မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူသားအားလုံးကို အကျိုးပြုမယ့် တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့

လူသားအားလုံးကို အကျိုးပြုမယ့် တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့

‘သင်တို့မူကား “ရွေးချယ်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့၊ သန့်ရှင်းသောလူမျိုး၊ အထူးပိုင်ဆိုင်ရာလူစု” ဖြစ်ကြ၏။’—၁ ပေ. ၂:၉

၁။ “သခင့်ညစာစားပွဲ” ကို ဘာကြောင့် အောက်မေ့ရာပွဲလို့လည်း ခေါ်သလဲ။ ဒီပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က ဘာလဲ။

စီအီး ၃၃၊ နိသန်လ ၁၄ ရက် ညနေစောင်းမှာ ယေရှုခရစ်နဲ့ တမန်တော် ၁၂ ဦးတို့ဟာ ဂျူးလူမျိုးတွေကျင်းပတဲ့ ပသခါပွဲကို နောက်ဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြတယ်။ ပြီးတဲ့နောက် ယေရှုက မိမိကိုအပ်နှံမယ့် ယုဒရှကာရုတ်ကို ထွက်သွားခိုင်းပြီး နောက်ထပ်ပွဲအသစ်တစ်ခုကို အစပြုကျင်းပခဲ့တယ်။ ဒီပွဲကို နောက်ပိုင်းမှာ “သခင့်ညစာစားပွဲ” လို့ ခေါ်ဆိုခဲ့ကြတယ်။ (၁ ကော. ၁၁:၂၀) ယေရှုက “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့” လို့ နှစ်ကြိမ်တိတိပြောခဲ့တယ်။ ဒီပွဲကို အောက်မေ့ရာပွဲလို့လည်း ခေါ်တယ်။ ဒီပွဲဟာ ခရစ်တော်လုပ်ဆောင်ခဲ့ရာတွေ၊ အထူးသဖြင့် ကျွန်ုပ်တို့အတွက် ကိုယ်တော်အသေခံခဲ့တာကို ပြန်အမှတ်ရစေတဲ့ အထူးအချိန်အခါသမယဖြစ်တယ်။ (၁ ကော. ၁၁:၂၄၊ ၂၅) ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ အောက်မေ့ရာပွဲကို နှစ်စဉ်ကျင်းပခြင်းအားဖြင့် ကိုယ်တော့်အမိန့်ကို နာခံကြတယ်။ ဂျူးပြက္ခဒိန်ရဲ့ နိသန်လ ၁၄ ရက်နေ့ဟာ ၂၀၁၂ ခုနှစ်မှာတော့ ဧပြီ ၅ ရက်၊ ကြာသပတေးနေ့ နေဝင်ပြီးချိန်ကနေစတင်မှာ ဖြစ်တယ်။

၂။ မုန့်၊ ဝိုင်နဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။

တပည့်ဖြစ်သူလုကာက အဲဒီအချိန်မှာ ယေရှုလုပ်ဆောင်ခဲ့ရာ၊ ပြောဆိုခဲ့ရာတွေနဲ့ပတ်သက်ပြီး ဒီလို ရှင်းရှင်းလင်းလင်းဖော်ပြတယ်– “မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် ‘ဤမုန့်သည် သင်တို့အတွက် ငါစွန့်မည့် ငါ၏ကိုယ်ကို ကိုယ်စားပြု၏။ ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့’ ဟုမိန့်တော်မူလျက် သူတို့ကိုပေးတော်မူ၏။ ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ ‘ဤခွက်ကား သင်တို့အတွက်သွန်းလောင်းမည့် ငါ၏သွေးဖြင့်ဖွဲ့သော ပဋိညာဉ်တရားသစ်ဖြစ်၏။’” (လု. ၂၂:၁၉၊ ၂၀) ဒီစကားတွေကို တမန်တော်တွေ ဘယ်လိုနားလည်ခဲ့ကြသလဲ။

၃။ မုန့်၊ ဝိုင်နဲ့ပတ်သက်ပြီး ယေရှုပြောခဲ့တဲ့စကားတွေကို တမန်တော်တွေ ဘယ်လိုနားလည်ခဲ့ကြသလဲ။

ဂျေရုဆလင်မှာရှိတဲ့ ဝတ်ပြုရာအိမ်တော်မှာ ယဇ်ပုရောဟိတ်တွေပူဇော်တဲ့ တိရစ္ဆာန်ယဇ်တွေအကြောင်း တမန်တော်တွေ ကောင်းကောင်းသိခဲ့ကြတယ်။ ယေဟောဝါရဲ့မျက်နှာသာရဖို့ ဒီယဇ်တွေကို ပူဇော်ခြင်းဖြစ်ပြီး ယဇ်အများစုက အပြစ်ဖြေလွှတ်ခံရဖို့ ပူဇော်တာဖြစ်တယ်။ (ဝတ်. ၁:၄; ၂၂:၁၇-၂၉) ဒါကြောင့် ယေရှုက မိမိရဲ့ခန္ဓာကိုယ်ကို သူတို့အတွက်စွန့်မယ်၊ မိမိရဲ့အသွေးကို သူတို့အတွက်သွန်းလောင်းမယ်လို့ ပြောတဲ့အခါ ဒါက ကိုယ်တော်ရဲ့စုံလင်တဲ့အသက်ကို ယဇ်အဖြစ်ပေးဆက်မှာကို ဆိုလိုကြောင်း တမန်တော်တွေ နားလည်ခဲ့ကြတယ်။ ကိုယ်တော်ရဲ့ပူဇော်ရာယဇ်က တိရစ္ဆာန်ယဇ်တွေထက် အဆပေါင်းများစွာ တန်ဖိုးရှိတဲ့ယဇ် ဖြစ်ပါလိမ့်မယ်။

