မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကိုယ်ဉာဏ်ကို အမှီမပြုနှင့်”

“ကိုယ်ဉာဏ်ကို အမှီမပြုနှင့်”

“ကိုယ်ဉာဏ်ကို အမှီမပြုနှင့်”

‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။’—သု. ၃:၅

၁၊ ၂။ (က) ကျွန်ုပ်တို့ ဘယ်အခြေအနေတွေကို ရင်ဆိုင်ရနိုင်သလဲ။ (ခ) စိုးရိမ်ပူပန်စရာအခြေအနေကို ရင်ဆိုင်ရတဲ့အခါ၊ ဆုံးဖြတ်ချက်ချတဲ့အခါ၊ သွေးဆောင်မှုကို တွန်းလှန်ရတဲ့အခါ ဘယ်သူ့ကို ယုံကြည်ကိုးစားသင့်သလဲ၊ ဘာကြောင့်လဲ။

ညီအစ်မ ဒေါ်ဆွေဆွေ *ရဲ့အလုပ်ရှင်က သူ့ကုမ္ပဏီလုပ်ငန်းတချို့ကို လျှော့ချလိုက်လို့ အဲဒီကုမ္ပဏီက အလုပ်သမားအတော်များများလည်း အလုပ်ပြုတ်သွားကြပြီ။ နောက်တစ်ခါဆို ငါ့အလှည့်ပဲလို့ ဒေါ်ဆွေဆွေ စဉ်းစားမိတယ်။ သူအလုပ်ပြုတ်သွားရင် ဘယ်လိုလုပ်မလဲ။ လစဉ်ကုန်ကျစရိတ်တွေကို ဘယ်လိုပေးရမလဲ။ သန္တာလို့ခေါ်တဲ့ နောက်ညီအစ်မတစ်ယောက်က သတင်းကောင်းဟောပြောသူ သာ၍လိုအပ်တဲ့နေရာကို ပြောင်းချင်တယ်၊ သူပြောင်းသင့်သလား။ ဝေလင်းလို့ခေါ်တဲ့ လူငယ်မှာတော့ နောက်ပြဿနာတစ်မျိုးနဲ့ ကြုံနေရတယ်။ သူခပ်ငယ်ငယ်တုန်းက ညစ်ညမ်းရုပ်ပုံစာပေတွေကို ကြည့်ခဲ့ဖူးတယ်။ အခု အသက် ၂၀ ကျော်လာတဲ့အခါ အဲဒါတွေကို ပြန်ကြည့်ဖို့ အတော်လေး သွေးဆောင်ခံနေရတယ်။ ဒါကို သူဘယ်လိုတွန်းလှန်ရမလဲ။

စိုးရိမ်ပူပန်စရာအခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ ဒါမှမဟုတ် သွေးဆောင်မှုတွေကို တွန်းလှန်ရတဲ့အခါ သင် ဘယ်သူ့ကို ယုံကြည်ကိုးစားသလဲ။ သင့်ကိုယ်သင် အားကိုးသလား ဒါမှမဟုတ် ‘ထမ်းရွက်ရသောဝန်ကို ယေဟောဝါ၌ ချထား’ သလား။ (ဆာ. ၅၅:၂၂) ‘ယေဟောဝါသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏’ လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာ. ၃၄:၁၅) ဒါကြောင့် ကိုယ့်ဉာဏ်ကိုအားမကိုးဘဲ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားဖို့ အရေးကြီးလှပါတယ်။—သု. ၃:၅

၃။ (က) ယေဟောဝါကို ယုံကြည်ကိုးစားခြင်းဆိုတာ ဘာအဓိပ္ပာယ်လဲ။ (ခ) တချို့သူတွေဘာကြောင့် ကိုယ့်ဉာဏ်ကိုပဲ အားကိုးမိနိုင်သလဲ။

ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားခြင်းဆိုတာ ကိစ္စရပ်တွေကို ကိုယ်တော့်နည်းလမ်းအတိုင်း၊ ကိုယ်တော့်အလိုတော်နဲ့အညီ လုပ်ဆောင်ခြင်းဖြစ်တယ်။ ယေဟောဝါထံက အကူအညီနဲ့ လမ်းညွှန်မှုရဖို့ ကိုယ်တော့်ထံ မှန်မှန်ဆုတောင်းရမှာဖြစ်တယ်။ ဒါပေမဲ့ လူများစွာက ယေဟောဝါကို အကြွင်းမဲ့ယုံကြည်ကိုးစားဖို့ အခက်တွေ့နေကြတယ်။ ဥပမာ၊ ခရစ်ယာန်ညီအစ်မတစ်ဦးဖြစ်တဲ့ လင်းက “ယေဟောဝါကို အကြွင်းမဲ့ယုံကြည်ကိုးစားဖို့ ကျွန်မဆက်ကြိုးစားရဦးမယ်” လို့ပြောခဲ့တယ်။ ဘာကြောင့်လဲ။ “ကျွန်မနဲ့ ကျွန်မအဖေက ဘာအဆက်အသွယ်မှမရှိဘူး။ အမေကလည်း ကျွန်မကို စိတ်ပိုင်းအရရော၊ ကာယရေးအရပါ ဂရုမစိုက်ဘူး။ ဒါကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်တတ်လာတယ်။” လင်းရဲ့ဘဝနောက်ခံကြောင့် တစ်ယောက်ယောက်ကို အပြည့်အဝယုံကြည်စိတ်ချဖို့ သူ့အတွက် အခက်တွေ့နေတယ်။ လူတစ်ယောက်ရဲ့အစွမ်းအစနဲ့ အောင်မြင်မှုကလည်း မိမိကိုယ်ကိုယ်ပဲ အားကိုးမိစေနိုင်တယ်။ အတွေ့အကြုံအများကြီးရှိတဲ့ အကြီးအကဲတစ်ယောက်က အသင်းတော်ပြဿနာတွေ ဖြေရှင်းရာမှာ ဘုရားသခင်ထံ အရင်ဆုမတောင်းဘဲ ကိုယ့်ဘာသာကိုယ် ဖြေရှင်းမိနိုင်တယ်။

၄။ ဒီဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးသုံးသပ်မလဲ။

အကူအညီအတွက် ယေဟောဝါထံဆုတောင်းတဲ့အခါ ကျွန်ုပ်တို့ဘက်က အတတ်နိုင်ဆုံးကြိုးစားဖို့နဲ့ ကိုယ်တော့်လမ်းညွှန်မှုအတိုင်း လိုက်နာဖို့ ကိုယ်တော်မျှော်လင့်တယ်။ ဒါဆိုရင် အခက်အခဲပြဿနာကို ဘယ်အချိန်မှာ ယေဟောဝါလက်တော်မှာအပ်နှံမယ်၊ ဘယ်အချိန်မှာ ကိုယ်တိုင်ဖြေရှင်းဖို့ ကြိုးစားရမယ်ဆိုတာ ဘယ်လိုသိနိုင်သလဲ။ ဆုံးဖြတ်ချက်တွေချဖို့လိုတဲ့အခါ ဘယ်အချက်ကို သတိပြုရမလဲ။ သွေးဆောင်မှုတွေကို တွန်းလှန်ရာမှာ ဆုတောင်းခြင်းက ဘာကြောင့်အရေးကြီးသလဲ။ ကျမ်းစာပုံနမူနာတချို့ကို ဆင်ခြင်သုံးသပ်ပြီး ဒီမေးခွန်းတွေကို ဆွေးနွေးကြပါမယ်။

စိုးရိမ်ပူပန်တဲ့အခါ

၅၊ ၆။ အာရှုရိဘုရင်ရဲ့ခြိမ်းခြောက်မှုကို ခံရတဲ့အခါ ဟေဇကိ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

ယုဒဘုရင် ဟေဇကိနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဒီလိုပြောတယ်– ‘ယေဟောဝါ နောက်တော်သို့အစဉ်အမြဲလိုက်သဖြင့် မောရှေ၌ ယေဟောဝါမှာထားတော်မူသော ပညတ်တော်တို့ကို စောင့်ရှောက်လေ၏။’ မှန်ပါတယ်၊ သူက ‘အစ္စရေးအမျိုး၏ ဘုရားသခင်ယေဟောဝါကို ခိုလှုံ’ တဲ့သူဖြစ်တယ်။ (၄ ရာ. ၁၈:၅၊ ၆) တစ်ကြိမ်မှာ အာရှုရိဘုရင်သနာခရိပ်က ရာဗရှာခပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို အင်အားကြီးစစ်တပ်တစ်တပ်နဲ့အတူ ဂျေရုဆလင်ကို စေလွှတ်ခဲ့တယ်။ သူတို့ရောက်လာတဲ့အခါ ဟေဇကိဘယ်လိုတုံ့ပြန်ခဲ့သလဲ။ အင်အားကြီးတဲ့အာရှုရိစစ်တပ်က ယုဒပြည်ရဲ့ခိုင်ခံ့တဲ့မြို့ အတော်များများကို သိမ်းပိုက်ထားပြီးဖြစ်တယ်။ သနာခရိပ်က အခု ဂျေရုဆလင်မြို့ကို မျက်စိကျနေပြီ။ ဟေဇကိက ဝတ်ပြုရာအိမ်တော်ကိုသွားပြီး ဒီလို စဆုတောင်းခဲ့တယ်– ‘အိုအကျွန်ုပ်တို့ဘုရားသခင်ယေဟောဝါ၊ ကိုယ်တော်ယေဟောဝါတစ်ပါးတည်းသာ ဘုရားသခင်ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည်သိမည်အကြောင်း အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်ယူတော်မူပါ။’—၄ ရာ. ၁၉:၁၄-၁၉

