မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာဗြဟံ—မေတ္တာပြည့်ဝတဲ့ အမျိုးသား

အာဗြဟံ—မေတ္တာပြည့်ဝတဲ့ အမျိုးသား

အာဗြဟံ—မေတ္တာပြည့်ဝတဲ့ အမျိုးသား

အာဗြဟံဟာ ဖြည်မဆည်နိုင်အောင် ဝမ်းနည်းနေပါတယ်။ သူအရမ်းချစ်ရတဲ့ ဇနီးသည် စာရာ သေဆုံးသွားပြီလေ။ ချစ်ဇနီးကို မြေမြှုပ်သင်္ဂြိုဟ်တဲ့အချိန်မှာ သူတို့မောင်နှံစုံရဲ့ အမှတ်ရစရာ အဖြစ်အပျက်ပေါင်းများစွာ အာဗြဟံရဲ့ခေါင်းထဲ ဝင်လာတယ်။ ကြေကွဲဝမ်းနည်းလွန်းလို့ အာဗြဟံခမျာ ငိုကြွေးနေရတယ်။ (ကမ္ဘာဦး ၂၃:၁၊ ၂) အာဗြဟံကျခဲ့တဲ့ မျက်ရည်ဟာ ပျော့ညံ့မှုရဲ့ လက္ခဏာတစ်ခုမဟုတ်ဘဲ သူ့ရဲ့ကောင်းမွန်လှတဲ့ အရည်အသွေးတွေထဲက တစ်ခုကို ဖော်ပြနေခြင်း ဖြစ်တယ်။ အဲဒါကတော့ မေတ္တာပါပဲ။

မေတ္တာဆိုတာ ဘာလဲ။ မေတ္တာဆိုတာ နွေးထွေး နက်ရှိုင်းတဲ့ ချစ်ခင်တွယ်တာမှုဖြစ်တယ်။ မေတ္တာပြည့်ဝသူတစ်ဦးဟာ သူချစ်ခင်တဲ့သူအပေါ် ဘယ်လိုခံစားချက်ရှိတယ်ဆိုတာကို သူ့ဘက်က စွန့်လွှတ်အနစ်နာခံရမယ်ဆိုရင်တောင် လုပ်ရပ်နဲ့ဖော်ပြတယ်။

မေတ္တာကို အာဗြဟံ ဘယ်လိုတင်ပြခဲ့သလဲ။ သူ့မိသားစုကို ချစ်ကြောင်း အာဗြဟံတင်ပြခဲ့တယ်။ အာဗြဟံဟာ အလုပ်များသူတစ်ဦးဖြစ်မယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဒါပေမဲ့ သူ့မိသားစုရဲ့ စိတ်ပိုင်း ဒါမှမဟုတ် ဝတ်ပြုမှုပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဘယ်တုန်းကမှ လျစ်လျူမရှုခဲ့ဘူး။ တကယ်ဆိုရင် အာဗြဟံဟာ အိမ်ထောင်ဦးစီးအနေနဲ့ မိသားစုကို ဦးဆောင်ပြီး ဝတ်ပြုကိုးကွယ်တယ်ဆိုတာ ယေဟောဝါဘုရားသခင်တောင် သတိပြုမိပါတယ်။ (ကမ္ဘာဦး ၁၈:၁၉) ဒါ့အပြင် ဘုရားသခင် အာဗြဟံနဲ့စကားပြောတဲ့အခါ ဣဇာက်ကို သင် “အလွန်ချစ်သော တစ်ယောက်တည်းသောသား” ဆိုပြီး ခေါ်ဆိုခဲ့တာကို ကြည့်ခြင်းဖြင့် အာဗြဟံဟာ မေတ္တာပြည့်ဝသူဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။—ကမ္ဘာဦး ၂၂:၂

သူ့ဇနီးစာရာ သေဆုံးသွားတဲ့အခါ အာဗြဟံရဲ့တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့်လည်း အာဗြဟံရဲ့မေတ္တာ အတိမ်အနက်ကို မှန်းဆကြည့်နိုင်ပါတယ်။ အာဗြဟံဟာ စာရာ သေဆုံးသွားတဲ့အခါ ငိုကြွေးခဲ့တယ်။ ယောက်ျားရင့်မာကြီးတစ်ယောက်ဖြစ်ပေမဲ့ သူ့ဝမ်းနည်းမှုကို ဖော်ပြဖို့ စိုးရိမ်ခြင်း မရှိခဲ့ဘူး။ ကြံ့ခိုင်သန်စွမ်းမှုနဲ့ နူးညံ့သိမ်မွေ့မှုဟာ ဆန့်ကျင်နေတာမဟုတ်ဘဲ သဟဇာတဖြစ်တယ်ဆိုတာ လှပစွာ ဖော်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဘုရားသခင်ကို ချစ်တယ်ဆိုတာ အာဗြဟံ ဖော်ပြခဲ့တယ်။ အဲဒီမေတ္တာကို သူ့ဘဝတစ်လျှောက်လုံး အာဗြဟံ ဖော်ပြသွားခဲ့ပါတယ်။ ဘယ်လိုနည်းနဲ့ ဖော်ပြခဲ့သလဲ။ ၁ ယောဟန် ၅:၃ မှာပါတဲ့ ဒီကျမ်းစကားကို ပြန်အမှတ်ရနိုင်ပါတယ်– “ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည် မဟုတ်။” အဲဒီအဓိပ္ပာယ်ဖွင့်ဆိုချက်အရ အာဗြဟံဟာ ဘုရားသခင်ကိုချစ်တဲ့ မေတ္တာ ဖော်ပြတဲ့နေရာမှာ ထူးခြားထင်ရှားတဲ့သူတစ်ဦး ဖြစ်ပါတယ်။

