မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ယေဟောဝါဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏’

‘ယေဟောဝါဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏’

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

‘ယေဟောဝါဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏’

ယေဟောဝါဘုရားသခင်က ဘယ်လို ဘုရားသခင်မျိုးလဲလို့မေးရင် သင် ဘယ်လိုဖြေမလဲ။ ဘီစီအီး ရှစ်ရာစုမှာ ဘုရားသခင်ကို သန့်ရှင်းတယ်ဆိုတဲ့ စကားလုံးနဲ့ ကောင်းကင်တမန်တွေ ချီးမွမ်းနေတဲ့ အဆင်းအာရုံတစ်ခုကို ပရောဖက် (ကြိုဟောသူ) ဟေရှာယ တွေ့မြင်ခဲ့ရတယ်။ ဟေရှာယ မြင်ခဲ့၊ ကြားခဲ့ရာတွေက ကျွန်ုပ်တို့ကို အံ့သြမှင်တက်စေပြီး ဘုရားသခင်နဲ့ ပိုပြီးရင်းနှီးလာစေပါတယ်။ ဟေရှာယ ၆:၁-၃ မှာပါတဲ့ စကားတွေကို သုံးသပ်တဲ့အခါ သင်လည်း အဲဒီမှာရှိနေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။

ဟေရှာယ ဘာကို မြင်ခဲ့ပါသလဲ။ ‘ထာဝရဘုရားသခင်သည် အလွန်မြင့်မြတ်သော နေရာပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏’ ဆိုပြီး ဟေရှာယ ဖော်ပြထားတယ်။ (အခန်းငယ် ၁) အမှန်တော့ ဟေရှာယဟာ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါဘုရားသခင်ကို ပကတိမြင်နေရတာ မဟုတ်ပါဘူး။ ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေကို လူ့မျက်စိနဲ့ မမြင်နိုင်ပါဘူး။ “ဘုရားသခင်ကို မည်သူမျှ မမြင်စဖူး” ဆိုပြီး သမ္မာကျမ်းစာမှာ ရိုးရိုးလေး ဖော်ပြထားပါတယ်။ (ယောဟန် ၁:၁၈) ဒါကြောင့် ဟေရှာယ မြင်ခဲ့တာက အဆင်းအာရုံတစ်ခုပဲ ဖြစ်ပါတယ်။ * ဒါပေမဲ့ အဲဒီအဆင်းအာရုံကို ထင်ထင်ရှားရှား သူ မြင်တွေ့ခဲ့ရတယ်။ ဒါကြောင့် ဟေရှာယဟာ ဘုရားသခင်ကို တကယ်မြင်တွေ့နေရသလိုမျိုး အံ့သြမှင်တက်ပြီး ပြန်တုံ့ပြန်ခဲ့တာပါ။

အဆင်းအာရုံထဲမှာ တခြားသူတွေ မြင်တွေ့ခွင့်မရတဲ့ အရာတွေကို ဟေရှာယ မြင်တွေ့ခဲ့ရပါသေးတယ်။ သူ ဒီလိုရေးသားခဲ့တယ်– ‘သရပ်တို့သည် ကိုယ်တော့် [ယေဟောဝါ] အထက် ပတ်လည်၌ ရပ်နေကြ၏။ သူတို့၌ အတောင်ခြောက်ခုစီရှိ၍ နှစ်ခုဖြင့် မျက်နှာကိုဖုံးလျက်၊ နှစ်ခုဖြင့် ခြေကိုဖုံးလျက်၊ နှစ်ခုဖြင့် ပျံတတ်ကြ၏။’ (အခန်းငယ် ၂၊ သမ္မာ) အဲဒီသရပ်တွေဟာ အလွန်အဆင့်မြင့်တဲ့ ကောင်းကင်တမန်တွေ ဖြစ်ပါတယ်။ ကောင်းကင်တမန် သရပ်တွေအကြောင်း ဖော်ပြတဲ့ ကျမ်းရေးသူဆိုလို့ ဟေရှာယ တစ်ယောက်တည်း ရှိပါတယ်။ သရပ်တွေဟာ ဘုရားသခင် စေခိုင်းမယ့်အရာတွေကို သွားလုပ်ဖို့ အမြဲ အသင့်ရှိနေကြတယ်။ သရပ်တွေဟာ အမှုဆောင်ဖို့ အခွင့်ထူးပေးတဲ့ အရှင်ကို ကြည်ညိုလေးစားတဲ့အနေနဲ့ သူတို့ရဲ့ မျက်နှာနဲ့ ခြေတွေကို ဖုံးထားတာပါ။