ဟေဇကိက အကူအညီအတွက် ယေဟောဝါထံဆုတောင်းပြီး သူတတ်နိုင်ရာကို လုပ်ဆောင်ခဲ့တယ်။ ဥပမာ၊ ဆုတောင်းဖို့ ဝတ်ပြုရာအိမ်တော်ကို မသွားခင်မှာ ရာဗရှာခရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုကို မတုံ့ပြန်ဖို့ သူ့လူတွေကို မှာကြားခဲ့တယ်။ ဒါ့အပြင် အကြံဉာဏ်ရဖို့ သူ့လူတချို့ကို ပရောဖက်ဟေရှာယထံ စေလွှတ်ခဲ့တယ်။ (၄ ရာ. ၁၈:၃၆; ၁၉:၁၊ ၂) ဟေဇကိက ယေဟောဝါနှစ်သက်ရာကိုပဲ လုပ်ဆောင်ခဲ့တယ်။ အီဂျစ် ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံတွေဆီက စစ်ကူမတောင်းခဲ့ဘူး၊ ဒီလိုလုပ်တာကို ယေဟောဝါမနှစ်သက်ဘူးဆိုတာ သူသိတယ်။ ဒါကြောင့် ဟေဇကိက သူ့ဉာဏ်ကိုအမှီပြုမယ့်အစား ယေဟောဝါကို ယုံကြည်ကိုးစားခဲ့တယ်။ ယေဟောဝါရဲ့ကောင်းကင်တမန်တစ်ပါးက သနာခရိပ်ရဲ့လူ ၁၈၅,၀၀၀ ကိုသုတ်သင်ပြီးတဲ့နောက်မှာ သနာခရိပ်ဟာ “ထိုအရပ်မှထွက်” ပြီး နိနေဝေမြို့ကို ပြန်သွားခဲ့တယ်။—၄ ရာ. ၁၉:၃၅၊ ၃၆

၇။ ဟန္နနဲ့ ယောနရဲ့ဆုတောင်းချက်တွေကနေ ဘာနှစ်သိမ့်မှုရနိုင်သလဲ။

လေဝိအမျိုး ဧလကာနရဲ့ဇနီး ဟန္နလည်း ကလေးမရနိုင်လို့ စိတ်ဆင်းရဲနေချိန်မှာ ယေဟောဝါကို ယုံကြည်ကိုးစားခဲ့တယ်။ (၁ ရာ. ၁:၉-၁၁၊ ၁၈) ပရောဖက်ယောနက ဒီလိုဆုတောင်းပြီးတဲ့နောက် ငါးကြီးဝမ်းထဲကနေ လွတ်လာတယ်– ‘ငါသည် ဒုက္ခဆင်းရဲကိုခံရသောကြောင့် ယေဟောဝါကိုဟစ်ခေါ်၍ ငါ့စကားကိုကြားတော်မူ၏။ မရဏာနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သောစကားသံကို နားထောင်တော်မူ၏။’ (ယောန ၂:၁၊ ၂၊ ၁၀) ကျွန်ုပ်တို့ရဲ့အခြေအနေ ဘယ်လောက်ပဲဆိုးရွားနေပါစေ ယေဟောဝါထံ “အသနားခံ” ဆုတောင်းနိုင်တယ်ဆိုတဲ့အချက်ကို သိရတာက တကယ့်နှစ်သိမ့်မှုပါပဲ။—ဆာလံ ၅၅:၁၊ ၁၆ ကိုဖတ်ပါ။

၈၊ ၉။ ဟေဇကိ၊ ဟန္နနဲ့ ယောနတို့ရဲ့ဆုတောင်းချက်မှာ ဘယ်အချက်ကို ဖော်ပြသလဲ၊ ကျွန်ုပ်တို့ ဘာသင်ယူရရှိသလဲ။

