မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားဖြစ်သူကို ယဇ်ပူဇော်ဖို့ အာဗြဟံကို ဘုရားသခင် ဘာကြောင့် တောင်းဆိုရတာလဲ

သားဖြစ်သူကို ယဇ်ပူဇော်ဖို့ အာဗြဟံကို ဘုရားသခင် ဘာကြောင့် တောင်းဆိုရတာလဲ

စာရှုသူများအမေး

သားဖြစ်သူကို ယဇ်ပူဇော်ဖို့ အာဗြဟံကို ဘုရားသခင် ဘာကြောင့် တောင်းဆိုရတာလဲ

▪ သားဖြစ်သူ ဣဇာက်ကို ယဇ်ပူဇော်ဖို့ အာဗြဟံကို ယေဟောဝါဘုရားသခင် တောင်းဆိုခဲ့တယ်လို့ ကမ္ဘာဦးကျမ်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ (ကမ္ဘာဦး ၂၂:၂) အဲဒီမှတ်တမ်းကို ကျမ်းစာဖတ်ရှုသူတချို့ နားလည်ရခက်နေကြတယ်။ “ကျွန်မငယ်ငယ်တုန်းက ဒီမှတ်တမ်းကို ဦးဆုံးအကြိမ် ကြားလိုက်ရတော့ အရမ်းစိတ်ဆိုးမိတယ်။ ဘယ်လိုဘုရားသခင်မျိုးမို့လို့ ဒီလိုတောင်းဆိုရတာလဲ” ဆိုပြီး ကာရယ်လ်အမည်ရှိ ပါမောက္ခတစ်ယောက်က ပြောတယ်။ အဲလိုခံစားချက် ပေါ်လာတာကို နားလည်ပေးနိုင်ပေမဲ့ အချက်အလက်တချို့ကိုတော့ သိထားသင့်ပါတယ်။

အရင်ဆုံး ယေဟောဝါဘုရားသခင် မလုပ်ခဲ့တဲ့အရာကို သုံးသပ်ကြည့်ရအောင်။ အာဗြဟံဟာ မိမိရဲ့သားကို ယဇ်ပူဇော်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ ဘုရားသခင်က ခွင့်မပြုခဲ့ပါဘူး။ ဒါ့အပြင် အဲဒီလိုလုပ်ဖို့လည်း ဘယ်သူ့ကိုမှ ဘုရားသခင် ထပ်မတောင်းဆိုတော့ပါဘူး။ ဘုရားသခင်ဟာ ကလေးတွေအပါအဝင် မိမိကို ဝတ်ပြုကိုးကွယ်တဲ့သူအားလုံးကို အသက်ဆက်ရှင်စေချင်တယ်၊ အသက်ရှည်ရှည်နဲ့ ကျေနပ်ဖွယ်ကောင်းတဲ့ဘဝကို ပိုင်ဆိုင်စေချင်ပါတယ်။

ဒုတိယ၊ သားဖြစ်သူ ဣဇာက်ကို ယဇ်ပူဇော်ဖို့ အာဗြဟံကို တောင်းဆိုရတဲ့ အကြောင်းထူးတစ်ခု ဘုရားသခင်မှာရှိတယ်လို့ ကျမ်းစာက ဖော်ပြတယ်။ နှစ်ပေါင်းများစွာအကြာမှာ လူသားတွေရဲ့အကျိုးအတွက် ဘုရားသခင်ကိုယ်တိုင် မိမိရဲ့သားတော် * ယေရှုကို အသေခံခိုင်းဖို့ စီစဉ်ထားတယ်။ (မဿဲ ၂၀:၂၈) ယေရှုကို ယဇ်ပူဇော်ဖို့ ဘုရားသခင် ဘယ်လောက် အနစ်နာခံခဲ့ရတယ်ဆိုတာ ကျွန်ုပ်တို့ကို သိစေချင်ပါတယ်။ ဘုရားသခင်ဟာ အနာဂတ်မှာ မိမိပူဇော်မယ့်ယဇ်ကို လူတွေသိရှိအောင် အာဗြဟံကို တောင်းဆိုခဲ့တဲ့အရာနဲ့ သရုပ်ဖော်ခဲ့ပါတယ်။ ဘယ်လိုနည်းနဲ့ သရုပ်ဖော်ခဲ့ပါသလဲ။

“[“ကျေးဇူးပြု၍၊” ကဘ] သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသောသား ဣဇာက်ကို . . . မီးရှို့ရာယဇ်ပြု၍ ပူဇော်လော့” လို့အာဗြဟံကို ပြောခဲ့တဲ့ ဘုရားသခင်ရဲ့စကားကို သုံးသပ်ကြည့်ရအောင်။ (ကမ္ဘာဦး ၂၂:၂) ဣဇာက်ကို ‘သင် အလွန်ချစ်သော’ သားအဖြစ် ဘုရားသခင် ရည်ညွှန်းခဲ့တယ်ဆိုတာ သတိပြုပါ။ ဣဇာက်ကို အာဗြဟံ အရမ်းချစ်တယ်ဆိုတာ ဘုရားသခင် သိထားပါတယ်။ ဘုရားသခင်ကိုယ်တိုင်လည်း သားဖြစ်သူ ယေရှုကို အရမ်းချစ်တယ်။ ယေရှုကို ဘုရားသခင် အရမ်းချစ်လွန်းတဲ့အတွက် “ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား” လို့ ကောင်းကင်ကနေ နှစ်ကြိမ်တိုင်တိုင် တိုက်ရိုက်ပြောဆိုခဲ့ပါတယ်။—မာကု ၁:၁၁; ၉:၇