ဟေရှာယဟာ မြင်ရတဲ့အရာတွေသာမက ကြားရတဲ့အရာတွေကြောင့်ပါ အံ့သြမှင်တက်ခဲ့ရတယ်။ ကောင်းကင်က သံစုံသီဆိုတဲ့ အဖွဲ့ထဲမှာပါတဲ့ သရပ်တွေဟာ အသံကိုမြှင့်တင်ပြီး သီဆိုနေကြတယ်။ ဟေရှာယက ဒီလိုရေးပြန်တယ်– ‘“ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏” ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်၍ မြွက်ဆိုကြ၏။’ (အခန်းငယ် ၃) “သန့်ရှင်း” လို့ပြန်ဆိုထားတဲ့ ဟေဗြဲစကားလုံးထဲမှာ သန့်စင်ခြင်းနဲ့ စင်ကြယ်ခြင်းဆိုတဲ့ သဘောတရားလည်းပါတယ်။ ဒီအပြင် “အပြစ်ဖြစ်စေမယ့် အရာတွေနဲ့ လုံးဝမပတ်သက်ဘဲ ကင်းရှင်းတယ်ဆိုတဲ့ ယူဆချက်” လည်းပါတယ်။ ကောင်းကင်တမန် သရပ်တွေဟာ သုံးကြိမ်သုံးခါ သီဆိုတဲ့ “သန့်ရှင်းတော်မူ၏” ဆိုတဲ့ စကားလုံးကို အဆက်မပြတ် အလှည့်ကျသီဆိုတာ ဖြစ်နိုင်ဖွယ်ရှိတယ်။ အဲဒီလိုသီဆိုတာက ယေဟောဝါဘုရားသခင်ဟာ ဘယ်သူမှ လိုက်မမီနိုင်တဲ့ အမြင့်မြတ်ဆုံးအနေအထားနဲ့ သန့်ရှင်းတာကို အလေးအနက် ဖော်ကျူးနေတာဖြစ်တယ်။ (ဗျာ. ၄:၈) ဒါကြောင့် သန့်ရှင်းမှုဟာ ဘုရားသခင်ရဲ့ ထူးခြားတဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။ ဘုရားသခင်ဟာ အပြည့်အဝ စင်ကြယ်၊ သန့်ရှင်းပြီး အပြစ်တင်စရာနဲ့ လုံးဝကင်းရှင်းပါတယ်။

ယေဟောဝါဘုရားသခင်က သန့်ရှင်းတယ်ဆိုတာကို ကျွန်ုပ်တို့ သိထားတဲ့အတွက် ကိုယ်တော်နဲ့ ပိုပြီးရင်းနှီးချင်တဲ့စိတ် ဖြစ်ပေါ်လာသင့်တယ်။ ဘာကြောင့်လဲ။ အကျင့်ပျက်ပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ လူ့အုပ်စိုးရှင်တွေနဲ့မတူတဲ့ ဘုရားသခင်ဟာ အပြစ်ဖြစ်စေတဲ့အရာတွေနဲ့ လုံးဝကင်းရှင်းလို့ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တော်ဟာ အကောင်းဆုံးဖခင်၊ ဖြောင့်မတ်တဲ့အုပ်စိုးရှင်၊ မျက်နှာမလိုက်တဲ့တရားသူကြီး အမြဲတမ်း ဖြစ်သွားမယ်ဆိုတာကို ကိုယ်တော်ရဲ့ သန့်ရှင်းမှုက အာမ,ခံပါတယ်။ သန့်ရှင်းမှုရှိတဲ့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ဘယ်တော့မှ စိတ်ပျက်စေမှာမဟုတ်ဘူးဆိုတာကို ယုံကြည်စိတ်ချဖို့ အကြောင်းကောင်းတွေ ရှိပါတယ်။

ဒီဇင်ဘာလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

ဟေရှာယ ၁-၂၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 “အိပ်ရာက နိုးထတဲ့အချိန်မှာ ဘုရားသခင်ဆီကနေ အဆင်းအာရုံ ရရှိရင် မေ့ပျောက်လို့မရနိုင်အောင် စိတ်ထဲမှာ စွဲကျန်ရစ်ခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီအဆင်းအာရုံကို တွေ့မြင်ခဲ့တဲ့သူက ပြန်မှတ်မိပြီး ပြန်ပြောနိုင်တယ် ဒါမှမဟုတ် သူ့စကားနဲ့မှတ်တမ်းတင်နိုင်တယ်။”

[စာမျက်နှာ ၂၆ ပါ အကျဉ်းဖော်ပြချက်]

ယေဟောဝါဘုရားသခင်က သန့်ရှင်းတယ် ဆိုတာကို ကျွန်ုပ်တို့ သိထားတဲ့အတွက် ကိုယ်တော်နဲ့ ပိုပြီးရင်းနှီးချင်တဲ့စိတ် ဖြစ်ပေါ်လာသင့်