ဟေဇကိ၊ ဟန္နနဲ့ ယောနတို့ရဲ့ပုံနမူနာက အခက်အခဲဒုက္ခရောက်လို့ ဆုတောင်းတဲ့အခါ ကျွန်ုပ်တို့မမေ့သင့်တဲ့ အရေးကြီးတဲ့အချက်တစ်ချက်ကို သင်ပေးတယ်။ သူတို့သုံးဦးစလုံးက အကျပ်အတည်းနဲ့ရင်ဆိုင်ရတဲ့အခါ စိတ်သောကရောက်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့အခက်အခဲတွေကနေ လွတ်မြောက်ဖို့လောက်ပဲ အဓိကအာရုံမစိုက်ဘူးဆိုတာ သူတို့ရဲ့ဆုတောင်းချက်တွေက ဖော်ပြတယ်။ ဘုရားသခင့်နာမတော်၊ ကိုယ်တော့်ကိုဝတ်ပြုခြင်းနဲ့ ကိုယ်တော့်အလိုတော်ဆောင်ခြင်းက သူတို့အတွက် အရေးအကြီးဆုံးဖြစ်ခဲ့တယ်။ ယေဟောဝါရဲ့နာမ ကဲ့ရဲ့ရှုတ်ချခံရတဲ့အခါ ဟေဇကိ စိတ်ထိခိုက်ခဲ့တယ်။ ဟန္နက သူအရမ်းလိုချင်တဲ့သားကို ရှိလောမြို့မှာရှိတဲ့တဲတော်မှာ ဘုရားသခင်အတွက် အမှုဆောင်ဖို့ပေးအပ်မယ်လို့ ကတိပြုခဲ့တယ်။ ယောနက “သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကိုပြုပါမည်” လို့ဆုတောင်းခဲ့တယ်။—ယောန ၂:၉

အကျပ်အတည်းတွေကနေလွတ်မြောက်ဖို့ ဆုတောင်းတဲ့အခါ ကျွန်ုပ်တို့ရဲ့ သဘောထားကို ဆန်းစစ်သင့်တယ်။ ကျွန်ုပ်တို့က ပြဿနာပြေလည်ဖို့ကိုပဲ အဓိကထား ဆုတောင်းသလား ဒါမှမဟုတ် ယေဟောဝါနဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေကို သတိရသလား။ ကျွန်ုပ်တို့ အခက်အခဲဒုက္ခတွေ့တဲ့အခါ ကိုယ့်ပြဿနာအတွက်ပဲ အရမ်းစိတ်ပူပြီး ဘုရားသခင့် ရည်ရွယ်ချက်နဲ့ ကိုယ်တော့်ကိုဝတ်ပြုရေးက အရေးမကြီးသလိုဖြစ်သွားနိုင်တယ်။ အကူအညီအတွက် ဘုရားသခင်ထံ ဆုတောင်းတဲ့အခါ ယေဟောဝါနဲ့ ကိုယ်တော့်နာမတော်သန့်ရှင်းမြင့်မြတ်ရေး၊ ကိုယ်တော့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းရေးအတွက်လည်း ထည့်ဆုတောင်းဖို့ သတိရသင့်တယ်။ အဲဒီလိုဆုတောင်းတယ်ဆိုရင် ကျွန်ုပ်တို့ မျှော်လင့်တဲ့အတိုင်း ဖြေကြားမခံရတဲ့အခါမှာတောင် အပြုသဘောဆက်ရှိနိုင်မှာဖြစ်တယ်။ ယေဟောဝါက ပြဿနာတွေကို ချက်ချင်းမဖယ်ရှားပေးဘဲ အခက်အခဲတွေကိုခံရပ်နိုင်ဖို့ ခွန်အားပေးခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်ကို အဖြေပေးတာ ဖြစ်နိုင်တယ်။—ဟေရှာယ ၄၀:၂၉; ဖိလိပ္ပိ ၄:၁၃ တို့ကိုဖတ်ပါ။

ဆုံးဖြတ်ချက်ချတဲ့အခါ

၁၀၊ ၁၁။ အခက်အခဲကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာမသိတဲ့အခါ ယောရှဖတ် ဘာလုပ်ခဲ့သလဲ။

၁၀ သင့်ဘဝရဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ဘယ်လိုချသလဲ။ အရင်ဆုံးဖြတ်ပြီးမှ သင့်ဆုံးဖြတ်ချက်ကို ကောင်းချီးပေးဖို့ ယေဟောဝါထံ ဆုတောင်းသလား။ မောဘနဲ့ အမ္မုန်တပ်ပေါင်းစုက ယုဒဘုရင်ယောရှဖတ်ကို စစ်တိုက်ဖို့ ချီတက်လာတဲ့အခါ သူဘာလုပ်တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ ယုဒလူတွေမှာ ပြန်တိုက်ခိုက်နိုင်တဲ့ အင်အားမရှိဘူး။ ဒါဆို ယောရှဖတ် ဘာလုပ်ခဲ့သလဲ။

