မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတွေကို ဖိုမသဘာဝအကြောင်း မိဘတွေ သင်ပေးသင့်သလား

သားသမီးတွေကို ဖိုမသဘာဝအကြောင်း မိဘတွေ သင်ပေးသင့်သလား

စာရှုသူများအမေး

သားသမီးတွေကို ဖိုမသဘာဝအကြောင်း မိဘတွေ သင်ပေးသင့်သလား

▪ မိဘ အတော်များများဟာ ကိုယ့်ရဲ့သားသမီးတွေ ရောဂါဆိုးတွေမရအောင် အစွမ်းကုန် ကာကွယ်ပေးတတ်ကြပါတယ်။ ဒါပေမဲ့ သားသမီးတွေကို အကျင့်ပျက်သဘောထားတွေကနေ အစွမ်းကုန် ကာကွယ်ပေးဖို့လည်း လိုအပ်ပါတယ်။ ကာကွယ်ပေးနိုင်တဲ့နည်းတစ်နည်းကတော့ သားသမီးတွေကို ဖိုမအင်္ဂါတွေအကြောင်း အသေအချာ ပြောပြထားခြင်းဖြစ်တယ်။ (သု. ၅:၃-၂၃) ကလေးတွေဟာ ရုပ်မြင်သံကြား၊ အင်တာနက်၊ စာပေတွေနဲ့ ရုပ်ပြစာအုပ်တွေမှာ လိင်အကျင့်ပျက်မှုတွေအကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတာကို တွေ့ဖန်များလာတဲ့အတွက် မိဘတွေရဲ့ လေ့ကျင့်ပေးမှုနဲ့ ကိုယ်ကျင့်တရားလမ်းညွှန်မှုတွေ မရှိမဖြစ် လိုအပ်ပါတယ်။

“ကနေ့ခေတ်မှာ ကလေးတွေ ဖိုမသဘာဝအကြောင်း သင်ယူနေတာက ပြဿနာမဟုတ်ဘူး။ သူတို့တွေ ဘာအကြောင်း သင်ယူနေတယ်၊ ဘယ်အသက်အရွယ်မှာ သင်ယူနေပြီး ဘယ်သူတွေက သူတို့ကို သင်ကြားပေးနေတယ်ဆိုတာက ပြဿနာပါ။ ကလေးတွေဟာ ဆွဲဆောင်အားကောင်းပြီး အန္တရာယ်ရှိတဲ့ ဖိုမသဘာဝအကြောင်းတွေကို စီးပွားရေးကြော်ငြာသမားတွေနဲ့ ခေတ်ရေစီးကြောင်းကနေ သိရှိနေကြတယ်” ဆိုပြီး ပညာရေးပါမောက္ခနဲ့ စာရေးဆရာ ဒိုင်ယန်း လီဗင်က ရှင်းပြတယ်။

