မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင်၏ဘုရားသခင် ယေဟောဝါက သင်၏လက်ယာလက်ကို ကိုင်မည်’

‘သင်၏ဘုရားသခင် ယေဟောဝါက သင်၏လက်ယာလက်ကို ကိုင်မည်’

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

‘သင်၏ဘုရားသခင် ယေဟောဝါက သင်၏လက်ယာလက်ကို ကိုင်မည်’

ကားရှုပ်နေတဲ့ လမ်းကို ဖြတ်ကူးခါနီးမှာ “အဖေ့လက်ကို ကိုင်ထား” ဆိုပြီး သားငယ်ကို အဖေက ပြောလိုက်တယ်။ သန်မာတဲ့ အဖေ့လက်က သားငယ်ရဲ့ သေးသွယ်တဲ့လက်ကို ဆုပ်ကိုင်လိုက်တဲ့အခါ သားဖြစ်သူက လုံခြုံပြီလို့ခံစားရပြီး ဘာကိုမှမကြောက်တော့ဘူး။ မရေရာမသေချာတဲ့ ဘဝတစ်လျှောက်လုံးမှာ သင့်ရဲ့လက်ကို ကိုင်ပြီး ဘေးကင်းလုံခြုံအောင် ဦးဆောင်သွားပေးမယ့်သူကို သင် အလိုရှိခဲ့ဖူးလား။ အလိုရှိခဲ့မယ်ဆိုရင် ဟေရှာယကျမ်းမှာ မှတ်တမ်းတင်ထားတဲ့ စကားတွေကနေ နှစ်သိမ့်မှုကို သင် ရရှိနိုင်ပါလိမ့်မယ်။—ဟေရှာယ ၄၁:၁၀၊ ၁၃ ကိုဖတ်ပါ။

အဲဒီကျမ်းစကားတွေက ရှေးခေတ်အစ္စရေးလူမျိုးအတွက် ဟေရှာယ ရေးသားခဲ့တာဖြစ်တယ်။ အစ္စရေးလူမျိုးဟာ ဘုရားသခင်ရဲ့ “အထူးပိုင်ဆိုင်ရာလူမျိုး” ဖြစ်ပေမဲ့ သူတို့ဝန်းကျင်မှာ ရန်သူတွေရှိနေပါတယ်။ (ထွက်မြောက်ရာ ၁၉:၅သမ္မာ) ဒါဆိုရင် သူတို့ ကြောက်စရာအကြောင်း ရှိပါသလား။ ယေဟောဝါဘုရားသခင်က ဟေရှာယကနေတစ်ဆင့် အားရှိစရာသတင်းကို ပြောပြခဲ့တယ်။ အဲဒီကျမ်းစကားတွေကို ကျွန်ုပ်တို့ ဆန်းစစ်လေ့လာနေတုန်း ကနေ့ခေတ်မှာရှိတဲ့ ဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေနဲ့လည်း အဲဒီကျမ်းစကားက သက်ဆိုင်တယ်ဆိုတာ မှတ်သားထားပါ။—ရောမ ၁၅:၄

“မစိုးရိမ်” နဲ့လို့ ယေဟောဝါဘုရားသခင် အားပေးခဲ့တယ်။ (အခန်းငယ် ၁၀) ဒီစကားက တကယ့်ကို အဓိပ္ပာယ်ရှိပါတယ်။ “ငါသည် သင့်ဘက်မှာရှိ၏” လို့ ဘုရားသခင် ပြောတဲ့အတွက် ဘာကိုမှ ကြောက်စရာမလိုပါဘူး။ ဘုရားသခင်က ကျွန်ုပ်တို့နဲ့ အဝေးကြီးမှာ ရှိနေပြီး အကူအညီလိုတော့မှ ရောက်လာတာမဟုတ်ပါဘူး။ ဘုရားသခင်ဟာ မိမိကို ကိုးကွယ်တဲ့သူတွေရဲ့ဘေးမှာ ရှိနေသလိုမျိုး သူတို့နဲ့အတူရှိပြီး ကူညီပေးဖို့ အမြဲအသင့်ရှိနေတယ်ဆိုတာကို သိထားစေချင်ပါတယ်။ ဒီအချက်က တကယ့်ကို နှစ်သိမ့်မှုဖြစ်စေတယ် မဟုတ်ဘူးလား။