၁၁ ‘ယောရှဖတ်သည် ကြောက်၍ ယေဟောဝါကိုရှာ’ ခဲ့တယ်လို့ သမ္မာကျမ်းစာမှာဖော်ပြတယ်။ ယုဒပြည်တစ်လျှောက်လုံးမှာ အစာရှောင်ဖို့နဲ့ ‘ယေဟောဝါကိုဆုတောင်း’ ဖို့ စုဝေးကြပါလို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီနောက် ဘုရင်က ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတွေရှေ့မှာမတ်တတ်ရပ်ပြီး ဆုတောင်းခဲ့တယ်။ အဲဒီထဲမှာ ဒီအချက်ပါတယ်– “အိုအကျွန်ုပ်တို့ဘုရားသခင် သူတို့ကိုမစီရင်ဘဲ နေတော်မူမည်လော။ အကျွန်ုပ်တို့ကို တိုက်အံ့သောငှာလာသော ဤအလုံးအရင်းကြီးကို အကျွန်ုပ်တို့သည် ဆီးတားခြင်းငှာမတတ်နိုင်ပါ။ အဘယ်သို့ပြုရမည်ကိုမသိပါ။ ကိုယ်တော်ကိုသာမျှော်ကြည့်လျက် နေကြပါသည်။” ဘုရားသခင်က ယောရှဖတ်ရဲ့ဆုတောင်းချက်ကိုနားထောင်ပြီး အံ့ဖွယ်နည်းနဲ့ ကယ်တင်ခဲ့တယ်။ (၆ ရာ. ၂၀:၃-၁၂၊ ၁၇) ဆုံးဖြတ်ချက်တွေချတဲ့အခါ၊ အထူးသဖြင့် ကျွန်ုပ်တို့နဲ့ ဘုရားသခင်ရဲ့ ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်တဲ့ ဆုံးဖြတ်ချက်တွေဆိုရင် ကိုယ့်ဉာဏ်ကိုအမှီပြုမယ့်အစား ယေဟောဝါကို ကိုးစားသင့်တယ်။

၁၂၊ ၁၃။ ဆုံးဖြတ်ချက်တွေချဖို့လိုတဲ့အခါ ဘုရင်ဒါဝိဒ် ဘာပုံသက်သေပြခဲ့သလဲ။

၁၂ အလွယ်တကူဖြေရှင်းနိုင်တဲ့ ပြဿနာနဲ့ရင်ဆိုင်ရတဲ့အခါ ဘာလုပ်သင့်သလဲ၊ အရင်တုန်းကလည်း ဒီလိုပြဿနာမျိုးကြုံခဲ့ဖူးလို့ ဖြေရှင်းနည်းကို သိနေတာဖြစ်နိုင်တယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ ဘုရင်ဒါဝိဒ်ရဲ့မှတ်တမ်းကနေ သိနိုင်တယ်။ အာမလက်လူတွေက ဇိကလတ်မြို့ကိုတိုက်ပြီး ဒါဝိဒ်ရဲ့သားမယားတွေနဲ့ သူ့လူတွေရဲ့သားမယားတွေကို ဖမ်းခေါ်သွားတယ်။ ဒါဝိဒ်က “အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော” လို့ ယေဟောဝါကို မေးလျှောက်ခဲ့တယ်။ ယေဟောဝါက “လိုက်လော့၊ ဆက်ဆက်မီ၍ အလုံးစုံတို့ကိုရပြန်မည်’ လို့ပြန်ဖြေတယ်။ ဒါဝိဒ် အဲဒီအတိုင်းလုပ်ခဲ့ပြီး ‘အာမလက်လူတို့ သိမ်းသွားသမျှတို့ကို ပြန်ရ’ ခဲ့တယ်။—၁ ရာ. ၃၀:၇-၉၊ ၁၈-၂၀