၄။ “ဤခွက်ကား သင်တို့အတွက်သွန်းလောင်းမည့် ငါ၏သွေးဖြင့်ဖွဲ့သော ပဋိညာဉ်တရားသစ်ဖြစ်၏” လို့ ယေရှုပြောတာက ဘာကိုဆိုလိုတာလဲ။

“ဤခွက်ကား သင်တို့အတွက်သွန်းလောင်းမည့် ငါ၏သွေးဖြင့်ဖွဲ့သော ပဋိညာဉ်တရားသစ်ဖြစ်၏” လို့ ယေရှုပြောတဲ့အခါ ကိုယ်တော် ဘာကိုဆိုလိုတာလဲ။ ပဋိညာဉ်တရားသစ်နဲ့ပတ်သက်တဲ့ ယေရမိရဲ့ပရောဖက်ပြုချက်ကို တမန်တော်တွေ သိခဲ့ကြတယ်။ (ယေရမိ ၃၁:၃၁-၃၃ ကိုဖတ်ပါ။) အခု ယေရှုဟာ ပဋိညာဉ်တရားသစ်ကို အစပြုမိတ်ဆက်ပေးနေကြောင်း ကိုယ်တော်ရဲ့စကားတွေက ဖော်ပြတယ်။ မောရှေကတစ်ဆင့် အစ္စရေးလူမျိုးနဲ့ ယေဟောဝါဖွဲ့ခဲ့တဲ့ ပညတ်ပဋိညာဉ်ကို ဒီပဋိညာဉ်တရားသစ်နဲ့ အစားထိုးမှာဖြစ်တယ်။ ဒီပဋိညာဉ်တရားနှစ်ခုက ဆက်စပ်မှုရှိခဲ့သလား။

၅။ ပညတ်ပဋိညာဉ်ကြောင့် အစ္စရေးလူမျိုးဟာ ဘယ်အခွင့်အရေးတွေ ရရှိခဲ့သလဲ။

ပဋိညာဉ်တရားတွေရဲ့ရည်ရွယ်ချက်တွေက တော်တော်လေးဆက်စပ်မှု ရှိခဲ့တယ်။ အစ္စရေးလူမျိုးကို ပညတ်ပဋိညာဉ်ပေးတဲ့အချိန်မှာ သူတို့ကို ယေဟောဝါ ဒီလိုပြောခဲ့တယ်– “သင်တို့က ငါ့စကားကို တစ်သဝေမတိမ်းနာခံပြီး ငါ့ပဋိညာဉ်ကို စောင့်ထိန်းမယ်ဆိုရင် တခြားလူမျိုးအားလုံးထဲမှာ သင်တို့က ငါ့ရဲ့အထူးပိုင်ဆိုင်ရာဖြစ်လာမှာ သေချာတယ်။ အကြောင်းကတော့ မြေကြီးတစ်ပြင်လုံးကို ငါပိုင်လို့ပဲ။ ဒါ့အပြင် သင်တို့က ငါ့ရဲ့ယဇ်ပုရောဟိတ်နိုင်ငံ၊ သန့်ရှင်းတဲ့လူမျိုးတစ်မျိုး ဖြစ်လာလိမ့်မယ်။” (ထွ. ၁၉:၅၊ ၆ကဘ) အစ္စရေးလူမျိုးက ဒီစကားတွေကို ဘယ်လိုနားလည်ခဲ့သလဲ။

“တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့” နဲ့ပတ်သက်တဲ့ကတိ

၆။ ဘယ်ကတိပြည့်စုံဖို့ ပညတ်ပဋိညာဉ်က ထောက်ကူပေးခဲ့သလဲ။

“ပဋိညာဉ်” ဒါမှမဟုတ် အလေးအနက်ကတိကဝတ်ပြုခြင်းရဲ့ အဓိပ္ပာယ်ကို အစ္စရေးလူမျိုး နားလည်သဘောပေါက်ခဲ့ကြတယ်၊ အကြောင်းကတော့ အဲဒီမတိုင်ခင်ကတည်းက ယေဟောဝါဟာ နောဧ၊ အာဗြဟံတို့နဲ့ ပဋိညာဉ်တွေဖွဲ့ခဲ့လို့ပဲ။ (က. ၆:၁၈; ၉:၈-၁၇; ၁၅:၁၈; ၁၇:၁-၉) အာဗြဟံနဲ့ဖွဲ့ခဲ့တဲ့ပဋိညာဉ်ထဲမှာ ယေဟောဝါ ဒီလိုကတိပြုခဲ့တယ်– “မြေကြီးပေါ်မှာရှိတဲ့ လူမျိုးအပေါင်းက သင့်အမျိုးအနွယ်အားဖြင့် အမှန်တကယ် ကောင်းချီးခံစားရလိမ့်မယ်။” (က. ၂၂:၁၈ကဘ) ဒီကတိပြည့်စုံဖို့အတွက် ယေဟောဝါက ပညတ်ပဋိညာဉ် ဖွဲ့ခဲ့တယ်။ ဒီပဋိညာဉ်ကိုအခြေခံပြီး အစ္စရေးလူမျိုးက တခြားလူမျိုးအားလုံးထဲမှာ ယေဟောဝါရဲ့ “အထူးပိုင်ဆိုင်ရာ” ဖြစ်လာမယ်။ ဘယ်ရည်ရွယ်ချက်အတွက် အထူးပိုင်ဆိုင်ရာဖြစ်လာမလဲ။ ယေဟောဝါရဲ့ “ယဇ်ပုရောဟိတ်နိုင်ငံ” ဖြစ်လာဖို့ဖြစ်တယ်။