ဘုရားသခင်ဟာ မိမိကို ကိုးကွယ်တဲ့သူတွေကို “မကြောက်” နဲ့လို့လည်း အာမ,ခံထားပါသေးတယ်။ (အခန်းငယ် ၁၀) ဒီမှာ အသုံးပြုထားတဲ့ ဟီဘရူးကြိယာက “အန္တရာယ်တစ်ခုခုများ ရှိမလားဆိုပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်နေတဲ့သူတွေ” ကိုရည်ညွှန်းနိုင်တယ်။ ‘ငါသည် သင်၏ဘုရားသခင်ဖြစ်’ တဲ့အတွက် ကြောက်တဲ့စိတ်နဲ့ နောက်ဆံတင်းနေစရာ အကြောင်းမရှိဘူးဆိုပြီး ဘုရားသခင် ပြောပြတယ်။ ဒီထက် အားရှိစရာကောင်းတဲ့စကား ရှိပါဦးမလား။ ယေဟောဝါဘုရားသခင်ဟာ “အမြင့်ဆုံး၊” ‘အတိုင်းအဆမဲ့ တန်ခိုးရှင်’ ဖြစ်ပါတယ်။ (ဆာလံ ၉၁:၁) အလိုတော်ရှိတဲ့အတိုင်း ဖြစ်စေနိုင်တဲ့ တန်ခိုးရှင် ယေဟောဝါနဲ့အတူ ရှိနေတဲ့အတွက် သူတို့ ကြောက်ဖို့လိုပါသလား။

ဒါဆိုရင် ဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေဟာ ကိုယ်တော့်ဆီကနေ ဘာကို မျှော်လင့်နိုင်သလဲ။ ‘ငါ့ဖြောင့်မတ်သော လက်ယာလက်ဖြင့် ထောက်ပင့်မည်’ လို့ ဘုရားသခင် ကတိပြုထားပါတယ်။ (အခန်းငယ် ၁၀) ဒါ့အပြင် ‘သင်၏ ဘုရားသခင် ယေဟောဝါက သင်၏လက်ယာလက်ကို ကိုင်မည်’ လို့လည်း ပြောပါသေးတယ်။ (အခန်းငယ် ၁၃) အဲဒီစကားတွေကို ကြားရတဲ့အခါ သင် ဘာကို သတိရသွားသလဲ။ “အဲဒီအခန်းငယ်နှစ်ခုကို ပေါင်းကြည့်လိုက်ရင် မိဘနဲ့ ကလေးရဲ့ အသွင်ကို မြင်ယောင်လာစေတယ်။ [အဖေ] က ကလေးကို ကာကွယ်ဖို့ အသင့်ရှိနေတာလောက်ပဲ မဟုတ်ဘူး။ ကလေးနဲ့အတူ ရှိနေတာဖြစ်တယ်။ အဖေဟာ ကလေးကို မျက်စိအောက်ကနေ အပျောက်ခံမှာ မဟုတ်ဘူး” လို့ အကိုးအကားစာအုပ်တစ်အုပ်က ဖော်ပြတယ်။ ဘုရားသခင်ကလည်း မိမိရဲ့လူတွေကို အမှောင်မိုက်ဆုံးဖြစ်တဲ့ အခက်အခဲဆုံးအချိန်မှာတောင် မျက်စိအောက်က အပျောက်ခံမှာမဟုတ်ပါဘူး။—ဟေဗြဲ ၁၃:၅၊ ၆

ကနေ့ခေတ်မှာ ယေဟောဝါဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေဟာ ဟေရှာယ မှတ်တမ်းတင်ထားတဲ့ စကားတွေကနေ နှစ်သိမ့်မှု အများကြီးရရှိနိုင်ပါတယ်။ “ခက်ခဲကျပ်တည်းသော ကာလ” မှာ ကျွန်ုပ်တို့ဟာ ဘဝရဲ့စိုးရိမ်ပူပန်မှုတွေကြောင့် တစ်ခါတလေ ဖိစီးမှုဒဏ်တွေနဲ့ ဝန်ပိနေကြတယ်။ (၂ တိမောသေ ၃:၁) ဒါပေမဲ့ အဲဒီအခက်အခဲတွေကို ကျွန်ုပ်တို့ဘာသာ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့အနားရောက်လာပြီး ကျွန်ုပ်တို့လက်ကို ကိုင်ဖို့ တလိုတလားရှိပါတယ်။ ယုံကြည်စိတ်ချမှုရှိတဲ့ ကလေးတွေလိုပဲ ကျွန်ုပ်တို့လည်း ဘုရားသခင်ရဲ့ အားကြီးတဲ့လက်ကို ကိုင်ထားနိုင်တယ်။ ဒါ့အပြင် ကျွန်ုပ်တို့ကို လမ်းမှန်ပေါ်မှာ ဦးဆောင်ပေးပြီး လိုအပ်တဲ့အခါတိုင်း ကူညီပေးမယ်ဆိုတာကိုလည်း ယုံကြည်စိတ်ချနိုင်ပါတယ်။—ဆာလံ ၆၃:၇၊ ၈

ဇန်နဝါရီလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

ဟေရှာယ ၂၄-၄၂