ် ထိုင်ပြီး ခဏ နားကြတယ်။ အဲဒီအခါမျိုးမှာ သားက ကျွန်တော့်ကို ရင်ဖွင့်တတ်တယ်။ တခြားသူမပါဘဲ ကျွန်တော်တို့နှစ်ယောက်တည်း အတူတူ ရှိနေနိုင်တာကို သားလေး သိထားတယ်။ အဲဒါက သားအဖနှစ်ယောက်ကို အရမ်းရင်းနှီးစေတယ်” လို့ဇာက်ခ်က ပြောပြတယ်။

သင့်ရဲ့သားက အားကစားဝါသနာမပါဘူး ဆိုရင်ကော။ အန်ဒရေလို့ခေါ်တဲ့ ဖခင်တစ်ဦးဟာ သားနဲ့အတူ ကြယ်တွေကို ငေးမောကြည့်ခဲ့တဲ့ အချိန်တွေကို မြတ်မြတ်နိုးနိုး အမှတ်ရနေတယ်။ “အေးမြတဲ့ ညအချိန်မှာ ပက်လက်ကုလားထိုင်တွေကို အိမ်ပြင်ထုတ်၊ အနွေးထည် ထူထူဝတ်ပြီး လက်ဖက်ရည်ခွက်ကိုယ်စီနဲ့ ညကောင်းကင်ယံကို သားအဖနှစ်ယောက် ရှုစားကြတယ်။ ပြီးတော့ ကြယ်တွေကို ဖန်ဆင်းတဲ့အရှင်အကြောင်း ပြောဆိုကြတယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေ ပြောကြတယ်။ အကြောင်းအရာကတော့ စုံနေတာပဲ” လို့အန်ဒရေက ပြောပြတယ်။—ဟေရှာယ ၄၀:၂၅၊ ၂၆

သင့်သား စိတ်ဝင်စားတဲ့အရာကို သင် စိတ်မဝင်စားရင်ကော။ ဒီလိုဆိုရင် သင် မလုပ်ချင်တဲ့အရာတွေကို လုပ်ဆောင်ဖို့ အချိန်ပေးရကောင်း ပေးရပါလိမ့်မယ်။ (ဖိလိပ္ပိ ၂:၄) “ကျွန်တော်က သားလေး ဗွန်ထက် အားကစားကို ပိုစိတ်ဝင်စားတယ်။ သူကတော့ လေယာဉ်ပျံတွေ၊ ကွန်ပျူတာတွေကိုပဲ စိတ်ဝင်စားတာ။ ဒါကြောင့် အဲဒီအရာတွေကို စိတ်ဝင်စားလာအောင် ကျွန်တော် အားထုတ်ခဲ့ရတယ်။ သားကို လေကြောင်းပြပွဲတွေဆီ ခေါ်သွားပြတယ်။ လေယာဉ် တကယ်မောင်းနေသလိုမျိုး ခံစားရအောင် ဖန်တီးပေးထားတဲ့ ကွန်ပျူတာ ကစားကြတယ်။ ပျော်စရာကောင်းတဲ့ လုပ်ဆောင်မှုတွေမှာ အတူတူ ပါဝင်ကြတဲ့အတွက် ဗွန်ဟာ ကျွန်တော့်ကို ခါတိုင်းထက်ပိုပြီး လွတ်လွတ်လပ်လပ် ပြောဆိုလာတယ်လို့ ကျွန်တော် ခံစားရတယ်” ဆိုပြီး တောင်အာဖရိကနိုင်ငံသား အီရံက ပြောပြတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိလာအောင် ပျိုးထောင်ပေးပါ

အသစ်အဆန်းတစ်ခုကို တတ်မြောက်သွားတဲ့ သားလေးက “ဖေဖေ၊ သား လုပ်ထားတာကို ကြည့်လိုက်ပါဦး” လို့ ဝမ်းသာအားရနဲ့ သင့်ကို ပြောဖူးသလား။ အခု သားလေးက ဆယ်ကျော်သက်အရွယ် ရောက်နေပြီဆိုတော့ သင့်ရဲ့အားပေးထောက်ခံမှုကို ပွင့်ပွင့်လင်းလင်း တောင်းခံနေတုန်းပဲလား။ တောင်းခံချင်မှ တောင်းခံပါလိမ့်မယ်။ ဒါပေမဲ့ သားလေးက ချင့်ချိန်တတ်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ဆိုရင်တော့ သင့်ရဲ့အားပေးထောက်ခံမှုကို လိုအပ်မှာ သေချာပါတယ်။

ယေရှုကို ယေဟောဝါဘုရားသခင် ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာကို နမူနာအနေနဲ့ သတိပြုကြည့်ပါ။ ယေရှုဟာ မြေကြီးအသက်တာရဲ့ ထူးခြားတဲ့ အချိန်ကာလကို စတင်ခါနီးမှာ ယေရှုကို ဘုရားသခင် ချစ်ခင်တွယ်တာကြောင်း လူအများရှေ့မှာ ဒီလိုထုတ်ဖော်ပြောဆိုခဲ့တယ်– “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏။” (မဿဲ ၃:၁၇; ၅:၄၈) သင်လည်းပဲ သင့်သားကို ဆုံးမပဲ့ပြင်ဖို့၊ သွန်သင်ပေးဖို့ တာဝန်ရှိတာ မှန်ပါတယ်။ (ဧဖက် ၆:၄) ဒါပေမဲ့ သားလေးရဲ့ပြောဆိုလုပ်ကိုင်ပုံကောင်းကို ချီးမွမ်းအားပေးဖို့ အခွင့်အရေးရှာယူနေသလား။