၁၃ အာမလက်ရန်ကအေးသွားပြီးနောက် ဖိလိတ္တိလူတွေ တစ်စခန်းထပြီး ရန်မူတိုက်ခိုက်လာတယ်။ ဒီတစ်ကြိမ်မှာလည်း ဒါဝိဒ်က ယေဟောဝါထံမေးလျှောက်ခဲ့ပြီး ရှင်းလင်းတဲ့အဖြေရခဲ့တယ်။ ဘုရားသခင်က “သွားလော့။ ငါသည် ဖိလိတ္တိလူတို့ကို သင့်လက်သို့ ဆက်ဆက်အပ်မည်” လို့မိန့်တော်မူတယ်။ (၂ ရာ. ၅:၁၈၊ ၁၉) အဲဒီနောက်မကြာခင်မှာ ဖိလိတ္တိလူတွေ နောက်တစ်ကြိမ် ရန်စပြန်တယ်။ ဒီတစ်ကြိမ်မှာ သူဘာလုပ်မလဲ။ ‘ဒီလိုအခြေအနေမျိုး နှစ်ခါကြုံခဲ့ဖူးပြီးပြီ။ အဲဒီတုန်းကလုပ်ခဲ့သလို အခု ဘုရားသခင့်ရန်သူတွေကို သွားတိုက်လိုက်မယ်’ လို့ သူစဉ်းစားမိနိုင်တယ်။ ဒါမှမဟုတ် ယေဟောဝါရဲ့ လမ်းညွှန်မှုကို ရှာမလား။ ဒါဝိဒ်က သူ့ရဲ့အရင်ကအတွေ့အကြုံကို အားမကိုးခဲ့ဘူး။ ဒီတစ်ကြိမ်လည်း ယေဟောဝါထံ ဆုတောင်းခဲ့တယ်။ ဒီလိုလုပ်ခဲ့တဲ့အတွက် သူဝမ်းသာခဲ့မှာပဲ။ ဒီတစ်ကြိမ် သူရတဲ့ညွှန်ကြားချက်က အရင်တစ်ခါနဲ့မတူတော့ဘူး။ (၂ ရာ. ၅:၂၂၊ ၂၃) ကျွန်ုပ်တို့လည်း ဒီလိုအခြေအနေမျိုး၊ ပြဿနာမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ မိမိကိုယ်ကိုနဲ့ အရင်ကအတွေ့အကြုံကို လုံးလုံးအားမကိုးမိဖို့ သတိထားရမယ်။—ယေရမိ ၁၀:၂၃ ကိုဖတ်ပါ။

၁၄။ ယောရှုနဲ့ အစ္စရေးအမျိုးသားအသက်ကြီးသူတွေ ဂိဗောင်မြို့သားတွေကိုဆက်ဆံပုံကနေ ဘာသင်ခန်းစာယူနိုင်သလဲ။

၁၄ အတွေ့အကြုံရှိတဲ့အကြီးအကဲတွေအပါအဝင် ကျွန်ုပ်တို့အားလုံးက မစုံလင်ကြတဲ့အတွက် ဆုံးဖြတ်ချက်ချတဲ့အခါတွေမှာ ယေဟောဝါရဲ့လမ်းညွှန်မှုကို မပျက်မကွက်ရှာဖို့လိုတယ်။ ဉာဏ်များတဲ့ဂိဗောင်မြို့သားတွေက ရပ်ဝေးကလာတဲ့သူတွေလို ပရိယာယ်ဆင်ပြီး ချဉ်းကပ်လာတဲ့အခါ မောရှေကိုဆက်ခံသူ ယောရှုနဲ့ အစ္စရေးအမျိုးသားအသက်ကြီးသူတွေရဲ့ တုံ့ပြန်ပုံကို သုံးသပ်ကြည့်ပါ။ ယောရှုနဲ့တခြားသူတွေက ယေဟောဝါကိုမမေးမြန်းဘဲ ဂိဗောင်မြို့သားတွေနဲ့ ငြိမ်းချမ်းရေးယူလိုက်တယ်။ သူတို့ရဲ့သဘောတူညီမှုကို ယေဟောဝါလက်ခံခဲ့ပေမဲ့ ဘုရားသခင့်လမ်းညွှန်မှုမရှာခဲ့တဲ့ သူတို့အကြောင်းကို ကျွန်ုပ်တို့အကျိုးအတွက် ကျမ်းစာမှာမှတ်တမ်းတင်စေခဲ့တယ်။—ယောရှု ၉:၃-၆၊ ၁၄၊ ၁၅

သွေးဆောင်မှုတွေကို တွန်းလှန်တဲ့အခါ

၁၅။ သွေးဆောင်မှုကိုတွန်းလှန်ရာမှာ ဆုတောင်းဖို့ ဘာကြောင့်အရေးကြီးတယ်ဆိုတာ ရှင်းပြပါ။