၇။ သမ္မာကျမ်းစာမှာပါတဲ့ “ယဇ်ပုရောဟိတ်နိုင်ငံ” ဆိုတာ ဘာကိုဆိုလိုတာလဲ။

အစ္စရေးလူမျိုးက ဘုရင်၊ ယဇ်ပုရောဟိတ်ဆိုတာတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တယ်။ ဒါပေမဲ့ ရှေးအချိန်က ယေဟောဝါရဲ့မျက်နှာသာရပြီး ဘုရင်ရော၊ ယဇ်ပုရောဟိတ်အဖြစ်ပါ ပူးတွဲအမှုဆောင်ခဲ့သူ အမျိုးသားတစ်ဦးပဲရှိခဲ့တယ်။ သူကတော့ မေလခိဇေဒက်ဖြစ်တယ်။ (က. ၁၄:၁၈) ယေဟောဝါက ပညတ်ပဋိညာဉ်အားဖြင့် အစ္စရေးလူမျိုးထဲကနေ ရွေးချယ်ထားတဲ့သူတွေကို “ယဇ်ပုရောဟိတ်နိုင်ငံ” ဖြစ်ဖို့ အခွင့်အရေးပေးခဲ့တယ်။ ဒီရွေးချယ်ခံရသူတွေကို နောက်ပိုင်းမှာ သမ္မာကျမ်းစာက “တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့” အဖြစ် ခေါ်ဆိုခဲ့တယ်၊ ဆိုလိုတာက ဘုရင်တွေဟာ ယဇ်ပုရောဟိတ်တွေအဖြစ်ပါ အမှုဆောင်မှာဖြစ်တယ်။—၁ ပေ. ၂:၉

၈။ ဘုရားသခင်ခန့်အပ်ထားတဲ့ ယဇ်ပုရောဟိတ်တွေက ဘာလုပ်ကြသလဲ။

ဘုရင်က အုပ်ချုပ်သူဖြစ်တယ်။ ဒါပေမဲ့ ယဇ်ပုရောဟိတ်က ဘာလုပ်သလဲ။ ဟေဗြဲ ၅:၁ မှာ ဒီလိုရှင်းပြထားတယ်– “လူတို့အထဲမှ ရွေးချယ်သော ယဇ်ပုရောဟိတ်မင်းမည်သည် အပြစ်ဖြေရာယဇ်နှင့် ပူဇော်သကာတို့ကိုပူဇော်၍ လူတို့အကျိုးအတွက် ဘုရားသခင့်အမှုတော်ဆောင်ရန် ခန့်အပ်ခံရသူဖြစ်၏။” ယေဟောဝါခန့်အပ်တဲ့ ယဇ်ပုရောဟိတ်က ဘုရားသခင်ရှေ့မှာ လူတွေကို ကိုယ်စားပြုတယ်။ သူက ယေဟောဝါထံ ယဇ်ပူဇော်ပေးခြင်းအားဖြင့် လူတွေရဲ့အပြစ်တွေကို ခွင့်လွှတ်ဖို့ အသနားခံပေးတယ်။ ဒါ့အပြင် ယဇ်ပုရောဟိတ်က လူတွေကို ဘုရားသခင့်ပညတ်သင်ပေးခြင်းအားဖြင့် လူတွေရှေ့မှာ ယေဟောဝါကို ကိုယ်စားပြုတယ်။ (ဝတ်. ၁၀:၈-၁၁; မာလ. ၂:၇) ဒီလိုနည်းနဲ့ ယဇ်ပုရောဟိတ်က အပြစ်ရှိလူသားတွေ ဘုရားသခင်နဲ့ပြန်သင့်မြတ်ဖို့၊ ဆိုလိုတာက လူတွေ ဘုရားသခင်နဲ့ဆက်ဆံရေးပြန်ကောင်းဖို့ ကူညီပေးတယ်။

၉။ (က) “ယဇ်ပုရောဟိတ်နိုင်ငံ” ဖြစ်ရတဲ့အခွင့်အရေးရဖို့ အစ္စရေးလူမျိုး ဘာလုပ်ဖို့လိုသလဲ။ (ခ)  ယေဟောဝါက အစ္စရေးလူမျိုးအထဲကတချို့ကို ဘာကြောင့် ယဇ်ပုရောဟိတ်တွေအဖြစ် ခန့်အပ်ခဲ့တာလဲ။ (ဂ)  အစ္စရေးလူမျိုးဟာ ပညတ်ပဋိညာဉ်အရ “ယဇ်ပုရောဟိတ်နိုင်ငံ” ဘာကြောင့်မဖြစ်နိုင်ခဲ့တာလဲ။