အမျိုးသားတချို့ဟာ အားပေးစကားပြောဖို့၊ ချစ်ခင်တွယ်တာမှုပြဖို့ အခက်တွေ့တတ်ကြတယ်။ သူတို့ဟာ အောင်မြင်မှုတွေထက် အမှားတွေကိုပဲ ဖိပြောတတ်တဲ့ မိသားစုမှာ ကြီးပြင်းလာကြလို့ဖြစ်နိုင်တယ်။ သင်လည်းပဲ အဲလိုမိသားစုမှာ ကြီးပြင်းလာတယ်ဆိုရင် သင့်ရဲ့သားလေးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိလာအောင် ပြုစုပျိုးထောင်ပေးဖို့ အဆက်မပြတ် အားထုတ်ဖို့လိုမှာဖြစ်တယ်။ ဘယ်လိုလုပ်ဆောင်နိုင်မလဲ။ အပေါ်မှာ ဖော်ပြခဲ့တဲ့ လူကာဟာ မန်နျူဝဲလ်ဆိုတဲ့ အသက် ၁၅ နှစ်အရွယ် သားနဲ့အတူ အိမ်မှုကိစ္စတွေကို မှန်မှန်လုပ်ဆောင်ကြတယ်။ “တစ်ခါတလေ အလုပ်တစ်ခုကို သူကိုယ်တိုင် စလုပ်ပြီး လိုအပ်တဲ့အခါမှ ကျွန်တော် ကူညီပေးမယ်လို့ သားကို ပြောပြတယ်။ အများအားဖြင့်တော့ သူ့ဘာသာသူ လုပ်သွားတယ်။ အောင်မြင်မှုတွေ ရလာတဲ့အခါ သူ စိတ်ကျေနပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိလာတယ်။ သူ ပြီးမြောက်သွားတဲ့အခါ ချီးမွမ်းပေးတယ်။ သူမျှော်လင့်ထားသလို မလုပ်နိုင်တဲ့အခါမှာလည်း သူ့ရဲ့ကြိုးစားအားထုတ်မှုကို တန်ဖိုးထားတယ်ဆိုတာ သူ့ကို အသိပေးနေတုန်းပါပဲ” လို့လူကာက ပြောပြတယ်။

သင်လည်းပဲ သားဖြစ်သူကို ပိုအရေးကြီးတဲ့ ဘဝပန်းတိုင်တွေ တက်လှမ်းနိုင်အောင် ကူညီပေးခြင်းအားဖြင့် သားမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိလာအောင် မြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သားဖြစ်သူက သင် ထင်တာထက် တိုးတက်မှု နှေးကွေးနေတယ်ဆိုရင်ကော။ ဒါမှမဟုတ် သူတက်လှမ်းနေတဲ့ ပန်းတိုင်တွေက မဆိုးလှပေမဲ့ သင် ရွေးချယ်ပေးထားတာနဲ့ မတူနေရင်ကော။ အဲဒီလိုဆိုရင် သင် မျှော်မှန်းထားတာတွေကို ပြန်သုံးသပ်ဖို့ လိုကောင်း လိုပါလိမ့်မယ်။ ဖော်ပြခဲ့တဲ့ ဇာက်ခ်ဆိုသူက ဒီလိုပြောပြတယ်– “လိုက်မီနိုင်တဲ့ ပန်းတိုင်တွေ ချတတ်အောင် သားကို ကြိုးစားကူညီပေးတယ်။ ဒါပေမဲ့ အဲဒါတွေက ကျွန်တော့်အတွက်မဟုတ်ဘဲ သူ့အတွက်ဖြစ်တယ်ဆိုတာကို သေချာစေတယ်။ အဲဒီပန်းတိုင်တွေကို သူ့နှုန်းနဲ့သူ လုပ်ဆောင်သွားဖို့ လိုတယ်ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် သတိပေးနေရတယ်။” သင့်သားရဲ့ ထင်မြင်ချက်တွေကို သင် နားထောင်ပေးမယ်၊ သူ့ရဲ့ လုပ်ဆောင်မှုကောင်းတွေကို ချီးမွမ်းပေးပြီး သူ့ရဲ့ ကျရှုံးမှုတွေကို အောင်မြင်ကျော်လွှားဖို့ အားပေးမယ်ဆိုရင် သားဖြစ်သူကို သူ့ပန်းတိုင်ရောက်အောင် ကူညီပေးရာရောက်ပါလိမ့်မယ်။

လက်တွေ့မှာတော့ သင်တို့သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ တင်းမာမှုတွေ၊ စိန်ခေါ်ချက်တွေကတော့ ရှိနေမှာပဲ။ ဒါပေမဲ့ သင့်သားက သင်နဲ့ ဆက်ပြီး ရင်းရင်းနှီးနှီး ရှိနေမှာပါ။ တကယ်ဆိုရင် ကိုယ့်ကို အောင်မြင်အောင် ကူညီပေးတဲ့သူနဲ့ ရင်းရင်းနှီးနှီး မနေချင်တဲ့သူ ရှိပါ့မလား။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဒီဆောင်းပါးမှာ သားအဖနှောင်ကြိုးကို အဓိကအာရုံစိုက်ပေမဲ့ ဆွေးနွေးထားတဲ့ မူတွေက သမီးနဲ့အဖေတွေကြား ဆက်ဆံရေးနဲ့လည်း သက်ဆိုင်ပါတယ်။