အာဗြဟံကို ဘုရားသခင် တောင်းဆိုတဲ့အခါ “ကျေးဇူးပြု၍” ဆိုတဲ့စကား ထည့်ပြောသွားတာကိုလည်း သတိပြုပါ။ “ဘုရားသခင်ဟာ မိမိတောင်းဆိုတဲ့အရာရဲ့ တန်ဖိုးကြီးမားမှုကို သဘောပေါက်တယ်” ဆိုတာကို အဲဒီအသုံးအနှုန်းက ဖော်ပြတယ်လို့ ကျမ်းပညာရှင်တစ်ယောက်က ဆိုပါတယ်။ အဲဒီလိုမျိုးတောင်းဆိုချက်ကြောင့် အာဗြဟံ အကြီးအကျယ် ဝမ်းနည်းသွားမှာဖြစ်သလို ဘုရားသခင်လည်း မိမိချစ်မြတ်နိုးရတဲ့သား ဝေဒနာခံစားပြီး သေဆုံးသွားတာကို မြင်ရတဲ့အခါ အကြီးအကျယ် စိတ်ထိခိုက်သွားမယ်ဆိုတာ မြင်ယောင်ကြည့်နိုင်ပါတယ်။ အဲဒီလိုနာကျင်မှုမျိုးက ဘုရားသခင် ခံစားခဲ့ရသမျှမှာ ဒါမှမဟုတ် ခံစားရမယ့်အရာတွေထဲမှာ အပြင်းထန်ဆုံး ဖြစ်လိမ့်မယ်ဆိုတာ သေချာပါတယ်။

အာဗြဟံကို ဘုရားသခင် တောင်းဆိုတဲ့အရာကို တွေးကြည့်ရုံနဲ့တင် တုန်လှုပ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဣဇာက်ကို အာဗြဟံ ပူဇော်တော့မယ့်အချိန်မှာ ဘုရားသခင် ဝင်တားလိုက်တယ်ဆိုတာကိုလည်း သတိရသင့်ပါတယ်။ မိဘတစ်ဦးအနေနဲ့ ခံစားရနိုင်တဲ့ အဆိုးဝါးဆုံး ထိခိုက်နစ်နာမှုကို အာဗြဟံ မခံစားရအောင် ဘုရားသခင် လုပ်ပေးခဲ့တယ်။ ဘုရားသခင်ကျတော့ ကျွန်ုပ်တို့အားလုံးအတွက် ‘သားတော်ရင်းကိုပင် မချန်ဘဲ ပေးအပ်’ ခဲ့ပါတယ်။ (ရောမ ၈:၃၂) ဘုရားသခင်ဟာ မိမိကိုယ်တိုင် ထိခိုက်နာကျင်အောင် ခံစားရတဲ့အထိ တုန်လှုပ်ဖွယ်ကောင်းတဲ့ အဲဒီအဖြစ်အပျက်ကို ဘာကြောင့် ဖြစ်ခွင့်ပြုလိုက်ရတာလဲ။ အကြောင်းရင်းက ကျွန်ုပ်တို့ ထာဝစဉ် “အသက်” ရှင်နိုင်ဖို့ပါပဲ။ (၁ ယောဟန် ၄:၉) အဲဒါက ဘုရားသခင် ကျွန်ုပ်တို့ကို ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာ ဖော်ပြပါတယ်။ ဘုရားသခင်ကို ချစ်တုံ့ပြန်ဖို့ ကျွန်ုပ်တို့ လှုံ့ဆော်ခံရတယ် မဟုတ်ဘူးလား။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ဘုရားသခင်ဟာ အမျိုးသမီးတစ်ဦးနဲ့ပေါင်းဖက်ပြီး ယေရှုကို ရလာခဲ့တယ်လို့ သမ္မာကျမ်းစာမှာ မဖော်ပြထားပါဘူး။ ယေရှုကို ဝိညာဉ်သတ္တဝါအဖြစ် ဘုရားသခင် ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းမှာ အပျိုစင် မာရိကနေ မွေးဖွားဖို့ ကမ္ဘာကို စေလွှတ်ခဲ့ပါတယ်။ ဒါကြောင့် ယေရှုကို ဖန်ဆင်းတဲ့အရှင်အနေနဲ့ ဘုရားသခင်ကို ယေရှုရဲ့ခမည်းတော်လို့ တော်မှန်စွာ ခေါ်ဆိုနိုင်ပါတယ်။

^ အပိုဒ်၊ 8 ယေရှုသေဖို့ ဘာကြောင့်လိုအပ်ရတယ်၊ အဲဒါကို ကျေးဇူးတင်ကြောင်း ဘယ်လို ပြသနိုင်တယ်ဆိုတဲ့အကြောင်း ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၅ မှာ ဖတ်ကြည့်နိုင်ပါတယ်။