ပညတ်ပဋိညာဉ်က “တခြားလူမျိုးအားလုံး” အကျိုးခံစားရစေမယ့် ဘုရင်နဲ့ယဇ်ပုရောဟိတ်တွေဖြစ်လာဖို့ အစ္စရေးလူမျိုးကို အခွင့်အရေးရစေတယ်။ ဒါပေမဲ့ ဒီအခွင့်ထူးရဖို့ အစ္စရေးလူမျိုးလုပ်ဆောင်ရမယ့် အရာတစ်ခုရှိတယ်။ ဒါကတော့ “သင်တို့က ငါ့စကားကို တစ်သဝေမတိမ်းနာခံပြီး ငါ့ပဋိညာဉ်ကို စောင့်ထိန်းမယ်ဆိုရင်” လို့ ဘုရားသခင် ပြောခဲ့တယ်။ သူတို့တွေက ယေဟောဝါစကားကို “တစ်သဝေမတိမ်းနာခံ” နိုင်ခဲ့ကြသလား။ တစ်သဝေမတိမ်း မနာခံနိုင်ခဲ့ကြဘူး။ (ရော. ၃:၁၉၊ ၂၀) ဒါကြောင့် ယေဟောဝါက အစ္စရေးလူမျိုးအတွက် အမှုဆောင်ဖို့ သူတို့အထဲကပဲ တချို့ကိုရွေးချယ်ပြီး ယဇ်ပုရောဟိတ်အဖြစ် ခန့်အပ်ခဲ့တယ်။ ဒီယဇ်ပုရောဟိတ်တွေဟာ ဘုရင်တွေ မဖြစ်ခဲ့ကြဘူး။ သူတို့တွေက လူတွေရဲ့အပြစ်အတွက် တိရစ္ဆာန်ယဇ်တွေ ပူဇော်ပေးခဲ့ကြတယ်။ (ဝတ်. ၄:၁-၆:၇) ဒီအပြစ်တွေထဲမှာ ယဇ်ပုရောဟိတ်တွေကိုယ်တိုင် ကျူးလွန်တဲ့အပြစ်တွေလည်းပါတယ်။ (ဟေဗြဲ ၅:၁-၃; ၈:၃) အဲဒီပူဇော်ရာယဇ်တွေကို ယေဟောဝါ လက်ခံခဲ့ပေမဲ့ အစ္စရေးလူမျိုးကို အပြစ်တရားလက်ကနေ လုံးလုံးလွတ်မြောက်အောင်တော့ သူတို့မလုပ်ပေးနိုင်ကြဘူး။ ပညတ်ပဋိညာဉ်အောက်မှာရှိတဲ့ ယဇ်ပုရောဟိတ်တွေက စိတ်ရင်းမှန်ရှိတဲ့ အစ္စရေးလူတွေကိုတောင် ဘုရားသခင်နဲ့ အပြည့်အဝပြန်လည်သင့်မြတ်အောင် မလုပ်ပေးနိုင်ခဲ့ကြဘူး။ ဒီအချက်နဲ့ပတ်သက်ပြီး တမန်တော်ပေါလု ဒီလိုပြောခဲ့တယ်– “နွားအသွေး၊ ဆိတ်အသွေးသည် အပြစ်များကို မဖယ်ရှားပေးနိုင်သောကြောင့်ဖြစ်၏။” (ဟေဗြဲ ၁၀:၁-၄) အကြောင်းကတော့ အစ္စရေးလူမျိုးဟာ ပညတ်တရားမှာပါတဲ့အချက်အားလုံးကို မလိုက်နာခဲ့တဲ့အတွက် ကျိန်ခြင်းခံခဲ့ကြရတယ်။ (ဂလ. ၃:၁၀) ဒီအခြေအနေကြောင့် သူတို့ဟာ တခြားလူမျိုးအားလုံးအတွက် တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့အဖြစ် အမှုမဆောင်နိုင်ခဲ့ဘူး။