ယေဟောဝါဘုရားသခင်က အာဗြဟံကို အမိန့်တစ်ခုပေးလိုက်တိုင်း အာဗြဟံ ချက်ချင်း နာခံလုပ်ဆောင်ခဲ့ပါတယ်။ (ကမ္ဘာဦး ၁၂:၄; ၁၇:၂၂၊ ၂၃; ၂၁:၁၂-၁၄; ၂၂:၁-၃) ယေဟောဝါ ပေးတဲ့အမိန့်က လုပ်ဖို့လွယ်တယ် မလွယ်ဘူး၊ လုပ်ခိုင်းရတဲ့အကြောင်းရင်းကို သိဖို့လိုတယ် မလိုဘူးဆိုတာတွေက အာဗြဟံအတွက် အရေးမကြီးခဲ့ပါဘူး။ အာဗြဟံအတွက် အရေးအကြီးဆုံးကတော့ ဘုရားသခင်က သူ့ကို တစ်ခုခုလုပ်စေချင်တယ်ဆိုရင် အဲဒီအရာကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်လိုက်ဖို့ပါပဲ။ ဘုရားသခင် လုပ်ခိုင်းတဲ့အရာတိုင်းကို ဘုရားသခင်ကို သူဘယ်လောက်ချစ်သလဲဆိုတာ ဖော်ပြနိုင်တဲ့ အခွင့်အရေးအဖြစ် အာဗြဟံ ရှုမြင်ခဲ့တယ်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာက ဘာလဲ။ တခြားသူတွေကို အထူးသဖြင့် ကိုယ့်မိသားစုဝင်တွေကို နွေးနွေးထွေးထွေး ဆက်ဆံခြင်းအားဖြင့် အာဗြဟံကို တုပနိုင်ပါတယ်။ ဘဝရဲ့ဖိစီးမှုတွေကြောင့် ကိုယ်ချစ်ရသူတွေနဲ့ အတူနေတဲ့အချိန်တွေကို ဘေးချိတ်လိုက်တာမျိုး ကျွန်ုပ်တို့ ဘယ်တော့မှ မဖြစ်လိုကြပါဘူး။

ယေဟောဝါဘုရားသခင်ကို စိတ်နှလုံးထဲကနေ ချစ်တဲ့မေတ္တာကိုလည်း ပြုစုပျိုးထောင်နိုင်ပါတယ်။ အဲဒီလိုမေတ္တာမျိုးက ကျွန်ုပ်တို့ဘဝအသက်တာကို အများကြီး ဩဇာလွှမ်းမိုးနိုင်ပါတယ်။ ဥပမာ၊ ဘုရားသခင့်စိတ်ရွှင်လန်းအောင် ကျွန်ုပ်တို့ရဲ့ သဘောထား၊ အပြောအဆိုနဲ့ အပြုအမူတွေကို ပြုပြင်ပြောင်းလဲဖို့ အဲဒီမေတ္တာက လှုံ့ဆော်ပေးနိုင်ပါတယ်။—၁ ပေတရု ၁:၁၄-၁၆

ယေဟောဝါရဲ့အမိန့်ကို လိုက်နာဖို့က အမြဲ မလွယ်ကူဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အာဗြဟံကို ကူညီခဲ့တဲ့အရှင်၊ အာဗြဟံကို “မိတ်ဆွေ” လို့ ခေါ်ခဲ့တဲ့အရှင်က ကျွန်ုပ်တို့ကိုလည်း ကူညီထောက်မမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ (ဟေရှာယ ၄၁:၈) “ကိုယ်တော်သည် သင်တို့ကို ခိုင်ခံ့မြဲမြံစေ၍ ခွန်အားရှိစေတော်မူလိမ့်မည်” လို့သမ္မာကျမ်းစာမှာ ကတိပြုထားပါတယ်။ (၁ ပေတရု ၅:၁၀) အာဗြဟံရဲ့ ယုံကြည်စိတ်ချရတဲ့မိတ်ဆွေ ပေးတဲ့ကတိစကားက အရမ်းကို နွေးထွေးမှုဖြစ်စေပါတယ်။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

ယောက်ျားတွေ မျက်ရည်ကျတာက ယောက်ျား မပီသဘူးလို့ ဆိုလိုတာလား

အများစုကတော့ ဟုတ်တယ်လို့ ဖြေကြပါလိမ့်မယ်။ အခက်အခဲတွေ ကြုံတဲ့အခါ မျက်ရည်ကျခဲ့တဲ့ ရိုးသားဖြောင့်မတ်တဲ့ အမျိုးသားတွေကို ကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ်။ အဲဒီအမျိုးသားတွေထဲမှာ အာဗြဟံလည်း ပါတယ်ဆိုတာ သူတို့ သိလိုက်ရရင် အံ့သြသွားပါလိမ့်မယ်။ တခြားသူတွေကတော့ ယောသပ်၊ ဒါဝိဒ်၊ တမန်တော် ပေတရုနဲ့ ဧဖက်အသင်းတော်က အကြီးအကဲတွေဖြစ်ပြီး ယေရှုတောင် ပါတယ်။ (ကမ္ဘာဦး ၅၀:၁; ၂ ရာ. ၁၈:၃၃; လုကာ ၂၂:၆၁၊ ၆၂; ယောဟန် ၁၁:၃၅; တမန်တော် ၂၀:၃၆-၃၈) ဒါကြောင့် ရှင်းနေတာက ယောက်ျားတွေ မျက်ရည်ကျတာဟာ ယောက်ျား မပီသဘူးလို့ ကျမ်းစာက မသွန်သင်ဘူးဆိုတာပါပဲ။