၁၅ ကျွန်ုပ်တို့ရဲ့ ကိုယ်အင်္ဂါတွေက “အပြစ်တရား” လက်မှာရှိနေလို့ အပြစ်လုပ်လိုတဲ့ဆန္ဒတွေကို ပြင်းပြင်းထန်ထန် တိုက်လှန်ဖို့လိုတယ်။ (ရော. ၇:၂၁-၂၅) ဒါက အောင်မြင်နိုင်တဲ့တိုက်ပွဲဖြစ်တယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ သွေးဆောင်မှုကိုတွန်းလှန်ရာမှာ ဆုတောင်းဖို့အရေးကြီးကြောင်း မိမိရဲ့နောက်လိုက်တွေကို ယေရှုပြောခဲ့တယ်။ (လုကာ ၂၂:၄၀ ကိုဖတ်ပါ။) ဘုရားသခင်ထံဆုတောင်းပြီးနောက်မှာတောင် အမှားလုပ်လိုတဲ့ဆန္ဒတွေ ဒါမှမဟုတ် အတွေးတွေရှိနေသေးတယ်ဆိုရင် ဒီစမ်းသပ်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ ဉာဏ်ပညာရဖို့ “ဘုရားသခင်ကို ဆက်၍တောင်းလျှောက်” ဖို့လိုတယ်။ “ကိုယ်တော်သည် လူအပေါင်းတို့ကို ကဲ့ရဲ့ခြင်းမရှိဘဲ ရက်ရောစွာပေးကမ်းတော်မူ” မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ (ယာ. ၁:၅) ယာကုပ် ဒီလိုလည်းရေးခဲ့တယ်– ‘သင်တို့တွင် ဖျားနာနေသူ တစ်စုံတစ်ဦးရှိသလော။ ထိုသူသည် အသင်းတော်ရှိ အသက်ကြီးသူများကို ခေါ်ပါစေ။ သူတို့သည် ယေဟောဝါ၏နာမတော်ဖြင့် သူ့ကို ဆီလိမ်းပေး၍ ဆုတောင်းပေးကြပါစေ။ သို့ပြုလျှင် ယုံကြည်ခြင်းဖြင့်တောင်းသော ဆုတောင်းချက်သည် လူနာကို ကျန်းမာစေ၍ ယေဟောဝါသည် သူ့ကို ထစေတော်မူလိမ့်မည်။’—ယာ. ၅:၁၄၊ ၁၅

၁၆၊ ၁၇။ သွေးဆောင်မှုကိုတွန်းလှန်ဖို့ အကူအညီရှာရာမှာ ဘယ်အချိန်မှာ ဆုတောင်းတာက အကောင်းဆုံးလဲ။

၁၆ သွေးဆောင်မှုကို တွန်းလှန်ရာမှာ ဆုတောင်းဖို့အရေးကြီးတယ်ဆိုတာမှန်ပေမဲ့ ဘယ်အချိန်မှာတောင်းရမယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းသိရမှာဖြစ်တယ်။ နယပုံပြင် ၇:၆-၂၃ မှာပါတဲ့ လူငယ်တစ်ဦးအကြောင်း သုံးသပ်ကြည့်ပါ။ မှောင်ရီပျိုးစအချိန်မှာ အကျင့်ပျက်တဲ့အမျိုးသမီး အဲဒီလမ်းမှာရှိနေတယ်ဆိုတာ သူသိလျက်နဲ့ အဲဒီနေရာကို သွားခဲ့တယ်။ အဲဒီအမျိုးသမီးရဲ့ မြှူဆွယ်ဖြားယောင်းတဲ့အပြောမှာကျသွားပြီး အသတ်ခံဖို့သွားတဲ့နွားလို ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်။ ဒီလူငယ် ဘာကြောင့် အဲဒီနေရာကိုသွားခဲ့တာလဲ။ သူ့မှာ “ဉာဏ်မရှိ” ဘူးလို့ ကျမ်းစာက ဖော်ပြတယ်။ အမှားပြုလိုတဲ့ဆန္ဒကို သူ မတွန်းလှန်နိုင်ခဲ့ပုံရတယ်။ (သု. ၇:၇) ဘယ်အချိန်မှာ ဆုတောင်းတာက သူ့အတွက် အကျိုးအရှိဆုံးဖြစ်မလဲ။ အမျိုးသမီး သူ့ကိုသွေးဆောင်နေတဲ့အချိန်အတွင်း ဘယ်အချိန်မှာမဆို ဆုတောင်းတာက ကောင်းပါတယ်။ ဒါပေမဲ့ ဆုတောင်းဖို့အကောင်းဆုံးအချိန်က အဲဒီလမ်းကိုသွားဖို့ အတွေးစဝင်လာတဲ့အချိန်ဖြစ်တယ်။

၁၇ အခုလည်း လူတစ်ဦးက ညစ်ညမ်းရုပ်ပုံစာပေကြည့်ချင်တဲ့ဆန္ဒကို တွန်းလှန်ဖို့ အပြင်းအထန်ကြိုးစားနေရတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သွေးသားဆန္ဒကိုလှုံ့ဆော်ပေးတဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေရှိတယ်လို့ သူသိထားတဲ့အင်တာနက်ဆိုက်ကို ဖွင့်ကြည့်တယ်ဆိုပါစို့။ သူ့အဖြစ်က နယပုံပြင် အခန်းကြီး ၇ မှာပါတဲ့ လူငယ်နဲ့ တူနေတယ်မဟုတ်လား။ ဒါက အန္တရာယ်လမ်းကို စလျှောက်လိုက်တာပဲ။ ညစ်ညမ်းရုပ်ပုံတွေကို မကြည့်မိဖို့ လူတစ်ဦးကြိုးစားတွန်းလှန်ရာမှာ အန္တရာယ်ရှိတယ်လို့ သိထားတဲ့အင်တာနက်ဆိုက်ကို မဖွင့်မိအောင်ကူညီပေးဖို့ ယေဟောဝါထံ ဆုတောင်းဖို့လိုတယ်။