၁၀။ ပညတ်ပဋိညာဉ်ရဲ့ရည်ရွယ်ချက်က ဘာလဲ။

၁၀ ဒါက အစ္စရေးလူမျိုးဟာ ယေဟောဝါကတိပေးထားတဲ့အတိုင်း “ယဇ်ပုရောဟိတ်နိုင်ငံ” မဖြစ်နိုင်တော့ဘူးလို့ မဆိုလိုဘူး။ သူတို့တွေသာ ယေဟောဝါကိုနာခံဖို့ စိတ်ရင်းမှန်နဲ့ကြိုးစားမယ်ဆိုရင် အခွင့်အရေးရဦးမှာဖြစ်တယ်၊ ဒါပေမဲ့ ပညတ်တရားအောက်မှာတော့ မဟုတ်ဘူး။ ဘာကြောင့်လဲ။ (ဂလာတိ ၃:၁၉-၂၅ ကိုဖတ်ပါ။) ဒီအချက်ကိုနားလည်ဖို့ ပညတ်ပဋိညာဉ်ရဲ့ရည်ရွယ်ချက်အကြောင်း သိဖို့လိုတယ်။ ပညတ်တရားက နာခံမှုပြတဲ့အစ္စရေးလူတွေကို အယူမှားဝတ်ပြုရေးကနေ ကာကွယ်ပေးတယ်။ သူတို့တွေဟာ အပြစ်သားဖြစ်ကြောင်း၊ သူတို့ရဲ့ယဇ်ပုရောဟိတ်မင်းကြီး ပူဇော်ပေးနိုင်တဲ့ယဇ်ထက် ပိုသာလွန်တဲ့ယဇ်တစ်ခုလိုအပ်ကြောင်း သိနားလည်ဖို့လည်း ကူညီပေးတယ်။ ပညတ်တရားက ခရစ်တော် ဒါမှမဟုတ် မေရှိယကို အစ္စရေးလူမျိုး လက်ခံနိုင်ဖို့ပြင်ဆင်ပေးတဲ့ “အထိန်း” ဖြစ်တယ်။ ခရစ်တော် ဒါမှမဟုတ် မေရှိယဆိုတဲ့ဘွဲ့အမည်က ‘ခန့်အပ်ခံရသူ’ ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ မေရှိယရောက်လာတဲ့အခါ ယေရမိပရောဖက်ပြုထားတဲ့ ပဋိညာဉ်တရားသစ်နဲ့ မိတ်ဆက်ပေးမှာဖြစ်တယ်။ ခရစ်တော်ကိုလက်ခံသူတွေဟာ ပဋိညာဉ်တရားသစ်အဝင်ဖြစ်လာကြပြီး “ယဇ်ပုရာဟိတ်နိုင်ငံ” ဖြစ်လာကြပါလိမ့်မယ်။ ဒီအကြောင်းကို သုံးသပ်ကြည့်ကြစို့။

ပဋိညာဉ်တရားသစ်အဝင်ဖြစ်သူတို့ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့ဖြစ်လာ

၁၁။ ယေရှုဟာ ဘယ်လိုနည်းနဲ့ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့ရဲ့ အုတ်မြစ်ဖြစ်လာခဲ့သလဲ။

၁၁ စီအီး ၂၉ မှာ နာဇရက်မြို့သားယေရှုဟာ မေရှိယဖြစ်လာတယ်။ အသက် ၃၀ ခန့်မှာ ကိုယ်တော်နှစ်ခြင်းခံခဲ့တယ်။ ကိုယ်တော်ခံခဲ့တဲ့နှစ်ခြင်းက မိမိနဲ့သက်ဆိုင်တဲ့ ယေဟောဝါရဲ့အထူးအလိုတော်ကို တလိုတလားလုပ်ဆောင်လိုကြောင်း ဖော်ပြတယ်။ ကိုယ်တော်နှစ်ခြင်းခံချိန်မှာ ယေဟောဝါက “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” လို့ ပြောခဲ့တယ်။ ပြီးတဲ့နောက် ယေဟောဝါက ကိုယ်တော့်ကို ဆီနဲ့မဟုတ်ဘဲ သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခြင်းအားဖြင့် ခန့်အပ်ခဲ့တယ်။ (မ. ၃:၁၃-၁၇; တ. ၁၀:၃၈) ဘုရားသခင်က ယေရှုကို ခန့်အပ်ခဲ့တဲ့အတွက် ယေရှုဟာ မိမိကိုယုံကြည်သူတိုင်း အကျိုးခံစားရစေတဲ့ ယဇ်ပုရောဟိတ်မင်းနဲ့ အနာဂတ်ဘုရင်ဖြစ်လာတယ်။ (ဟေဗြဲ ၁:၈၊ ၉; ၅:၅၊ ၆) အဲဒီနောက် တခြားသူတွေကိုလည်း တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့ဝင်ဖြစ်လာအောင် ကိုယ်တော်ပြုလုပ်ပေးဦးမှာဖြစ်တယ်။

၁၂။ ယေရှုရဲ့ပူဇော်ရာယဇ်က ဘယ်အရာတွေကို လုပ်ဆောင်ပေးခဲ့သလဲ။

၁၂ ယဇ်ပုရောဟိတ်မင်းအနေနဲ့ ယေရှုဟာ မိမိကိုယုံကြည်သူတွေ အမွေခံထားရတဲ့အပြစ်ကနေ လုံးဝလွတ်မြောက်နိုင်ဖို့ ဘယ်ယဇ်ကို ပူဇော်နိုင်ခဲ့သလဲ။ ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို အစပြုကျင်းပချိန်မှာ ကိုယ်တော်ပြောခဲ့တဲ့စကားတွေက ဒီယဇ်ဟာ စုံလင်တဲ့မိမိရဲ့အသက်ကို ပူဇော်ခြင်းဖြစ်ကြောင်း နားလည်ဖို့ ကူညီပေးတယ်။ (ဟေဗြဲ ၉:၁၁၊ ၁၂ ကိုဖတ်ပါ။) ယေရှုဟာ ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်အပ်ခံရပြီးတဲ့နောက် သေသည်အထိ မိမိကိုစမ်းသပ်ဖို့၊ လေ့ကျင့်ဖို့ ခွင့်ပြုခဲ့တယ်။ (ဟေဗြဲ ၄:၁၅; ၅:၇-၁၀) ရှင်ပြန်ထမြောက်ပြီးနောက်မှာ ကိုယ်တော်ဟာ ကောင်းကင်ဘုံကိုတက်ကြွပြီး မိမိရဲ့ပူဇော်ရာယဇ်တန်ဖိုးကို ယေဟောဝါထံပေးဆက်ခဲ့တယ်။ (ဟေဗြဲ ၉:၂၄) အဲဒီအချိန်ကစပြီး ယေရှုဟာ မိမိရဲ့ပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြသူတွေအတွက် ယေဟောဝါထံ “အသနားခံ” ပေးနိုင်ခဲ့တယ်။ ထာဝရအသက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘုရားသခင့်အမှုဆောင်နိုင်ဖို့ သူတို့ကို ကိုယ်တော် ကူညီပေးနိုင်ခဲ့တယ်။ (ဟေဗြဲ ၇:၂၅) ကိုယ်တော်ရဲ့ပူဇော်ရာယဇ်က ပဋိညာဉ်တရားသစ်ကို အတည်ဖြစ်စေခဲ့တယ်။—ဟေဗြဲ ၈:၆; ၉:၁၅