မိဘတွေအနေနဲ့ လူ့အဖွဲ့အစည်းကို ယိုယွင်းပျက်စီးစေတဲ့ မမှန်ကန်တဲ့ အကျင့်ပျက် ရှုမြင်ချက်တွေကနေ သားသမီးတွေကို ကာကွယ်ပေးဖို့လိုပါတယ်။ (သု. ၅:၁; ဧဖက် ၆:၄) ငယ်ရွယ်တဲ့ သားသမီးတွေကို သူတို့ရဲ့ကိုယ်အင်္ဂါတွေ ဘယ်လိုလုပ်ဆောင်တယ်၊ အဲဒါတွေကို ဘယ်လိုဂရုစိုက်ရမယ်၊ အကျင့်ပျက်တဲ့သူတွေရဲ့ အန္တရာယ်ကနေ ဘယ်လိုရှောင်ရမယ်ဆိုတာတွေကို အသိပေးထားဖို့လိုပါတယ်။ ဖိုမအင်္ဂါတွေ စတင်ဖွံ့ဖြိုးလာတဲ့ လက္ခဏာတွေပြလာတဲ့ အပျိုလူပျိုအရွယ်မတိုင်ခင်မှာ ကိုယ်ခန္ဓာအပြောင်းအလဲတွေ၊ မီးယပ်က ဘာကြောင့် ပေါ်ရတယ်၊ ဘယ်လိုဂရုစိုက်ရမယ်ဆိုတဲ့အကြောင်းတွေ သမီးဖြစ်သူ သိနားလည်အောင် ပြောပြပေးဖို့လိုအပ်တယ်။ အဲဒီလိုပဲ သားဖြစ်သူကိုလည်း ညအိပ်ချိန်မှာ သုက်ရည်လွှတ်တတ်တယ်ဆိုတာကို ကြိုတင်ပြောပြထားသင့်တယ်။ မိဘတွေဟာ ကလေးတွေ ငယ်သေးတဲ့အချိန်မှာပဲ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ အခေါ်အဝေါ်ကို မှန်မှန်ကန်ကန် ပြောပြပေးနိုင်ပါတယ်။ မေတ္တာပြည့်ဝတဲ့ မိဘတွေဟာ သားသမီးတွေကို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး အဓိကသင်ခန်းစာသုံးခု သွန်သင်ပေးကြတယ်။ (၁) ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ အရေးပါပြီး ကိုယ်ပိုင်ဖြစ်တယ်။ (၂) အဲဒီအစိတ်အပိုင်းတွေကို အပျက်သဘောနဲ့ မပြောဆိုရဘူး။ (၃) တခြားသူတွေကို မကိုင်တွယ်ရဘူး ဒါမှမဟုတ် မပြသရဘူး။ ကလေးတွေ ကြီးပြင်းလာတဲ့အခါ အမျိုးသမီးတစ်ဦး ဘယ်လိုကိုယ်ဝန်ရလာနိုင်တဲ့အကြောင်း ရှင်းပြရမယ့်အချိန်ကို မိဘတွေ ပိုင်းခြားသိမြင်ဖို့လိုတယ်။ *

ဘယ်အချိန်မှာစပြီး သားသမီးတွေကို သွန်သင်ပေးသင့်သလဲ။ လူအများ သိထားတဲ့အချိန်ထက် စောစောသင်ပေးပါ။ မိန်းကလေးတစ်ဦးဟာ အသက် ၁၀ နှစ် ဒါမှမဟုတ် အဲဒီထက်စောတဲ့အရွယ်မှာ ဦးဆုံးအကြိမ် မီးယပ်သွေးပေါ်လာနိုင်ပါတယ်။ ယောက်ျားလေးတစ်ဦးဆိုရင် အသက် ၁၁ နှစ် ဒါမှမဟုတ် အသက် ၁၂ နှစ်အရွယ်ထက် စောစောစီးစီး ဦးဆုံးအကြိမ် သုက်လွှတ်တတ်ကြတယ်။ ဖြစ်ပျက်တဲ့အရာတွေကို ကလေးတွေ နားမလည်နိုင်တဲ့အခါ သူတို့အတွက် ကြီးကောင်ဝင်ချိန်ကာလက စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ကိုယ်ခန္ဓာမှာ အဲလိုပြောင်းလဲဖြစ်ပျက်တာက သဘာဝဖြစ်တယ်ဆိုတာ ကလေးတွေကို ကြိုတင်အသိပေးထားဖို့ လိုပါတယ်။ ကျမ်းစာပြင်ပ ဖိုမသဘာဝပညာပေးအစီအစဉ်တွေက မပေးနိုင်တဲ့ ကျမ်းစာကျင့်ဝတ်စံနှုန်းတွေကို လိုက်လျှောက်ခြင်းရဲ့ တန်ဖိုးနဲ့ အရေးကြီးမှုကို သူတို့ သိနားလည်အောင် ကူညီပေးရမယ့်အချိန်လည်း ဖြစ်ပါတယ်။—သု. ၆:၂၇-၃၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ ၂၀၀၆၊ မေလထုတ် နိုးလော့!၊ “မီးယပ်စချိန်အတွက် သင့်သမီးကို ကြိုတင်ပြင်ဆင်ပေးခြင်း၊” စာမျက်နှာ ၁၀-၁၃ မှာ ရှာဖွေလေ့လာကြည့်နိုင်ပါတယ်။