၁၈၊ ၁၉။ (က) သွေးဆောင်မှုကိုတွန်းလှန်ဖို့ ဘာကြောင့် အခက်တွေ့နိုင်သလဲ၊ ဒါပေမဲ့ ဘယ်လိုနည်းနဲ့ သင်အောင်မြင်နိုင်သလဲ။ (ခ) သင် ဘယ်လိုဆုံးဖြတ်ထားသလဲ။

၁၈ သွေးဆောင်မှုကိုတွန်းလှန်ဖို့ ဒါမှမဟုတ် အကျင့်ဆိုးတွေကိုဖျောက်ဖျက်ဖို့ဆိုတာ မလွယ်ကူဘူး။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “ငါ၏အထဲ၊ ငါ၏လူ့ဇာတိ၌ ကောင်းသောအရာ မရှိကြောင်း ငါသိ၏။ အကြောင်းမူကား ငါသည် ကောင်းရာကို ကျင့်လိုသောစိတ်ရှိသော်လည်း ကျင့်ဆောင်နိုင်စွမ်းကား မရှိ။ ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်၊ မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်မိလေ့ရှိ၏။” ဒါကြောင့် ဒီကျမ်းစကားအရ ကျွန်ုပ်တို့ လုပ်ချင်တဲ့အတိုင်း လုပ်လို့မရဘူး။ (ရော. ၇:၁၈-၂၁၊ ၂၃) သွေးဆောင်မှုကိုတွန်းလှန်ရာမှာ အောင်မြင်ဖို့ဆိုရင် သွေးဆောင်မှုဖြစ်စေတဲ့ မှားယွင်းတဲ့အတွေးတွေစဝင်လာပြီဆိုတာနဲ့ ထက်ထက်သန်သန်ဆုတောင်းဖို့၊ ပြီးတဲ့နောက် ဆုတောင်းချက်အတိုင်း လုပ်ဆောင်ဖို့လိုတယ်။ “လူတို့ကြုံရတတ်သော သွေးဆောင်ခြင်းကိုသာ သင်တို့ခံရ” တာဖြစ်တယ်။ ယေဟောဝါရဲ့အကူအညီနဲ့ ကိုယ်တော့်အပေါ် ဆက်တည်ကြည်နိုင်ပါတယ်။—၁ ကော. ၁၀:၁၃

၁၉ ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရတာဖြစ်စေ၊ ကြီးလေးတဲ့ဆုံးဖြတ်ချက်ချရတာဖြစ်စေ၊ သွေးဆောင်မှုကိုတွန်းလှန်ဖို့ ကြိုးစားနေတာဖြစ်စေ ယေဟောဝါက အလွန်ကောင်းတဲ့လက်ဆောင်ဖြစ်တဲ့ ဆုတောင်းနိုင်တဲ့အခွင့်အရေးကို ကျွန်ုပ်တို့ကို ပေးသနားထားတယ်။ ဆုတောင်းခြင်းအားဖြင့် ကိုယ်တော့်ကို ယုံကြည်ကိုးစားကြောင်း တင်ပြကြတယ်။ ကျွန်ုပ်တို့ကို လမ်းညွှန်ပေးပြီး ခွန်အားပေးနိုင်တဲ့ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ပေးပါလို့လည်း ဆက်တောင်းလျှောက်သင့်တယ်။ (လု. ၁၁:၉-၁၃) ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ဉာဏ်ကိုအမှီမပြုဘဲ ယေဟောဝါကိုယုံကြည်ကိုးစားကြောင်း တင်ပြကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 နာမည်တွေကိုပြောင်းထား။

သင် မှတ်မိသလား

• ဟေဇကိ၊ ဟန္နနဲ့ ယောနတို့ ယေဟောဝါကိုယုံကြည်ကိုးစားခြင်းကနေ သင် ဘာသင်ယူသိရှိရသလဲ။

• ဒါဝိဒ်နဲ့ ယောရှုတို့ရဲ့ပုံနမူနာက ဆုံးဖြတ်ချက်တွေချတဲ့အခါ ဘယ်အချက်ကို သတိပြုဖို့လိုကြောင်း ဖော်ပြသလဲ။

• သွေးဆောင်မှုကို တွန်းလှန်ရာမှာ အထူးသဖြင့် ဘယ်အချိန်မှာဆုတောင်းသင့်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါရုပ်ပုံ]

သွေးဆောင်မှုကိုတွန်းလှန်တဲ့အခါ ဘယ်အချိန်မှာဆုတောင်းတာက အကောင်းဆုံးလဲ