၁၃။ ပဋိညာဉ်တရားသစ်မှာပါဝင်သူတွေအတွက် ဘယ်အလားအလာရှိသလဲ။

၁၃ ပဋိညာဉ်တရားသစ်မှာပါဝင်သူတွေဟာ သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခံရခြင်းအားဖြင့် ခန့်အပ်ခံကြရမှာဖြစ်တယ်။ (၂ ကော. ၁:၂၁) အဲဒီပဋိညာဉ်မှာ တည်ကြည်တဲ့ဂျူးတွေနဲ့ နောက်ပိုင်းမှာတော့ လူမျိုးခြားတွေပါဝင်တယ်။ (ဧ. ၃:၅၊ ၆) ပဋိညာဉ်တရားသစ်မှာပါဝင်သူတွေအတွက် ဘယ်အလားအလာရှိသလဲ။ သူတို့ရဲ့အပြစ်တွေ လုံးလုံးခွင့်လွှတ်ခံရကြမှာဖြစ်တယ်။ ယေဟောဝါ ဒီလိုကတိပေးခဲ့တယ်– “သူတို့ရဲ့အမှားကို ငါခွင့်လွှတ်မယ်။ သူတို့ရဲ့အပြစ်ကို ငါသတိရတော့မှာမဟုတ်ဘူး။” (ယေ. ၃၁:၃၄ကဘ) ယေဟောဝါက သူတို့ရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်တဲ့အတွက် သူတို့ဟာ “ယဇ်ပုရောဟိတ်နိုင်ငံ” ဖြစ်နိုင်ပြီ။ ပေတရုက ကောင်းကင်အတန်းအစားခရစ်ယာန်တွေကို ဒီလိုပြောခဲ့တယ်– “သင်တို့မူကား မှောင်မိုက်မှ အံ့ဖွယ်အလင်းသို့ ခေါ်တော်မူသောအရှင်၏ ‘မွန်မြတ်သောဂုဏ်ရည်တော်များကို အနှံ့အပြား ဟောပြောရန် ရွေးချယ်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့၊ သန့်ရှင်းသောလူမျိုး၊ အထူးပိုင်ဆိုင်ရာလူစု ဖြစ်ကြ၏။’” (၁ ပေ. ၂:၉) အစ္စရေးလူမျိုးကို ပညတ်တရားပေးချိန်မှာ ယေဟောဝါပြောခဲ့တဲ့စကားတွေကို တမန်တော်ပေတရု ကိုးကားခဲ့တယ်။ ဒီကျမ်းချက်မှာ ပေတရုက အဲဒီစကားတွေကိုထပ်ပြောပြီး ဒါက ပဋိညာဉ်တရားသစ်မှာပါဝင်တဲ့ ခရစ်ယာန်တွေနဲ့လည်း သက်ဆိုင်ကြောင်း ဖော်ပြခဲ့တယ်။—ထွ. ၁၉:၅၊ ၆

လူသားအားလုံး အကျိုးခံစားရစေမယ့် တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့

၁၄။ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့က ဘယ်မှာအမှုဆောင်ကြသလဲ။

၁၄ ပဋိညာဉ်တရားသစ်မှာပါဝင်သူတွေဟာ ဘယ်နေရာမှာ အမှုဆောင်ကြသလဲ။ မြေကြီးပေါ်မှာ အမှုဆောင်ကြတယ်။ အုပ်စုလိုက်အနေနဲ့ သူတို့ဟာ ယဇ်ပုရောဟိတ်တွေဖြစ်ကြတယ်။ သူတို့တွေက ယေဟောဝါရဲ့ “မွန်မြတ်သောဂုဏ်ရည်တော်များ” အကြောင်း လူတွေကိုဟောပြောပြီး အချိန်တန်အစာဖြစ်တဲ့ လမ်းညွှန်ချက်တွေပေးခြင်းအားဖြင့် ယေဟောဝါကို ကိုယ်စားပြုသူတွေဖြစ်တယ်။ (မ. ၂၄:၄၅; ၁ ပေ. ၂:၄၊ ၅) သူတို့ သေဆုံး၊ ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာတော့ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ ဘုရင်တွေ၊ ယဇ်ပုရောဟိတ်တွေအဖြစ် အပြည့်အဝအမှုဆောင်နိုင်ကြမှာဖြစ်တယ်။ (လု. ၂၂:၂၉; ၁ ပေ. ၁:၃-၅; ဗျာ. ၁:၆) တမန်တော်ယောဟန်က အဆင်းအာရုံတစ်ခုမှာ ကောင်းကင်မှာရှိတဲ့ ယေဟောဝါစံမြန်းရာနေရာအနီးမှာ ဝိညာဉ်သတ္တဝါများစွာကို မြင်တွေ့ခဲ့ရတယ်။ သူတို့တွေဟာ “သိုးသငယ်” အဖို့ “သီချင်းသစ်” ကိုသီဆိုနေကြတယ်။ သူတို့ ဒီလိုသီဆိုကြတယ်– “ကိုယ်တော်သည် အသတ်ခံ၍ မိမိ၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် လူမျိုးနွယ်၊ ဘာသာစကား၊ လူစု၊ လူမျိုး အသီးသီးထဲမှ လူတို့ကို ဝယ်ယူတော်မူပြီ။ ကိုယ်တော်သည် သူတို့ကို ကျွန်ုပ်တို့၏ ဘုရားသခင်အတွက် နိုင်ငံတော်နှင့် ယဇ်ပုရောဟိတ်များ ဖြစ်စေတော်မူ၍ သူတို့သည် ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုးရလိမ့်မည်။” (ဗျာ. ၅:၈-၁၀) နောက်အဆင်းအာရုံတစ်ခုမှာ ယောဟန်က ဒီဘုရင်တွေနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်– “သူတို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များ ဖြစ်ကြလိမ့်မည်။ ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ် အနှစ်တစ်ထောင် အုပ်စိုးရလိမ့်မည်။” (ဗျာ. ၂၀:၆) ဒီဘုရင်တွေဟာ လူသားအားလုံးအတွက် အကျိုးဆောင်ဖို့ ခရစ်တော်နဲ့အတူ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့မှာ ပါဝင်ကြတယ်။

၁၅၊ ၁၆။ လူသားတွေဟာ ဘယ်နည်းတွေနဲ့ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့ကနေ အကျိုးခံစားရမလဲ။

၁၅ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့က မြေကြီးပေါ်မှာရှိတဲ့လူသားတွေကို ဘယ်လိုအကျိုးခံစားရစေမလဲ။ ဗျာ. ကျမ်း အခန်းကြီး ၂၁ မှာ ဒီယဇ်ပုရောဟိတ်တွေကို ကောင်းကင်မြို့တော် ဂျေရုဆလင်မြို့သစ်အဖြစ်ဖော်ပြပြီး “သိုးသငယ်၏ဇနီး” လို့ ခေါ်ဆိုထားတယ်။ (ဗျာ. ၂၁:၉) အခန်းငယ် ၂-၄ မှာ ဒီလိုဖော်ပြထားတယ်– “သန့်ရှင်းသောမြို့တော်တည်းဟူသော ဂျေရုဆလင်မြို့သစ်သည် ခင်ပွန်းအတွက် တန်ဆာဆင်ယင်ထားသည့် သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော် ကောင်းကင်ဘုံမှ ဆင်းလာသည်ကို ငါမြင်၏။ ထိုအခါ ပလ္လင်တော်မှ ကျယ်သောအသံက ဤသို့ဆိုသည်ကို ငါကြား၏။ ‘ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူ နေတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။ ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။’” အံ့ဖွယ်ကောင်းချီးတွေပါပဲ။ သေခြင်းမရှိတော့တဲ့အတွက် မျက်ရည်၊ ဝမ်းနည်းကြေကွဲမှု၊ နာကျင်မှု၊ ညည်းတွားငိုကြွေးမှုတွေ ရှိမှာမဟုတ်တော့ဘူး။ အဲဒီနောက် လူသားတွေဟာ စုံလင်လာပြီး ဘုရားသခင်နဲ့ အပြည့်အဝ ပြန်လည်သင့်မြတ်လာကြမှာဖြစ်တယ်။

၁၆ ဒီတော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့ကြောင့် ခံစားရမယ့်ကောင်းချီးတွေအကြောင်း ဗျာ. ၂၂:၁၊ ၂ မှာ ဒီလိုဖော်ပြတယ်– “ကောင်းကင်တမန်သည် ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်တို့မှ စီးထွက်လာသော သလင်းကျောက်ကဲ့သို့ ကြည်လင်သည့် အသက်ရေစီးရာမြစ်ကို ငါ့အားပြ၏။ ထိုမြစ်သည် မြို့တော်၏ လမ်းမအလယ်တစ်လျှောက် စီးဆင်းနေ၏။ ထိုမြစ်၏ တစ်ဖက်တစ်ချက်တွင် တစ်လတစ်ကြိမ်၊ တစ်နှစ်လျှင် တစ်ဆယ့်နှစ်ကြိမ် အသီးသီးသော အသက်ပင်များရှိ၏။ ထိုအပင်များ၏ အရွက်များသည် လူမျိုးတို့ကို ကုသရန်ဖြစ်၏။” “လူမျိုးတို့” ဒါမှမဟုတ် လူ့မိသားစုကြီးကို အာဒံထံကနေအမွေရရှိတဲ့ မစုံလင်မှုကနေ ဘယ်လိုနည်းနဲ့ လုံးလုံးလွတ်မြောက်စေမယ်ဆိုတာ ဒီအဆင်းအာရုံက ဖော်ပြပေးတယ်။ အမှန်ပါပဲ၊ ယခင်ကရှိခဲ့တဲ့အရာတွေ ကွယ်ပျောက်သွားပါတော့မယ်။

တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့က မိမိတို့ရဲ့တာဝန်ကို ပြီးစီးအောင်လုပ်ဆောင်

၁၇။ အနှစ် ၁,၀၀၀ အကုန်မှာ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့က ဘယ်အရာကို လုပ်ဆောင်ပြီးသားဖြစ်နေမလဲ။

၁၇ အနှစ် ၁,၀၀၀ အကုန်မှာ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့က လူသားတွေ စုံလင်တဲ့အခြေအနေပြန်ရရှိအောင် လုပ်ဆောင်ပြီးသားဖြစ်ပါလိမ့်မယ်။ အဲဒီနောက် ယဇ်ပုရောဟိတ်မင်းလည်းဖြစ်၊ ဘုရင်လည်းဖြစ်တဲ့ ယေရှုခရစ်က လူ့မိသားစုကြီးကို ယေဟောဝါလက်ထဲပြန်အပ်မှာဖြစ်တယ်။ (၁ ကောရိန္သု ၁၅:၂၂-၂၆ ကိုဖတ်ပါ။) တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့က မိမိတို့ရဲ့တာဝန်ကို ပြီးစီးအောင် လုပ်ဆောင်ပြီးသားဖြစ်ပါလိမ့်မယ်။

၁၈။ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့ဝင်တွေရဲ့အလုပ် ပြီးသွားတဲ့အခါ ယေဟောဝါ သူတို့ကို ဘယ်လိုအသုံးပြုမလဲ။

၁၈ အဲဒီနောက်ပိုင်းမှာ ဒီတော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့ဝင်တွေကို ယေဟောဝါ ဘာတာဝန်ပေးမလဲ။ “သူတို့သည် ဘုရင်များအဖြစ် အစဉ်ထာဝရ အုပ်စိုးကြလိမ့်မည်” လို့ ဗျာ. ၂၂:၅ ကဖော်ပြတယ်။ ဘယ်သူတွေကို အုပ်စိုးမှာလဲ။ သမ္မာကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ သူတို့ဟာ ယေဟောဝါအတွက် အဖိုးထိုက်သူတွေ ဆက်ဖြစ်နေပါလိမ့်မယ်။ သူတို့တွေဟာ မသေနိုင်၊ မဖောက်ပြန်မပျက်စီးနိုင်တဲ့အသက်ကို ရရှိကြပြီး မစုံလင်သူလူသားတွေကို ကူညီပေးရတဲ့အတွေ့အကြုံကိုလည်း ရရှိကြမှာဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ ဘုရင်တွေ ဆက်ဖြစ်သွားမှာဖြစ်ပြီး ယေဟောဝါရဲ့ရည်ရွယ်ချက် ထာဝစဉ်အကောင်အထည်ဖော်ဆောင်ရာမှာ ကိုယ်တော် သူတို့ကို ဆက်အသုံးပြုသွားမှာဖြစ်တယ်။

၁၉။ အောက်မေ့ရာပွဲတက်ရောက်သူအားလုံးက ဘယ်အချက်တွေကို အမှတ်ရကြမလဲ။

၁၉ ၂၀၁၂ ခုနှစ်၊ ဧပြီ ၅ ရက်၊ ကြာသပတေးနေ့မှာ ကျင်းပမယ့် ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်တဲ့အခါ ဒီကျမ်းစာသွန်သင်ချက်တွေအကြောင်း သတိပေးခံရဦးမှာဖြစ်တယ်။ မြေကြီးပေါ်ရှိနေဆဲဖြစ်တဲ့ ကောင်းကင်အတန်းအစားခရစ်ယာန်တွေက တဆေးမပါတဲ့မုန့်နဲ့ ဝိုင်အနီကို သုံးဆောင်ခြင်းအားဖြင့် ပဋိညာဉ်တရားသစ်မှာပါဝင်သူတွေဖြစ်ကြောင်း တင်ပြကြပါလိမ့်မယ်။ ဒါက ဘုရားသခင့်ထာဝရရည်ရွယ်ချက် အကောင်အထည်ဖော်ရာမှာ အသုံးခံခွင့်ရတဲ့ သူတို့ရဲ့အံ့ချီးဖွယ်အခွင့်ထူးတွေ၊ တာဝန်တွေအကြောင်း သူတို့ကိုပြန်အမှတ်ရစေပါလိမ့်မယ်။ ဒီပွဲကိုတက်ရောက်တဲ့ ကျွန်ုပ်တို့အားလုံးက လူသားအားလုံးကိုအကျိုးခံစားရစေတဲ့ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့ကို ယေဟောဝါရွေးချယ်ပေးတဲ့အတွက် အလွန်ကျေးဇူးတင်ကြောင်း တင်ပြလိုကြမှာဖြစ်တယ်။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့က လူသားတွေအတွက် ထာဝရကောင်းကျိုးတွေကို ဆောင်ကြဉ်းပေးမယ်